Home

THE REPUBLIC OF THE UNION OF MYANMAR

Ministry of Electricity and energy

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

Published: Jun 26 Posted Under: Ministry News

          ယနေ့ ကမ္ဘာပေါ်တွင် ကျယ်ကျယ်လောင်လောင်ဖြစ်နေသော ကိစ္စရပ်နှစ်ခုရှိပါသည်။ တစ်ခုမှာ အကြမ်းဖက်မှုပြဿနာဖြစ်ပြီး၊ တစ်ခုမှာ ရာသီဥတုပြောင်းလဲခြင်းပြဿနာဖြစ်ပါသည်။ အဆိုပါ ကိစ္စနှစ်ခုစလုံးသည် ကမ္ဘာ့လူသားဖြစ်တည်မှုကို အန္တရာယ်ဖြစ်စေသည်ဟုလည်း ပြောနေကြပါသည်။ တစ်ဘက်ကလည်း အဆိုပါပြဿနာ၏ အရင်းအမြစ်များကို သိလျက်နှင့် မယောင်ရာဆီလူးနေသည်က ပိုများသည်ဟု ထင်မြင်မိသည်။ မည်သို့ဆိုစေ ကမ္ဘာကြီး၏ ဖြစ်တည်မှုနှင့် လူသားတို့၏ဖြစ်တည်မှုသည် အကောင်းအဆိုးအကြောင်းအကျိုး ဆက်စပ်လျက် ရှိနေဦးမည်သာဖြစ်သည်။

