Home

THE REPUBLIC OF THE UNION OF MYANMAR

Ministry of Electricity and energy

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

Published: Apr 03 Posted Under: Ministry News

         ယနေ့ကမ္ဘာပေါ်ရှိ စက်မှုလုပ်ငန်းများဖွံ့ဖြိုးသော ကုန်သွယ်ရေးနှင့် စီးပွားရေးလုပ်ငန်းများ ကောင်းမွန်သောနိုင်ငံများတွင် အရေးကြီးသောစွမ်းအင်မှာ လျှပ်စစ်ဖြစ်ပါသည်။ လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးသောနိုင်ငံများသာလျှင် ချမ်းသာကြွယ်ဝသော လူနေမှုအဆင့်အတန်းများ မြင့်မားသော စီးပွားရေး ကောင်းမွန်သော အင်အားကြီးနိုင်ငံများဖြစ်ခဲ့ကြသည်မှာငြင်း၍မရပေ။ ထို့ကြောင့် လျှပ်စစ်ဓာတ်အား ကိုနည်းမျိုးစုံဖြင့် ရှာဖွေထုတ်လုပ်ခဲ့ကြသည်။

         လျှပ်စစ်စွမ်းအားကဏ္ဍတွင် လျှပ်စစ်ထုတ်လုပ်မှု(Generation)၊ လျှပ်စစ်သယ်ပို့မှု (Transmission)နှင့် လျှပ်စစ်ဖြန့်ဖြူးမှု(Distribution)ဟူ၍ (၃)ပိုင်းပါဝင်ပါသည်။ မြန်မာနိုင်ငံ လျှပ်စစ်ထုတ်လုပ်မှု(Generation)ပိုင်းတွင် ရေအား (Hydro Power)၊ ဓာတ်ငွေ့တာဘိုင်(Gas Turbine)၊ ရေနွေးငွေ့စက်(Steam Power Plant)၊ Coal (ကျောက်မီးသွေး)၊ Solar (နေစွမ်းအင်)၊ Wind Fram(လေအားလျှပ်စစ်)စသည့် နည်းအမျိုးမျိုးဖြင့် ထုတ်လုပ်ကြောင်းတွေ့ရှိရပါသည်။ ဓာတ်အားပေးစက်ရုံများ၏ စက်တင်ဆင်မှု(Installed Capacity)အနေဖြင့် (၂၀၀၅−၂၀၀၆) ဘဏ္ဍာ​​​ရေးနှစ်တွင်(၁၅၄၇)မဂ္ဂါဝပ်ရှိရာမှ (၂၀၁၆−၂၀၁၇)ဘဏ္ဍာရေးနှစ်တွင် (၅၆၁၀.၇၃)မဂ္ဂါဝပ်ခန့် အထိ တိုးမြှင့်တပ်ဆင်တည်ဆောက်ခဲ့ပါသည်။

         ၂၀၁၆ခုနှစ်အထိ ဓာတ်အားထုတ်လုပ်လျှက်ရှိသော အပူစွမ်းအင်သုံးဓာတ်အားပေးစက်ရုံ အနေ ဖြင့် နိုင်ငံပိုင်(၁၀)ရုံ၊ ပုဂ္ဂလိက BOT (၅)ရုံ၊ ပုဂ္ဂလိက IPP (၃)ရုံနှင့် R BOT (၁)ရုံ စုစုပေါင်း(၁၉)ရုံမှ စက်တပ်ဆင်အင်အား(၂၄၂၉.၇၃)မဂ္ဂါဝပ်ရှိပါသည်။ ရေအားလျှပ်စစ်စက်ရုံအနေဖြင့် နိုင်ငံပိုင်(၂၁)ရုံ၊ JV/BOT (၃)ရုံ၊ BOT (၂)ရုံ၊ စုစုပေါင်း(၂၆)ရုံမှ စက်တပ်ဆင်အင်အား(၃၁၈၁)မဂ္ဂါဝပ်ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။ လက်ရှိတွင်အပူစွမ်းအင်သုံးစက်ရုံများမှ (၄၅%)နှင့် ရေအားမှ(၅၅%)ထုတ်လုပ် ပါသည်။

