၂၀၂၀ ပြည့်နှစ်၊ မေလ ( ၁၇ ) ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် လျှပ်စစ်ကဏ္ဍ နှင့် ပတ်သက်သည့် ဒုတိယ သုံးလပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၀ ပြည့်နှစ်၊ မေလ ၁၇ ရက် နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း၊ အမြဲတမ်းတွင်းဝန်၊ ဌာနအကြီးအကဲများနှင့်အတူ ရပ်ဝေးတွင်ရှိသည့် ရန်ကုန်နှင့် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းတို့မှ ဥက္ကဋ္ဌများ၊ အမှုဆောင်အရာရှိချုပ်များ၊ စီမံကိန်းညွှန်ကြားရေးမှူးများ၊ တည်ဆောက်ရေးညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာများ၊ ဓာတ်အားပေးစက်ရုံမှူးများနှင့် ဓာတ်အားခွဲရုံမှူးများသည် သက်ဆိုင်ရာ ဒေသမှနေ၍ Video Conferencing စနစ်ဖြင့် တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က အမှာစကားပြောကြားရာ၌ ယခင် ပထမ သုံးလပတ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလတွင် ခေါ်ယူကျင်းပခဲ့ပြီး ယခုအကြိမ်သည် ဒုတိယသုံးလပတ်အတွင်း လုပ်ငန်းများ၏ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို သိရှိနိုင်ရန် ကျင်းပခြင်းဖြစ်ပါကြောင်း၊ မိမိတို့ ဆောင်ရွက်နေသည့် စီမံကိန်းလုပ်ငန်းများနှင့် ပတ်သက်၍ COVID-19 ထိန်းချုပ်နေသော ကာလအတွင်း နှောင့်နှေးကြန့်ကြာမှု ဖြစ်ပေါ်နေရသည့် အခြေအနေများကို အသေးစိတ်တင်ပြကြရန်လိုအပ်ကြောင်း၊ သို့မှသာ စီမံကိန်းလုပ်ငန်းများအား သတ်မှတ်အချိန်အတွင်း ပြီးစီးနိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ ညွှန်ကြားချက်များနှင့်အညီ ပေါင်းစပ်ညှိနှိုင်း၍ ဝိုင်းဝန်းဆောင်ရွက်ပေးနိုင်မည် ဖြစ်ကြောင်း၊ ယခု ဘဏ္ဍာရေးနှစ်သည် ယခင်နှစ်များနှင့်မတူဘဲ လျှပ်စစ်လုပ်ငန်းပိုင်းဆောင်ရွက် နိုင်ရန် အဓိကထားသတ်မှတ်ထားသည့် ဘဏ္ဍာရေးနှစ်ဖြစ်ပြီး လျှပ်စစ်ကဏ္ဍ တစ်ဆင့်မြင့် တိုးတက် ဖွံ့ဖြိုးလာရန်အတွက်လည်း အရေးကြီးသည့်နှစ် ဖြစ်သည့်အတွက် မိမိတို့ဆောင်ရွက်နေသည့် စီမံကိန်းလုပ်ငန်းများ အချိန်မီပြီးစီးနိုင်ရေး ကြိုတင်ကြံဆပြီး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြစေ လိုကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အဓိကအားဖြင့် လျှပ်စစ်ဓာတ်အားရရှိမှုသည် အလွန်အရေးကြီးသည့် အခန်းကဏ္ဍအနေဖြင့် ပါဝင်သည့်အပြင် နိုင်ငံတော်အစိုးရအနေဖြင့်လည်း လျှပ်စစ်ကဏ္ဍနှင့်ပတ်သက်၍ ယခုနှစ်တွင် ထုတ်လုပ်မှုအပိုင်း၊ သယ်ယူပို့ဆောင်မှုအပိုင်းနှင့် ဖြန့်ဖြူးမှုအပိုင်းတို့၏ တိုးတက်ဖြစ်ပေါ်မှုများကို ယခင်ကထက် ပိုမိုကောင်းမွန်လာစေရန် မျှော်မှန်း ထားသည့်အတွက် လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်း ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရ၏ ဖြည့်ဆည်းပေးမှုအပေါ် ဝန်ကြီးဌာနအနေဖြင့်လည်း ပြည်သူ၏လိုအပ်ချက်ကို အကောင်းဆုံးဖြည့်ဆည်းပေးရန်နှင့် အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မိမိတို့ဆောင်ရွက်နေသည့်လုပ်ငန်းများကို တွေ့ကြုံနေရသော အခက်အခဲများ အတွင်းမှ အရှိန်အဟုန်မပျက် ဆက်လက် ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဓာတ်အား