The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

ရေနံလက်ယက်တွင်းဆိုင်ရာ နည်းဥပဒေများ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

အမိန့်ကြော်ငြာစာအမှတ် ၂၂၇  /၂၀၂၀

၁၃၈၂ ခုနှစ်၊ နယုန်လဆန်း  ၁၄  ရက်

( ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ  ၄  ရက် )

          လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် ရေနံလက်ယက်တွင်းဆိုင်ရာဥပဒေပုဒ်မ ၂၇ ပုဒ်မခွဲ (က)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီ ချက်ဖြင့် အောက်ပါနည်းဥပဒေများကို ထုတ်ပြန်လိုက်သည်။

အခန်း()

အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်

 

၁။       ဤနည်းဥပဒေများကိုရေနံလက်ယက်တွင်းဆိုင်ရာနည်းဥပဒေများဟု ခေါ်တွင်စေရမည်။

၂။       ဤနည်းဥပဒေများတွင်ပါရှိသော စကားရပ်များသည် ရေနံလက်ယက်တွင်းဆိုင်ရာဥပဒေ တွင် ပါရှိသည့်အတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်။  ထို့ပြင် အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်-

(က)    ဥပဒေ ဆိုသည်မှာ ရေနံလက်ယက်တွင်းဆိုင်ရာဥပဒေကို ဆိုသည်။

(ခ)     ကော်မတီ ဆိုသည်မှာ ဤနည်းဥပဒေအရ ဝန်ကြီးဌာနက ဖွဲ့စည်းထားသည့်  ရေနံလက်ယက်တွင်းလုပ်ငန်းစစ်ဆေးရေးကော်မတီကို ဆိုသည်။

(ဂ)     စစ်ဆေးရေးအဖွဲ့ ဆိုသည်မှာ ဤနည်းဥပဒေအရသက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့က ဖွဲ့စည်းထားသည့် ရေနံ လက်ယက်တွင်းလုပ်ငန်းစစ်ဆေးရေးအဖွဲ့ကို ဆိုသည်။

(ဃ)    လျှောက်ထားသူ ဆိုသည်မှာ ရေနံလက်ယက်တွင်းတူးဖော်ခြင်းနှင့် ရေနံ လက်ယက်တွင်းမှရေနံထုတ်လုပ်ခြင်းလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်လိုသော မြန်မာနိုင်ငံသား သို့မဟုတ်  မြန်မာနိုင်ငံသားများဖြင့် ဖွဲ့စည်းထားသော  အဖွဲ့အစည်းကို ဆိုသည်။

အခန်း(​)

လုပ်ကွက်နှင့် လိုင်စင်လျှောက်ထားခြင်း

၃။       လျှောက်ထားသူသည် မိမိလုပ်ကိုင်လိုသည့် လုပ်ကွက်နှင့် ယင်းလုပ်ကွက်၏ မြေပုံညွှန်း များနှင့်အတူ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီး ဌာန၊ သစ်တောဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့၏ ထောက်ခံချက်တို့ကို ပြည့်စုံစွာဖော်ပြ၍ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့မှတစ်ဆင့် ပုံစံ(၁)ဖြင့် ဝန်ကြီးဌာနသို့ လျှောက်ထားရမည်။

၄။       လျှောက်ထားသူသည် လုပ်ကွက်တစ်ကွက်လျှင် အနည်းဆုံးဧရိယာ ၅ ဧကမှ အများဆုံး ၅၀ ဧက အထိသာ လျှောက်ထားရမည်။

၅။       လိုင်စင်လျှောက်ထားရာတွင် လုပ်ကွက်တစ်ခုအတွက် လိုင်စင်တစ်ခုလျှောက်ထားရမည် ဖြစ်ပြီး အများဆုံးလုပ်ကွက်နှစ်ခုအထိ လျှောက်ထားနိုင်သည်။

၆။       သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ သို့မဟုတ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့သည် လျှောက်လွှာ များကိုစိစစ်ရာတွင် နည်းဥပဒေခွဲ(က)ပါအချက်များနှင့် လွတ်ကင်းမှုရှိမရှိနှင့် နည်းဥပဒေခွဲ(ခ)ပါ သတ်မှတ်ချက်များနှင့်ညီညွတ်မှုရှိမရှိ စိစစ်ပြီး မိမိ၏သဘောထားမှတ်ချက်နှင့်အတူ ဝန်ကြီးဌာန သို့ တင်ပြရမည် -

(က)    လွတ်ကင်းမှု ရှိ မရှိ စိစစ်ရမည့်အချက်များ

(၁)     သစ်တောကြိုးဝိုင်း၊

(၂)      သာသနာ့နယ်မြေ၊

(၃)     ရှေး​ဟောင်းယဉ်ကျေးမှုနယ်မြေများ၊

(၄)     လမ်းမြေ၊ ရွာမြေ၊ သင်္ချိုင်းမြေ၊

(၅)     စိုက်ပျိုးမြေများ၊

(၆)     မြေရိုင်းစိုက်ပျိုးခွင့်ပြုမိန့်ရရှိပြီးနယ်မြေများ၊

(၇)     နိုင်ငံတော်စီမံကိန်းများ၊

(၈)     မဟာဓာတ်အားလိုင်း၊

(၉)     ဆက်သွယ်ရေးတယ်လီဖုန်းလိုင်း၊ မြေအောက် Cableလိုင်း၊

(၁၀)   သဘာဝဓာတ်ငွေ့ပိုက်လိုင်း၊ ရေနံပိုက်လိုင်း၊

(၁၁)   ခွင့်ပြုထားပြီးဖြစ်သည့် ရေနံလက်ယက်တွင်းလုပ်ကွက်များ၊

(၁၂)   တပ်မြေဧရိယာများ၊

(၁၃)   မြို့မြေ၊ ရေနံမြေ၊ ရတနာမြေ၊ သတ္တုတွင်းမြေ၊ မီးရထားမြေ။

(ခ)     သတ်မှတ်ချက်များ

(၁)     ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ်၊

(၂)      မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအစီအမံများ၊

(၃)     လုပ်ကွက်မြေနေရာနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာလုပ်ကွက်တည်ရှိရာဒေသရှိ မြို့နယ်နှင့်ခရိုင်အဆင့်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သစ်တောဦးစီး ဌာန၊လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနတို့၏ ထောက်ခံချက်၊

(၄)     လုပ်ငန်းသုံးပစ္စည်းများ၏ အရည်အသွေး၊ ဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဝန်ကြီးဌာနက အခါအား လျော်စွာ ထုတ်ပြန်ထားသည့် စည်းကမ်းသတ်မှတ်ချက်များ၊

(၅)     သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့မှ အခါအားလျော်စွာ ထုတ်ပြန်သည့် ရေနံလက်ယက်တွင်း ဆိုင်ရာ သတ်မှတ်ချက်များ။

၇။       သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့သို့မဟုတ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့သည် လျှောက်ထား သူ၏ လျှောက်လွှာများကို နည်းဥပဒေ ၆ ပါ သတ်မှတ်ချက်များအပြင် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးနိုင်မှု ရှိမရှိနှင့် လုံခြုံရေးအရခွင့်ပြုနိုင်မှု ရှိ မရှိတို့ကိုပါ စိစစ်ပြီး ထောက်ခံကြောင်း သို့မဟုတ် ကန့်ကွက်ကြောင်း မိမိ၏သဘောထားမှတ်ချက်နှင့်အတူ လျှောက်လွှာကို လက်ခံရရှိ သည့်နေ့မှ နှစ်လအတွင်း ဝန်ကြီးဌာနသို့ ဆက်လက်တင်ပြရမည်။

