The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက်

၂၀၂၄ခုနှစ် ဧပြီလ ၄ရက်

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော်သည် ၂၀၂၄ ခုနှစ် ဧပြီလ ၄ ရက်နေ့ တွင် တာဝန်ရှိသူများနှင့်အတူ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဉတ္တရသီရိခရိုင်၊ တပ်ကုန်းမြို့နယ်ရှိ ၂၃၀ကေဗွီ ရွှေမြို့ပင်မဓာတ်အားခွဲရုံနှင့် မန္တလေးတိုင်းဒေသကြီး၊မိတ္ထီလာခရိုင်၊မိတ္ထီလာမြို့ရှိ စီမံကိန်း မန်နေဂျာရုံး(၂)(မိတ္ထီလာ)သို့သွားရောက်၍ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန၏ လျှပ်စစ်/စက်မှု/မြို့ပြဆိုင်ရာလုပ်ငန်းသုံးပစ္စည်းများ၊ လျှပ်စစ်ဓာတ်အားခွဲရုံနှင့် ဓာတ်အားလိုင်းဆိုင်ရာ ပစ္စည်းများ လက်ခံ/ထားသိုထိန်းသိမ်းမှု/ ထုတ်ပေးမှုနှင့်စာရင်းဇယားထားရှိမှု အခြေအနေအား လိုက်လံ ကြည့်ရှု့စစ်ဆေးခဲ့ပြီး ညနေပိုင်းတွင် ၅၀၀ကေဗွီကံကောင်း(မိတ္ထီလာ)ပင်မဓာတ်အားခွဲရုံ တည်ဆောက် တပ်ဆင်ရေးလုပ်ငန်း တိုးတက်မှုအခြေနေအားကြည့်ရှုစစ်ဆေးခဲ့ပါသည်။

  နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်ရှိ ၂၃၀ကေဗွီ ရွှေမြို့ပင်မဓာတ်အားခွဲရုံသို့ရောက်ရှိရာ  သက်ဆိုင်ရာ ပစ္စည်းစီမံရေးဌာနတာဝန်ခံနှင့် တာဝန်ရှိသူများက ဂိုဒေါင်အလိုက် ပစ္စည်းများ ထိန်းသိမ်းထားသိုမှု/ ထုတ်ပေးမှု အခြေအနေတို့အား ရှင်းလင်းတင်ပြကြရာ တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက  ဓာတ်အား ထုတ်လုပ်/ပို့လွှတ်/ဖြန့်ဖြူးရေးအတွက် ဝယ်ယူဖြည့်တင်းသောပစ္စည်းများအား အလေအလွင့်မရှိအောင် ထားသိုထိန်းသိမ်း/ သုံးစွဲသွားရမည်ဖြစ်ပါကြောင်း၊ နှစ်စဉ်စီမံကိန်းလုပ်ငန်းများအရလိုအပ်ချက်ကို လက်ကျန် စာရင်းများဖြင့်စိစစ်ပြီး စနစ်တကျဝယ်ယူဖြည့်တင်း၍ စိစစ်ထုတ်ယူသုံးစွဲခြင်းဖြင့် နိုင်ငံဘဏ္ဍာ ချွေတာရာ ရောက်ပါကြောင်း၊ ထို့ကြောင့်ပစ္စည်းများ ရရှိ/ ထုတ်ပေး/သုံးစွဲ/လက်ကျန်စာရင်းများကို စနစ်တကျ မှတ်တမ်းရေးသွင်းထားရှိကြရန်လိုအပ်ပါကြောင်း၊ အသုံးမလိုပိုလျှံပစ္စည်းများ ၊ သက်တမ်းကျော်လွန် သုံးစွဲခဲ့သည့်ပစ္စည်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်ကြရန်၊ ပင်မ ဓာတ်အားခွဲရုံနှင့် ပစ္စည်းဂိုဒေါင်များတွင် မီးဘေးကြိုတင်ကာကွယ်ရေး မီးချိတ်/မီးကဒ်များ၊ မီးတားလမ်း များပြုလုပ်ထားရှိရန်နှင့် အခြားလိုအပ်သည်များမှာကြားခဲ့ပါသည်။

   ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး၊မိတ္ထီလာခရိုင်၊မိတ္ထီလာမြို့ရှိ စီမံကိန်းမန်နေဂျာရုံး(၂)(မိတ္ထီလာ)သို့ရောက်ရှိရာ တာဝန်ရှိသူများက  လျှပ်စစ်/ စက်မှု/ မြို့ပြဆိုင်ရာ လုပ်ငန်းသုံး ပစ္စည်းများ၊ လျှပ်စစ်ဓာတ်အားခွဲရုံနှင့်ဓာတ်အားလိုင်းဆိုင်ရာပစ္စည်းများ၏အခြေအနေအား ရှင်းလင်တင်ပြကြပြီးနောက် ပစ္စည်းများသိုလှောင်ထိန်းသိမ်းထားရှိမှုအား လိုက်လံကြည့်ရှု့စစ်ဆေးခဲ့ရာ မီးဘေးလုံခြုံရေးအတွက်   ဂိုဒေါင်နှင့် ရုံးခန်းများတွင် သက်တမ်းရှိသည့်မီးသတ်ဆေးဗူးများ ထားရှိရန်၊ နှစ်ချုပ်လက်ကျန်စာရင်းကောက်ယူမှု မှန်ကန်စေရေးဆောင်ရွက်ရန်၊ ထုတ်ယူသုံးစွဲထားသောပစ္စည်း များအား အချိန်မီ စာရင်းဖြောင့်ရှင်းလင်းရန်နှင့် အခြားလိုအပ်သည်များမှာကြားခဲ့ပြီး တင်ပြချက်များ အပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

   ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် ၅၀၀ကေဗွီ ကံကောင်း(မိတ္ထီလာ)ပင်မဓာတ်အားခွဲရုံ တည်ဆောက်ရေးလုပ်ငန်းခွင်သို့ရောက်ရှိရာ စီမံကိန်းမန်နေဂျာက လုပ်ငန်းများဆောင်ရွက်တိုးတက်မှု အခြေအနေအားရှင်းလင်တင်ပြရာ တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက လိုအပ်သည်များမှာကြားပြီး ဓာတ်အားထိန်းချုပ်ခန်းအတွင်းနှင့် Switch Yard(ဆွိယာဒ်)အတွင်း စက်ပစ္စည်းများတပ်ဆင်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေနေတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်းသတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
05-Apr-2024