          ရာသီဥတုပြောင်းလဲခြင်း (တစ်နည်း) ကမ္ဘာမြေပူနွေးလာခြင်းကြောင့် သဘာဝဘေး ဒဏ်များ ဖြစ်လာသည်မှာ ငြင်း၍မရသောကိစ္စဖြစ်ပါသည်။ ဘာကြောင့် ပူနွေးလာသလဲ၊ ဘယ်သူ တွေကြောင့် ပူနွေး လာရသလဲဆိုတာကိုတော့ ဆင်ဝှေ့ရန်ရှောင် ပြောကြပေလိမ့်မည်။ ၁၈ ရာစု၊ ၁၉ ရာစု စက်မှုတော်လှန်ရေးများ အစပြုသည်မှစ၍ စက်မှုလုပ်ငန်းကြီးများ တစ်ခေတ်ဆန်းစေခဲ့ သည်။ အဆိုပါစက်မှုလုပ်ငန်းကြီးများ လည်ပတ်နိုင်ရေးအတွက် စွမ်းအင်လိုအပ်ချက်ကို ကျောက်မီးသွေးဖြင့် ဖြည့်ဆည်းခဲ့သည်။ ယခု ၂၁ ရာစု သို့တိုင်ရောက်ခဲ့ပြီ၊ အဆိုပါစက်မှုဖွံ့ဖြိုးပြီး ကမ္ဘာ့ထိပ်တန်းနိုင်ငံများ၌ ကျောက်မီးသွေးမှ စွမ်းအင်ထုတ်လုပ်သုံးစွဲမှုကို လျှော့ချရုံသာ ရှိသေးသည်။ သူတို့ မစွန့်လွှတ်နိုင်ကြသေးပေ။ သို့သော် ရာသီဥတုပြောင်းလဲခြင်း ဆိုသည့် စာမျက်နှာအသစ်၌ သူတို့ ပါဝင်ကပြနိုင်ရန် ရှေ့ဆောင်မှုများ ပြုလာခဲ့ကြပေပြီ။ ၁၉၉၇ ၊ ဒီဇင်ဘာ ၁၁ ရက်နေ့တွင် ဂျပန်နိုင်ငံ၊ ကျိုတိုမြို့၌ Kyoto Protocol ကို စတင်လက်မှတ်ရေးထိုးခဲ့ပြီး၊ ၂၀၀၅ ခုနှစ် ၊ ဖေဖော်ဝါရီ ၁၆ ရက်နေ့တွင် သက်ဝင်လှုပ်ရှားစေခဲ့ပါသည်။ အဓိက အကြောင်းအရာကတော့ ကမ္ဘာကြီးပူနွေးလာမှုအတွက် ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေး ဖြစ်ပါသည်။ အဲသည်အချိန်များမှ အစပြုခဲ့ရာ ၂၀၁၂ ခုနှစ် ၊ ဒီဇင်ဘာလမှာတော့ Kyoto Protocol အား ပြင်ဆင်မှုကို ကာတာနိုင်ငံ၊ ဒိုဟာမြို့မှာ ဆွေးနွေးဆောင်ရွက်ကြကာ ယင်းကို ဒိုဟာပြင်ဆင်ချက် (Doha Amendment) လို့ ခေါ်ပါသည်။ ဆက်တိုက်ဆိုသလို ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာ/ ဒီဇင်ဘာလများအတွင်း ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှာ ကျင်းပတဲ့ (UNFCCC) (United Nations Framework Convention on Climate Change) ရဲ့ COP 21 အစည်းအဝေးကြီးကနေ ပါရီသဘောတူညီချက်ကို ဆွေးနွေးခဲ့ကြပြီး ၂၀၁၆ ဧပြီ ၂၂ ရက်မှာ စတင် လက်မှတ်ရေးထိုးနိုင်ခဲ့ပါသည်။ ၎င်းကိစ္စရပ်များကို အစချီပြီး ပြောနေတာက အကြောင်းရှိပါသည်။ အထက်ဖော်ပြပါ စက်မှုဖွံ့ဖြိုးပြီး နိုင်ငံကြီးတွေက ငွေကြေးအကုန်အကျ အများကြီးခံပြီး ဒီလို သဘောတူညီချက်တွေ၊ ညီလာခံကြီးတွေကို ကျင်းပခဲ့တာ ဘာကြောင့်လဲ?၊ ဒီကိစ္စတွေရဲ့ နောက်ကွယ်က ပံ့ပိုးကူညီသူတွေက ဘယ်သူတွေလဲ?၊ သူတို့က ဘာကြောင့်ကူညီနေတာလဲ?၊ သူတို့ရဲ့ ဦးတည်ချက်က ဘာလဲ? ဆိုတာတွေဟာ အင်မတန် စိတ်ဝင်စားစရာကောင်းပြီး ဆန်းစစ်လေ့လာစရာ ဖြစ်ပါသည်။

