The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ စက်မှုယန္တရားဌာနခွဲ(လှော်ကား)၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးသည့်သတင်း

၂၀၂၄ ခုနှစ်၊ မတ်လ (၃၁) ရက်     

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ၂၀၂၄ ခုနှစ် ၊ မတ်လ ၃၁ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ စက်မှုယန္တရားဌာနခွဲ(လှော်ကား)၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။    

   ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မင်္ဂလာဒုံမြို့နယ်ရှိ  ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန၊ စက်မှုယန္တရားဌာနခွဲ(လှော်ကား)သို့ ရောက်ရှိရာ တာဝန်ရှိသူများက စီမံကိန်းလုပ်ငန်းကြီးများတွင် အသုံးပြုနေသည့် စက်ယန္တရား/ ယာဉ်များအား ဘဏ္ဍာရေးနှစ်အလိုက် အကြီးစား ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းဆောင်ရွက်မှုနှင့် ဂိုဒေါင်များ အတွင်း စက်အရန်ပစ္စည်းများ သိုလှောင်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြ ကြပါသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက မှာကြားရာ၌  ရေအားလျှပ်စစ်စီမံကိန်း များသည် စက်ယန္တရားများကို အဓိက အားပြုလုပ်ကိုင်ရသဖြင့် ယန္တရားအလုပ်ရုံများ အနေဖြင့် ပြုပြင်ရမည့်အပိုင်းများကို သေချာစွာပြင်ဆင်သွားရန်နှင့် စက်စွမ်းရည်အပြည့် အသုံးချနိုင်ရေး ပြင်ဆင်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ပစ္စည်းများ ရရှိ / ထုတ်ပေး / သုံးစွဲ / လက်ကျန် စာရင်းများကိုလည်း စနစ်တကျ မှတ်တမ်းရေးသွင်း ထိန်းသိမ်းထားရှိရန် လိုအပ်ပါကြောင်း ၊ ပစ္စည်းအဟောင်းများကိုလည်း ဘုတ်အဖွဲ့ ဖွဲ့စည်း၍ ဆယ်တင်ပစ္စည်းနှင့် လေလံတင်ပစ္စည်းဟူ၍ စနစ်တကျခွဲခြားပြီး လေလံတင်ရောင်းချနိုင်ရေး ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း ၊ အချို့သော စီမံကိန်းပစ္စည်းများကိုလည်း မိုးရာသီမရောက်မီ ပေးပို့ထားရန် လိုအပ်ပါကြောင်း ၊  နွေရာသီကာလရောက်ရှိပြီဖြစ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အတွက် စီမံချက်များ ရေးဆွဲဆောင်ရွက်ပြီး ဇာတ်တိုက်လေ့ကျင့်မှုများ ပြုလုပ်သွားရန် လိုအပ်ပါကြောင်း ၊ ဝန်ထမ်းအိမ်ရာလိုင်းခန်းများအား စနစ်တကျ ထိန်းသိမ်းဆောင်ရွက် သွားရန်နှင့် ဝန်ထမ်းများ၏အခက်အခဲများ လွတ်လပ်စွာ တင်ပြနိုင်ရေး တွေ့ဆုံပွဲများ၊ ဆန္ဒဖော်ထုတ်ပွဲများ လစဉ်ပြုလုပ်၍ ဖြေရှင်းဆောင်ရွက်ပေးသွားရန် လိုအပ်ကြောင်းတို့အား မှာကြားခဲ့ပါသည်။

   ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စီမံကိန်းလုပ်ငန်းကြီးများတွင် အသုံးပြုနေသည့် စက်ယန္တရား/ယာဉ်များ ပြုပြင်ထိန်းသိမ်းနေမှု အခြေအနေ၊ စက်ယန္တရားကြီးများ၏ အရန်ပစ္စည်းများ စနစ်တကျ သိုလှောင်ထားရှိမှု အခြေအနေနှင့် ဝန်ထမ်းအိမ်ရာများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
31-Mar-2024