The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဆောင်ရွက်သည့် အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း NEP Phase-2 အတွက် လိုအပ်သော ကွန်ကရစ်တိုင်ဝယ်ယူရေး တင်ဒါအောင်မြင်ခဲ့သော ကုမ္ပဏီများနှင့် စာချုပ်လက်မှတ်ရေးထိုးခြင်းအခမ်းအနားကျင်းပ

၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ  (  ၁၉  ) ရက်

              လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း NEP Phase-2 အတွက် လိုအပ်သော ကွန်ကရစ်တိုင် ဝယ်ယူနိုင်ရန် တင်ဒါအောင်မြင်ခဲ့သော ကုမ္ပဏီများနှင့်စာချုပ်များ လက်မှတ်ရေးထိုးခြင်းအခမ်းအနား ကို ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၁၉) ရက်နေ့၊ ၁၃:၀၀ နာရီအချိန်တွင် နေပြည်တော်ရှိ လျှပ်စစ် နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၊ ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

              အဆိုပါအခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီး ဉီးခင်မောင်ဝင်း၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကမ္ဘာ့ဘဏ်မှ ကိုယ်စားလှယ်များနှင့် တင်ဒါအောင်မြင်ခဲ့သော ကုမ္ပဏီ (၆) ခုတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

              ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က အမှာစကား ပြောကြားရာတွင် ယနေ့ ကျင်းပပြုလုပ်သည့် အခမ်းအနားသည် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဆောင်ရွက်သည့် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း NEP Phase-2 ပါ ကျေးရွာ (၄,၇၀၀)အတွက် ကွန်ကရစ်တိုင်ဝယ်ယူရေး တင်ဒါအောင်မြင်ခဲ့သော ကုမ္ပဏီ(၆)ခုနှင့် စာချုပ် လက်မှတ်ရေးထိုးခြင်းဖြစ်ပါကြောင်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် မိမိတို့၏ရည်မှန်းချက် ဖြစ်သည့် ပြည်သူများနှင့် စက်မှုလက်မှု လုပ်ငန်းများတွင် လျှပ်စစ်ဓာတ်အားပြည့်ဝစွာ သုံးစွဲနိုင်ရေး အတွက် ဓာတ်အားပေးစက်ရုံများ၊ ဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲရုံများ တည်ဆောက်၍ ဓာတ်အားဖြန့်ဖြူးနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလတွင် တစ်နိုင်ငံလုံး၏             ၅၀ ရာခိုင်နှုန်းအထိ နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အားဖြန့်ဖြူးပေးနိုင်ခဲ့ပြီးဖြစ်ရာ ဆက်လက်၍ လည်း ၂၀၂၁ ခုနှစ်တွင် တစ်နိုင်ငံလုံး၏ ၅၅ ရာခိုင်နှုန်း၊ ၂၀၂၅-၂၀၂၆ တွင် တစ်နိုင်ငံလုံး၏ ၇၅ ရာခိုင်နှုန်း အထက်နှင့် ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး ၁၀၀ ရာခိုင်နှုန်းအပြည့်အဝ လျှပ်စစ် ဓာတ်အားရရှိရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်လျက်ရှိရာ ဓာတ်အား စနစ်မှ ဓာတ်အားပေးနိုင်ရေး ဆောင်ရွက်မှုများ ရှိသကဲ့သို့ ဓာတ်အားစနစ်နှင့် ဝေးကွာသောဒေသ များသို့လည်း လျှပ်စစ်ဓာတ်အားရရှိ သုံးစွဲနိုင်ရေးအတွက် အသေးစားရေအားလျှပ်စစ်ဓာတ်အား ပေးစက်များ၊ လေစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်များ၊ နေရောင်ခြည်စွမ်းအင် အသုံးပြု၍ ဓာတ်အားပေးခြင်း၊ ဒီဇယ်ဓာတ်အားပေးစက်များဖြင့် ဓာတ်အားပေးနိုင်ရေးကိုလည်း စီမံဆောင်ရွက် လျက်ရှိသည့်အပြင် ရရှိသုံးစွဲပြီး ပြည်သူများကိုလည်း တည်ငြိမ်ပြည့်ဝသော လျှပ်စစ်ဓာတ်အား ရရှိသုံးစွဲနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ လျှပ်စစ်ဓာတ်အား တိုးတက်ရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ရာတွင် ၂၀၁၆ ခုနှစ်၊ ဧပြီလမှ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ အထိ ၉၀၄ မဂ္ဂါဝပ် တိုးတက်ထုတ်လုပ်ပေးနိုင်ခဲ့သည့်အတွက် ၂၀၁၆ ခုနှစ်တွင် နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်မီး သုံးစွဲသူ ၃၄ % ရှိခဲ့ရာမှ ယခုအခါ ၅၀% အထိ တိုးတက်အောင် ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ လျှပ်စစ်ဓာတ်အားသုံးစွဲမှု တိုးတက်လာသကဲ့သို့ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကိုလည်း ယခုနှစ်တွင် ၁,၁၆၆ မဂ္ဂါဝပ် တိုးတက်ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်ထားခဲ့ပြီးဖြစ်ပါကြောင်း၊ လျှပ်စစ် ဓာတ်အား တိုးတက်ထုတ်လုပ်နိုင်ရေး (Generation) အပိုင်းကို ကြိုးပမ်းဆောင်ရွက်နေသကဲ့သို့ ထွက်ရှိလာမည့် ဓာတ်အားများကို သယ်ယူပို့ဆောင်ပေးနိုင်ရေး ဓာတ်အားလိုင်းများ (Transmission) အပိုင်းကိုလည်း ဟန်ချက်ညီညီ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့်အပြင် ပြည်သူများသို့ လျှပ်စစ် ဓာတ်အား ပိုမိုဖြန့်ဖြူးပေးနိုင်ရေးအတွက် ဓာတ်အားဖြန့်ဖြူးရေး (Distribution) အပိုင်းကိုလည်း တိုးချဲ့ဆောင်ရွက်သွားရန် လိုအပ်လျက်ရှိပါကြောင်း၊ ယခုအခါ ၅၀% အထိ နိုင်ငံတော်ဓာတ်အား စနစ်မှဓာတ်အားဖြန့်ဖြူးပေးနိုင်ခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် တစ်နိုင်ငံလုံး၏ ၅၅ % အထိ ဓာတ်အားဖြန့်ဖြူး ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပိုမို အရေးကြီးသည့်အချိန်ကို ရောက်ရှိလာပြီဖြစ်ပါ ကြောင်း၊ ယခုလိုဆောင်ရွက်လျက်ရှိရာ “၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံအတွင်းရှိ နေရာဒေသများ အားလုံး လျှပ်စစ်ဓာတ်အားအပြည့်အဝရရှိစေရန်” ရည်ရွယ်၍ အမျိုးသားလျှပ်စစ် ဓာတ်အားရရှိရေး စီမံကိန်း (National Electrification Project-NEP) ကို ကမ္ဘာ့ဘဏ်ချေးငွေ အမေရိကန်ဒေါ်လာသန်း ၃၁၀ ရယူ၍ Phase-1 အနေဖြင့် ဓာတ်အားစနစ်မှ ၂ မိုင်အတွင်း ကျေးရွာ ၅၀၈၀ ရွာကို ဓာတ်အားရရှိရန် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါ​ကြောင်း၊ NEP Phase-1 စီမံကိန်းကို ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလကုန်တွင် ပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ပြီးစီးပါက ကျေးရွာပေါင်း ၅၀၈၀ ရွာရှိ အိမ်ထောင်စုပေါင်း ၆၂၆၇၅၇ စုခန့် ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားရရှိနိုင်မည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ဟန်ချက် ညီညီ စီမံဆောင်ရွက်လျက်ရှိရာ ယခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်တွင် ၃၃/၁၁ ကေဗွီ ၅ အမ်ဗွီအေ ကမာကလုတ်/ ကရင်ချောင်ဓာတ်အားခွဲရုံကို အိမ်ထောင်စု(၁,၆၉၀)စု ဓာတ်အားရရှိရေးအတွက်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် ၃၃/၁၁ ကေဗွီ ၅ အမ်ဗွီအေ ခတ္ထိယဓာတ်အားခွဲရုံကို အိမ်ထောင်စု (၃,၄၃၅) စု ဓာတ်အားရရှိရေး အတွက် လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၃၀ ကေဗွီ နဘား-ရွှေဘို-အုန်းတော ဓာတ်အားလိုင်း (၁၇၈.