၈။       ဝန်ကြီးဌာနသည် နည်းဥပဒေ  ၇ အရ တင်ပြလာသော လျှောက်လွှာကို လက်ခံရရှိသည့် အခါ လျှောက်ထားချက်ကို စိစစ်၍လိုအပ်ပါက သက်ဆိုင်ရာဝန်ကြီးဌာနများ၏ သဘောထား မှတ်ချက်များကို တောင်းခံနိုင်သည်။

၉။       ဝန်ကြီးဌာနသည် လုပ်ကွက်နှင့်စပ်လျဉ်း၍ ဝန်ကြီးဌာနက ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ထုတ်လုပ်နေသော ရေနံမြေများ၊ ဝန်ကြီးဌာနနှင့် ရေနံကုမ္ပဏီများ စာချုပ်ချုပ်ဆို ဆောင်ရွက်လျက်ရှိသည့် လုပ်ကွက်ဧရိယာများ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ရန် သတ်မှတ်ထားသောသို့မဟုတ်သတ်မှတ်ရန်လျာထားသော လုပ်ကွက်ဧရိယာများနှင့် လွတ်ကင်း မှု ရှိ မရှိ စိစစ်ရမည်။

၁၀။    ဝန်ကြီးဌာန၏ စိစစ်ချက်အရ လျှောက်ထားချက်သည် သတ်မှတ်ချက်များနှင့် ညီညွတ် ခြင်းမရှိလျှင်သော်လည်းကောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများက ထောက်ခံမှုမရှိလျှင်သော် လည်းကောင်း ငြင်းပယ်ပါက ငြင်းပယ်ရသည့်အကြောင်းရင်းကို သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့သို့ အကြောင်းပြန်ကြားရမည်။

၁၁။     သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့သည် ဝန်ကြီးဌာန၏ ငြင်းပယ်ကြောင်းအကြောင်းကြားစာကို ရရှိသည့်နေ့မှစ၍ ခုနစ်ရက်အတွင်း လျှောက်ထားသူသို့ အကြောင်းကြားရမည်။

၁၂။     ဝန်ကြီးဌာနသည် စိစစ်ချက်အရ သတ်မှတ်ချက်များနှင့်ညီညွတ်ပါက ယင်းလုပ်ကွက်ကို ခွင့်ပြုနိုင်ရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့သို့ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်တင်ပြ ဆောင်ရွက်ရမည်။

၁၃။     ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ကိုရရှိလျှင် ဝန်ကြီးဌာနသည် ယင်းလုပ်ကွက် အတွက် တစ်နှစ်သက်တမ်းရှိသောလိုင်စင်ကို ပုံစံ(၂)ဖြင့် လျှောက်ထားသူအား ထုတ်ပေးရမည်။

၁၄။     လုပ်ကိုင်ခွင့်ရသူသည် လိုင်စင်ကိုသက်တမ်းတိုးသည့်အခါ ယခင်နှစ်အတွက် အခွန်ကြွေး ကျန်ကင်းရှင်းကြောင်း အထောက်အထားနှင့်အတူ မူလလိုင်စင်လျှောက်ထားသည့် နည်းလမ်း အတိုင်း ပုံစံ(၁)ဖြင့် လျှောက်ထားရမည်။

၁၅။     ဝန်ကြီးဌာနသည် စိစစ်ချက်အရ သတ်မှတ်ချက်များနှင့် ညီညွတ်ပါက တစ်နှစ်သက်တမ်း ရှိသော သက်တမ်းတိုးလိုင်စင်ကို ပုံစံ(၃)ဖြင့် လျှောက်ထားသူအား ထုတ်ပေးရမည်။

၁၆။     လျှောက်ထားသူသည်လိုင်စင်လျှောက်ထားခြင်းအတွက်လျှောက်လွှာကြေး ကျပ်တစ်သိန်း ပေးသွင်းပြီး ခွင့်ပြုချက်ရရှိပါက လိုင်စင်ကြေး ကျပ်သုံးသိန်းကို ဝန်ကြီးဌာနသို့ ပေးသွင်း ရမည်။

၁၇။    လုပ်ငန်းလုပ်ကိုင်ခွင့်ရသူသည် သက်တမ်းတိုးလိုင်စင် လျှောက်ထားခြင်းအတွက် လျှောက်လွှာကြေး ကျပ်တစ်သိန်း ပေးသွင်းပြီး ခွင့်ပြုချက်ရရှိပါက လိုင်စင်ကြေး ကျပ်နှစ်သိန်းကို ဝန်ကြီးဌာနသို့ ပေးသွင်းရမည်။

 

အခန်း()

ဝန်ကြီးဌာန၏လုပ်ငန်းတာဝန်နှင့်လုပ်ပိုင်ခွင့်များ

 

၁၈။    ဝန်ကြီးဌာနသည် လုပ်ငန်းလုပ်ကိုင်ခွင့်ရသူအား လိုင်စင်ထုတ်ပေးရာတွင် လိုင်စင် စည်းကမ်းချက်များနောက်ဆက်တွဲ(က)နှင့်မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန် အထူးစီမံ လိုက်နာဆောင်ရွက်ရမည့်အချက်များနောက်ဆက်တွဲ(ခ)တို့ကိုလိုင်စင်နှင့်အတူ ထုတ်ပေးရမည်။

၁၉။     ဝန်ကြီးဌာနသည် လုပ်ငန်းလုပ်ကိုင်ခွင့်ရသူက လိုင်စင်ပါစည်းကမ်းချက်များကို လိုက်နာ ဆောင်ရွက်ခြင်း ရှိ မရှိ စစ်ဆေးရန် ဝန်ကြီးဌာနနှင့် ယင်း၏ကြီးကြပ်မှုအောက်ရှိ သက်ဆိုင်ရာ ဦးစီးဌာနနှင့် လုပ်ငန်းဌာနတို့မှ ပုဂ္ဂိုလ်များပါဝင်သည့် ရေနံလက်ယက်တွင်းလုပ်ငန်း စစ်ဆေး ရေးကော်မတီကို အောက်ပါအတိုင်းဖွဲ့စည်း၍ ယင်းကော်မတီ၏ လုပ်ငန်းတာဝန်နှင့် လုပ်ပိုင် ခွင့်များကို သတ်မှတ်ပေးရမည်-

          (က)    ဒုတိယအမြဲတမ်းအတွင်းဝန်(စွမ်းအင်)                            ဥက္ကဋ္ဌ

                    လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

          (ခ)     ဒုတိယဦးဆောင်ညွှန်ကြားရေးမှူး                                  ဒုတိယဥက္ကဋ္ဌ

                    မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း

          (ဂ)     ဒုတိယညွှန်ကြားရေးမှူးချုပ်                                         အဖွဲ့ဝင်

                    ရေနံနှင့်သဘာဝဓာတ်ငွေ့စီမံရေးဦးစီးဌာန

          (ဃ)    ညွှန်ကြားရေးမှူး                                                         အဖွဲ့ဝင်

                    အထွေထွေစီမံခန့်ခွဲရေးဌာနခွဲ

                    မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း

          (င)     ညွှန်ကြားရေးမှူး                                                         အဖွဲ့ဝင်

