The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်ရှိ ပစ္စည်းသိုလှောင်ရေးစတိုများနှင့် အိမ်သုံး၊ စက်မှုသုံး မီတာများအား စမ်းသပ်စစ်ဆေးနေသည့် လုပ်ငန်းဆောင်ရွက်မှုအဆင့်ဆင့်တို့အား သွားရောက် ကြည့်ရှုစစ်ဆေးသည့်သတင်း

၂၀၂၄ ခုနှစ်၊ မတ်လ (၂၉) ရက်       

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန၊  လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းနှင့် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းတို့၏ ပစ္စည်းသိုလှောင်ရေးစတိုများသို့ ကြည့်ရှုစစ်ဆေး၍ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပို ရေးရှင်းမှ ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ပြီး လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန၏ အိမ်သုံး၊ စက်မှုသုံးမီတာများအား စမ်းသပ်စစ်ဆေးနေသည့် လုပ်ငန်းဆောင်ရွက်မှုအခြေအနေ တို့အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

   ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများအား အလုံပင်မဓာတ်အားခွဲရုံ အစည်းအဝေးခန်းမတွင် သက်ဆိုင်ရာဌာနအလိုက် စတိုတာဝန်ခံများက ပစ္စည်းများ သိုလှောင်၊ ထိန်းသိမ်း၊ ထုတ်ပေး၊ လက်ကျန်အခြေအနေနှင့် စာရင်းဇယားများ ပြုစုထားရှိမှုတို့အား ရှင်းလင်းတင်ပြကြပါသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက မှာကြားရာ၌ စတိုများတွင် တာဝန်ကျဝန်ထမ်းများအနေဖြင့် စတိုအတွင်း လေဝင်လေထွက်ကောင်းမွန်စေရေး အပတ်စဉ် တာဝန်များသတ်မှတ်၍ ဖွင့်/ပိတ် လုပ်ခြင်းများ ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ယခု ဘဏ္ဍာရေးနှစ် လက်ကျန်ပစ္စည်းများမှ အချို့သော သုံးစွဲရမည့် ပစ္စည်းများကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် အကောင်အထည်ဖော်ဆောင်ရွက်စဉ် ထည့်သွင်းသုံးစွဲသွားရန် လိုအပ် ကြောင်း၊ စတိုတွင်း ပစ္စည်းများထားသိုမှုများကို သတ်မှတ်ထားမှုအတိုင်း စနစ်တကျမှတ်တမ်း ရေးသွင်း ထားရှိရန်နှင့် စာရင်းရေးသွင်းမှုကို အမြဲတမ်း Update ဖြစ်နေရန် လိုအပ်ပါကြောင်း၊ နှစ်ကာလကြာ အထုတ်/အသွင်းမရှိသည့် ပစ္စည်းများကိုလည်း အဖွဲ့ဖွဲ့၍ စနစ်တကျစစ်ဆေး ဆောင်ရွက်ပြီး ၎င်းတို့မှ ဆယ်တင်အသုံးပြုနိုင်သောပစ္စည်းနှင့် ဖျက်စီးသင့်သည့် ပစ္စည်းများကို ခွဲ၍ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ပွင့်လင်း ရာသီရောက်ရှိနေပြီဖြစ်၍ မီးဘေးအန္တရာယ်ကင်းရှင်းစေရေး မီးသတ်အထောက်အကူပြု ပစ္စည်းများအား အသင့်ဖြစ်နေစေရေး စီမံထားရှိပြီး ဇာတ်တိုက်လေ့ကျင့်မှုများကိုလည်း ပြုလုပ် ထားရန်လိုအပ်ပါကြောင်း မှာကြားခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပစ္စည်းသိုလှောင်ထိန်းသိမ်းထားရှိသည့် စတိုများအတွင်း ထိန်းသိမ်းထားရှိသည့် လုပ်ငန်းသုံး ပစ္စည်းများ၊ ဓာတ်အားလိုင်း/ဓာတ်အားခွဲရုံသုံးပစ္စည်းများနှင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရန် လုပ်ငန်းသုံးပစ္စည်းများ ဖြန့်ခွဲနေရာချထားမှု အခြေအနေတို့အား လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

    ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည်  ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (ရုံးချုပ်)အစည်းအဝေးခန်းမတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံ၍  အမှာစကားပြောကြားရာ၌ မိမိတို့ဝန်ကြီးဌာနသည် ပြည်သူကို ဝန်ဆောင်မှုပေးနေရသည့် ဌာနဖြစ်သည့်အတွက် အကောင်းဆုံးဝန်ဆောင်မှုဖြင့် ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ Losses ကျဆင်းအောင် နည်းပညာအရ ဆောင်ရွက်သကဲ့သို့ Non-Technical Losses ကိုလည်း ကျဆင်းအောင် ဝိုင်းဝန်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ မြို့နယ်လျှပ်စစ်မန်နေဂျာ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာများအနေဖြင့် ဝန်ထမ်းများ၏ ဆောင်ရွက်မှုများအပေါ် အမြဲသုံးသပ်၍ ကြီးကြပ်ဆောင်ရွက်နေရန် လိုအပ်ပြီး ခရိုင်လျှပ်စစ် မန်နေဂျာ၊ ခရိုင်လျှပ်စစ်အင်ဂျင်နီယာများမှ ထပ်ဆင့်စစ်ဆေးကြပ်မတ်နေရန် လိုအပ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် အရင်းအမြစ်မျိုးစုံမှ လျှပ်စစ်ဓာတ်အားပိုမိုထုတ်လုပ်နိုင်ရန် စီမံဆောင်ရွက် နေသကဲ့သို့ ထုတ်လုပ်လျက်ရှိသော လျှပ်စစ်ဓာတ်အားကိုလည်း ပြည်သူသို့ မျှဝေပေးနေရသဖြင့် သတ်မှတ်ချိန်များအတိုင်း စနစ်တကျဖြန့်ဝေနိုင်ရေး စီစဉ်ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်းနှင့် ဝန်ထမ်းများအနေဖြင့် ပါတီနိုင်ငံရေးကင်းရှင်းရန် လိုအပ်ပါကြောင်းတို့အား မှာကြားခဲ့ပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ ဝန်ထမ်းများအား ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့်ပတ်သက်၍ သိရှိထားသင့်သည့် အချက်အလက် များအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပါသည်။

   ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန၏ ဓာတ်အားစနစ်ကာကွယ်ရေးနှင့် လျှပ်စစ်စမ်းသပ်ရေးဌာနခွဲသို့ ရောက်ရှိရာ တာဝန်ရှိသူများက အသုံးပြုမည့်မီတာများနှင့် ရပ်၊ပျက်၊နှေး မီတာများအား စမ်းသပ်စစ်ဆေး ဆောင်ရွက်ခြင်း လုပ်ငန်းဆောင်ရွက်မှု အဆင့်ဆင့်တို့အား ရှင်းလင်းတင်ပြကြပါသည်။ ၎င်းနောက် ပြည်ထောင်စုဝန်ကြီးသည် AMI မီတာများအား စက်ရုံမှထုတ်လုပ်ပြီး ပြည်သူလူထုသုံးစွဲ နိုင်ရန် အဆင့်ဆင့်စမ်းသပ်စစ်ဆေးခြင်းပြုလုပ်သည့် လုပ်ငန်းစဉ်များဖြစ်သော  မီတာအသစ်များ လက်ခံခြင်း၊ မီတာဖွင့်ဖောက်စစ်ဆေး ဆောင်ရွက်ခြင်း၊ အဖွဲ့ပိုင်နံပါတ် ရိုက်နှိပ်ခြင်း၊ မီတာစမ်းသပ်ခုံ တွင် စမ်းသပ်စစ်ဆေးခြင်း၊ ဆီးလ်ခတ် ခြင်း၊ Bar Code Scan ဖတ် စာရင်းသွင်းခြင်း၊ မီတာများ ပြန်လည်ထုတ်ပိုးခြင်း၊ စစ်ဆေးပြီး မီတာများအား Print ထုတ်ခြင်း၊ သက်ဆိုင်ရာ ပြန်လည်ထုတ်ပေး ခြင်းနှင့် မီတာစမ်းသပ်စစ်ဆေးခများ တောင်းခံခြင်း ဆောင်ရွက်မှုအဆင့်ဆင့်နှင့် ရပ်၊ပျက်၊နှေး မီတာများအား ပြန်လည်ပြုပြင်ဆောင်ရွက်နေမှု အဆင့်ဆင့်တို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား မှာကြားရာတွင် ပြည်သူတို့၏ လိုအပ်ချက်ကို ဖြည့်ဆည်း ဆောင်ရွက်ပေး နိုင်ရန်အတွက် သတ်မှတ်ထားသည့် တစ်ရက် မီတာအလုံးရေ (၂၅၀၀) ထွက်ရှိရေး ကြိုးပမ်း ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ထွက်ရှိမည့် မီတာများသည် Non-Technical Losses ကျဆင်း စေမည် ဖြစ်သည့်အတွက် သတ်မှတ်အရေအတွက်ထက် ပိုမိုစမ်းသပ်နိုင်ရန် နေပြည်တော်တွင် အမြန်ဆုံးတိုးချဲ့ ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ အသုံးပြုရန် လိုအပ်သော မီတာများအား မှန်ကန်စွာ တပ်ဆင်အသုံးပြုနိုင်ရေး စမ်းသပ်စစ်ဆေးပြီး အချိန်နှင့် တပြေးညီ ဖြန့်ဖြူးပေးရန်နှင့် စမ်းသပ်စစ်ဆေး ဆောင်ရွက်ရာတွင်လည်း မီတာများ၏ သတ်မှတ် အရည်အသွေးနှင့် လုံခြုံမှုရှိစေရေး စနစ်တကျဆောင်ရွက်သွားရန် လိုအပ်ကြောင်းတို့အား  မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
30-Mar-2024