၅) မိုင်နှင့် ၂၃၀/၁၃၂/၁၁ ကေဗွီ ၁၀၀ အမ်ဗွီအေ၊ ၂၃၀/၃၃/၁၁ ကေဗွီ (၂x၅၀)အမ်ဗွီအေ ရွှေဘိုဓာတ်အားခွဲရုံကို မြို့နယ်(၃)ခုနှင့် မြို့(၈)မြို့အား ဓာတ်အားလိုင်း တည်ငြိမ်စွာ ဖြန့်ဖြူး ပေးနိုင်ရေးအတွက်လည်းကောင်း ၊ မကွေးတိုင်းဒေသကြီးအတွင်း ကျေးရွာပေါင်း (၆၀) အိမ်ထောင်စု (၁၂၄၀၄)စုအတွက် လျှပ်စစ်မီးလင်းရေးအခမ်းအနားတို့ကို အသီးသီး ဖွင့်လှစ်ပေးခဲ့ပြီး မကြာမီ ရက်ပိုင်းအတွင်း ကရင်ပြည်နယ်တွင် ဖွင့်လှစ်မည့် ၆၆ ကေဗွီ ကော့ကရိတ်-ကြာအင်းဆိပ်ကြီး ဓာတ်အားလိုင်း (၄၁.၄၈) မိုင်နှင့် ၆၆/၁၁ ကေဗွီ ၁၀ အမ်ဗွီအေ ကြာအင်းဆိပ်ကြီးခွဲရုံကို အိမ်ထောင်စု (၄,၈၅၄) စု ဓာတ်အားရရှိရေးအတွက် ဖွင့်လှစ်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခု တင်ဒါသည် NEP Phase-2 အတွက် လိုအပ်သော ပစ္စည်းဝယ်ယူရေးတင်ဒါများအနက် တတိယ အကြိမ်မြောက်ဖြစ်ကာ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ မွန်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ရခိုင်ပြည်နယ်နှင့် ပြည်ထောင်စုနယ်မြေ (နေပြည်တော်) အတွင်းရှိ NEP Phase-2 ဖြင့် တည်ဆောက်မည့် ကျေးရွာများ ဓာတ်အားရရှိနိုင်ရေးအတွက် ကွန်ကရစ်တိုင်များ ဝယ်ယူမည့်စာချုပ်များဖြစ်ပါကြောင်း၊ NEP Phase-1 အဆင့် ၂ မိုင်အတွင်း ကျေးရွာများနှင့် NEP Phase-2 အဆင့် ၅ မိုင်အတွင်း ကျေးရွာများ ဆောင်ရွက်ပြီးစီးပါက ကျေးရွာပေါင်း ၉,၇၈၀ ရွာရှိ အိမ်ထောင်စုပေါင်း ၁,၁၆၆,၄၃၁ စုခန့် လျှပ်စစ်ဓာတ်အား ရရှိလာမည် ဖြစ်ပြီး အဆိုပါချေးငွေကြောင့် စုစုပေါင်း Electrification Rate ၁၀.၇၂% ခန့် တိုးတက်လာမည် ဖြစ်ပါကြောင်း၊ NEP Phase-2 ကို ၂၀၂၁ ခုနှစ် စက်တင်ဘာလကုန်တွင် ပြီးစီးနိုင်ရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၎င်းအပြင် NEP II Project ဖြင့် ကျေးရွာပေါင်း (၉၀၀၀)ရွာကို လျှပ်စစ်ဓာတ်အား ထပ်မံရရှိနိုင်ရေးအတွက်ကိုလည်း ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဆက်လက်ဆောင်ရွက် နိုင်ရေး စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ NEP II Project အတွက် ပထမအဆင့်အနေဖြင့် ကမ္ဘာ့ဘဏ်မှ ကနဉီးချေးငွေ အမေရိကန်ဒေါ်လာ သန်း (၄၀၀) ဖြင့် လျှပ်စစ်မီးတိုးချဲ့ဖြန့်ဖြူးနိုင်ရေး ဆောင်ရွက်နိုင်ရန် Feasibility Study Report အား စတင်ဆောင်ရွက်နိုင်ရန်လည်း စီစဉ် ဆောင်ရွက် လျက်ရှိပါကြောင်း၊ ယခု တင်ဒါအောင်မြင်သည့် ကုမ္ပဏီများအနေဖြင့် ကွန်ကရစ်တိုင်များအား စာချုပ်ပါ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးကောင်းမွန် ပြည့်မီစွာ ထုတ်လုပ်ပေး ကြရန်လည်း လိုအပ်ပါကြောင်း၊ ထို့အပြင် ကုမ္ပဏီများအနေဖြင့် ကွန်ကရစ်တိုင်များအား ပေးပို့ရမည့် Delivery Point များသို့လည်း အချိန်မီပေးပို့နိုင်ရေးအတွက် ထုတ်လုပ်ရေး လုပ်ငန်းများကို ဆောလျင်စွာ စတင်ဆောင်ရွက်ကြရန်လိုအပ်ပြီး ကျေးရွာများ လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် စာချုပ်ပါ စည်းမျဉ်းစည်းကမ်းများအတိုင်း ထုတ်လုပ်နိုင်ရေးနှင့် အရည်အသွေး ကောင်းမွန်စေရေး တို့ကို အလေးထား ဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့ပါသည်။

              ထို့နောက် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးရဲတိုးသွင် က NEP စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြခဲ့ပါသည်။

              ၎င်းနောက်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ဦးဆောင်ညွှန်ကြားရေးမှူး ဦးရဲတိုးသွင် နှင့် တင်ဒါအောင်မြင်ခဲ့သော ကုမ္ပဏီ(၆)ခုမှ တာဝန်ရှိသူတို့ကလည်းကောင်း၊ မန္တလေးလျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်း အမှုဆောင်အရာရှိချုပ် ဦးတင်အောင်နှင့် တင်ဒါအောင်မြင်ခဲ့သော ကုမ္ပဏီ(၂)ခုမှ တာဝန်ရှိသူတို့ကလည်းကောင်း စာချုပ်များ အသီးသီး လက်မှတ်ရေးထိုး၍ အပြန် အလှန် လဲလှယ်ခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးခဲ့ကြပါသည်။

Post under by : ဝန်ကြီးရုံး
19-Feb-2020