                    စီမံကိန်းနှင့်စီးပွားရေးရာစီမံခန့်ခွဲရေးဌာနခွဲ

                    ရေနံနှင့်သဘာဝဓာတ်ငွေ့စီမံရေးဦးစီးဌာန

          (စ)     အထွေထွေမန်နေဂျာ(သက်ဆိုင်ရာဒေသရေနံမြေ)            အဖွဲ့ဝင်

                    မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း

          (ဆ)    ဒုတိယညွှန်ကြားရေးမှူး(ဥပဒေ)                                    အဖွဲ့ဝင်

                    စီမံရေးဌာန

                    မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း

          (ဇ)     ညွှန်ကြားရေးမှူး                                                         အတွင်းရေးမှူး

                    ရှာဖွေရေးနှင့်ဖွံ့ဖြိုးရေးဌာန

                    မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း

၂၀။     ကော်မတီသည်-

          (က)    လုပ်ငန်းလုပ်ကိုင်ခွင့်ရသူ ဆောင်ရွက်လျက်ရှိသည့်ရေနံလက်ယက်တွင်း တူးဖော် ခြင်းနှင့် ရေနံလက်ယက်တွင်းမှ ရေနံထုတ်လုပ်ခြင်းလုပ်ငန်းကို လိုင်စင်ပါ စည်းကမ်းချက်များနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ခြင်း ရှိ မရှိ တစ်နှစ်လျှင် နှစ်ကြိမ် ပုံမှန် စစ်ဆေးရမည်။

          (ခ)     နည်းဥပဒေခွဲ (က) အရ ကွင်းဆင်းစစ်ဆေးရာတွင် တစ်ကြိမ်နှင့် တစ်ကြိမ် အနည်းဆုံး လေးလခြား၍ ကွင်းဆင်းစစ်ဆေးရမည်။ လိုအပ်ပါက အခါအား လျော်စွာ သွားရောက်စစ်ဆေးနိုင်သည်။

         (ဂ)    ကွင်းဆင်းစစ်ဆေးတွေ့ရှိချက်များကို စစ်​ဆေးပြီးသည့် နေ့ရက်မှ ခုနစ်ရက် အတွင်း ဝန်ကြီးဌာနသို့ အစီရင်ခံတင်ပြရမည်။

၂၁။     ဝန်ကြီးဌာနသည် နည်းဥပဒေ ၂၃ အရ တင်ပြချက်ကို လက်ခံရရှိသည့်အခါ ဦးစားပေး စိစစ်ဆောင်ရွက်၍ လုပ်ကိုင်ခွင့်ပြုပါက လုပ်ကွက်နှင့်စပ်လျဉ်း၍ ကျန်ရှိသည့် သက်တမ်းကာလ အတွက် လျှောက်လွှာကြေး ကျပ် တစ်သိန်း မှအပ လိုင်စင်ကြေးထပ်မံ ကောက်ခံခြင်း မပြုဘဲ လိုင်စင်ထုတ်ပေးရမည်။

အခန်း()

တိုင်းဒေသကြီး သို့မဟုတ်  ပြည်နယ်အစိုးရအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့၏ လုပ်ငန်းတာဝန်နှင့် လုပ်ပိုင်ခွင့်များ

၂၂။     တိုင်းဒေသကြီး သို့မဟုတ်ပြည်နယ်အစိုးရအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့သည် လုပ်ငန်းလုပ်ကိုင်ခွင့်ရသူက တည်ဆဲဥပဒေ၊ နည်းဥပဒေများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်နှင့်ညွှန်ကြားချက်များ၊ လိုင်စင်ပါ စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ခြင်း ရှိ မရှိ  စိစစ်အရေးယူနိုင်ရန် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးနှင့် သက်ဆိုင်ရာဌာနများမှ ကိုယ်စားလှယ်များအပါအဝင် အနည်းဆုံးအဖွဲ့ဝင်ငါးဦးပါဝင်သည့် စစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်း၍ ဥပဒေနှင့်အညီ ယင်းအဖွဲ့၏လုပ်ငန်းတာဝန်နှင့် လုပ်ပိုင်ခွင့်များကို သတ်မှတ်ပေးရမည်။

၂၃။     ပြည်ထောင်စုအစိုးရက အများပြည်သူအကျိုးစီးပွားအလို့ငှာ လိုအပ်၍ လုပ်ငန်းလုပ်ကိုင် ခွင့်ရသူဆောင်ရွက်နေသောလုပ်ကွက်မြေဧရိယာအားလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ တည်ဆဲဥပဒေနှင့်အညီ ပြန်လည်သိမ်းယူလိုက်သည့်အတွက် အခြားသင့်လျော်သည့် နေရာ တစ်ခုခုကို အစားထိုးလုပ်ကိုင်ခွင့်ရရှိနိုင်ရန် လုပ်ငန်းလုပ်ကိုင်ခွင့်ရသူက ပြန်လည်လျှောက်ထား လျှင် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရတိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့သည် ယင်းလျှောက်ထား ချက်​အပေါ် ဦးစားပေးစိစစ်၍ သဘောထားမှတ်ချက်နှင့်အတူ ဝန်ကြီးဌာနသို့ ဆောလျင်စွာ တင်ပြစေရမည်။

၂၄။     တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့သည် ရေနံလက်ယက်တွင်းမှ ထွက်ရှိသည့်ရေနံအတွက် ခိုင်ကြေးအဖြစ် ရေနံစိမ်း ၄၀ ဂါလန်လျှင် တစ်ရာကျပ်နှုန်းဖြင့် လုပ်ငန်း လုပ်ကိုင်ခွင့်ရသူထံမှ ကောက်ခံရမည်။  မြေငှားရမ်းခနှင့်စပ်လျဉ်း၍  တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့သည် မိမိတို့ဒေသအလိုက် အမိန့်ကြော်ငြာစာ ထုတ်ပြန်သတ်မှတ် ရမည်။ အဆိုပါ ခိုင်ကြေးနှင့် မြေငှားရမ်းခတို့ကို နှစ်နှစ်လျှင်တစ်ကြိမ် ပြန်လည်ပြင်ဆင် သတ်မှတ်နိုင်သည်။

၂၅။     တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့သည် ရေနံလက်ယက်တွင်းမှ သဘာဝဓာတ်ငွေ့ထွက်ရှိကြောင်းသိရှိရပါက ဝန်ကြီးဌာနသို့ ချက်ချင်းတင်ပြရမည်။

အခန်း()

လုပ်ငန်းလုပ်ကိုင်ခွင့်ရသူလိုက်နာရမည့်စည်းကမ်းများ

၂၆။     လုပ်ငန်းလုပ်ကိုင်ခွင့်ရသူသည် လုပ်ကွက်အတွင်း ရေနံလက်ယက်တွင်းတူးဖော်ခြင်းနှင့် ရေနံလက်ယက်တွင်းမှ ရေနံထုတ်လုပ်ခြင်းလုပ်ငန်းမှအပ အခြားမည်သည့်လုပ်ငန်းမျှ လုပ်ကိုင် ခြင်းမပြုရ။

၂၇။     လုပ်ငန်းလုပ်ကိုင်ခွင့်ရသူသည်ရေနံလက်ယက်တွင်းတစ်တွင်းနှင့်တစ်တွင်း အကွာအဝေး အား အနည်းဆုံး ပေ ၁၀၀ ထားရှိရမည်။