          ရာသီဥတုပြောင်းလဲခြင်းကို ခြေရာခံကြည့်လိုက်လျှင် အဓိကတရားခံဟာ ထိုနိုင်ငံကြီး တွေဖြစ်ပြီး၊ ပြောခဲ့သလို ညီလာခံကြီးတွေမှာ သူ့ထက်ငါပံ့ပိုးပြီး တောရမ်းမယ်ဖွဲ့တွေ ရွတ်ကြတာလဲ သူတို့တစ်တွေသာ ဖြစ်ပါသည်။ သူတို့တစ်တွေလုပ်လာတာ ရာစုနှစ်ပေါင်းများစွာ ကြာနေပြီ။ ကျွန်တော်တို့ နိုင်ငံကဲ့သို့ တတိယကမ္ဘာ့နိုင်ငံငယ်လေးတွေ၊ ကျွန်းစုနိုင်ငံလေးတွေက အခုမှ ဖွံ့ဖြိုးဖို့အားယူရမည် ဖြစ်ပါသည်။ အဲသည်ညီလာခံကြီးတွေကနေ ဖော်ပြပါနိုင်ငံငယ်လေး များကို ညှိနှိုင်းတယ်လို့ပြောပြီး အမိန့်မပေးရုံတမယ် ဖိနှိပ်သည်၊ စာချုပ်တွေမှာ အတင်းလက်မှတ်ထိုးရန်အတွက် စည်းရုံးသည်။ တစ်ကမ္ဘာလုံးရဲ့ကိစ္စမှန်ပေမယ့် အခုမှ မုန်လာဥလုပ်ပြီး သူတို့မဟုတ်သလို လုပ်ကြသည်။ Renewable ခေါ်တဲ့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်တွေကို ထိုပစ္စည်းထုတ်လုပ်တဲ့ ကုမ္ပဏီကြီးတွေရဲ့ဓနအင်အားနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် သရုပ်ပြကြသည်၊ လက်ဆောင်တွေပေးသည်၊ သုံးပါသုံးပါ တစာစာနဲ့ သူတို့ပစ္စည်း ဘယ်လိုကောင်းကြောင်း ပြောကြသည်။ ဒါတွေက ဘာတွေလဲဆိုတာ ထပ်ပြီး နောက်ကြောင်းလိုက်ကြည့်လိုက်တဲ့အခါမှာ အဲသည်ကုမ္ပဏီတွေရဲ့ ကွန်ယက်တွေကနေပြီး တတိယကမ္ဘာ့နိုင်ငံများနဲ့ ကျွန်းစုနိုင်ငံငယ်များမှာ တမံမဆောက်ရေး၊ ကျောက်မီးသွေး မသုံးရေး (NO DAM/ NO COAL) ဆိုတဲ့ ဆန္ဒပြမှုတွေဖြစ်အောင် ဒေသခံ တက်ကြွလှုပ်ရှားသူများ နောက်မှာ ငွေထုပ်ပိုက်ပြီး ရပ်နေတာကို တွေ့ရပါတော့သည်။  

          အဲသည်မှာ ချစ်တာလား၊ နှစ်တာလား စပြီးတော့ အဖြေပေါ်သလောက်ရှိသွားပြီ။ မြန်မာနိုင်ငံမှာ လက်ရှိဆောင်ရွက်နေတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်များဟု အမည် တပ်ထားသူများကတော့ အတော်များပါသည်။ ဒါပေမယ့် သူတို့ဟာ တက်ကြွလှုပ်ရှားသူ အဆင့်ကနေ ဆက်မတက်နိုင်ခဲ့ကြပါဘူး။ သူတို့ဟာ ဖော်ပြပါနိုင်ငံကြီးများက ထုတ်ဝေတဲ့ မစားရ ဝခမန်းလိလိ၊ ကိုယ့်လိုရာကို ဆွဲခေါ်ရေးသားပြုစုထားသော စစ်တမ်းများ (Report) များကိုဖတ်၊ နယ်ပယ်တစ်ခုမှာ နာမည်ရတဲ့ပုံရိပ်ကိုယူပြီး ဟုတ်လေသယောင် ပြောနေကြပါတော့သည်။ တကယ့်စင်စစ် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ပညာရှင်များကို မြန်မာပြည်မှာ လက်ချိုးရေလို့ရပါသည်။ သူတို့ဟာ ထိခိုက်နိုင်ခြေ Impact ကို နားလည်သည်၊ Mitigation လို့ခေါ်တဲ့ ဘယ်လိုလျော့ပါးသက်သာအောင် လုပ်ရမလဲဆိုတာ နားလည်ကြသည်၊ Adaptation လို့ခေါ်တဲ့ လိုက်လျောညီထွေမှုပြုရေးကို နားလည်ကြသည်၊ Transparency လို့ခေါ်တဲ့ ပွင့်လင်း မြင်သာမှု ရှိကြသည်၊ ရိုးသားကြသည်။ နှစ်ပေါင်းများစွာ တံခါးပိတ်ထားလို့ တိုင်းပြည်မှာ အသိအမြင်နည်းပါးမှု၊ ပညာရေးနိမ့်ပါးမှုတွေ ဖြစ်နေရတဲ့အထဲမှာ ရိုးသားသော ပြည်သူပြည်သားများကို “မှိုင်း” တိုက်ကြတာကတော့ အင်မတန်အရုပ်ဆိုးအကျည်းတန်တယ်လို့ ထင်ပါသည်။

