The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် မြန်မာနိုင်ငံရေနံနှင့် သဘာဝဓာတ်ငွေ့ဝန်ဆောင်မှုအသင်း၊ Myanmar Oil and Gas Services Society (MOGSS) ၏ နှစ်ပတ်လည်အစည်းအဝေးတွင် Video Message ဖြင့် အဖွင့်အမှာစကားပြောကြား

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (  ၂၄  ) ရက်

             လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၂၄) ရက်နေ့တွင် Myanmar Oil and Gas Services Society (MOGSS) မှ ကြီးမှူး၍ Online မှတစ်ဆင့် ကျင်းပပြုလုပ်သော နှစ်ပတ်လည်အစည်းအဝေးဖွင့်ပွဲ အခမ်းအနားတွင် Video Message ဖြင့် အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

             ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယခုကဲ့သို့ ကိုဗစ်ကပ်ရောဂါ ကာလအတွင်း MOGSS အသင်းကြီး၏ နှစ်ပတ်လည်အစည်းအဝေးအား အောင်မြင်စွာ ကျင်းပ ပြုလုပ်နိုင်ခြင်းအတွက် ဂုဏ်ပြုအပ်ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် ကိုဗစ်ကပ်ရောဂါကြောင့် ကမ္ဘာ တစ်ဝန်း အခက်အခဲများ ကြုံတွေ့ခဲ့ကြရပြီး ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းတွင်လည်း ဝယ်လိုအားနှင့် ရောင်းလိုအားများ တဟုန်ထိုး ကျဆင်းခြင်းများ ဖြစ်ပေါ်ခဲ့ရကြောင်း၊ ၎င်းကပ်ရောဂါ ဖြစ်ပွားမှုကြောင့် အနာဂတ်တွင် ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းသည်လည်း ကြိုတင်ခန့်မှန်း၍ မရနိုင်သော အပြောင်းအလဲများ ရှိလာမည်ဖြစ်ပြီး နည်းပညာသစ်များ၏ပြိုင်ဆိုင်မှု၊ ရာသီဉတု ပြောင်းလဲခြင်းနှင့် သဘာဝပတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်မှုများလည်း ကြုံတွေ့လာရမည် ဖြစ်ပါကြောင်း၊ လာမည့် New Normal အခြေအနေအတွက် လိုက်လျောညီထွေမှုရှိစေမည့် အစီအစဉ်များကို မိမိတို့ကိုယ်တိုင် ပြင်ဆင်ကြရမည်ဖြစ်ကြောင်း၊ သို့သော်လည်း ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်းသည် အနာဂတ်တွင် အရေးပါသောအခန်းကဏ္ဍအဖြစ် ဆက်လက်တည်ရှိနေ နိုင်ပြီး ၎င်း၏ဈေးကွက်မှာလည်း ဆက်လက်ဖွံ့ဖြိုးတိုးတက်နေမည်ဟု ယုံကြည်ကြောင်း၊ ၂၀၂၁-၂၀၂၂ ခုနှစ်တွင် ရေနံစိမ်းဈေးနှုန်း တဖြည်းဖြည်း ပြန်လည် မြင့်တက်လာနိုင်ပြီး ကမ္ဘာလုံးဆိုင်ရာ ဝယ်လိုအား၊ ရောင်းလိုအားနှင့် ရေနံဈေးနှုန်း အပြောင်းအလဲသည် မိမိတို့၏ ကမ်းလွန်လစ်လပ် လုပ်ကွက်စီမံကိန်းများ နိုင်ငံတကာ တင်ဒါခေါ်ဆိုနိုင်မှု အချိန်ကာလအပေါ် အကျိုးသက်ရောက်မှု ရှိလာမည်ဖြစ်ကြောင်း၊ ကိုဗစ်ကပ်ရောဂါဖြစ်ပွားမှုကြောင့် ဓာတ်ငွေ့ဈေးနှုန်းမှာ ၅% မှ ၁၀% အထိနှင့် Downstream Refining Sector တွင် ထုတ်ကုန်ဈေးနှုန်းများမှာ ၂၀% အထိကျဆင်းစေခဲ့ ကြောင်း၊ ရာသီဉတုပြောင်းလဲခြင်းဖြစ်စဉ်နှင့် ပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုများကြောင့် စွမ်းအင်အသုံးပြုမှုပုံစံပြောင်းလဲလာပြီး New Energy Mix တွင် ပြန်ပြည့်မြဲစွမ်းအင်ကို ပိုမို သုံးစွဲလာခြင်း၊ သဘာဝဓာတ်ငွေ့နှင့် LNG တို့သည် အဓိကအခန်းကဏ္ဍအဖြစ် ပါဝင်လာခြင်းများ ဖြစ်ပေါ်လာပါကြောင်း၊ မြန်မာနိုင်ငံတွင် လက်ရှိစုစုပေါင်းတပ်ဆင်အင်အား ၈၁၁၈ မဂ္ဂါဝပ်ရှိပြီး Energy Mix တွင်လည်း ရေအားမှ ၄၀%ခန့် ၊ နေရောင်ခြည်စွမ်းအင် ၁၄%ခန့်၊ ပြည်တွင်းထုတ် သဘာဝဓာတ်ငွေ့မှ ၃၄%ခန့် နှင့် LNG မှ ၁၁% ခန့်ဖြစ်သဖြင့် ပြန်ပြည့်မြဲစွမ်းအင်အသုံးပြုမှု ၅၄%ခန့်နှင့် သန့်ရှင်းသောစွမ်းအင်အသုံးပြုမှု ၄၅% ခန့်ရှိပါ ကြောင်း ပြောကြားပါသည်။