၂၈။     လုပ်ငန်းလုပ်ကိုင်ခွင့်ရသူသည် ရေနံလက်ယက်တွင်းတူးဖော်ခြင်းနှင့် ရေနံလက်ယက် တွင်းမှ ရေနံထုတ်လုပ်ခြင်းလုပ်ငန်းဆောင်ရွက်ရာတွင် ယင်းဒေသ၏ ပတ်ဝန်းကျင်ညစ်ညမ်းမှု၊ ပျက်စီးမှုအနည်းဆုံးဖြစ်စေရန်နှင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားထိခိုက်မှုမဖြစ်စေရန် ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်။

၂၉။     လုပ်ငန်းလုပ်ကိုင်ခွင့်ရသူသည်ရေနံလက်ယက်တွင်းတူးဖော်ခြင်း၊ ရေနံလက်ယက်တွင်းမှ ရေနံထုတ်လုပ်ခြင်းနှင့်စပ်လျဉ်းသည့် အချက်အလက်များနှင့် ထုတ်ယူရရှိသည့် ရေနံနမူနာ တစ်လီတာကို လုပ်ကွက်နှင့်အနီးဆုံးဒေသရှိ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ရေနံမြေ အထွေထွေမန်နေဂျာထံသို့ စာရင်းဇယားနှင့် မှတ်တမ်းတင်ထိန်းသိမ်းထားရှိနိုင်ရန် ရေနံစတင် ထုတ်လုပ်သည့်နေ့မှ ခုနစ်ရက်အတွင်း သတ်မှတ်ချက်နှင့်အညီ ပေးအပ်ရမည်။

၃၀။    လုပ်ငန်းလုပ်ကိုင်ခွင့်ရသူသည်-

(က)    ပြည်ထောင်စုအစိုးရက အများပြည်သူ အကျိုးစီးပွားအလို့ငှာလိုအပ်၍  ၎င်းလုပ်ကိုင် ဆောင်ရွက်နေသော လုပ်ကွက်မြေဧရိယာ အားလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကို ဖြစ်စေ တည်ဆဲဥပဒေနှင့်အညီ ပြန်လည်သိမ်းယူပါက လုပ်ကွက်မြေအား မူလ အနေအထားအတိုင်း အနီးစပ်ဆုံးဖြစ်စေရန် ပြန်လည်ပြုပြင်၍ သတ်မှတ်ရက် အတွင်း သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီး အဖွဲ့သို့ ပြန်လည်အပ်နှံရမည်။

(ခ)     သိမ်းဆည်းခံရသည့်နေ့မှ ရက် ၃၀အတွင်း အခြားသင့်လျော်သည့် နေရာ တစ်ခုခုကို အစားထိုးလုပ်ကိုင်ခွင့်ရရှိနိုင်ရန် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့မှတစ်ဆင့် ဝန်ကြီးဌာနသို့ ပြန်လည်လျှောက်ထား နိုင်သည်။

၃၁။     လုပ်ငန်းလုပ်ကိုင်ခွင့်ရသူသည်-

(က)    သတ်မှတ်ထားသော အရည်အသွေးပြည့်မီသည့် လုပ်ငန်းသုံးပစ္စည်းများကို အသုံး ပြုရမည်။

(ခ)     ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အစီအမံများနှင့် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်နိုင်ရန် အထူးစီမံချက်များကို သက်ဆိုင်ရာဝန်ကြီးဌာနနှင့် မီးသတ်ဦးစီး ဌာန၏ ညွှန်ကြား ချက်နှင့်အညီ ဆောင်ရွက်ထားရမည်။

အခန်း()

စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်း

၃၂။     ဝန်ကြီးဌာနသည် လိုင်စင်ပါစည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ခြင်းမရှိသည့် လုပ်ငန်းလုပ်ကိုင်ခွင့်ရသူအား အောက်ပါစီမံခန့်ခွဲရေးဆိုင်ရာ ပြစ်ဒဏ်တစ်ရပ်ရပ်ဖြစ်စေ၊ ပြစ်ဒဏ် တစ်ရပ်ထက်ပို၍ဖြစ်စေ ချမှတ်နိုင်သည်-

          (က)    သတိပေးခြင်း၊

          (ခ)     ဒဏ်ကြေးငွေ အနည်းဆုံး ကျပ်ငါးသိန်း မှ အများဆုံး ကျပ်သိန်းနှစ်ဆယ် အထိ ချမှတ်ခြင်း။

          (ဂ)     လိုင်စင်အား ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်း-

                    (၁)     ပထမအကြိမ် ကျူးလွန်ခြင်းအတွက် လိုင်စင်အား တစ်လကာလ ရပ်ဆိုင်းခြင်း၊

                    (၂)      ဒုတိယအကြိမ် ကျူးလွန်ခြင်းအတွက် လိုင်စင်အား နှစ်လကာလ ရပ်ဆိုင်းခြင်း၊

                    (၃)     တတိယအကြိမ် ကျူးလွန်ခြင်းအတွက် လိုင်စင်အား သုံးလကာလ ရပ်ဆိုင်းခြင်း။

          (ဃ)    လိုင်စင်အား ရုပ်သိမ်းခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း။

၃၃။     သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့သည်-

(က)    ဥပဒေအရ လိုက်နာဆောင်ရွက်ရမည့်တာဝန်များကို လိုက်နာရန် ပျက်ကွက်ခြင်း နှင့်စည်းကမ်းချက်များကို ဖောက်ဖျက်သည့် လုပ်ငန်းလုပ်ကိုင်ခွင့်ရသူကို ဒဏ်ကြေး ငွေပေးဆောင်စေသည့် စီမံခန့်ခွဲရေးပြစ်ဒဏ်ချမှတ်ရာ၌ သတိပေးခြင်းဖြစ်စေ၊ ဒဏ်ကြေးငွေ အနည်းဆုံး ကျပ်ငါးသိန်း မှ အများဆုံး ကျပ်သိန်းနှစ်ဆယ် အထိ ချမှတ်ခြင်းဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်နိုင်သည်။

(ခ)     နည်းဥပဒေခွဲ(က)အရ ဒဏ်ကြေးငွေချမှတ်ခြင်းနှင့်စပ်လျဉ်း၍ စီမံခန့်ခွဲရေး ပြစ်ဒဏ်ချမှတ်သည့်နေ့ရက်မှ ခုနစ်ရက်အတွင်း ဝန်ကြီးဌာနသို့ အသိပေးတင်ပြ ရမည်။

(ဂ)     တည်ဆဲဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ရန် ပျက်ကွက်သည့် လုပ်ငန်း လုပ်ကိုင်ခွင့်ရသူအား ယင်း၏လိုင်စင်ကို ရပ်ဆိုင်းခြင်း၊ ရုပ်သိမ်းခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းပြုသင့်ကြောင်း ပေါ်ပေါက်ပါက သဘောထားမှတ်ချက်နှင့်အတူ ဝန်ကြီးဌာနသို့ အမြန်တင်ပြရမည်။

အခန်း()

အထွေထွေ

၃၄။     လုပ်ကွက်ပိုင်ရှင် သို့မဟုတ် ဥပဒေအရ အခွင့်အရေးတစ်စုံတစ်ရာရှိသူက လုပ်ကွက် နှင့်စပ်လျဉ်း၍ ကန့်ကွက်လိုလျှင် အောက်ပါအတိုင်းဆောင်ရွက်ရမည်-

