Home

THE REPUBLIC OF THE UNION OF MYANMAR

Ministry of Electricity and energy

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

Published: Apr 03 Posted Under: Ministry News

         ကျွန်ုပ်တို့၏ မြန်မာနိုင်ငံသည် ရှေးယခင် ဘိုးဘေးဘီဘင် လက်ထက်ကတည်းက စိုက်ပျိုးရေးကို အဓိကအားထား၍ နိုင်ငံဖွံ့ဖြိုးရေးကိုတည်ထောင်ခဲ့သည့် နိုင်ငံတစ်ခုဖြစ်ခဲ့ပါသည်။ မြန်မာနိုင်ငံ၏ရေ၊ မြေ၊ တော၊ တောင် သဘာ၀များသည် သက်ဆိုင်ရာနေရာဒေသနှင့် လိုက်လျောညီ သည့် ကောက်ပဲသီးနှံ၊ သစ်သီး၀လံနှင့် ပန်းမန်များကို စိုက်ပျိုးဖြစ်ထွန်းခဲ့ကြသည်မှာ ရှေးဘုရင် ခေတ်သမိုင်းအဆက် ဆက်များကပင် အစချီခဲ့သည်ကို မြင်တွေ့ရပေမည်။ဥပမာ-ပုဂံခေတ် အနော်ရထာမင်းကြီး၏ စိုက်ပျိုးရေးကို လယ်တွင်း (၉)ခရိုင် ၊ (၁၂)ခရိုင် စသည်ဖြင့် စိုက်ပျိုးရေး နယ်မြေများ သတ်မှတ်၍ ဆည်ရေသောက် စနစ်များဖြင့် စနစ်တကျတည်ထောင်စိုက်ပျိုးခဲ့သည့် သာဓကကို ပြရမည်ဖြစ်သည်။

         ခေတ်အဆက်ဆက်  ပြောင်းလဲလာသည့်အခါ ကမ္ဘာ့နိုင်ငံရေးများတွင် စိုက်ပျိုးရေးမှသည် စက်မှုလက်မှုလုပ်ငန်းများသို့ လျှင်မြန်စွာတိုးတက်ပြောင်းလဲလာခဲ့ကြချိန် ကုန်းဘောင်ခေတ်တွင်   ကနောင်မင်းသားကြီး ဦးစီး၍ စက်မှုလုပ်ငန်းများ   စတင်တည်ထောင်လာရာမှ ကိုလိုနီခေတ် ၊  စစ်ကြိုခေတ်၊ စစ်ပြီးခေတ် ၊ လွတ်လပ်ရေးကြိုးပမ်းမှု ကာလတစ်လျှောက်စသည်ဖြင့် အချိန်ကာလ အသီးသီး မှာပင်  စက်မှုလက်မှုလုပ်ငန်းများကို စီးပွားရေးအသွင်ဖြင့် ကူးပြောင်းလုပ်ဆောင် လာကြသည်ကို လေ့လာတွေ့ရှိရမည် ဖြစ်ပါသည်။

         ယင်းသို့ စိုက်ပျိုးရေးကိုလည်းကောင်း၊ စက်မှုလက်မှုလုပ်ငန်းများကိုသော်လည်းကောင်း၊ အစိုးရ ၊ ပုဂ္ဂလိက ၊ သမဝါယမစသည် စသည်ဖြင့်တစ်ဦးချင်း ၊ အစုအဖွဲ့လိုက် ၊ ၀န်ကြီးဌာနအလိုက်အဖြစ်လုပ်ကိုင် လာကြပြီး ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် စိုက်ပျိုးရေးကိုအခြေခံ၍ အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် အကောင်အထည်ဖော် တည် ဆောက်ရေးဟူသော စီးပွားရေးဦးတည်ချက် အဖြစ်သတ်မှတ်ကာစိုက်ပျိုးရေးနှင့် စက်မှု လက်မှုလုပ်ငန်းအပြင်အခြားကဏ္ဍများကိုပါစတင် ဆောင်ရွက် လာသည်ကိုလေ့လာတွေ့ရှိရပါသည်။