             ဆက်လက်၍ MOGSS အနေဖြင့် အနာဂတ် ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍ အခက်အခဲ များနှင့် စိန်ခေါ်မှုများအတွက် လိုက်လျောညီထွေမှုရှိအောင် ပြင်ဆင်ဆောင်ရွက်ထားဖို့ လိုအပ် ကြောင်း၊ သို့သော် မြန်မာနိုင်ငံ၏ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍသည် ရင်းနှီးမြှုပ်နှံမှု၊ ဆွဲဆောင်မှုရှိသော ကဏ္ဍများဖြစ်ပါကြောင်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ကုန်းတွင်း၊ ကမ်းလွန်လုပ်ကွက်များ တွင် တွင်းသစ်တူးဖော်ရေးလုပ်ငန်းများ ဆောင်ရွက်နေပါကြောင်း၊  အဓိကရင်းနှီးမြှုပ်နှံမှုလုပ်ငန်း များဖြစ်သည့် A-6, A-3, M-9 နှင့် M-3 ကမ်းလွန်စီမံကိန်းများမှလည်း ရေနံဝန်ဆောင်မှု လုပ်ငန်း များအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလျက်ရှိကြောင်း၊ နောင် ၂ နှစ်၊ ၃ နှစ်တွင် ကုန်းတွင်း၊ ကမ်းလွန်ပိုက်လိုင်းတည်ဆောက်ရေး လုပ်ငန်းသစ်များလည်း အကောင်အထည်ဖော်လာ မည်ဖြစ်ပြီး လုပ်ငန်းအခွင့်အလမ်း များလည်း ပိုမိုပွင့်လင်းလာမည်ဖြစ်ကြောင်း၊  MOGSS အနေဖြင့် လက်ရှိလုပ်ငန်းများအပြင် Future Energy Transition အရ လျှပ်စစ်ကဏ္ဍဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လည်း လေ့လာဆန်းစစ်သင့်ကြောင်း၊ အထူးသဖြင့် LNG to Power Projects များအတွက် လိုအပ်သော Terminal များ၊ ဆက်စပ်စက်ရုံများ၊ ပိုက်လိုင်းများနှင့် တည်ဆောက်ခြင်း၊ သိုလှောင်ကန်တပ်ဆင်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းတို့အတွက်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းရရှိရေး လုပ်ငန်းများ ဖြစ်သည့် ပုဂ္ဂလိကရေနံလက်ယက်တွင်းလုပ်ငန်း၊ အသေးစားရေနံချက်စက်ရုံများ အသစ် တည်ဆောက်ခြင်းလုပ်ငန်းများနှင့် ၎င်းလုပ်ငန်းများနှင့် ဆက်စပ်သော ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းများအတွက်လည်း ဝန်ဆောင်မှု အခွင့်အလမ်းများရရှိနိုင်ပါကြောင်း၊ ထို့အပြင် သယ်ယူပို့ဆောင်ရေးနှင့် ချက်ပြုတ်ခြင်းကဏ္ဍအတွက် အထောက်အကူပြု