ထုတ်လုပ်မှုအပိုင်းတွင် ယခုနွေရာသီကာလအတွက် ၁၁၆၆ မဂ္ဂါဝပ်အား တိုးတက်ထုတ်လုပ်နိုင်ရေး ရည်မှန်းချက်ထားစီမံဆောင်ရွက်ခဲ့ရာ မကွေး ၆၆ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံစီမံကိန်းသည် စီမံကိန်းလုပ်ငန်းများပြီးစီး၍ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလတွင် နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်၍ ဓာတ်အား ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ခဲ့ပြီး ကျန်ရှိသည့်စီမံကိန်းများအနက် ကမ္ဘာ့ကပ် ရောဂါ COVID-19 ဖြစ်ပေါ်နေစဉ်ကာလအတွင်း အကန့်အသတ်ပေါင်းများစွာကြားမှ မိမိတို့၏ ရည်မှန်းချက်များကို ဟန်ချက်ညီအာရုံစိုက်၍ ကြိုးပမ်းဆောင်ရွက်ခဲ့ရာ အလုံ ၁၅၁. ၅၄ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံစီမံကိန်းမှ ၁၀၀ မဂ္ဂါဝပ်နှင့် ကျွန်းချောင်း ၂၀.၅၄ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံ စီမံကိန်းမှ ၁၅ မဂ္ဂါဝပ်တို့အား စတင်ထုတ်လုပ်နေပြီဖြစ်ပြီး ကျန်ရှိသည့် ဓာတ်အားထုတ်လုပ်မှုများ ကိုလည်း အဆင့်လိုက်ထုတ်လုပ်သွားနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ မကြာမီ LNG to Power သာကေတ ၄၀၀ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံစီမံကိန်းမှလည်း လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်ဖြန့်ဖြူးပေး နိုင်တော့မည်ဖြစ်ပါကြောင်း၊ ဓာတ်အားထုတ်လုပ်မှုအပိုင်းတွင် မည်သို့ပင် ထုတ်လုပ် နိုင်စေကာမူ သုံးစွဲသူထံ ရောက်ရှိအောင် ပို့လွှတ်ရသည့် ဓာတ်အားပို့လွှတ်ရေးအပိုင်း သည်လည်း အရေးကြီးသည့်အတွက် ထုတ်လုပ်ပြီး လျှပ်စစ်ဓာတ်အားများအား ပြည်သူလူထုထံသို့ Losses နည်းပါးစွာဖြင့် ဗို့အားပြည့်ဝစွာ အချိန်မီဖြန့်ဖြူးပေးပို့ စီမံချက်များအတိုင်း ဟန်ချက်ညီညီ အလေးထား ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ Losses အနေဖြင့် ကျအောင် ဆောင်ရွက်နိုင်ခဲ့ သော်လည်း မိမိတို့ရည်မှန်းချက်ဖြစ်သည့် ၇ % အထိ ရောက်ရှိအောင် ဆောင်ရွက်ကြစေလိုကြောင်း၊ ထို့အပြင် ရုံးချုပ်မှလည်း Losses ကျဆင်းရေးအတွက် Technical Team များဖွဲ့ကာ စစ်ဆေးပေး ခဲ့ပြီးဖြစ်၍ ၎င်းအဖွဲ့များ၏စစ်ဆေးချက်များကို လိုက်နာဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ မကြာမီ မိုးဦးကျကာလ ရောက်ရှိလာတော့မည်ဖြစ်သည့်အတွက် ဓာတ်အားလိုင်းများ ကြံ့ခိုင် ကောင်းမွန်စေရေး ဓာတ်အားလိုင်းများတစ်လျှောက် ထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်းများအား စနစ်တကျစစ်ဆေးဆောင်ရွက်သွားရန်နှင့် ထိုသို့ဆောင်ရွက်ရာတွင်လည်း ဓာတ်အားပိတ်၍ ဆောင်ရွက်ရပါက သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့တို့ထံတင်ပြ၍ ပြည်သူသို့ အသိပေးပြီး ဓာတ်အားပြတ်တောက်ချိန် အနည်းဆုံးနှင့် ပြည်သူလူထုအပေါ် ထိခိုက်မှုအနည်းဆုံး ဖြစ်စေရေး အလေးအနက်ထား ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ လတ်တလောတွင် ကမ္ဘာ့ကပ် ရောဂါ COVID-19 ကြောင့် နိုင်ငံအဝှမ်းသွားလာမှုများကို အထူးကန့်သတ်ထားသော်လည်း မိမိတို့ဌာနသည် ပြည်သူနှင့် အနီးကပ်တိုက်ရိုက်ထိတွေ့၍ ဆောင်ရွက်နေရသူများဖြစ်သည့်အတွက် မိမိတို့ဝန်ကြီးဌာန ဝန်ထမ်းများအနေဖြင့် COVID-19 ကပ်ရောဂါကို သတိကြီးစွာထား၍ ဝန်ကြီး ဌာန၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း၊ ပို့လွှတ်ခြင်း၊ ဖြန့်ဖြူးခြင်း လုပ်ငန်းများကို ဆက်လက် ကြိုးပမ်းဆောင်ရွက်နေရမည်ဖြစ်ကြောင်း၊ ယခုအချိန်အခါတွင် ကမ္ဘာ့ကပ်ရောဂါ COVID-19 အပေါ် မြန်မာနိုင်ငံတွင် ထိန်းချုပ်လျက်ရှိသည့် ကန့်သတ်ကာလအတွင်း လျှပ်စစ်ဓာတ်အားသုံးစွဲသူ ပြည်သူ များအတွက် ဓာတ်အားသုံးစွဲမှု အထိုက်အလျောက်သက်သာစေရန် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလအတွက် အိမ်သုံးအမျိုးအစား လျှပ်စစ်ဓာတ်အားသုံးစွဲမှု (၁) ယူနစ်မှ (၁၅၀) ယူနစ်အထိ ငွေကြေးကောက်ခံမှု ကင်းလွတ်ခွင့်(အခမဲ့)ပေးခဲ့ပြီး ဆက်လက်၍ မေလအတွက်ကိုလည်း မေလ ၁ ရက်နေ့မှ မေလ ၁၅ ရက်နေ့အထိ အိမ်သုံးအမျိုးအစား လျှပ်စစ် ဓာတ်အားသုံးစွဲမှု (၁) ယူနစ်မှ (၇၅) ယူနစ်အထိ ငွေကြေးကောက်ခံမှု ကင်းလွတ်ခွင့် (အခမဲ့)ကို ထပ်မံပေးအပ်ခဲ့ပါကြောင်း၊ ဓာတ်အားခကျသင့်ငွေ များ ပေးဆောင်ရာတွင်လည်း လူစုလူဝေးဖြစ်ပေါ်မှုကို အထိုက်အလျောက် လျော့နည်းစေရန် အတွက် မတ်လအတွက် ကျသင့်သည့် လျှပ်စစ်မီတာခများကို ဧပြီလ၏ သတ်မှတ်ရက်များအပြင် ၂၀၂၀ ပြည့်နှစ်၊ မေလ ၂၀ ရက်နေ့အထိ ပေးဆောင်နိုင်ရန် ဖြေလျော့ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ သို့ရာတွင် တစ်ဖက်၌လည်း နိုင်ငံတော်အစိုးရ၏ ဘဏ္ဍာရေး ဆိုင်ရာလုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ရသကဲ့သို့ လျှပ်စစ်သုံးစွဲသူ ပြည်သူများသို့လည်း ရက်လွန်ကြေး၊ ဒဏ်ကြေးများ မပေးဆောင်စေဘဲ သတ်မှတ်ရက်များအတိုင်း ပေးသွင်းစေရေး နှိုးဆော်သကဲ့သို့ လာရောက် ပေးသွင်းရာတွင် အခက်အခဲဖြစ်မှုများ လျော့နည်းစေရန်အတွက် ရပ်ကွက်အတွင်း ကောက်ခံမှုများ ကိုလည်း ဆောင်ရွက်ပေးစေလိုကြောင်း၊ မီတာဖတ်ခြင်းဆောင်ရွက်နေသော မီတာဖတ်စာရေးများ မှလည်း မီတာဖတ်ရာတွင် တိကျမှန်ကန်စနစ်တကျရှိရန် လိုအပ်ကြောင်း၊ မြို့နယ်အလိုက် စနစ်တကျ ကြပ်မတ်ရန်လည်းလိုအပ်ကြောင်း၊ အချို့ဖတ်ရန် အခက်အခဲဖြစ်သည့် နေရာများ၌ ပြည်သူလူထုနှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မိမိတို့ ဝန်ကြီးဌာနသည် ပြည်သူကို ဝန်ဆောင်မှု ပေးနေရသည့်ဌာနဖြစ်ပြီး ပြည်သူလူထုနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံ၍ ၂၄ နာရီ အချိန်ပြည့် ဝန်ဆောင်ပေးနေရသည့်အတွက် ဝန်ဆောင်မှုအပိုင်းတွင် သိသိသာသာ တိုးတက် ကောင်းမွန်လာအောင် ရည်မှန်းချက်ထား ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မြို့နယ်တိုင်းရှိ မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးများ၌ လျှပ်စစ်မီးသုံးစွဲသူ ပြည်သူများမှ အခက်အခဲများအား ဆက်သွယ် တိုင်ကြားနိုင်သည့် ဖုန်းနံပါတ်များကို သိရှိဆက်သွယ်နိုင်ရန် ဗီနိုင်းများဖြင့် ချိတ်ဆွဲထားမှုများမှ ဆက်သွယ်ဆောင်ရွက်မှုများအပေါ် ဖြေရှင်းပေးမှုများ၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း Call Center 1717 နှင့် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း Call Center 1616 တို့ဖြင့် Complain ဖြေရှင်းမှုများကို