         စာရေးသူမှာလည်း ဘိုးဘွား၊ မိဘ မျိုးရိုးများမှာ တောသူတောင်သားများဖြစ်သည့် အလျှောက် လယ်ယာ၊ ချောင်း၊ မြောင်းအပေါ်လုပ်ကိုင်ခဲ့ကြသဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးကိုသာ အဓိက လုပ်ကိုင်ခဲ့သော်လည်း အစိုးရ၀န်ထမ်း၊ နိုင်ငံ့ဝန်ထမ်း၊ ထိုမှပြည်သူ့၀န်ထမ်းဖြစ်လာ သောအခါ တာ၀န်ကျရာ မြို့ရွာအသီးသီး လှည့်လည်ပြောင်းရွှေ့ တာ၀န်ထမ်းဆောင်ရာမှ စက်မှု လက်မှုလုပ်ငန်းများနှင့် နီးစပ်ခွင့် ရရှိလာခဲ့သော်လည်း မိရိုးဖလာစိုက်ပျိုးရေးကိုသာ အဓိက ခုံမင်နှစ်သက်နေပါသေးသည်။

         ထို့အပြင် MPA တက်နေသော မိတ်ဆွေသူငယ်ချင်းတစ်ဦးနှင့် မိမိတို့၏အလုပ်အကိုင်များ အကြောင်းပြောဆိုမိကြရာမှ AIS (Agriculture, Industry and Services ) ဟူသော ကဏ္ဍ (၃) ခုကို ဆွေးနွေးမိခဲ့ပါသည်။

         စိုက်ပျိုးရေးသည်ရာသီဥတု၊ အလုပ်သမား၊ ပိုးမွှား၊ စျေးကွက်ကြာရှည်အထားခံမှုအပေါ် ကန့်သတ်ချက်များပြီး အကျိုးအမြတ်နည်းသဖြင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် အားနည်းလှကြောင်း ၊ စက်မှုလက်မှု လုပ်ငန်းသည်အလုပ်သမား၊ ကုန်ကြမ်း ၊ စျေးကွက် ၊ လုပ်ခလစာ ၊ အခွန်အခ ၊ လုပ်ငန်းတူ ပြိုင်ဘက်များနှင့် လျှပ်စစ်မီးရရှိမှု စသည့်ကန့်သတ်ချက်များ ဖွံ့ဖြိုးတိုးတက်မှုအတွက် လုပ်သင့်သော်လည်း မိမိ၌ရှိသော အရင်းအနှီးအရ အလွန်အမင်း အရင်းအနှီးမြှုပ်နှံမှု မပြုသင့် ကြောင်း  ဆွေးနွေးဖြစ်ခဲ့ပါသည်။

         ထို့နောက် Services ဟုခေါ်ဆိုသော ၀န်ဆောင်မှုလုပ်ငန်းသည် ယနေ့ခေတ် Popular အဖြစ်ဆုံး လုပ်ငန်းတစ်ခုဖြစ်လာပြီး မီးခိုးမထွက်သော စက်ရုံကြီးများဟု ခေါ်ဆိုလာနိုင်သည့် လုပ်ငန်းဖြစ်လာခြင်း ၊ ဥပမာ-ဘဏ်၀န်ဆောင်မှု ၊ ဟိုတယ် ၊ ခရီသွား ၊ ကျန်းမာရေး ၊ ပညာရေး ၊ ကူးသန်းရောင်း၀ယ်ရေး အစရှိသဖြင့် ၀န်ဆောင်မှုများ လုပ်ငန်းများသည် အာရှအုပ်စုတွင် အလျှင်အမြန်တိုးတက်ပြောင်းလဲလာကြသည် ကိုမြင်တွေ့ရပေမည်။ ဥပမာ-သောက်ရေမှ အစ သဘာ၀သယံဇာတအပြင် အိမ်ဆောက်သည့် သဲပင်ပြည်ပမှ ၀ယ်ယူသုံးစွဲနေရသော စင်္ကာပူ နိုင်ငံသည် ၁၉၅၀ ကျော်နောက်ပိုင်းမှစ၍ ၀န်ဆောင်မှုလုပ်ငန်းများနှင့်ပင် တဟုန်ထိုး တိုးတက် သွားသည်မှာ သာဓကဖြစ်ကြောင်း ဆွေးနွေးဖြစ်ကြပြန်သည်။