          (က)     ကန့်ကွက်လိုသူသည် လုပ်ကွက်တည်ရှိရာဒေသ၏ တိုင်းဒေသကြီး သို့မဟုတ်  ပြည်နယ်အစိုးရအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ထံသို့ ကန့်ကွက်ချက်အား အထောက် အထားပြုသည့် စာရွက်စာတမ်းများနှင့်အတူ တင်ပြလျှောက်ထားရမည်။

          (ခ)       ကန့်ကွက်ချက်ကိုလက်ခံရရှိသည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့သည် ကန့်ကွက်စာကို လက်ခံရရှိသည့်နေ့ရက်မှ အလုပ်လုပ်ရက် ၅ ရက်အတွင်း လုပ်ငန်းလုပ်ကိုင်ခွင့်ရသူထံ ကန့်ကွက်ချက်အား အကြောင်းကြား ရမည်။

          (ဂ)      လုပ်ငန်းလုပ်ကိုင်ခွင့်ရသူသည် တိုင်းဒေသကြီး သို့မဟုတ်  ပြည်နယ်အစိုးရအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့၏ အကြောင်းကြားသည့်ရက်မှ ခြောက်လအတွင်း ကန့်ကွက်ချက် အား ဖြေရှင်းရမည်။

          (ဃ)     လုပ်ငန်းလုပ်ကိုင်ခွင့်ရသူသည် ဖြေရှင်းချက်ရလဒ်အား တိုင်းဒေသကြီး သို့မဟုတ်  ပြည်နယ်အစိုးရအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီး၏အဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့သို့ အမြန်ဆုံး ပြန်လည်တင်ပြရမည်။

          (င)       တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရတိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့သည် အထက် အပိုဒ်ခွဲ(ဃ)အရ တင်ပြလာသည့် ဖြေရှင်းချက်ရလဒ်ကို စိစစ်၍ မိမိ၏ သဘောထားမှတ်ချက်နှင့်အတူ ဝန်ကြီးဌာနသို့ အမြန်ဆုံးတင်ပြရမည်။

၃၅။     လုပ်ငန်းလုပ်ကိုင်ခွင့်ရသူအနေဖြင့် လုပ်ကွက်နှင့်စပ်လျဉ်းသည့် ကန့်ကွက်ချက်ကို ခြောက်လအတွင်း ပြီးပြတ်အောင်ဖြေရှင်းနိုင်ခြင်းမရှိလျှင် ဝန်ကြီးဌာနသည် လုပ်ငန်းလုပ်ကိုင် ခွင့်ရသူအား ထုတ်ပေးထားသည့်လိုင်စင်ကို ရုပ်သိမ်းနိုင်သည်။

၃၆။      ဤဥပဒေပါပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ရာတွင် လူပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် မိသားစုတစ်စု သို့မဟုတ် အဖွဲ့အစည်းတစ်ခုမှ ယှဉ်ပြိုင်မှုကိုကန့်သတ်ထိန်းချုပ်သည့် လက်ဝါးကြီး အုပ်လုပ်ကိုင်ဆောင်ရွက်ခြင်းများ မပေါ်ပေါက်စေရန် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ်  ပြည်နယ်အစိုးရအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့က လိုအပ်သည့်အစီအမံများချမှတ်၍ ကြီးကြပ်ဆောင်ရွက်ရမည်။

၃၇။    သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့သည် ရန်ပုံငွေ လက်ခံရရှိမှု၊ ထိန်းသိမ်းမှု၊ ထုတ်ယူသုံးစွဲမှု၊ စီမံခန့်ခွဲမှုတို့နှင့်စပ်လျဉ်း၍ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်နိုင်ရန် ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ကို ဖွဲ့စည်းရမည်။ ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့သည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့၏ အတည်ပြုချက်နှင့်အညီ ရန်ပုံငွေထုတ်ယူ သုံးစွဲခြင်းကို ဆောင်ရွက်ရမည်။

၃၈။    ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့သည် ရန်ပုံငွေလက်ခံခြင်း၊ သုံးစွဲခြင်းတို့နှင့်စပ်လျဉ်း၍ စာရင်း စာအုပ်များဖွင့်လှစ်ဆောင်ရွက်ခြင်း၊ ဘဏ်စာရင်းဖွင့်လှစ်အပ်နှံခြင်း၊ လုပ်ငန်းလုပ်ကိုင်ခွင့်ရ သူများ သိရှိစေရန် အခါအားလျော်စွာထုတ်ပြန်ကြေညာခြင်း၊ အဖွဲ့အတွင်းစာရင်းစစ်ခန့်ထား၍ ရန်ပုံငွေကို စစ်ဆေးစေခြင်းတို့ကို ဆောင်ရွက်ရမည်။

၃၉။     သက်ဆိုင်ရာစာရင်းစစ်အဖွဲ့က ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့၏ ဆောင်ရွက်ချက်များကို စစ်ဆေး သည့်အခါ စစ်ဆေးခံရမည်။

 

 

                                                                                              (ပုံ) ဝင်းခိုင်

                                                                ပြည်ထောင်စုဝန်ကြီး

                                                        လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

 

စာအမှတ်၊MOEE-၂/၃၇/(ခ)/(လက်ယက်တွင်းနည်း)/(၉၀၀၈)/၂၀၂၀           

ရက်စွဲ  ၊   ၂ ၀ ၂ ၀  ပြည့် နှစ် ၊ ဇွန် လ       ၄     ရက်

ဖြန့်ဝေခြင်း

နိုင်ငံတော်သမ္မတရုံး

ပြည်ထောင်စုအစိုးရအဖွဲ့ရုံး

ပြည်ထောင်စုလွှတ်တော်ရုံး

ပြည်သူ့လွှတ်တော်ရုံး

အမျိုးသားလွှတ်တော်ရုံး

ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး

ပြည်ထောင်စုဝန်ကြီးဌာနများအားလုံး

ပြည်ထောင်စုရှေ့နေချုပ်ရုံး

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

ပြည်ထောင်စုရာထူးဝန်အဖွဲ့ရုံး

နေပြည်တော်ကောင်စီရုံး

တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့ရုံးများအားလုံး

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရုံး

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံး

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ ဦးစီးဌာနများ၊လုပ်ငန်းများနှင့် ကော်ပိုရေးရှင်းများ

ဦးဆောင်ညွှန်ကြားရေးမှူး                     မြန်မာနိုင်ငံပြန်တမ်းတွင် ထည့်သွင်းကြော်ငြာပေးပါရန်

ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးလုပ်ငန်း        မေတ္တာရပ်ခံချက်ဖြင့် ပေးပို့ပါသည်။

 

                                                                      အမိန့်အရ

 

 

 

                                                                                          တင်မောင်ဦး

                                                                                       အမြဲတမ်းအတွင်းဝန်

                                                                                လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

နောက်ဆက်တွဲ (က)

လိုင်စင်စည်းကမ်းချက်များ

(က)    ရေနံလက်ယက်တွင်း တူးဖော်ရာတွင် အများဆုံးအနက်ပေ ၁၀၀၀ (ပေတစ်ထောင် တိတိ) အထိသာ တူးဖော်ရန်၊

(ခ)     လုပ်ကွက်ဧရိယာအတွင်းရှိ တွင်း ၁ တွင်း သို့မဟုတ် တွင်းစုများ၏ ပတ်ဝန်းကျင် ပေ ၅၀ အကွာမှ စည်းရိုးဝန်းခြံပြုလုပ်ခြင်း၊ ဘေးအန္တရာယ်ရှိကြောင်း အမှတ်အသား တပ်ဆင်ခြင်းဖြင့် အကာအကွယ်၊ အဟန့်အတား ပြုလုပ်ထားရန်၊