ဆောင်ရွက် ပေးနေသော်လည်း ထပ်မံ ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရန်အတွက် အများပြည်သူ ဖြတ်သန်းသွားလာနိုင်သည့် ကားဂိတ်၊ ဘူတာရုံ၊ သင်္ဘောဆိပ်၊ စျေးနှင့် လမ်းဆုံလမ်းခွနေရာများ၌ ထပ်မံချိတ်ဆွဲနိုင်ရေး ပိုမိုကျယ်ပြန့် လာစေရေးတို့ကို ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ တစ်ဖက်တွင်လည်း လျှပ်စစ်မီးသုံးစွဲရန် ကျန်ရှိနေသည့် ၅၀% အတွက် မိမိတို့၏ ရည်မှန်းချက်ဖြစ်သော ၂၀၂၀-၂၀၂၁ ခုနှစ်တွင် လျှပ်စစ် မီးသုံးစွဲမှု ၅၅% သို့လည်းကောင်း၊ ၂၀၂၅ ခုနှစ်တွင် ၇၅% သို့လည်းကောင်း၊ ၂၀၃၀ ပြည့်နှစ်တွင် ရာနှုန်းပြည့် ဖြစ်လာစေရေးကိုလည်း ကန့်သတ်မှုများကြားကပင် ညွှန်ကြားချက်များ ကိုလိုက်နာပြီး ဆက်လက်ကြိုးပမ်း ဆောင်ရွက်နေရန်လိုအပ်ကြောင်း၊ ၎င်းအပြင် ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့သို့ လျှပ်စစ်မီးရရှိရေးဆောင်ရွက်နေမှုနှင့် တနင်္သာရီတိုင်းဒေသကြီးသို့ လျှပ်စစ်မီးရရှိရေး ဆောင်ရွက်နေမှုများကိုလည်း ဟန်ချက်ညီအာရုံစိုက်၍ သတ်မှတ်ကာလများအတွင်း တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း၊ ကမ္ဘာ့ကပ်ရောဂါ COVID-19 ထိန်းချုပ်လျက် ရှိသည့် ကန့်သတ်ကာလအတွင်း မိမိတို့၏လုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်ရေး အထူးဂရုပြုပြီး အာရုံစိုက်၍ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်နှင့် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနမှ COVID-19 ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့်ပတ်သက်၍ ထုတ်ပြန်ထားသော အမိန့်နှင့် ညွှန်ကြားချက်များအား အလေးထားလိုက်နာဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ သဘာဝဘေးအန္တရာယ် ကျရောက်နိုင်သည့်အချိန်အခါသို့ ရောက်ရှိပြီဖြစ်သဖြင့် ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားကြရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ဦးစီးဌာန၊ လုပ်ငန်း၊ ကော်ပိုရေးရှင်းများမှ ဌာနကြီးမှူးများ၊ တည်ဆောက်ရေး ညွှန်ကြားရေးမှူးများ၊ စီမံကိန်းညွှန်ကြားရေးမှူးများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်လျှပ်စစ် အင်ဂျင်နီယာများက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ဒုတိယသုံးလပတ်အတွင်း လုပ်ငန်းဆောင်ရွက် ပြီးစီးမှု အခြေအနေ၊ COVID-19 မတိုင်မီ စီမံကိန်းလျာထားချက်၊ COVID-19 ကြောင့် စီမံကိန်းလုပ်ငန်းများ နှောင့်နှေးကြန့်ကြာဖြစ်ပေါ်နေမှုအခြေအနေများနှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ် ကျန်ကာလများ၏ ဆက်လက်ဆောင်ရွက်ပြီးစီးနိုင်မည့် လုပ်ငန်းအစီအစဉ်များအား အသီးသီး ရှင်းလင်းတင်ပြကြပြီး အမြဲတမ်းအတွင်းဝန်က သဘာဝဘေးအန္တရာယ်ကျရောက်ပါက လျှပ်စစ် ဓာတ်အားမပြတ်တောက်စေရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေများအား တင်ပြကာ ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းက တင်ပြမှုများအပေါ် သုံးသပ်ဆွေးနွေးတင်ပြခဲ့ပါသည်။ ထို့နောက် ဆွေးနွေးမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး မှာကြားခဲ့ပါသည်။