မူဝါဒ
(၁) နိုင်ငံတော်၏ လျှပ်စစ်နှင့်စွမ်းအင် လိုအပ်ချက်များကို ပြည့်ဝစွာ ဖြည့်ဆည်းပေးနိုင်ရေး အတွက် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးရေးလုပ်ငန်းများအား တိုးမြှင့်အကောင်အထည် ဖော်ဆောင်ရွက်ရန်၊
(၂) ပြည်တွင်းရှိ လျှပ်စစ်နှင့်စွမ်းအင် အရင်းအမြစ်များအပေါ် အခြေခံ၍ နိုင်ငံတော်အတွက် သင့်လျော်သည့် စွမ်းအင်အမျိုးအစားအလိုက် သုံးစွဲမှု အချိုးအစား (Energy Mix) နှင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုတွင် စွမ်းအင်အရင်းအမြစ် ပါဝင်မှု အချိုးအစား (Generation Mix) သတ်မှတ်ဆောင်ရွက်ရန်၊
(၃) ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်များအပါအဝင် သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျော ညီထွေရှိသည့် စွမ်းအင်အမျိုးအစားသစ်များအား တိုးမြှင့်အသုံးပြုရန်၊
(၄) လျှပ်စစ်နှင့်စွမ်းအင် အရင်းအမြစ်များအား အကျိုးရှိထိရောက်စွာ အသုံးပြုနိုင်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်စေရေး ဆောင်ရွက်ရန်၊
(၅) စွမ်းအင်အသုံးပြုမှု စွမ်းရည်တိုးမြှင့်လာစေရေးနှင့် စွမ်းအင်ခြိုးခြံချွေတာရေးတို့ကို မြှင့်တင်ဆောင်ရွက်ရန်၊
(၆) နိုင်ငံတော်၏ စွမ်းအင်လုံခြုံရေးအတွက် မတူညီသော အရင်းအမြစ်၊ လမ်းကြောင်းများမှ စွမ်းအင်တင်သွင်းမှုနည်းလမ်းများကို အကောင်အထည်ဖော်ရန်နှင့် ကမ္ဘာ့နိုင်ငံများနှင့် စွမ်းအင်ကုန်သွယ်မှုလုပ်ငန်းများအား မြှင့်တင်ဆောင်ရွက်ရန်၊
(၇) ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများအား ဆွဲဆောင်နိုင်သည့် အခြေအနေကောင်းများ ပေါ်ပေါက်လာစေရေးအတွက် ဆောင်ရွက်ရန်၊
လုပ်ငန်းစဉ်
(၁) အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကြီး တည်ဆောက်ရာတွင် လိုအပ်သော လျှပ်စစ်နှင့်စွမ်းအင်ကို ပြည့်ဝဖူလုံစွာ ဖြည့်ဆည်းပေးနိုင်ရေးနှင့် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ကာလတို ၊ ကာလလတ်နှင့် ကာလရှည် အစီအမံများအား စနစ်တကျ ရေးဆွဲဆောင်ရွက်ရမည်။
(၂) ရေနံမြေအသစ်များဖော်ထုတ်နိုင်ရေးနှင့် ကုန်းတွင်းနှင့်ကမ်းလွန်လုပ်ကွက်များတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေ ၊ တူးဖော် ၊ ထုတ်လုပ်မှုများ တိုးမြှင့်လာစေရေး ဆောင်ရွက်ရမည်။
(၃) ဓာတ်အားထုတ်လုပ်မှုနှင့် ဓာတ်အားစနစ် တိုးတက်ကောင်းမွန်ရေးအတွက် ဓာတ်အားပေးစက်ရုံများ တိုးချဲ့တည်ဆောက်ခြင်း ၊ ဓာတ်အားခွဲရုံနှင့် ဓာတ်အားလိုင်းများ တိုးချဲ့တည်ဆောက်ခြင်းတို့ကို သက်ဆိုင်ရာအစီအမံများနှင့်အညီ ဆောင်ရွက်ရမည်။
(၄) လျှပ်စစ်နှင့်စွမ်းအင်ထုတ်ယူရာ၌လည်းကောင်း ၊ သုံးစွဲရာ၌လည်းကောင်း ပတ်ဝန်းကျင် ထိခိုက်မှုမဖြစ်ပေါ်စေရေး (သို့မဟုတ်)အနည်းဆုံးဖြစ်စေရေးဆောင်ရွက်ရန်နှင့် လေလွင့်ဆုံးရှုံးမှုနည်းပါးစေရေးအတွက် စွမ်းအင်ချွေတာရေးနည်းလမ်းများအား ရှာဖွေဆောင်ရွက်ရမည်။
(၅) ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းကွန်ယက်များနှင့် လျှပ်စစ်ဓာတ်အားလိုင်းများတွင် လေလွင့်ပျောက်ဆုံးမှုများ လျော့နည်းကျဆင်းလာစေရေးစီမံချက်များ ချမှတ်ဆောင်ရွက်ရမည်။
(၆) ပြည်ပမှတင်သွင်းနေရသည့် စက်သုံးဆီများအား အဓိကအားထား အသုံးပြုနေရသည့် အခြေအနေကို ကျော်လွှားနိုင်ရန်အတွက် ပြည်တွင်း၌ ရေနံချက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာစေရေးကို ဦးစားပေးဆောင်ရွက်ရမည်။
(၇) ရေနံချက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အညီ ရေနံစိမ်း ကုန်ကြမ်းများကို ပြည်တွင်း၌ သာမက မိမိတို့၏ မိတ်ဆွေနိုင်ငံများတွင်ပါ ပေါင်းစပ်ညှိနှိုင်း၍ သိုလှောင်ထားရှိနိုင်ရေး စီမံ ဆောင်ရွက်သွားရမည်။