         ဖွံ့ဖြိုးတိုးတက်လာသောစီးပွားရေးလုပ်ငန်းများ၊ အိမ်ရာစီမံကိန်းများ၊ စက်မှုလုပ်ငန်းများမှ ဓာတ်အားသုံးစွဲမှုများ၊ တောင်းခံမှုများသည်တစ်နှစ်ထက်တစ်နှစ် တိုးတက်များပြားလာခဲ့ပါသည်။ ၂၀၁၅ ခုနှစ်၏အများဆုံးသုံးစွဲဝန်အားမှာ(၂၄၉၇.၁၈)မဂ္ဂါဝပ်ဖြစ်ပြီး ၂၀၁၆ခုနှစ်၊ စက်တင်ဘာလတွင် (၂၇၂၂.၅)မဂ္ဂါဝပ်အထိရောက်ရှိသုံးစွဲခဲ့ပါသည်။ လျှပ်စစ်ဓာတ်အားသုံးစွဲမှုမှာ နှစ်စဉ်(၁၅%)ခန့်တိုးမြှင့် သုံးစွဲလာခဲ့ရာ ၂၀၁၆ခုနှစ်၊ မေလတွင် အနည်းဆုံး(၂၆၁၇)မဂ္ဂါဝပ်မှ အများဆုံး(၂၈၄၀)မဂ္ဂါဝပ်အထိ တိုးမြှင့်သုံးစွဲမည်ဟု ခန့်မှန်းရပါသည်။ ၂၀၂၀ ခုနှစ်တွင်(၄၅၃၁)မဂ္ဂါဝပ်၊ ၂၀၃၀ ခုနှစ်တွင် (၁၄၅၄၂) မဂ္ဂါဝပ်အထိသုံးစွဲမည်ဟု ခန့်မှန်းထားပါသည်။

         ''လျှပ်စစ်ဓာတ်အား"ဟူသည် ကုန်ပစ္စည်းကဲ့သို့ထုတ်လုပ်ပြီး၊ သိုလှောင်ထားပြီးမှပြန်လည် ဖြန့်ဖြူး၍ရသောအရာမဟုတ်။ ထုတ်လုပ်မှုနှင့်သုံးစွဲမှုကို တချိန်တည်းမှာပင် ဟန်ချက်ညီညီဖြန့်ဖြူး ပေးရသော စွမ်းအင်တစ်မျိုးဖြစ်သည်။ တိုးတက်တောင်းခံလာသောလျှပ်စစ်ဓာတ်အားကို လုံလောက် အောင်ဖြန့်ဖြူးရန်အတွက် အောက်ဖော်ပြပါနည်းလမ်း(၄)သွယ်ဖြင့် စဉ်းစားနိုင်ပါသည်-

         (က)     လျှပ်စစ်အရင်းအမြစ်များတိုးချဲ့ရှာဖွေခြင်း၊ ဓာတ်အားပေးစက်ရုံများတိုးချဲ့တည်ဆောက် ခြင်း(အချိန်နှင့် ငွေအရင်းအနှီးလိုပါသည်)

         (ခ)     ဓာတ်အားသုံးစွဲမှုလျှော့ချခြင်း၊ ချွေတာခြင်း(ချွေတာရေးဖြစ်၍ လူမကြိုက်)

         (ဂ)     အိမ်နီးချင်းနိုင်ငံများထံမှ ဓာတ်အားဝယ်ယူသုံးစွဲခြင်း(မဟာဓာတ်အားလိုင်းနှင့် ငွေကြေး အရင်းအနှီးလိုပါသည်)

         (ဃ)     ဓာတ်အားစနစ်ပြင်ပတွင် လျှပ်စစ်ထုတ်ယူနိုင်မည့်နည်းလမ်းများရှာဖွေခြင်း (ဓာတ်အား အရင်းအမြစ်နှင့် ငွေကြေးအရင်းအနှီးလိုပါသည်)

         နည်းလမ်း(ခ)မှာထုတ်လုပ်မှုမရှိပါက ချွေတာသုံးစွဲရမည်ဖြစ်၍အဆင်မပြေ။ နည်းလမ်း(ဂ)မှာ လည်း ဓာတ်အားရောင်းချမည့်အိမ်နီးချင်းနိုင်ငံများမှမဟာဓာတ်အားလိုင်းချိတ်ဆက်သွယ်တန်းခြင်း၊ ဓာတ်အားဝယ်ယူခြင်းများဆောင်ရွက်ရမည်ဖြစ်၍ ငွေကြေးအကုန်အကျများခြင်း၊ တစ်ယူနစ်ရောင်း စျေးတိုးမြှင့်လာနိုင်ခြင်းကြောင့် အခက်အခဲရှိပါသည်။ ထို့ကြောင့် နည်းလမ်း(က)ဖြစ်သော မိမိနိုင်ငံ အတွင်း လျှပ်စစ်အရင်းအမြစ်များတိုးချဲ့ရှာဖွေခြင်း၊ ဓာတ်အားပေးစက်ရုံများတိုးချဲ့တည်ဆောက်ခြင်း တို့ကို မဖြစ်မနေဆောင်ရွက်ရပါမည်။

         လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှတည်ဆောက်ဆဲ ရေအားလျှပ်စစ်စီမံကိန်းများမှာရွှေလီ(၃) (၁၀၅၁)မဂ္ဂါဝပ်၊ အထက်ရဲရွာ(၂၀၀)မဂ္ဂါဝပ်၊ အထက်ဘီလူးချောင်း(၃၀.၄)မဂ္ဂါဝပ်၊ သူဌေးရေအား လျှပ်စစ်(၁၁၁)မဂ္ဂါဝပ်၊ အထက်ကျိုင်းတောင်း(၅၁)မဂ္ဂါဝပ်၊ အလယ်ပေါင်းလောင်း(၁၀၀)မဂ္ဂါဝပ် စုစုပေါင်းရေအားလျှပ်စစ်စက်ရုံစီမံကိန်း(၆)ခုမှ (၁၆၂၂.၄)မဂ္ဂါဝပ် ရရှိရန်ဆောင်ရွက်နေပါသည်။ ထို့အပြင် ဆက်လက်ဆောင်ရွက်မည့် ရေအားလျှပ်စစ်စီမံကိန်း(၂၀)မှ စုစုပေါင်းတပ်ဆင်အင်အား (၆၂၇၀)မဂ္ဂါဝပ်ရရှိရေးအတွက် အစီအစဉ်များချမှတ်ထားကြောင်းသိရှိရပါသည်။ ရေအားလျှပ်စစ် စီမံကိန်းများမှ ဓာတ်အားရရှိရန်အတွက်ဖြစ်မြောက်နိုင်စွမ်းလေ့လာခြင်း၊ ကွင်းဆင်းတိုင်းတာခြင်း၊ တည်ဆောက်ခြင်းလုပ်ငန်းများဆောင်ရွက်ခြင်းအတွက်(၁၀)နှစ်မှ (၁၅)နှစ်ခန့် အချိန်ယူဆောင်ရွက်ရ ပါသည်။

         ထို့အပြင် အကောင်အထည်ဖော်ရန်လျာထားသည့် သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံ စီမံကိန်း(၇)ခုမှ စုစုပေါင်းစက်တပ်ဆင်အင်အား(၁၇၀၇)မဂ္ဂါဝပ်ဖြစ်ပါသည်။ လေစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းအကောင်အထည်ဖော်ရန် လျာထားသောနေရာများမှာ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးများပါဝင်ကြောင်းသိရှိရပါသည်။ နေစွမ်းအင်သုံးဓာတ်အား ပေးစက်ရုံ စီမံကိန်းများအကောင်အထည်ဖော်ရန်အတွက် မကွေးတိုင်း၊ မင်းဘူးမြို့တွင် (၂၂၀)မဂ္ဂါဝပ်၊ မန္တလေးတိုင်း၊ ဝမ်းတွင်းတွင်(၁၅၀)မဂ္ဂါဝပ်၊နဘူးအိုင်တွင် (၁၅၀)မဂ္ဂါဝပ်ရရှိရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရပါသည်။ ဖော်ပြပါဓာတ်အားပေးစက်ရုံစီမံကိန်းများ အကောင်အထည်ဖော်ရာတွင် နည်းပညာ၊ ငွေကြေးလိုအပ်ချက်များဖြင့် အချိန်ကာလတစ်ခုကြာမြင့်ပြီးမှ ရရှိမည်ဖြစ်ပါသည်။

         (၂၀၁၆)ခုနှစ် နွေရာသီဓာတ်အားလိုအပ်ချက်ဖြည့်ဆည်းရန်အတွက် ရန်ကုန်တွင်(၃၀၀)မဂ္ဂါဝပ်(LNG) ဓာတ်အားပေးစက်ရုံသစ်တည်ဆောက်၍ ဖြန့်ဖြူးပေးရန်ဆောင်ရွက်မည်ဟု သိရှိရပါသည်။

         လျှပ်စစ်ဓာတ်အားရရှိရေးအတွက် စီမံကိန်းများဆောင်ရွက်ရာတွင် အခက်အခဲများ၊ ပြဿနာ များ၊ စိန်ခေါ်မှုများကြောင့်နှောင့်နှေးမှုများ၊ ရပ်တန့်မှုများရှိနေကြောင်းသိရပါသည်-

