၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ( ၇ ) ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော LNG to Power စီမံကိန်း များအတွက် မြန်မာနိုင်ငံသို့ LNG သင်္ဘောရောက်ရှိလာမှုအခြေအနေနှင့် အဆိုပါ စီမံကိန်းများမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန် ဆောင်ရွက်မှုအခြေအနေနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၇ ရက်နေ့၊ နံနက် ၁၁:၀၀ နာရီ အချိန်တွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးခင်မောင်ဝင်းနှင့် ဒေါက်တာထွန်းနိုင်၊ အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦး၊ ဦးစီးဌာနနှင့် လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဦးဆောင် ညွှန်ကြားရေးမှူးများ၊ ဌာနအကြီးအကဲများ တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က အဖွင့်အမှာစကား ပြောကြားရာတွင် မိမိတို့ ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်နှင့်အညီ ပြည်သူလူထုကို လျှပ်စစ် ဓာတ်အား ပြည့်ဝစွာ ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိရာမှ ယခုနှစ်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် ဆောင်ရွက်လျက်ရှိသော စီမံကိန်းများအနက် မကွေး ၆၆ မဂ္ဂါဝပ် ဓာတ်အားပေး စက်ရုံ၊ ကျွန်းချောင်း ၂၀.၅၄ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံနှင့် အလုံ ၁၅၁.၅၄ မဂ္ဂါဝပ် ဓာတ်အားပေး စက်ရုံစီမံကိန်းများမှ ထွက်ရှိလာသော လျှပ်စစ်ဓာတ်အားများကို နိုင်ငံတော် ဓာတ်အားစနစ်သို့ ပို့လွှတ်နိုင်ခဲ့ပြီး မကြာမီ ယခု LNG to Power သာကေတ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စီမံကိန်းမှလည်း လျှပ်စစ်ဓာတ်အားများ ထွက်ရှိတော့မည် ဖြစ်ကြောင်း၊ ဆက်လက်၍ သန်လျင် LNG to Power စီမံကိန်းကိုလည်း သတ်မှတ်ကာလအတွင်း အချိန်မီ ဓာတ်အားထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားရန်လိုအပ် ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် နိုင်ငံတော်အနေဖြင့် COVID-19 ထိန်းချုပ်နေသောကာလ ဖြစ်သည့်အလျောက် ကန့်သတ်ချက်များအတိုင်း လိုက်နာပြီး လျှပ်စစ် ဓာတ်အားအမြန်ဆုံး ရရှိအောင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော ဌာနဆိုင်ရာ ဝန်ထမ်း များနှင့် ကုမ္ပဏီဝန်ထမ်းများ၊ ကျွမ်းကျင်ပညာရှင်များအား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ ဆက်လက်ပြီး ကျန်ရှိနေသည့် စီမံကိန်းများကိုလည်း ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက် သွားရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။