         အဆိုပါအကြောင်းအရာမှာစာရေးသူ ဗဟို၀န်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ၌ တက်ရောက်စဉ် Management ဘာသာရပ်၌ Service  Management နှင့် ပတ်သက်၍    လေ့လာ ဆည်းပူးမိသော အလွန်နှစ်ခြိုက်သည့် ဘာသာရပ်ဖြစ်သကဲ့သို့ ၀န်ဆောင်မှုနှင့်ပတ်သက်သည့် လုပ်ငန်းတစ်ခုခုကို ကူးပြောင်းရန်ပင် စိတ်ကူးပုံဖော်လေ့လာနေမိခဲ့ပါသည်။

         ထို့အပြင် နိုင်ငံတစ်ခု၏ ဖွံ့ဖြိုးတိုးတက်မှုတွင် Serviceတစ်ခုကိုကူးပြောင်း လုပ်ဆောင် ကြတော့ မည်လားဟုဆိုသော မေးခွန်းတစ်ရပ် ဖြစ်ပေါ်လာပေတော့သည်။ မဟုတ်သေးပါ။ မည်သည့် စီးပွားရေးလုပ်ငန်းမဆိုထား၊ လူပြောအလွန်များသည့် အားကစားနည်းစနစ်၊ ပညာရေးစနစ် စသည်တို့၌ပင် နည်းပြ ၊ ပိုင်ရှင် ၊ နိုင်ငံရေးစနစ် တစ်ခုခု ပြောင်းလဲမည်ဆိုတိုင်း ချက်ချင်းကူးပြောင်း၍ မရနိုင်သည်ကို စာရေးသူ အပါအ၀င်နိုင်ငံသားတော်တော်များများ ၄င်းသင်ခန်းစာများကို သိမြင်လာကြသည်ကို သတိပြုမိပေလိမ့်မည်။ ထို့ကြောင့် စိုသောလက်လည်း မခြောက်စေနှင့် ခြောက်သောလက်လည်းမစိုစေနှင့်ဆိုသော စကား အရ မိရိုးဖလာ စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် စက်မှုလက်မှုလုပ်ငန်းများဖြင့်လည်း ရပ်တည်သွား၍ မရနိုင်။ အဘယ်ကြောင့် ဆိုသော် လက်ရှိလုပ်ကိုင်နေသော ယန္တရားကြီး ရုတ်ချည်းရပ်တန့်သွားမရ၍ ဖြစ်ပေသည်။

         တစ်ဆက်တည်းမှာပင် အစိုးရလက်ရှိလုပ်ကိုင်နေသော စိုက်ပျိုးမွေးမြူရေး အပါအ၀င် ကုန်ထုတ် လုပ်မှုလုပ်ငန်းများ ၊ စက်မှုလက်မှုလုပ်ငန်းများ ၊ ၀န်ဆောင်မှုလုပ်ငန်းများသည်လည်း  နိုင်ငံတကာနှင့်အညီ ပုဂ္ဂလိကပိုင်များအဖြစ် ကူးပြောင်းရာ၌ ညင်သာသိမ်မွေ့စွာ ကူးပြောင်းသွားရန် ဆောင်ရွက်နေသည့် အနေအထား မြင်တွေ့ရပါသည်။

         ယခင့် ယခင်က အစိုးရအဆက်ဆက် ဗဟိုမှချုပ်ကိုင်ပြီး မူဝါဒအရ ခေတ်စနစ်အရ အစိုးရက ငွေကြေးစီးဆင်းလှည့်ပတ်မှုကို တိုင်းသူပြည်သားများအား သူ့နည်းသူ့ဟန်နှင့် စီမံဆောင်ရွက်ခဲ့သော် လည်း  စီးပွားရေးနှင့် နိုင်ငံရေးများ ဆက်သွယ်လာသောအခါ ဖွံ့ဖြိုးတိုးတက်သင့်သလောက် မတိုးတက်သဖြင့် ကမ္ဘာ့အလယ်မဆိုထား၊ အာရှမှာပင်အတော်အတန် ကျန်ရစ်နေခဲ့သည်ကို လေ့လာ မြင်တွေ့မိကြပေမည်။

