The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက်

နေပြည်တော်၊ ၂၀၂၄ ခုနှစ် ၊ မတ်လ ( ၁၉ ) ရက်

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာန တည်ဆောက်ဆဲနေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေး စက်ရုံများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရုံးအမှတ် (၂၇) အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

   အဆိုပါအခမ်းအနားသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ ဒုတိယဝန်ကြီး ဦးအေးကျော်၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာန၊ လုပ်ငန်းတို့မှ ညွှန်ကြားရေး မှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တည်ဆောက်ဆဲ နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံစီမံကိန်း (၁၁)ခုတို့မှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြပါသည်။

   ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ ပြုလုပ်သည့် အစည်းအဝေးသည် နိုင်ငံတော်၏ ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင် ရေးနှင့် စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီများ၏ လိုအပ်ချက်ကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးနိုင်ရေးအတွက် အစည်းအဝေးခေါ်ယူရခြင်းဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် လျှပ်စစ်ဓာတ်အား တိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေးအတွက် စွမ်းအင် အရင်းအမြစ်ပေါင်းစုံမှ တိုးမြှင့်ထုတ်လုပ်နိုင်ရေး တွန်းအားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ စီမံဆောင်ရွက်လျက်ရှိရာ နေရောင်ခြည်စွမ်းအင်ဖြင့် ဓာတ်အားထုတ်လုပ်ခြင်းသည် တည်ဆောက်မှုကာလ တိုတောင်း၍ နိုင်ငံတော်အတွက် လိုအပ်သည့်ဓာတ်အားကို ကာလတို အတွင်း ထုတ်လုပ်ပေးနိုင်မည်ဖြစ်သည့်အပြင် မိမိတို့ ဝန်ကြီးဌာနမှ ရေးဆွဲထားသော National Electricity Master Plan (၂၀၁၄) အရ ပြန်ပြည့်မြဲစွမ်းအင် (Renewable Energy) အရင်းအမြစ် များမှ (၁၇) % အထိ ပါဝင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ သန့်ရှင်းသောစွမ်းအင် အရင်းအမြစ်များမှ ဓာတ်အားထုတ်လုပ်ရန် တွန်းအားပေးဆောင်ရွက်လျက်ရှိသကဲ့သို့ ပြည်သူ လူထု၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို အမြန်ဆုံးဖြည့်ဆည်းပေးနိုင်ရေးအတွက် ကုမ္ပဏီ များအနေဖြင့် ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ထို့သို့ ဆောင်ရွက်ရာတွင်လည်း နှစ်ဦးနှစ်ဖက်အကျိုးရှိစေရေး စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ စီမံကိန်းများ ဆောင်ရွက်ရာ တွင် ကြုံတွေ့နေရသော အခက်အခဲများကိုလည်း ဝန်ကြီးဌာနအနေဖြင့် ပူးပေါင်း၍ ဝိုင်းဝန်း ကြိုးပမ်းဖြေရှင်းဆောင်ရွက်သွားခြင်းဖြင့် လတ်တလောကြုံတွေ့နေရသည့် အခက်အခဲများကို ကျော်လွှားနိုင်မည်ဖြစ်ပါကြောင်းတို့အား ပြောကြားခဲ့ပါသည်။

   ဆက်လက်ပြီး နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံစီမံကိန်း အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီတို့မှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုအခြေ အနေများနှင့် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် လုပ်ငန်းအခက်အခဲ များကို ရှင်းလင်းတင်ပြကြပြီး အစည်းအဝေးတက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြကာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ပြီး နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
19-Mar-2024