၄င်းနောက် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးသန်းနိုင်ဦး က LNG သယ်ဆောင်လာသော သင်္ဘောဆိုက်ကပ်မည့် ယာယီဆိပ်ခံ (Temporary Jetty) အဖြစ် အသုံးပြုမည့် Mobile Filling Platform (MFP) တည်ဆောက်ခြင်းနှင့် LNG သိုလှောင် သင်္ဘောဆိုက်ကပ်နိုင်ရေးတို့အတွက် လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေနှင့် ဓာတ်အားပေး စက်ရုံစီမံကိန်းများမှ ဓာတ်အားထုတ်လုပ်မည့်အခြေအနေ၊ အဆိုပါ MFP နှင့် LNG သိုလှောင် သင်္ဘောအားဆိပ်ကမ်းသို့ ဆိုက်ကပ်နိုင်ရေးအတွက် လိုအပ်သောခွင့်ပြုမိန့်များ၊ ကူညီပံ့ပိုးမှုများကို အချိန်နှင့်တစ်ပြေးညီရရှိနိုင်ရေးအတွက် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန၊ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့တို့နှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့မှုအခြေအနေတို့အား ရှင်းလင်းတင်ပြခဲ့ ပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းက LNG to Power စီမံကိန်းမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ချိန်တွင် ရေအား လျှပ်စစ်စီမံကိန်းအပါအဝင် အခြားထုတ်လုပ်မှုများနှင့် ပေါင်းစပ်၍ နိုင်ငံတော်ဓာတ်အားစနစ် အား ထိန်းညှိဆောင်ရွက်မည့်အစီအစဉ်ကို ဖြည့်စွက်ဆွေးနွေး တင်ပြခဲ့ပါသည်။
ထို့နောက် ဆွေးနွေးမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ယခုရောက်ရှိလာသည့် LNG သိုလှောင်သင်္ဘောမှ LNG ကို အသုံးပြု၍ ဓာတ်အားထုတ်လုပ်ခြင်းသည် မြန်မာနိုင်ငံတွင် ပထမဦးဆုံး စီမံကိန်းဖြစ်သည့်အတွက် နိုင်ငံတကာစည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဘေးအန္တရာယ်ကင်းရှင်းရေးကို အထူးဂရုပြု၍ အမြန်ဆုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ယခုအချိန်သည် COVID-19 ရောဂါထိန်းချုပ် ကန့်သတ်နေသည့်ကာလဖြစ်သည့်အတွက် စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေသူများ အနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းမျဉ်းစည်းကမ်းများ နှင့်အညီ လိုက်နာဆောင်ရွက်သွားကြရန် အထူးလိုအပ်ကြောင်းနှင့် နည်းပညာသစ်များကိုလည်း ဌာနမှ အင်ဂျင်နီယာများအနေဖြင့် လေ့လာဆည်းပူးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးရန် လိုအပ် ကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အစိုးရ၏မူဝါဒဖြစ်သော ပြည်သူ လူထု၏ လူနေမှုအဆင့်အတန်း မြင့်မားစေရေးအတွက် အဓိကအချက်များအနက် ကဏ္ဍတစ်ခု ဖြစ်သည့် လျှပ်စစ်မီးရရှိရေးကို ဒေသအသီးသီးသို့ ဖြန့်ကျက်ဆောင်ရွက်ပေးလျက်ရှိပြီး နိုင်ငံတော် အစိုးရအနေဖြင့်လည်း ယခုနှစ်တွင် လျှပ်စစ်ကဏ္ဍကို တိုးတက်အောင် ဆောင်ရွက်နိုင်ရန် အများဆုံး ပံ့ပိုးဆောင်ရွက်ပေးမှုနှင့်အတူ နှစ်စဉ်တိုးတက်သုံးစွဲနေသော လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်နှင့် ယခုနှစ် နွေရာသီတွင် တိုးတက်သုံးစွဲ လာသောဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် Liquefied Natural Gas to Power စီမံကိန်းများအပါအဝင် လျှပ်စစ်ဓာတ်အားစုစုပေါင်း ၁၁၆၆ မဂ္ဂါဝပ် ထုတ်ပေးနိုင်မည့် စီမံကိန်းသစ် ၇ ခုကို ရန်ကုန်တိုင်း ဒေသကြီး အလုံ၊ သန်လျင်၊ သာကေတတို့တွင်လည်းကောင်း၊ မကွေးတိုင်းဒေသကြီး၊မကွေးနှင့် ကျွန်းချောင်းတို့တွင်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ရွှေတောင်နှင့် ရခိုင်ပြည်နယ်၊ ကျောက်ဖြူ ဒေသတို့တွင်လည်းကောင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အဆိုပါ စီမံကိန်း (၇) ခု အနက် မကွေး ၆၆ မဂ္ဂါဝပ်ဓာတ်အားပေးစက်ရုံ၊ အလုံ ၁၅၁.၅၄ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံနှင့် ကျွန်းချောင်း ၂၀.၅၄ မဂ္ဂါဝပ် ဓာတ်အားပေး စက်ရုံတို့မှ လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်ဖြန့်ဖြူး ပေးနိုင်ခဲ့ပြီး ကျန်ရှိသည့် ဓာတ်အားပေး စက်ရုံစီမံကိန်းများမှလည်း လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ LNG to Power စီမံကိန်းများ အတွက် LNG သယ်ဆောင်လာသော သင်္ဘောဆိုက်ကပ်မည့် ယာယီဆိပ်ခံ (Temporary Jetty) အဖြစ် အသုံးပြုမည့် Mobile Filling Platform (MFP) ကိုစင်္ကာပူနိုင်ငံတွင် တည်ဆောက်၍ ၂-၅-၂၀၂၀ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ပြီးသီလဝါ LNG ဆိပ်ကမ်း၌ Covid-19 ကန့်သတ်မှုများအရ လိုက်နာဆောင်ရွက် ရသဖြင့် ၂-၆-၂၀၂၀ ရက်နေ့တွင် တပ်ဆင်ပြီးစီးခဲ့ပါသည်။ MFP တွင် ဆိုက်ကပ်မည့် LNG သိုလှောင်ရေးသင်္ဘော (MV-CNTIC VPOWER GLOBAL) သည် အလျား ၁၇၆.၈ မီတာ၊ ရေဆူး ၈ မီတာနှင့် စုစုပေါင်းတန်ချိန် ၃၆၀၀၀ ခန့်ရှိပြီးဓာတ်အား ၂၀၀ မဂ္ဂါဝပ်ကို ၁၄ ရက်ကြာ ဓာတ်အားထုတ်လုပ်နိုင်သော LNG ပမာဏကိုသိုလှောင်နိုင်ပြီး Small LNG Tanker များဖြင့် လိုအပ်သော LNG ကိုဖြည့်တင်းမည်ဖြစ်ပါသည်။ အဆိုပါသင်္ဘောသည် မလေးရှားနိုင်ငံမှ ၂၈-၄-၂၀၂၀ ရက်နေ့တွင် ထွက်ခွာခဲ့ပြီး ၆-၅-၂၀၂၀ ရက်နေ့တွင် ရန်ကုန်မြစ်ဝသို့ရောက်ရှိကာ ကျောက်ချရပ်နား၍ MFP လုပ်ငန်းများပြီးစီးသည့်နောက် ၆-၆-၂၀၂၀ ရက်နေ့တွင်ဆိုက်ကပ်နိုင် ခဲ့ပါသည်။ MFP တည်ဆောက်ခြင်းနှင့် LNG သိုလှောင်ရေးသင်္ဘောဆိုက်ကပ်နိုင်ရေးသည် မြန်မာ နိုင်ငံအတွက် ပထမဆုံးအတွေ့အကြုံဖြစ်သည့်အတွက် စီမံကိန်းဆောင်ရွက်နေသည့် ပြည်တွင်း/ ပြည်ပ ပညာရှင်များ၊ Consortium of CNTIC and Vpower ကုမ္ပဏီတို့နှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းတို့အကြား အသေးစိတ် ညှိနှိုင်းဆွေးနွေးဆောင်ရွက်ခဲ့ရပါသည်။ Liquefied Natural Gas (LNG) ဖြင့် ပထမဆုံးအကြိမ် ဓာတ်အားထုတ်လုပ်မည့် သာကေတ ၄၀၀ မဂ္ဂါဝပ်နှင့် သန်လျင် ၃၅၀ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံစီမံကိန်းများမှ လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်ပြီး နိုင်ငံတော်ဓာတ်အားစနစ်သို့ မကြာမီကာလတွင် ချိတ်ဆက်ပို့လွှတ်ဖြန့်ဖြူးပေးနိုင်တော့မည်ဖြစ် ပါသည်။