         အဓိက ကျန်ရစ်နေခဲ့ကြခြင်းများရှိသော်လည်း မိမိပြည်သူတို့၏ တစ်ဦးချင်း ပျမ်းမျှ ၀င်ငွေ အပေါ်မူတည်၍ နိုင်ငံသားတစ်ဦးချင်း၏ ‌နေ့စဉ် အသက်ရှင်ရပ်တည်ရေး မလွဲမသွေ လုပ်ကိုင် လည်ပတ်သုံးစွဲ နေသည့် အခြေခံကအစ သင့်တင့်သည့် တန်ဖိုးဖြင့်သာ လည်ပတ်နေခဲ့သော်လည်း အမှန်တကယ် ကုန်ကျနေသည့် တန်ဖိုးများကို အစိုးရကသာကျခံနေခဲ့ပြီး ထိုသို့ ဆောင်ရွက်နေ ခြင်းသည်ပင် လုံလောက်မျှတစွာ ရရှိသလားဆိုသော အခက်ခဲများနှင့်သာ လည်ပတ်နေခဲ့ပြီး အစိုးရ၌ပင် ကြွေးမြီးများ ထူထပ်လာခဲ့သည်ကို လေ့လာတွေ့ရှိရမည် ဖြစ်ပေသည်။

ဥပမာ။    မြန်မာ့မီးရထားလုပ်ငန်း ၊ ရေကြောင်းပို့ဆောင်ရေး ၊ ကျန်းမာရေး ၊ ပညာရေး ၊ ရေကောင်း ရေသန့်ရရှိရေး ၊ လမ်းပန်းဆက်သွယ်ရေး ၊ လျှပ်စစ်မီးရရှိရေး စသည့်ကိစ္စရပ်များ၌ မူဝါဒအရ ရင်းနှီးမြှုပ်နှံ၍ အမြတ်အစွန်းလုံး၀မရသော ပညာရေး ၊ ကျန်းမာရေး ၊ ရင်းနှီးမြှုပ်နှံမှု ၊ အရင်းအနှီး များသော်လည်း စီးပွားရေးအရ တွက်ခြေမကိုက်သောထုတ်လုပ်မှု၊ စရိတ်ကြီးမြင့်ပြီး ပြည်သူက (သို့မဟုတ်)စာသုံးသူက သင့်တင့်သောစရိတ်ဖြင့်သာ သုံးစွဲခဲ့ကြသည့် စရိတ်များသည် နိုင်ငံတော်အတွက် ၀န်ထုပ်၀န်ပိုး ဖြစ်လာစေခြင်းကို မြင်တွေ့ရပေသည်။

         တစ်ဆက်တည်းမှာပင် ၀န်ဆောင်မှုကဏ္ဍကို မိမိရုံး၀န်ထမ်းများအား အစည်းအဝေးများတွင် ရှင်းပြ လေ့ရှိသောဥပမာတစ်ခုတွင်ရပ်ကွက်ထဲမှလက်ဖက်ရည်ဆိုင်က  လက်ဖက်ရည်တစ်ခွက် ၂၅၀ ကျပ်နှင့် Coffee City (သို့မဟုတ်)ဟိုတယ်တစ်ခုခု၌ လ္ဘက်ရည်/ကော်ဖီတစ်ခွက် ၂၅၀၀ ကျပ် ကွာခြားပုံ၌  ရက်ကွက်ထဲမှ  လ္ဘက်ရည်ဆိုင်တွင်  ကြော်လှော်သည့်  အနံ့ပေါင်းစုံ ၊ စာပွဲထိုးအော်သံ ၊  ကက်ဆက်သံ၊ ကားသံဆူဆူညံညံ ၊ယင်ကောင်ကတလောင်းလောင်း၊ လ္ဘက်ရည်ပန်းကန်၊ ရေနွေးခွက် နှုတ်ခမ်းကပဲ့၊ ဗိုက်နာလို့ Toilet သွားပါက ကွမ်းတံတွေးပေပွ၊ ဘယ်နား ခြေထောက်ချရမည်မသိသည့် အခက်အခဲ ကြုံတွေ့ရပေသည်။ Coffee City တို့ Coffee Shop တို့တွင်မူ ဧည့်သည်၀င်လာသည်နှင့် တံခါးဖွင့် ပေးမည့်သူနှင့် ရှင်းသန့်သန့် Air Con အရသာ ၊ ဆိုဖာဆက်တီနှင့် စားပွဲထိုးကလည်း ချိုသာစွာပြောဆို ဆက်ဆံမှု၊ ကော်ဖီ၏ သန့်ရှင်းလတ်ဆတ် သော အရသာ ၊ Internet Wifi Free ၊ Toilet တွင်း၀င်လိုက်လျှင် မွှေးကြိုင်၍ အိပ်နေ လို့တောင်ရသည့်နှယ် စိတ်ကျေနပ်မှုကို ပေးဆပ်နိုင်ခြင်းသည် Service ကွာခြားချက်ကြောင့် စျေးနှုန်းလည်း လိုက်ပါကွာခြားခြင်းပင် ဖြစ်ပေသည်။