          ဆက်ရလို့ရှိရင် အဲသည် Renewable ထုတ်လုပ်တဲ့ ကုမ္ပဏီအဖွဲ့အစည်းကြီးတွေက ဘာလို့ ဒီလိုလုပ်ကြသလဲဆိုတာကို မေးခွန်းထုတ်ရမှာပါဘဲ။ ဒီနေရာမှာတော့ အချက်နှစ်ချက်က အဓိကကျပါတယ်။ ပထမအချက်ကတော့ လျှပ်စစ်စွမ်းအင်ကို ရေငတ်သလို လိုချင်နေတဲ့ အာရှ/ အာဖရိက/လက်တင်အမေရိကနဲ့ ကျွန်းစုနိုင်ငံငယ်များ (Archipelagos Countries) တွေမှာ ဈေးကွက်အကြီးကြီးရှိနေပြီး အဲသည်ဈေးကွက်ဝေစုကို များများလိုချင်တာကြောင့်တစ်ချက်၊ ဒုတိယအချက်ကတော့ Renewable နည်းပညာဟာ အဆင့်ဆင့် တိုးတက်ပြောင်းလဲမှုမြန်ပြီး efficiency စွမ်းဆောင်မှုကောင်းတဲ့ နည်းပညာအသစ်တွေ ရလာတဲ့အခါမှာ နည်းပညာ အဟောင်းတွေနဲ့ ထုတ်လုပ်ထားပြီးဖြစ်တဲ့ ပစ္စည်းတွေကို ရောင်းချင်တာ တစ်ချက်ကြောင့် ဖြစ်ပါသည်။ ဒါကြောင့်လည်း ထောင်ကိုမြင်လို့ ရာကိုစွန့်ပြီး အထက်ဖော်ပြပါ ဖွံ့ဖြိုးဆဲ နိုင်ငံငယ်လေးများအပေါ် “စွမ်းအင်နယ်ချဲ့ခြင်း” ဆိုသော ကိုလိုနီလက်သစ် ပုံစံတစ်မျိုးကို ညင်သာစွာ လုပ်ဆောင်အသက်သွင်းနေခြင်းပဲ ဖြစ်ပါသည်။ ဒါကို မြင်အောင်ကြည့်ဖို့လိုပါသည်။  