         (က)    သဘာဝပတ်ဝန်းကျင်ထိခိုက်မှု

         (ခ)     ရာသီဥတုပြောင်းလဲမှုနှင့် ရေအရင်းအမြစ်ပြဿနာ

         (ဂ)     အန္တရာယ်ရှိဓာတ်ငွေ့များထုတ်လွှတ်မှု

         (ဃ)    ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု

         (င)     သဘာဝဘေးအန္တရာယ်ကျရောက်နိုင်မှု

         (စ)     လူသားတို့၏နေအိမ်နှင့် စိုက်ပျိုးမြေယာဆုံးရှုံးမှု

         (ဆ)    စီမံကိန်းကိုဆန္ဒပြကန့်ကွက်မှုများတို့ဖြစ်ပါသည်။

         ထို့ကြောင့် လျှပ်စစ်ဓာတ်အားထုတ် လုပ်ရေးစီမံကိန်းများဆောင်ရွက်မည်ဆိုပါက သဘာဝပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း(EIA-Enviromental Impact Assessment)ကိုဆောင်ရွက်ခြင်း၊ (၂၀၁၂)ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ်(၉)''ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ''(Enviromental Conservation Law)ပြဌာန်း ချက်များနှင့်အညီ ဆောင်ရွက်ရပါမည်။ အထက်ဖော်ပြပါကျွမ်းကျင်ပညာရှင်များ၏ ဆန်းစစ်ချက်များ အရ ကောင်းကျိုးများပြီးဆိုးကျိုးနည်းလျှင်လုပ်သင့်သည်။ ကောင်းကျိုးနည်းပြီး ဆိုးကျိုးများလျှင် မလုပ်သင့်ပါ။

         ကျွန်ုပ်တို့ကမ္ဘာပေါ်ဝယ် အမြဲတမ်းအန္တရာယ်ကင်းသောနေရာဟူ၍အမြဲမရှိပေ။ အဆိုးမြင်လွန်ပြီး ဘာလုပ်လုပ်ကန့်ကွက်နေလျှင် ကျွန်ုပ်တို့၏သားစဉ်မြေးဆက်အတွက် လျှပ်စစ်မီးမသုံးနိုင်သေးသော (၇၀%)သောပြည်သူများအတွက်၊ နိုင်ငံဖွံ့ဖြိုးမှုအတွက်နစ်နာသွားပါမည်။ လျှပ်စစ်ဓာတ်အားမဖူလုံ၍ ပြည်ပရင်းနှီးမြှုပ်နှံမှုများ၊ အလုပ်အကိုင်များဆုံးရှုံးရပါမည်။ ဥပမာ-ကျောက်မီးသွေးဖြင့် လျှပ်စစ် ဓာတ်အားထုတ်လုပ်ပါက အန္တရာယ်ရှိပြာမှုန့်နှင့် အန္တရာယ်ရှိဓာတ်ငွေ့များထုတ်လွှတ်ခြင်းကြောင့် ''No COAL'' ''No COAL''ဟု ဆန္ဒပြကန့်ကွက်ခဲ့ကြပါသည်။ ၎င်းအတွက် ပြာမှုန့်နှင့်အန္တရာယ်ရှိ ဓာတ်ငွေ့ များကို နည်းပညာအဆင့်မြှင့်ထားသော Clean Coal Technology ဖြင့် ဆောင်ရွက်မည်ဆိုပါက ဖြစ်သင့်ပါသည်။

         အချုပ်အားဖြင့်ဆိုရသော် ကျွန်ုပ်တို့၏တိုင်းပြည်အနာဂတ်၊ သားစဉ်မြေးဆက်အတွက် ကောင်း သော အမွေဖြစ်သော လျှပ်စစ်ဓာတ်အားစဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု (Sustainable Development Of Electricity)ဖြစ်အောင်ဆောင်ရွက်ရန် အားလုံး၏တာဝန်ဖြစ်ပါသည်။ အမှောင်ထဲတွင်နေရသောဘဝမှ အလင်းထဲတွင်ထာဝရရပ်တည်နိုင်ရန် အကောင်းကိုယူပြီး အဆိုးကိုနည်းနိုင်သမျှနည်းအောင် ဆောင်ရွက်ရပါမည်။ လျှပ်စစ်စွမ်းအားဖြင့် ပြည်ထွန်းကားအောင်ပြည်သူအားလုံးမှ ဝိုင်းဝန်းကူညီ ဆောင်ရွက်ကြပါစို့ဟု တိုက်တွန်းလိုက်ရပေသည်။

PREVIOUS POST   -   NEXT POST

Published: Jul 28 Posted Under: Ministry News

ပုထိုးလုံ-ကျော ၆ လက်မပိုက်လိုင်း ၈.၂၅မိုင် ဆက်သွယ်ခြင်းလုပ်ငန်းအတွက် လိုအပ်သော ပစ္စည်းများဝယ်ယူရန် အိတ်ဖွင့်တင်ဒါတွင် တင်ပြရမည့် အချက်အလက်များနှင့် စည်းကမ်းချက်များ အသိပေးထုတ်ပြန်ခြင်း