LPG လုပ်ငန်းများတွင်လည်း အခြား လုပ်ငန်းအခွင့်အလမ်းများရရှိနိုင်ကြောင်း၊ ရေနံနှင့်ရေနံထွက်ပစ္စည်း သယ်ယူပို့ဆောင်ဖြန့်ဖြူးခြင်းအတွက် ၂၀၁၇ ခုနှစ် ရေနံနှင့်ရေနံထွက် ပစ္စည်းဆိုင်ရာ ဉပဒေအရ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနအား Regulatory Body အဖြစ် ပြောင်းလဲပြင်ဆင်ဖွဲ့စည်းထားပါကြောင်း၊ ၎င်းဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များကို သက်ဆိုင်ရာ Website တွင် လေ့လာနိုင်ပြီး မိမိတို့နှင့် သင့်လျော်သောလုပ်ငန်းများကို ရှာဖွေလေ့လာနိုင်ပါကြောင်း၊ MOGSS အနေဖြင့် အဖွဲ့ဝင်များ တိုးမြှင့်ခန့်အပ်ခြင်း၊ လိုအပ်သော ငွေကြေးအတွက် ဘဏ်များနှင့် ချိတ်ဆက်လုပ်ကိုင်ခြင်း၊ နည်းပညာပိုင်းဆိုင်ရာသင်တန်းများ ပို့ချခြင်း၊ Online Conferences နှင့် ပြပွဲအခမ်းအနားများပြုလုပ်ခြင်းတို့ကိုလည်း ဆက်လက် ဆောင်ရွက်သွားရန်နှင့် ရေနံနှင့်သဘာဝဓာတ်ငွေ့ဝန်ဆောင်မှုလုပ်ငန်းများအား မိမိတို့၏ အတွေ့ အကြုံ၊ ပညာရပ်များကို အခြေခံကာ စုပေါင်းအားဖြင့် ပိုမိုကောင်းမွန်သော၊ ယှဉ်ပြိုင်နိုင်စွမ်းရှိသော ပြည်တွင်းဝန်ဆောင်မှုလုပ်ငန်းအဖြစ် ရပ်တည်နိုင်ရေး ဝိုင်းဝန်းဆောင်ရွက်စေလိုပါကြောင်း ပြည်ထောင်စုဝန်ကြီးမှ ပြောကြားပါသည်။

              အဆိုပါ မြန်မာနိုင်ငံ ရေနံနှင့်သဘာဝဓာတ်ငွေ့ဝန်ဆောင်မှုအသင်း၏ နှစ်ပတ်လည် အစည်းအဝေးသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန (စွမ်းအင်ကဏ္ဍ) ကြီးကြပ်မှုအောက်ရှိ ဦးစီးဌာန နှင့် လုပ်ငန်းများမှ ဌာနအကြီးအကဲများက သက်ဆိုင်ရာဌာနအသီးသီးမှ Online စနစ်ဖြင့် လည်းကောင်း၊ MOGSS မှ နာယက ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များနှင့် အသင်းဝင်များက ရန်ကုန်မြို့ရှိ MICT Park ပင်မအစည်းအဝေးခန်းမမှလည်းကောင်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ ဝန်ဆောင်မှုကုမ္ပဏီများမှ ကိုယ်စားလှယ်များက Online မှ တစ်ဆင့်လည်းကောင်း တက်ရောက်ခဲ့ ကြပါသည်။

Post under by : ဝန်ကြီးရုံး
24-Jan-2021