(ဂ)     လုပ်ကွက်ဧရိယာအတွင်းသို့ အသက်မပြည့်သေးသောကလေးသူငယ်များ၊ ကျွဲ၊ နွား တိရိစ္ဆာန်များ မဝင်ရောက်စေရေးအတွက် အထူးသတ်မှတ်ဆောင်ရွက် သွားရန်၊

(ဃ)    ရေနံတူးဖော်စဉ် သဘာဝဓာတ်ငွေ့ထွက်ရှိပါက ဝန်ကြီးဌာနသို့  ချက်ချင်း အကြောင်း ကြားရန်၊

(င)     နေ့စဉ်ရေနံစိမ်းထုတ်လုပ်မှုပမာဏကို စာရင်းဇယားများပြုစုထားရှိပြီး၊ တစ်လလျှင် တစ်ကြိမ် ထုတ်လုပ်မှုစုစုပေါင်းအား လကုန်ပြီးနောက် ရက်သတ္တတစ်ပတ်အတွင်း သက်ဆိုင်ရာတိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့သို့ မပျက်မကွက် တင်ပြရန်၊

(စ)     လျှောက်လွှာကြေး၊ လိုင်စင်ကြေး၊ လိုင်စင်သက်တမ်းတိုးကြေး၊ တူးဖော် လုပ်ကိုင်ခွင့် ရရှိသည့် မြေဌားရမ်းခတို့ကို သတ်မှတ်နှုန်းထားများအတိုင်း မပျက်မကွက် ပေးဆောင်ရန်၊

(ဆ)    ထုတ်လုပ်ရရှိသည့် ရေနံစိမ်းများအပေါ် ဥပဒေအရသတ်မှတ်ထားသည့် ခိုင်ကြေး (Royalty)ကို သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့သို့ မပျက်မကွက် ပေးဆောင်ရန်၊

(ဇ)     လုပ်ငန်းလုပ်ကိုင်ခွင့်ရသူသည် ထုတ်လုပ်ရရှိသည့် ရေနံစိမ်းများရောင်းချမှုအပေါ် တွင် ကျသင့်သည့်ဝင်ငွေခွန်နှင့် အခြားအခွန်အခများကို တည်ဆဲဥပဒေများနှင့်အညီ သက်ဆိုင်ရာမြို့နယ်ပြည်တွင်းအခွန်များဦးစီးဌာနသို့ မပျက်မကွက် ပေးဆောင်ရမည်၊

(ဈ)     လုပ်ငန်းလုပ်ကိုင်ခွင့်ရရှိသူသည် မိမိလုပ်ကိုင်ခွင့်ရရှိသည့် ရေနံလက်ယက်တွင်း တူးဖော်ခြင်းနှင့် ရေနံလက်ယက်တွင်းမှရေနံထုတ်လုပ်ခြင်းလုပ်ငန်းကို ဝန်ကြီး ဌာနနှင့် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့တို့၏ စစ်ဆေးမှုကိုခံယူရန်၊

(ည)    လုပ်ငန်းလုပ်ကိုင်ခွင့်ရရှိသူသည် လိုင်စင်ခွင့်ပြုသည့်ရက်မှ သုံးလအတွင်း လက်ယက် တွင်းရေနံတူးဖော်ထုတ်လုပ်ခြင်း လုပ်ငန်းစတင်ဆောင်ရွက်ရန်၊

 

နောက်ဆက်တွဲ ()

မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်အထူးစီမံလိုက်နာဆောင်ရွက်ရမည့်အချက်များ

(က)    လုပ်ကွက်အတွင်း တွင်းတစ်တွင်းနှင့်တစ်တွင်းအကြား အရေးပေါ် မီးသတ်ယာဉ်များ အလွယ်တကူဝင်ထွက်သွားလာနိုင်မည့် လမ်းနေရာချန်လှပ်၍ တွင်းနေရာများ သတ်မှတ်ကြရန်နှင့် တွင်းတစ်တွင်းနှင့်တစ်တွင်းအကြား မီးတားလမ်းများထားရှိ ကြရန်၊

(ခ)     မီးသတ်ယာဉ်များနှင့်ပူးပေါင်း၍ ဆီမီးလောင်မှု ငြှိမ်းသတ်နိုင်ရန် ဆီမီးသတ် အမြှုပ်ဆေးရည် (Foam Compound) အနည်းဆုံး ဂါလန် ၅၀ ထားရှိစေရန်၊

(ဂ)     လုပ်ကွက်များအတွင်း မီးသတ်ကားဝင်ရောက်နိုင်ခြင်း မရှိသောနေရာများ၌ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့လျှင် အလွယ်တကူသုံးစွဲနိုင်ရန် ဓာတုဗေဒဆေးမှုန့် ခြောက်၊ မီးသတ်ဆေးဘူးတွန်းလှည်း (Dry Chemical Powder Trolley Type 50Kg, 35Kg)များထားရှိသွားရန်၊

(ဃ)    ပတ်ဝန်းကျင်ကျေးရွာများနှင့် ရေနံလုပ်ကွက်များကြား ဘေးကင်းလုံခြုံရေး အကွာအဝေး (Safety Distance)အား အနည်းဆုံးပေ ၁၀၀၀ ထားရှိရန်၊

(င)     လက်ယက်တွင်းလုပ်ကွက်အား သီးသန့်ကန့်သတ်နယ်မြေအဖြစ် သတ်မှတ်၍ လူနေထိုင်ခြင်း၊ မီးသုံးစွဲခြင်းတို့ကို မပြုလုပ်ကြရန်နှင့် မီးသတိပေး ပိုစတာများ စိုက်ထူခြင်း၊ အရေးပေါ်မီးငြှိမ်းသတ်ရေးပစ္စည်းကိရိယာများ ပြည့်စုံ လုံလောက်စွာ ထားရှိကြရန်၊

(စ)     ရေနံတွင်းတိုင်းတွင် အရေးပေါ်မီးသတ်ကိရိယာများ၊ သဲကန်များ၊ ဂေါ်ပြားများ ပြည့်စုံလုံလောက်စွာ ထားရှိသွားကြရန်၊

(ဆ)    ရေနံတူးဖော်ခြင်းလုပ်ငန်းကို လက်တွေ့ဆောင်ရွက်နေကြရသည့် တွင်းခပ် ရေနံလုပ်သားများအား လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် မီးဘေးလုံခြုံရေး ဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်းများ စဉ်ဆက်မပြတ်ပြုလုပ်ကြရန်၊

(ဇ)     တွင်းခပ်လုပ်သားများအား နေ့စဉ်အဆိုင်း ၃ ဆိုင်းဖွဲ့စည်းကာ အလှည့်ကျ တာဝန် ပေးသည့်စနစ်ကိုသုံး၍ လုပ်ငန်းဆောင်ရွက်စေရန်နှင့် ညပိုင်းတာဝန်ကျလုပ်သားများအတွက် အနီးကပ်ကြီးကြပ်နိုင်သူအနည်းဆုံး တစ်ဦးထားရှိပြီး လုပ်ငန်း ဆောင်ရွက်မှုအား စနစ်တကျကွပ်ကဲသွားစေရန်၊

