The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက်

ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်နှင့် ဒေါက်တာမျိူးသိန်းကျော်တို့ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ Sochi မြို့တွင် ကျင်းပပြုလုပ်သည့် (၁၂)ကြိမ်မြောက် နျူကလီးယားနည်းပညာအခြေခံသည့် ဆန်းသစ်တီထွင်မှုဖိုရမ် (၂၀၂၂) (XII International Fourm ATOMEXPO 2022) ဒုတိယနေ့သို့ တက်ရောက်လေ့လာဆွေးနွေး

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ( ၂၃ ) ရက်

ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ရောက်ရှိနေသည့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်တို့ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်း နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးလွင်ဦးနှင့် တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ ၂၂ ရက်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Sochi မြို့တွင်ကျင်းပပြုလုပ်သည့် (၁၂)ကြိမ်မြောက် နျူကလီးယား နည်းပညာအခြေခံသည့် ဆန်းသစ်တီထွင်မှုဖိုရမ် (၂၀၂၂) (XII International Fourm ATOMEXPO 2022 ) ဒုတိယနေ့ အခမ်းအနားသို့ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးများ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်ဖွဲ့သည် တက်ရောက် လာကြသူများနှင့်အတူ (၁၂)ကြိမ်မြောက် နျူကလီးယားနည်းပညာအခြေခံသည့် ဆန်းသစ်တီထွင်မှု ဖိုရမ်(၂၀၂၂) (XII International Fourm ATOMEXPO 2022)တွင် ခင်းကျင်းပြသထားသည့် နိုင်ငံတကာမှ နျူကလီးယားနှင့် ပတ်သက်ဆက်စပ်သော ဓာတ်အားပေးစက်ရုံများ တည်ဆောက် ထားရှိမှု၊ နျူကလီးယား ဆေးပညာဆိုင်ရာပြခန်းများ၊ Safety ဝတ်စုံများ ခင်းကျင်းပြသ ထားမှုများ၊ Research Reactor များအတွက် စက်ပစ္စည်း ထုတ်လုပ်မှုပြခန်းများကို လိုက်လံကြည့်ရှုလေ့လာကြပြီး သိရှိလိုသည်များအား မေးမြန်း ဆွေးနွေးကြသည်။

ထို့နောက် နျူကလီးယားစွမ်းအင်အား ငြိမ်းချမ်းသော ရည်ရွယ်ချက်ဖြင့် အသုံးပြု၍ လျှပ်စစ်ဓာတ်အားပေးစက်ရုံတည်ဆောက်ရန် စူစမ်းလေ့လာတိုင်းတာမှုဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်နိုင်ရေးနှင့် ပတ်သက်၍ ရုရှားဖက်ဒရေးရှင်းနိုင်ငံရှိ Rosatom ကုမ္ပဏီနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်နိုင်ရန် နားလည်မှုစာချွန်လွှာ(Memorandum of Understanding – MOU)ကို လက်မှတ်ရေးထိုးကြသည်။

ထို့နောက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် Sirius Park of Science and Art ရှိ Atom ခန်းမတွင်ပြုလုပ်သည့် မျက်နှာစုံညီအစည်းအဝေး ( Plenary Session ) တွင် “Nuclear Spring: creating sustainable future” ခေါင်းစဉ်ဖြင့် ဆွေးနွေးမှုအား တက်ရောက်ဆွေးနွေးသည်။ ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးပြောကြားရာတွင် ၂၀၂၂ ခုနှစ်၊ ATOMIC ဖိုရန်ကို တက်ရောက်ရန် ဖိတ်ကြားပေးသည့် Rosatom ၏အကြီးအကဲ၊ ဥက္ကဋ္ဌ အလက်ဆီလီကာချော့အား ကျေးဇူးတင်ရှိပါကြောင်း၊ တည်ဆောက်ပြီး Nuclear Power Plant ၊ Small Scale Hydropower Plant ၊ Wind Power နှင့် သိပ္ပံနှင့်နည်းပညာ ဆိုင်ရာအတွက် ကျောင်း၊ တက္ကသိုလ်များကို လိုက်လံပြသသည့်အပြင် Nuclear စွမ်းအင်ဆိုင်ရာ လက်မှတ်ရေးထိုး နိုင်သည့်အတွက်လည်း အထူးပင်ကျေးဇူးတင်ရှိပါကြောင်း။

ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ မိတ်ဖက်ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံမှုသည် ၂၀၂၃ ခုနှစ်တွင် (၇၅)နှစ်မြောက်စိန်ရတုသို့ ရောက်ရှိတော့မည်ဖြစ်ကြောင်း၊ အဆိုပါ စိန်ရတု အပြီး နောက်ပိုင်းတွင်လည်း နှစ်ပေါင်းကြာရှည်စွာ စီးပွားရေး၊ လူမှုရေး၊ နည်းပညာစသော ကဏ္ဍစုံတွင် ပူးပေါင်းဆောင်ရွက် သွားလိုပါကြောင်း။

၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့တွင် ဗလာဒီဗောစတော့ခ်မြို့တွင် ကျင်းပခဲ့သည့် (၇)ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ် (The 7th Eastern Economic Forum – 2022) သို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်ဝန်ကြီးချုပ် တက်ရောက်စဉ်က FEFU Campus တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ H.E. Vladimir Vladimirovich Putin နှင့်တွေ့ဆုံရာ၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား စီးပွားရေး၊ ရင်းနှီးမြှုပ်နှံရေးနှင့် Nuclear စွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြု၍ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတွင် အသုံးချနိုင်ရေး ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြကြောင်း၊ ထို့အပြင် နိုင်ငံတော်ဝန်ကြီးချုပ်မှ (၇) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ် မျက်နှာစုံညီအစည်းအဝေး(Plenary Session) ၌လည်း ပါဝင် တက်ရောက်ပြီး စားနပ်ရိက္ခာလုံခြုံရေး (Food Security) ကဏ္ဍတွင် မြန်မာနိုင်ငံ၏အရေးပါမှုနှင့် ရင်းနှီးမြှုပ်နှံမှုအတွက် အခွင့်အလမ်းကောင်းများ ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံနိုင်ရန်အတွက် ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ကမ်းလွန် လုပ်ကွက်များရှိကြောင်း၊ ထို့ပြင် ရေအားအရင်းအမြစ်များ၊ ဆိုလာနှင့် Wind Power ထုတ်လုပ် နိုင်သည့် နေရာများစွာ ရှိသည့်အတွက် စိတ်ပါဝင်စားသူများအနေဖြင့် လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ကြားပါကြောင်း၊ ယခုအချိန်တွင် နိုင်ငံတော်ကို ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အရင်းအမြစ်များနှင့် လိုအပ်သည့်လျှပ်စစ်ဓာတ်အားကို ထုတ်လုပ်ပေးလျက်ရှိကြောင်း၊ မြန်မာနိုင်ငံအတွင်း ဓာတ်အားထုတ်လုပ်မှုအပိုင်းတွင်လည်း ရုရှားဖက်ဒရေးရှင်းနိုင်ငံရှိ Rosatom နှင့် ပူးပေါင်းပြီး Small Moduler Reactor (SMR) အပြင် အသေးစားရေအားနှင့် Wind Power များကိုလည်း ပူးပေါင်းဆောင်ရွက်သွားလိုကြောင်း၊ နိုင်ငံတော်ကို ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် လျှပ်စစ်ဓာတ်အားသည် များစွာလိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်လာမည့် ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားအပြည့်အဝရရှိနိုင်ရေး အထူးကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားပြီး မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်ရှိဆောင်ရွက်လျက်ရှိသည့် လျှပ်စစ်ပိုင်း ဆိုင်ရာများနှင့် စက်မှုလုပ်ငန်းများတွင် လာရောက်ပူးပေါင်း ဆောင်ရွက်နိုင်ရေးနှင့် ရင်းနှီးမြုပ်နှံ နိုင်မှုဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးပြောကြားသည်။

ယင်းနောက် တက်ရောက်လာကြသည့် နိုင်ငံများမှ နျူကလီးယားနည်းပညာအသစ်ဖြင့် ဆောင်ရွက်ထားသော အသေးစားဓာတ်အားပေးစက်ရုံ Small Modular Reactor – SMR မှာ နေရာအကျယ်အဝန်းမြောက်များစွာမလိုခြင်း၊ ဓာတ်အားခဈေးနှုန်း သက်သာခြင်း၊ နိုင်ငံ စီးပွားအတွက် များစွာအထာက်အကူဖြစ်ခြင်း၊ အချိန်တိုကာလအတွင်း တည်ဆောက်နိုင်ခြင်း၊ အထူးသဖြင့် ဝေးလံခေါင်သီသောနေရာများ၊ စက်မှုဇုန်များအား သီးခြားဓာတ်အားပေး ဆောင်ရွက်နိုင်ခြင်းစသည့် အားသာချက်များရှိသည့်အတွက် နိုင်ငံတကာ လက်ရှိကြုံတွေ့ နေရသော စွမ်းအင်အခက်အခဲအား ကျော်လွှားနိုင်မှုနှင့် ပါတ်သက်၍ တာဝန်ရှိသူများက အလှည့်ကျ ဆွေးနွေးကြသည်။

ထို့နောက် နိုင်ငံတကာ အဏုမြူစွမ်းအင်‌အေဂျင်စီမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဖြစ်သူ Mikhail Chudakov က ပြည်ထောင်စုဝန်ကြီးများအား အလွတ်သဘော လာရောက် တွေ့ဆုံ၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

ဆက်လက်၍ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် မျက်နှာစုံညီ အစည်းအဝေး (Plenary Session: Floating Nuclear Power Plant) သို့တက်ရောက်ပြီး လက်ရှိမျက်မှောက် ကမ္ဘာ့စွမ်းအင်လိုအပ်ချက် ဖြည့်ဆည်းနိုင်ရေးနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ကြပြီး ဖြစ်နိုင်ခြေကို ဆန်းစစ်လေ့လာ သုံးသပ်ကြသည်။

ထို့နောက် ရုရှားအကယ်ဒမီသိပ္ပံ (Russian academy of science)မှ ဒုတိယဥက္ကဋ္ဌက သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို (၁၂)ကြိမ်မြောက် နျူကလီးယားနည်းပညာအခြေခံသည့် ဆန်းသစ်တီထွင်မှု ဖိုရမ်(၂၀၂၂)တွင် လာရောက်တွေ့ဆုံပြီး မြန်မာနိုင်ငံလူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု အတွက် ပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့် နိုင်ငံတကာအဆင့်မီကျွမ်းကျင်မှုပြည့်ဝသော ပညာရှင်များ ပြုစုပျိုးထောင်နိုင်ရေးတို့အတွက် ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများအား လျင်မြန်စွာ လက်တွေ့ကျကျ အကောင်အထည်ဖော်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

 

Credit:// ပြန်ကြားရေးဝန်ကြီးဌာန

Post under by : ဝန်ကြီးရုံး
25-Nov-2022