          မြန်မာနိုင်ငံမှာရော အခြေအနေ ဘယ်လိုတွေ ရှိနေလဲလို့ မေးလာလျှင်တော့ ကျွန်တော်ကတော့ ပွင့်လင်းမြင်သာမှုရှိစွာ ပွင့်ပွင့်လင်းလင်းဘဲ ပြောလိုပါသည်။ မြန်မာနိုင်ငံဟာ လက်ရှိ မဂ္ဂါဝပ် ၃၀၀၀ ကျော်လောက်ပဲ ထုတ်ယူသုံးစွဲနေပေမယ့် တစ်နှစ်တစ်နှစ်ကို လျှပ်စစ် သုံးစွဲမှုဟာ ၃၀၀ မဂ္ဂါဝပ်ကနေ ၇၀၀ မဂ္ဂါဝပ်ကျော်အထိ မြင့်လာနိုင်မည့်ခန့်မှန်းချက်တွေ ရှိနေပါ သည်။ ထို့အတူ လျှပ်စစ်စွမ်းအင်ဈေးကွက်အရ ပြန်ကြည့်မယ်ဆိုလျှင်လည်း “အပျိုစင်ကဲ့သို့ Like a Virgin” လို့ တင်စားရလောက်အောင်ကို ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်း အကြီးကြီးရှိနေတဲ့ နိုင်ငံဖြစ်နေပါသည်။ ဒါကြောင့်လည်း ဆွေးနွေးပြောပြခဲ့သလိုဘဲ နေစွမ်းအင်၊ လေစွမ်းအင်နဲ့ ထုတ်လုပ်ချင်သူများက ရှေ့တံခါးပေါက်ကတစ်မျိုး၊ နောက်ဖေးပေါက်ကတစ်မျိုး ၊ ခွေးတိုးပေါက် ကတစ်မျိုး၊ မြေလျှိုးမိုးပျံပြီးတစ်မျိုး ရောက်လာကြပြီး သွေးတိုးစမ်းကြပါတော့သည်။ အစိုးရ အကူးအပြောင်းကာလမှာ မြင့်မားတဲ့ PPA (Power Purchase Agreement) တွေနဲ့ လုပ်ပိုင်ခွင့် ရရှိသွားတဲ့ နေစွမ်းအင်ထုတ်လုပ်ရေး ကုမ္ပဏီ ၂ ခုတောင် ရှိပါသည်။ ကျန်တာတွေကတော့ ဆက်ပြီး ဆက်ပြီး နည်းမျိုးစုံနဲ့ ကြိုးစားနေကြဆဲဖြစ်ပါသည်။ မြန်မာနိုင်ငံ အခြေအနေကို နည်းပညာရှုထောင့်က ပြောမယ်ဆိုရင်တော့ နေစွမ်းအင်က ထွက်လာတဲ့ လျှပ်စစ်ဟာ တည်ငြိမ်မှုမရှိပါဘူး။ (Millisecond) တိုင်းမှာ အပြောင်းအလဲ (Fluctuation) တွေ ရှိတဲ့အတွက် အခြေခံဝန်အား (Base Load) ကို ရေအားလျှပ်စစ်ကနေ မောင်းနှင်ရတဲ့နိုင်ငံအဖို့ နည်းပညာအခက်အခဲ အများကြီးရှိလာပါသည်။ နေဟာ နံနက်၁၁ နာရီ ကနေ ညနေ ၃ နာရီအထိ နိုဝင်ဘာကနေ ဧပြီလလောက်အထိဘဲ သုံးစွဲလို့ရတဲ့ အတိုင်းအတာ ကန့်သတ်ချက်ရှိနေတဲ့ အခက်အခဲအတွက် နောက်ရံ (Back up) လုပ်ပေးဖို့အတွက် လုံလောက်တဲ့ အပူစွမ်းအင်စက်ရုံ (Thermal Plant) တွေ မရှိသေးဘူး။ နောက်တစ်ချက်က နေစွမ်းအင်ကောင်းကောင်းရတဲ့နေရာ တွေက မြန်မာပြည် မြောက်ဘက်ခြမ်းတွေမှာဖြစ်ပြီး အများဆုံး ၅၀% သုံးစွဲတာက ရန်ကုန် အနီးတဝိုက် ဖြစ်နေလေတော့ ကီလိုမီတာ ၄၀၀ လောက် Transmission Line ရဲ့ Stability ကို နေစွမ်းအင်စက်ရုံတွေက ထောက်ပံ့ပေးဖို့ ဆိုတာ အခက်အခဲတစ်ခုဖြစ်ပြီး မိတ္ထီလာနဲ့ တောင်ငူနား မှာ ပိတ်ဆို့ကျပ်တည်းမှု (Bottle Neck) ဖြစ်နေတာကြောင့် ဓာတ်အားစနစ် (System) ငြိမ်အောင်ထိန်းဖို့ ခက်ခဲသွားမှာ ဖြစ်ပါသည်။ နောက်တစ်ခုကတော့ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ မြေအလကားမရရှိမှုဘဲ ဖြစ်ပါသည်။ ခေတ်အမီဆုံးစနစ် တပ်ဆင်ထားတဲ့ Solar Farm တွေမှာ  ၁ မဂ္ဂါဝပ် ထုတ်လုပ်နိုင်ဖို့ မြေကြီး ၈ ဧကခန့် သုံးစွဲရတဲ့အတွက် မြေပိုင်ဆိုင်မှု အရှုပ်ထွေးဆုံး နိုင်ငံတစ်နိုင်ငံမှာ ဘယ်လိုရင်းနှီးမြှုပ်နှံမှုကို ကောင်းကောင်းနဲ့ ဈေးသက်သက်သာသာလုပ်လို့ ရမလဲဆိုတာ သံသယရှိစရာ ကောင်းပါသည်။ သေချာတာကတော့ ထုတ်လုပ်မှုစရိတ်ကြီးတဲ့အတွက် ဓာတ်အားခ ဈေးကြီးမှာပါဘဲ။ လေအားနှင့်ပတ်သက်တာတွေလည်း အလားတူ အခက်အခဲတွေ အများကြီးရှိပေမယ့် ထင်သာမြင်သာတစ်ခုကတော့ အဆိုပါလေရဟတ်ပစ္စည်းများ သယ်ဖို့နဲ့ တည်ဆောက်ဖို့ စက်ယန္တရားတွေ သွားလာလို့အဆင်ပြေနိုင်မယ့် ခံနိုင်ဝန်ရှိတဲ့ လမ်းတံတား အကန့်အသတ်တွေပဲ ဖြစ်ပါသည်။ ၀.၅ မဂ္ဂါဝပ် ရှိတဲ့ လေရဟတ်တစ်စီး ဆောက်နိုင်ဖို့၊ ပစ္စည်းသယ်ဖို့ တန် ၃၀ နောက်တွဲယာဉ် ၁၀ စီး၊ တန် ၆၀ နောက်တွဲယာဉ် ၄ စီး နဲ့ ယင်းတို့ကို တပ်ဆင်ဖို့ တန် ၁၀၀ ကရိန်း ၁ စီး၊ တန် ၂၀၀ ကရိန်း ၂ စီးလောက် အကြမ်းဖျင်း လိုအပ်မှာ ဖြစ်ပါသည်။ မြန်မာနိုင်ငံရဲ့ လမ်းတံတားခံနိုင်ဝန်သတ်မှတ်ချက်ကို လေ့လာကြည့်လျှင် ပိုပြီးသိသာ ထင်ရှားလာမှာဖြစ်ပါသည်။ လေအားကလည်း သေချာပေါက် ဈေးကြီးတာပါဘဲ။ သုံးစွဲရန် အတွက် လေ့လာဆန်းစစ်မှုများအရ အများစုသည် Capacity Factor စွမ်းဆောင်ရည် ညွှန်းကိန်း ၂၀ % ခန့်သာရှိပြီး နည်းပညာမြင့်မားသော Renewable များတွင် ၄၀ % ခန့် အောက်တွင်သာ ရှိကြသည်။