(ဈ)     ရေနံထွက်ပစ္စည်းများသည် မီးစတင်စွဲငြိနိုင်သည့်အပူချိန် (Flash Point) နိမ့်ပြီး စိုထိုင်းဆနည်းခြင်းကြောင့် ကိုင်တွယ်ရွှေ့ပြောင်းရာတွင် အထူးအလေးထားဂရုပြု ဆောင်ရွက်ကြရန်၊

(ည)    ရေနံခပ်ခွက်များတွင် လက်ကိုင်သံကိုင်းများအစား ကြေးကိုင်းများဖြင့် အစားထိုး တပ်ဆင်သွားရန် သို့မဟုတ် ပလပ်စတစ်အုပ်ထားသော သံကိုင်းများတပ်ဆင် သုံးစွဲကြရန်၊

(ဋ)     ရေနံတွင်းများမှ ရေနံစိမ်းခပ်ယူသည့်အချိန်တွင် အလျင်စလိုဆောင်ရွက်ခြင်းမပြု ကြဘဲ ပွတ်တိုက်မှုအနည်းဆုံးဖြစ်စေရေးအတွက် ဖြေးဖြေးနှင့်မှန်မှန် အချ/အတင် ပြုလုပ်ကြရန်၊

(ဌ)     ထုတ်လုပ်ရရှိလာသော ရေနံစိမ်းများကို ယာယီသိုလှောင်ထားရှိမည့်နေရာသို့ အချိန်နှင့်တစ်ပြေးညီ ရွှေ့ပြောင်းထားရှိရန်နှင့် ရေနံတွင်းအနီးတွင် ရေနံစိမ်း ၁၀၀ ဂါလံထက် ပိုမိုထားရှိခြင်းမပြုရန်၊

(ဍ)     ရေနံစိမ်းများသယ်ယူရွှေ့ပြောင်းရာတွင်  ဖိတ်စင်မှုမရှိစေရေးအတွက် အထူးဂရုပြု ဆောင်ရွက်ကြရန်၊

(ဎ)     ရေနံခပ်ရာတွင်အသုံးပြုသော ကလပ်ခုံနှင့် ဒီဇယ်အင်ဂျင်စက်များကို ရေနံတွင်း နှင့် အနည်းဆုံး ၁၅ ပေအကွာတွင်ထားရှိကြရန်နှင့် အင်ဂျင်စက်များတွင် အိပ်ဇော ဆလင်ဒါတပ်ဆင်ထားရမည်ဖြစ်ပြီး အိပ်ဇောအပေါက်ဝကို ရေနံတွင်းနှင့် ဆန့်ကျင် ဘက်အရပ်သို့ လှည့်ထားရန်၊

 

ဓာတ်ပုံ

ပုံစံ (၁)

 

သို့

ပြည်ထောင်စုဝန်ကြီး

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

ရက်စွဲ၊ ၂၀၂၀ ပြည့်နှစ်၊       လ          ရက်

အကြောင်းအရာ။         ရေနံလက်ယက်တွင်း တူးဖော်ခြင်းနှင့် ရေနံလက်ယက်တွင်းမှ ရေနံထုတ် လုပ်ခြင်းလိုင်စင် (အသစ်/သက်တမ်းတိုး)

            အောက်ဖော်ပြပါဒေသအတွင်းရှိ ရေနံလက်ယက်တွင်းတူးဖော်ခြင်းနှင့် ရေနံလက်ယက်တွင်း မှ ရေနံထုတ်လုပ်ခြင်းတို့ကို ဆောင်ရွက်နိုင်ရန်အတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏လိုင်စင် (အသစ်/သက်တမ်းတိုး) ထုတ်ပေးပါရန် လေးစားစွာလျှောက်ထားအပ်ပါသည်။

            တည်ဆဲဥပဒေနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောအမိန့်၊ ညွှန်ကြား ချက်၊ လိုင်စင်ပါစည်းကမ်းချက်များကိုသိရှိပြီး စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်မည် ဖြစ်ကြောင်းနှင့် ရေနံလက်ယက်တွင်းတူးဖော်ခြင်းနှင့် ရေနံလက်ယက်တွင်းမှ ရေနံထုတ်လုပ်ခြင်း လုပ်ငန်းအား ကိုယ်တိုင်ကြီးကြပ်လုပ်ကိုင်မည်ဟု ဝန်ခံကတိပြုပါသည်။

(က)

ပုဂ္ဂိုလ်အမည်

 

(ခ)

အသင်း/အဖွဲ့အစည်း

 

(ဂ)

နိုင်ငံသားမှတ်ပုံတင်အမှတ်

 

(ဃ)

နေရပ်လိပ်စာအပြည့်အစုံ

 

(င)

လုပ်ကိုင်ဆောင်ရွက်လိုသည့် မြို့နယ်

 

 

တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့

 

 

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့

 

 

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့

 

 

ဒေသ

 

 

ဧရိယာအကျယ်အဝန်း

 

 

မြေအမျိုးအစား

 

 

နယ်နမိတ်ကန့်သတ်ချက်

 

 

ကျေးရွာအမည်

မြေပုံအညွှန်း

(စ)

လွန်ခဲ့သော ၆ လအတွင်း

ထုတ်ယူရရှိခဲ့သည့် ရေနံစိမ်း

 

 

-အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ပေးသွင်းခဲ့သည့် ခိုင်ကြေး(Royalty)

 

 

-ထုတ်လုပ်ရောင်းချခြင်းမှ ပြည်တွင်း အခွန်ဦးစီးဌာနသို့ ပေးသွင်းခဲ့သည့် အမြတ်ခွန်

 

 

လက်မှတ်

 

အမည်၊

 

မှတ်ပုံတင်အမှတ်၊

 

(ဆ)     သက်ဆိုင်ရာအာဏာပိုင် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့/ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့/ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့တို့၏ စိစစ်ထောက်ခံချက်/ သဘောထား မှတ်ချက်

 

 

 

 

 

လက်မှတ်၊

 

အမည်၊

 

မှတ်ပုံတင်အမှတ်၊

 

လျှောက်လွှာနှင့်ပူးတွဲတင်ပြရမည့် စာရွက်စာတမ်းများ

(က)

(ခ)

(ဂ)

(ဃ)    

 

 

ပုံစံ (၂)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ 

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

ရေနံလက်ယက်တွင်းမှ ရေနံတူးဖော်ခြင်းနှင့် ရေနံထုတ်လုပ်ခြင်းလုပ်ငန်း လိုင်စင်(အသစ်)

ခွင့်ပြုမိန့်အမှတ်      /   ၂၀၂၀

၂၀၂၀ ပြည့်နှစ်၊            လ          ရက်

          လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် ရေနံလက်ယက်တွင်းဆိုင်ရာဥပဒေပုဒ်မ ၉ အရ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ဤလိုင်စင်ကို ထုတ်ပေးလိုက်သည်။