         ယင်းသို့နှိုင်းယှဉ်အပြီး ဆရာသမားတစ်ဦးက ယနေ့မြို့ပေါ်က ဟိုတယ်တစ်ခုကို သွားရောက် လိုက်ပါက ဟိုတယ်၀န်ဆောင်မှု၊ ပုဂ္ဂလိကဆေးရုံတစ်ခု သွားလိုက်ပါက ဆေးရုံ၀န်ဆောင်မှုများ ကိုလည်း အလားတူဆွေးနွေးချပြသည့် ကိစ္စနှင့်ပတ်သက်၍ အထက်က တင်ပြခဲ့သည့် လက်ရှိ အစိုးရက ဦးစီးလုပ်ကိုင်နေသည့် လုပ်ငန်းများကို နိုင်ငံသားပိုင် ၊ အများပိုင် ၊ ပုဂ္ဂလိကပိုင်များအဖြစ် ကူးပြောင်း၍ ၀န်ဆောင်မှုပေးရန် စီမံဆောင်ရွက်လာရာ မလွဲမသွေရင် ဆိုင်ရမည့် စိန်ခေါ်မှုများရှိ ပေသည်။ ထိုသို့ ပြောင်းလဲလိုက်ပါက ၀န်ဆောင်မှုတွင် အဓိကဖြစ်သော  စားသုံးသူ (သို့မဟုတ်) Customer အပေါ် စိတ်ကျေနပ်မှု အမှန်တကယ်ရစေမှာလား ။ ဥပမာ - မြန်မာ့မီးရထားတွင် အချိန်မှန်ပြီလား ၊ ယိမ်းထိုး ခုံပေါက် မရှိတော့ဘူးလား ၊ လက်မှတ်တွေသွားခါနီးမှ၀ယ်၍ အမှန် တကယ်ရပြီလား ၊ မုံရွာ-ဟုမ္မလင်း ခရီးစဉ်ကဲ့သို့ ရေကြောင်း ပို့ဆောင်ရေးများတွင် အမှန် တကယ်အန္တရာယ်ကင်းရှင်းစွာသွားနိုင်ပြီလား ၊ ပို့ဆောင်ရေးတွင် လမ်းတွေ တကယ် အန္တရာယ် ကင်းရှင်းစွာသွားနိုင်ပြီလား ၊  တယ်လီဖုန်းများတွင် 3G၊ 4G နှင့် အင်တာနက်စနစ်များ ကောင်းမွန်၊ မြန်ဆန်လုံခြုံပြီလား၊ လျှပ်စစ်မီးတွင်လည်း စဉ်ဆက်မပြတ် တည်ငြိမ်ပြည့်၀စွာ အန္တရာယ် ကင်းကင်းနှင့်ဓာတ်အားပေးနိုင်ပြီလား  အစရှိသော ၀န်ဆောင်မှုများပေးနိုင်ဖို့ များစွာပြုပြင် ပြောင်းလဲ ဆောင်ရွက်ရပေမည်။ ဌာနဟု ဆိုရာ၌ ဥပမာပေး၍ အကြံပြုတင်ပြခြင်းသာ ဖြစ်ပါသည်။