          လျှပ်စစ်စွမ်းအင်ကို နည်းလမ်းပေါင်းစုံသုံး၍ ထုတ်လုပ်ကြရာတွင် ဘယ်နည်းစနစ်က ကောင်းသည်၊ ဘယ်နည်းစနစ်က မကောင်းဟူ၍တော့ ပြောလို့မရပါ၊ အရာရာသည် အကောင်း အဆိုးဒွန်တွဲလျက်ရှိကြသည်ဖြစ်၍ နိုင်ငံနှင့်ကိုက်ညီသည့် အရင်းအမြစ်ပေါင်းစပ်မှု(Generation Mix) ကို အခြေခံ၍သာ အကောင်းဆုံးဖြစ်စေရန် ဆောင်ရွက်ကြရမည်ဖြစ်ပါသည်။ အလားတူ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရရှိစေရေး (Sustainable Development) အတွက် တိုးတက် ဖွံ့ဖြိုးမှုနယ်ပယ်၊ စီးပွားရေးတွက်ခြေကိုက်မှု နယ်ပယ်၊ သဘာဝနှင့် လူမှုပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ချက် နယ်ပယ်များကိုချိန်ညှိ၍ အကောင်းဆုံးကို ရွေးယူကြရမည်ဖြစ်ပါသည်။ မာစီးဒီး ကားသည် အလွန့်အလွန်ကောင်းပါသည်၊ တိုယိုတာဆလွန်းကားသည် အလွန်ကောင်းပါသည်၊ လိုက်ထရပ်ကားသည် ကောင်းပါသည်၊ ဂျစ်ကားသည် သင့်ပါသည်၊ ထော်လာဂျီသည် စျေးနည်း၍ အလုပ်ဖြစ်ပါသည်။ ကိုယ့်အိုးနှင့်ကိုယ့်ဆန် တန်သည်ကို ရွေးချယ်၍ စတင်အလုပ်လုပ်ပြီး၊ အောင်မြင်လာလျှင် ပို၍ကောင်းသည်များကို ရွေးချယ်လာနိုင်မည်၊ ရွေးချယ်ခွင့်ရှိလာမည် ဖြစ်ပါ သည်။ တစ်ဘက်ကကြည့်လျှင်လည်း ၃၃ % သော ပြည်သူများကသာ ဓာတ်အားစနစ်မှ ဖြန့်ဖြူး ပေးသော သက်သာသည့်ဓာတ်အားကို သုံးစွဲနေရပြီး၊ ကျန် ၆၇% သော ပြည်သူများမှာ ဓာတ်အား စနစ်မှ ဓာတ်အားကို လုံးဝသုံးစွဲ၍ မရသေးသည့် အခြေအနေဖြစ်နေသည်။ အဆိုပါ  ၃၃ % သော ဓာတ်အားသုံးစွဲနေမှု၏ တစ်ဝက်မှာ ရန်ကုန်မြို့ကြီး၌ နေထိုင်သူများဖြစ်သည်ဆိုတာကိုရော သိကြပါရဲ့လား? ။ ကျယ်ကျယ်လောင်လောင် ပြောနေသော စကားသံများမှ ခေတ္တသွေဖယ်၍ တီးတိုးပြောဆိုနေကြမည်ဖြစ်သော မီးမသုံးစွဲရသေးသူ ပြည်သူများ၏အသံကိုလည်း ကြားအောင် နားထောင်ရမည်ဖြစ်သည်။ ထုတ်လုပ်မှု၊ ဖြန့်ဖြူးမှုများ ပို၍ ဆတက်ထမ်းပိုး ဆောင်ရွက်ပေး ရမည် ဖြစ်သည်။ သို့မှသာလျှင် “ဆင်းရဲမွဲတေမှုလျှော့ချရေး” အတွက် အရေးပါသည့် အစီအမံ များကို ကျွဲကူးရေပါ ဆောင်ရွက်လာနိုင်ပြီး တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် “စဉ်ဆက် မပြတ်သော ဖွံ့ဖြိုးတိုးတက်ရေး” ကို လုပ်ဆောင်လာနိုင်မည်ဖြစ်ပါကြောင်း မျှဝေတင်ပြအပ်ပါသည်။

ရန်ပါယ်

PREVIOUS POST   -   NEXT POST

Published: Jul 28 Posted Under: Ministry News

ပုထိုးလုံ-ကျော ၆ လက်မပိုက်လိုင်း ၈.၂၅မိုင် ဆက်သွယ်ခြင်းလုပ်ငန်းအတွက် လိုအပ်သော ပစ္စည်းများဝယ်ယူရန် အိတ်ဖွင့်တင်ဒါတွင် တင်ပြရမည့် အချက်အလက်များနှင့် စည်းကမ်းချက်များ အသိပေးထုတ်ပြန်ခြင်း