The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းနှင့် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှုအခြေအနေများနှင့် ပတ်သက်၍ တွေ့ဆုံညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည့်သတင်း

၂၀၂၄ ခုနှစ်၊ မတ်လ (၃၀) ရက်

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဧရာဝတီတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ၊  သယံဇာတရေးရာဝန်ကြီး ဦးအုံးမြင့်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ  တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာရုံးတွင် တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူး ပေးနေမှု အခြေအနေများနှင့်ပတ်သက်၍ တိုင်း /ခရိုင် / မြို့နယ် လျှပ်စစ်အင်ဂျင်နီယာများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။

  ရှေးဦးစွာ တိုင်းဒေသကြီးလျှပ်စစ်အင်ဂျင်နီယာက တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှု၊ ဓာတ်အားပျောက်ဆုံးမှုနှင့် ဓာတ်အားပြတ်တောက်မှု လျော့နည်း ကျဆင်းစေရေး ဆောင်ရွက်ထားရှိမှု၊ ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက်သွားမည့် လုပ်ငန်း များနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများအား ရှင်းလင်းတင်ပြခဲ့ပါသည်။

   တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက မှာကြားရာ၌ လက်ရှိဓာတ်အားထုတ်လုပ် နေမှုကို တိုးတက်မထုတ်လုပ်နိုင်သေးမီကာလတွင် မြို့နယ်အဆင့်များတွင် ဓာတ်အား ပျောက်ဆုံးမှု လျော့နည်းကျဆင်းရေး ရည်မှန်းချက်ထားဆောင်ရွက်လျှက်ရှိပါကြောင်း ၊ မိမိတို့ မြို့နယ်များအတွင်း ဓာတ်အားခကြွေးကျန်များ အပြည့်အဝရရှိရေးနှင့် တရားမဝင်ဓာတ်အား ရယူသုံးစွဲမှုများ မရှိစေရေး တာဝန်ရှိသူအဆင့်ဆင့်မှ စစ်ဆေးကြပ်မတ်သွားရန် လိုအပ်ကြောင်း၊ မိမိတို့ဌာနအနေဖြင့် အများပြည်သူနှင့်ဆက်ဆံ၍ ဝန်ဆောင်မှုပေး နေရသည့် ဌာနဖြစ်သဖြင့် ယဉ်ကျေးပျူငှာစွာဆက်ဆံပြီး ပြည်သူကို အကောင်းဆုံးဝန်ဆောင်မှု ပေးရန်နှင့် နိုင်ငံတော်၏ ဘဏ္ဍာငွေကို အလေအလွင့် ဆုံးရှုံးမှုမရှိစေရေး ဂရုစိုက်ဆောင်ရွက် သွားရန် လိုအပ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိအား ပေးအပ်ထားသော တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်သွားရန်လိုအပ်ပြီး ဝန်ထမ်းများ၏ဆောင်ရွက်မှုများအပေါ် မြို့နယ်လျှပ်စစ် အင်ဂျင်နီယာ/ ခရိုင်လျှပ်စစ်အင်ဂျင်နီယာများမှ အဆင့်ဆင့်စစ်ဆေးကြပ်မတ်ဆောင်ရွက် သွားရန်လိုအပ်ပါကြောင်း ၊  မိမိတို့ဝန်ကြီးဌာန၏ ပုံရိပ်ကိုမြှင့်တင်၍ ပြည်သူလူထု လေးစားရသော ဝန်ထမ်းများ ဖြစ်လာစေရေး ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း လုံခြုံရေး အသိ၊ သတိဖြင့် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊  ဝန်ထမ်းများ ဝန်ထမ်းအိမ်ရာ လိုင်းခန်းများတွင် နေထိုင်ရာတွင်လည်း စည်းလုံးညီညွတ်စွာဖြင့် မိသားစုသဖွယ် နေထိုင်သွားကြရန်နှင့် မိမိတို့ဝန်ထမ်းအိမ်ရာများ၊ ရုံးပတ်ဝန်းကျင်အား အမြဲသန့်ရှင်းသာယာ လှပရေးဆောင်ရွက်ရန် နှင့် မီးဘေးအန္တရာယ်ကင်းရှင်းရေး ကြိုတင်ကာကွယ်မှုများ လုပ်ဆောင် ထားပြီး ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်သွားရန်နှင့် လျှပ်စစ်မီးသုံးစွဲမှုနှင့် ရေသုံးစွဲမှု ကိုလည်း လိုအပ်သလောက်သာ ခြိုးခြံချွေတာသုံးစွဲသွားရန် လိုအပ်ကြောင်း၊ ဌာနတာဝန်ခံများ အနေဖြင့်လည်း ဝန်ထမ်းများ၏ လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်အတွက် မြို့နယ်အဆင့်၊ ခရိုင်အဆင့်မှသည် တိုင်းအဆင့်အထိ လစဉ်ဆန္ဒဖော်ထုတ်ပွဲများ ပြုလုပ် ပေးသွားရန် လိုအပ်ကြောင်း မှာကြားခဲ့ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ သိရှိထားသင့်သည့် အချက်အလက်များအား ရှင်းလင်းဆွေးနွေး မှာကြားခဲ့ကာ ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။

   ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် တာဝန်ရှိသူများနှင့်အတူ ကန်ကြီးထောင့်မြို့နယ်ရှိ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန၊ ပုသိမ်ပင်မဓာတ်အားခွဲရုံသို့ရောက်ရှိရာ တာဝန်ရှိသူများက ဓာတ်အားခွဲရုံ ဆိုင်ရာအချက်အလက်များ၊ ဓာတ်အားလက်ခံ ပို့လွှတ်ဖြန့်ဖြူး ပေးနေမှုအခြေအနေများနှင့် ထရန်စဖော်မာများ၏ ဝန်အားအခြေအနေတို့အား ရှင်းလင်းတင်ပြကြပါသည်။ တင်ပြမှုများ အပေါ် ပြည်ထောင်စုဝန်ကြီးက မှာကြားရာ၌  နွေရာသီကာလ ရောက်ရှိနေပြီဖြစ်၍ မီးဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေး အစီအမံများကို လုပ်ဆောင်ထားကြရန်၊ ဓာတ်အားပြတ်တောက်မှု မဖြစ်ပွားစေရေး ဓာတ်အားလွှတ်ပစ္စည်းများအား ပုံမှန်စစ်ဆေး၍ ထိန်းသိမ်းပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များ မှာကြားခဲ့ကာ ဝန်ထမ်းများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ပေးအပ်ချီးမြှင့်ခဲ့ပြီး Switch Yard အတွင်း 230 kV Transformer တိုးချဲ့တပ်ဆင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုနှင့် လက်ရှိဓာတ်အားလိုင်းများနှင့် ထရန်စဖော်မာများ၏ ဝန်အားထိန်းညှိဖြန့်ဖြူးပေးနေမှု အခြေအနေတို့အား  လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
30-Mar-2024