          (က)  အသင်း၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်အမည်        ၊

          (ခ)   မှတ်ပုံတင်အမှတ်                                       ၊

          (ဂ)  နေရပ်လိပ်စာအပြည့်အစုံ                             ၊

          လုပ်ကိုင်ဆောင်ရွက်ခွင့်ရရှိသည့် အသင်း၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်သည် တစ်ဖက်ဖော်ပြပါလုပ်ကွက်ဧရိယာအတွင်း၌သာ ရေနံလက်ယက်တွင်းမှရေနံတူးဖော်ခြင်းနှင့်ရေနံထုတ်လုပ်ခြင်း လုပ်ငန်းများလုပ်ကိုင်ဆောင်ရွက်ရန်ဖြစ်သည်။ နိုင်ငံတော်၏ အကျိုးစီးပွားအလို့ငှာ ခွင့်ပြုထားသော ဧရိယာဒေသအတွင်း အခြားစီမံကိန်းများဆောင်ရွက်ရန် အခြေအနေပေါ်ပေါက်လာပါက နိုင်ငံတော်အစိုးရအနေဖြင့် ဤလိုင်စင်ကို ရပ်ဆိုင်းပယ်ဖျက်နိုင်သည်။ လုပ်ငန်းလုပ်ကိုင်ခွင့်ရသူများအနေဖြင့် တည်ဆဲဥပဒေနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အမိန့်နှင့်ညွှန်ကြားချက်များနှင့် ပူးတွဲပါ လိုင်စင်စည်းကမ်းချက်များကို သိရှိလိုက်နာရမည်ဖြစ်ပြီး ရေနံလက်ယက်တွင်းမှ ရေနံတူးဖော်ခြင်းနှင့် ရေနံထုတ်လုပ်ခြင်းလုပ်ငန်းကို ကိုယ်တိုင်ကြီးကြပ် လုပ်ကိုင်ရမည်။ ခွင့်ပြုသည့်ကာလအပိုင်းအခြားမှာ   -  ​ -၂၀၂ မှ   -   -၂၀၂ အထိ တစ်နှစ်သက်တမ်းဖြစ်ပြီး ဆက်လက်လုပ်ကိုင်လိုပါက ခွင့်ပြုကာလမပြည့်မီ နှစ်လကြိုတင်၍ထပ်မံ လျှောက်ထားရမည်ဖြစ်သည်။

                                                                                                                                      

                                                                                                ပြည်ထောင်စုဝန်ကြီး

                                                                                                                                    အမိန့်အရ

                                                                                                                                                                                                                                                         

                                                                                                  …………………..                                                                                                                            

                                                                                                                                                    

          ရှေ့စာမျက်နှာပါ ရေနံလက်ယက်တွင်းတိမ်များ ရှာဖွေတူးဖော်ထုတ်လုပ်ခွင့်ရရှိသည့် အသင်း၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်အား အောက်ဖော်ပြပါလုပ်ကွက် ဧရိယာအတွင်း၌ ရေနံလက်ယက်တွင်းတိမ်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရန် ခွင့်ပြုလိုက်သည်။

 

          (က) လုပ်ကိုင်ခွင့်ပြုသည့်ဒေသ(တိုင်းဒေသကြီး/မြို့နယ်)  ၊                  

          (ခ) ဧရိယာအကျယ်အဝန်း(ဧက)                                   ၊                              

          (ဂ) နယ်မြေကန့်သတ်ချက်(မြေပုံညွှန်း)                          ၊

                                                                                          ၊

                                                                                          ၊

                                                                                          ၊

                                                                                          ၊

          (ဃ) မြေပုံညွှန်း                                                          ၊ တစ်လက်မ = တစ်မိုင်စကေး

          (င) မြေပုံချပ်အမှတ်                                                     ၊

 

 

 

 

 

 

 

ပုံစံ (၃)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ 

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

ရေနံလက်ယက်တွင်းမှ ရေနံတူးဖော်ခြင်းနှင့် ရေနံထုတ်လုပ်ခြင်းလုပ်ငန်းလိုင်စင် (သက်တမ်းတိုး)

ခွင့်ပြုမိန့်အမှတ်      /   ၂၀၂၀

၂၀၂၀ ပြည့်နှစ်၊              လ          ရက်

          လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် ရေနံလက်ယက်တွင်းဆိုင်ရာဥပဒေပုဒ်မ ၁၂ ပုဒ်မခွဲ (က) အရ ဤလိုင်စင် (သက်တမ်းတိုး)ကို ထုတ်ပေးလိုက်သည်။

          (က)  အသင်း၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်အမည်        ၊

          (ခ)   မှတ်ပုံတင်အမှတ်                                       ၊

          (ဂ)  နေရပ်လိပ်စာအပြည့်အစုံ                             ၊

          လုပ်ကိုင်ဆောင်ရွက်ခွင့်ရရှိသည့် အသင်း၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်သည် တစ်ဖက်ဖော်ပြပါလုပ်ကွက်ဧရိယာအတွင်း၌သာ ရေနံလက်ယက်တွင်းမှရေနံတူးဖော်ခြင်းနှင့်ရေနံထုတ်လုပ်ခြင်း လုပ်ငန်းများလုပ်ကိုင်ဆောင်ရွက်ရန်ဖြစ်သည်။ နိုင်ငံတော်၏ အကျိုးစီးပွားအလို့ငှာ ခွင့်ပြုထားသော ဧရိယာဒေသအတွင်း အခြားစီမံကိန်းများဆောင်ရွက်ရန် အခြေအနေပေါ်ပေါက်လာပါက နိုင်ငံတော်အစိုးရအနေဖြင့် ဤလိုင်စင်ကို ရပ်ဆိုင်းပယ်ဖျက်နိုင်သည်။ လုပ်ငန်းလုပ်ကိုင်ခွင့်ရသူများအနေဖြင့် တည်ဆဲဥပဒေနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အမိန့်နှင့်ညွှန်ကြားချက်များနှင့် ပူးတွဲပါ လိုင်စင်စည်းကမ်းချက်များကို သိရှိလိုက်နာရမည်ဖြစ်ပြီး ရေနံလက်ယက်တွင်းမှ ရေနံတူးဖော်ခြင်းနှင့် ရေနံထုတ်လုပ်ခြင်းလုပ်ငန်းကို ကိုယ်တိုင်ကြီးကြပ် လုပ်ကိုင်ရမည်။ ခွင့်ပြုသည့်ကာလအပိုင်းအခြားမှာ   -  ​ -၂၀၂ မှ   -   -၂၀၂ အထိ တစ်နှစ်သက်တမ်းဖြစ်ပြီး ဆက်လက်လုပ်ကိုင်လိုပါက ခွင့်ပြုကာလမပြည့်မီ နှစ်လကြိုတင်၍ထပ်မံ လျှောက်ထားရမည်ဖြစ်သည်။

                                                                                                                            

                                                                                                ပြည်ထောင်စုဝန်ကြီး

                                                                                                                                    အမိန့်အရ

 

                                                                                                                              ……………………

         

          ရှေ့စာမျက်နှာပါ ရေနံလက်ယက်တွင်းတိမ်များ ရှာဖွေတူးဖော်ထုတ်လုပ်ခွင့်ရရှိသည့် အသင်း၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်အား အောက်ဖော်ပြပါလုပ်ကွက် ဧရိယာအတွင်း၌ ရေနံလက်ယက်တွင်းတိမ်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရန် ခွင့်ပြုလိုက်သည်။

 

          (က) လုပ်ကိုင်ခွင့်ပြုသည့်ဒေသ(တိုင်းဒေသကြီး/မြို့နယ်)  ၊                  

          (ခ) ဧရိယာအကျယ်အဝန်း(ဧက)                                   ၊                              

          (ဂ) နယ်မြေကန့်သတ်ချက်(မြေပုံညွှန်း)                          ၊

                                                                                          ၊

                                                                                          ၊

                                                                                          ၊

                                                                                          ၊

          (ဃ) မြေပုံညွှန်း                                                          ၊ တစ်လက်မ = တစ်မိုင်စကေး

          (င) မြေပုံချပ်အမှတ်                                                     ၊

 

 

 

 

 

10-Nov-2020