         ထိုသို့ပြောင်းလဲရာ၌ အစိုးရတစ်ခုတည်း၌ တာ၀န်ရှိသည်မဟုတ် ၀န်ထမ်းများတွင်လည်း တစ်ဦး ချင်းပြောင်းလဲရမည်ဆိုသည့်အတိုင်း ပြောင်းလဲလိုစိတ်၊ ပူးပေါင်းပါ၀င်လိုစိတ်၊ လုပ်ငန်းခွင် ကျွမ်းကျင်မှု၊ တစ်ဦးချင်း စွမ်းဆောင်နိုင်မှုများအတွက် စဉ်ဆက်မပြတ် ပြောင်းလဲလေ့ကျင့်ပေး ရန်လိုအပ်ပေမည်။

         အလားတူ နိုင်ငံသားတိုင်း တစ်နည်းအားဖြင့် စားသုံးသူတိုင်း (သို့မဟုတ်) Customer တိုင်း၌လည်း ခေတ်စနစ်နှင့်အညီ   မလွဲမသွေ   လိုက်ပါပြောင်းလဲရမည့်  အခွန်အခများ    အပြည့် အ၀ပေးဆောင်ခြင်း ၊ သင့်တင့်သည့် စရိတ်ကို ကျသင့်သလောက် မျှတစွာပေးဆပ် ကျခံစေခြင်းတို့ လိုက်ပါ ဆောင်ရွက်ရမည် ဖြစ်ပါသည်။

         ထုတ်လုပ်မှု ၊ ရင်းနှီးမှုစရိတ်နှင့် စားသုံးသူ (သို့မဟုတ်) Customer တို့၏ လက်ရှိလက်ခံ နေသော စရိတ်မှာ Economy မဖြစ် ၊ စီးပွားရေးအရတွက်ခြေမကိုက် နိုင်ငံရေး ၊ စီးပွားရေး မူဝါဒကမတည်ငြိမ် စသည့်ကန့်သတ်ချက်များ ရှိနေသေးလျှင် အစိုးရက ဦးစီးဦးဆောင်ပြုလုပ် နေသော နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းများအား ပုဂ္ဂလိကပိုင်ပြုလုပ်ခြင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံသည့် သူများအား ဖိတ်ခေါ်ခြင်းတို့တွင် အနှောင့်အယှက်ဖြစ်စေပြီး စီးပွားရေးတိုးတက်မှုတို့တွင် နှောင့်နှေး နေဦးမည် ဖြစ်ပေသည်။

         ထို့အတွက်  နိုင်ငံတကာနှင့်တန်းတူ  ရင်ဘောင်တန်းနိုင်စေရန် ဆောင်ရွက်ရာ၌    စိုက်ပျိုး ရေး၊ စက်မှုလက်မှုလုပ်ငန်းများအပြင် ၀န်ဆောင်မှုလုပ်ငန်းများကိုပါ ဟန်ချက်ညီညီ တိုးတက် ပြောင်းလဲ လုပ်ကိုင်ရာ၌ အစိုးရ၊ လုပ်ငန်းခွင်၊ ပြည်သူ (ပြည်သူဆိုရာ၌ ပြည်သူ့၀န်ထမ်းများ အပါအ၀င် အခွန်ထမ်း၀န်ထမ်းများ ၊ စားသုံးသူ Customer များ ၊ အားလုံး အပါအ၀င်) များအားလုံးက တက်ညီလက်ညီ ကဏ္ဍ စုံကာနှင့်အညီ လိုက်လျောညီထွေစွာ ပူးပေါင်းပါ၀င်မှသာ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်သစ် တစ်ခုဖြစ်လာမည်မှာ မလွဲဧကန်ပင်ဖြစ်ပေလိမ့်မည်ဟု ရေးသားတင်ပြလိုက်ရပါသည်။

ဦးမင်းမင်း(လျှပ်စစ်)

PREVIOUS POST   -   NEXT POST

Published: Jul 28 Posted Under: Ministry News

ပုထိုးလုံ-ကျော ၆ လက်မပိုက်လိုင်း ၈.၂၅မိုင် ဆက်သွယ်ခြင်းလုပ်ငန်းအတွက် လိုအပ်သော ပစ္စည်းများဝယ်ယူရန် အိတ်ဖွင့်တင်ဒါတွင် တင်ပြရမည့် အချက်အလက်များနှင့် စည်းကမ်းချက်များ အသိပေးထုတ်ပြန်ခြင်း