(၈) ရေနံစိမ်းကုန်ကြမ်းကိုတင်သွင်း၍ စက်မောင်းဆီများသာမက ရေနံထွက်ပစ္စည်း အမျိုးမျိုးကို ထုတ်လုပ်နိုင်သည့် Petrochemical Complex များအထိ တိုးချဲ့ဆောင်ရွက်သွားရမည်။
(၉) သဘာဝဓာတ်ငွေ့ကို Value Added ဖြစ်စေမည့် ဓာတ်မြေဩဇာအပါအဝင် လူသုံးကုန်ပစ္စည်းအမျိုးမျိုး ထုတ်လုပ်နိုင်သည့် Petrochemical Complex များ တည်ဆောက်နိုင်ရန်စီမံဆောင်ရွက်သွားရမည်။
(၁၀) စွမ်းအင်သုံးစွဲမှုများတွင် အဓိကသုံးစွဲမှုဖြစ်နေသော အိမ်သုံးလောင်စာသုံးစွဲမှုတွင် ထင်း ၊ မီးသွေးအစားအခြားလောင်စာအမျိုးအစားများကို အစားထိုးသုံးစွဲနိုင်ရေး ဆောင်ရွက်ရမည်။
(၁၁) စွမ်းအင်အကျိုးရှိထိရောက်စွာ အသုံးချရေးလုပ်ငန်းများအား သက်ဆိုင်ရာဌာန ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရမည်။
(၁၂) နိုင်ငံတော်၏ လုံခြုံရေးနှင့် စီးပွားရေးတည်ငြိမ်မှုကို အထောက်အကူပြုနိုင်ရန် မဟာဗျူဟာအရံစက်မောင်းဆီများ တိုးမြှင့်စုဆောင်းဆောင်ရွက်ရမည်။
(၁၃) မြန်မာနိုင်ငံ၏ လျှပ်စစ်နှင့်စွမ်းအင်သုံးစွဲမှုပုံစံ ၊ စွမ်းအင်အမျိုးအစားအလိုက် လိုအပ်ချက် စသည်များကို စဉ်ဆက်မပြတ်လေ့လာနေပြီး လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များအား အချိန်နှင့်တပြေးညီ ပြင်ဆင်ပြုစုထားရမည်။
(၁၄) လျှပ်စစ်နှင့်စွမ်းအင်စီမံကိန်းများအား နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအပါအဝင် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုများနှင့်ဆောင်ရွက်ရာ၌ နိုင်ငံတော်နှင့် ရင်းနှီးမြှုပ်နှံသူနှစ်ဦးနှစ်ဖက် နစ်နာမှုမရှိစေရေး သုံးသပ်ဆောင်ရွက်ရမည်။
(၁၅) လျှပ်စစ်ကဏ္ဍတိုးတက်ဖွံ့ဖြိုးလာရေးအတွက် ယခုဆောင်ရွက်နေသည့် အကောင်အထည်ဖော်ရေး၊ ထုတ်လုပ်ရေး ၊ ပို့လွှတ်ရေး ၊ ဖြန့်ဖြူးရေးလုပ်ငန်းစဉ်များအပြင် လျှပ်စစ်ဓာတ်အားကို စနစ်တကျ စီမံခန့်ခွဲနိုင်ရေး လုပ်ငန်းစဉ်ကို နိုင်ငံတကာတွင် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များအား လေ့လာ၍ ပြည်တွင်း၊ပြည်ပပညာရှင်များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရမည်။
(၁၆) လျှပ်စစ်ဓာတ်အားလျော့နည်းခြင်း ၊ ပိုလျှံခြင်းများသည် အချိန်နှင့်အမျှ ဖြစ်ပေါ်နေသည်ဖြစ်ရာ ယင်းသို့ ဖြစ်ပေါ်လာသည်နှင့်အမျှ ဓာတ်အားစနစ်များမတည်ငြိမ်မှုဖြစ်ပေါ်သဖြင့် ပတ်ဝန်းကျင် နိုင်ငံများနှင့် ချိတ်ဆက်၍ Interconnectivity လျှပ်စစ်ဓာတ်အားလိုင်းများကွန်ယက်ကို တည်ဆောက်သွားရမည်။
(၁၇) လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာ မူဝါဒ၊ ဥပဒေ၊လုပ်ထုံးလုပ်နည်းများ ခိုင်မာအားကောင်းလာစေရေးဆောင်ရွက်ရမည်။
(၁၈) နိုင်ငံတကာတွင် ဖြစ်ပေါ်လျက်ရှိသည့် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများကို မျက်ခြေမပြတ် လေ့လာသုံးသပ်ဆောင်ရွက်ရမည်။
(၁၉) လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍတွင် တိုင်းရင်းသားပညာရှင်များ၏ အရည်အသွေးတိုးတက်မြင့်မားလာစေရေးနှင့် မျိုးဆက်သစ်များ ပြုစုပျိုးထောင်နိုင်ရေး ဆောင်ရွက်ရမည်။
(၂၀) သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ပညာရေးကဏ္ဍနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဆောင်ရွက်ရမည်။
(၂၁) နိုင်ငံတကာနှင့်ဒေသတွင်း အဖွဲ့အစည်းများနှင့် စွမ်းအင်ဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရမည်။
(၂၂) လျှပ်စစ်နှင့်စွမ်းအင်သင်တန်းကျောင်းများ ဖွင့်လှစ်ခြင်း၊ အဆင့်မြှင့်တင်ခြင်းနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာစေရေး ဆောင်ရွက်ရမည်။