The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးရေလျှံမှုကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် အထက်ပေါင်းလောင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှု လုပ်ငန်းတိုးတက်မှု အခြေအနေနှင့် အလယ်ပေါင်းလောင်းရေအားလျှပ်စစ်စီမံကိန်း၏ လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည့်သတင်း

နေပြည်တော်၊ ၂၀၂၅ ခုနှစ်၊ မေလ (၁၇) ရက်

  လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဌာနဆိုင်ရာတာဝန် ရှိသူများနှင့်အတူ မေလ ၁၇ ရက် နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ်ရှိ ရာဂီမုန်တိုင်းအရှိန်ဖြင့် မိုးသည်းထန်စွာ ရွာသွန်း၍ ရေကြီးရေလျှံမှုကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် အထက် ပေါင်းလောင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံအတွင်း ဓာတ်အားအမြန်ထုတ်လုပ်ပေး နိုင်ရေးအတွက် ဓာတ်အားပေးစက်ရုံနှင့် စက်များ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှု လုပ်ငန်း တိုးတက်မှုအခြေအနေနှင့် အလယ်ပေါင်းလောင်းရေအားလျှပ်စစ်စီမံကိန်း၏ လုပ်ငန်းဆောင်ရွက် ထားရှိမှုအခြေအနေတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

   ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အထက်ပေါင်းလောင်းဓာတ်အားပေးစက်ရုံသို့ ရောက်ရှိရာ ရှင်းလင်းဆောင်ခန်းမတွင် ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ပေါင်းလောင်းရေအားလျှပ်စစ်တမံဆိုင်ရာအချက်အလက်များ၊ စက်ရုံ ချဉ်းကပ်လမ်းနှင့် စက်ရုံဝင်းအတွင်း ပျက်စီးမှုများနှင့် ပြန်လည်ပြုပြင်မှု၊  တမံအတွင်း နုန်းမြေ ဝင်ရောက်မှုအခြေအနေတို့ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ချဉ်းကပ်လမ်းပိုင်း အနက် သက်ဆိုင်ရာဝန်ကြီးဌာနသို့ လွှဲပြောင်းပေးရမည့် လမ်းပိုင်းအား ဌာနချင်း ညှိနှိုင်းပြီး အမြန်လွှဲပြောင်းပေးနိုင်ရေး၊ စက်ရုံများနှင့် ကျေးရွာများရှိသည့်အတွက် လမ်းအား အမြဲတမ်း ကောင်းမွန်အောင် ပြုပြင်ထိန်းသိမ်းရေး၊ ရေစီးရေလာကောင်းမွန်ရေးအတွက် ရေမြောင်းများ အား ကောင်းမွန်အောင်ပြုလုပ်ရေး၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်နိုင်ခဲ့သော လုပ်ငန်းများကို စနစ်တကျမှတ်တမ်းထားရှိပြီး ယခုဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ရမည့်လုပ်ငန်း များကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရေးနှင့် တမံအတွင်း ပေါင်းလောင်းငယ် ချောင်းမှ နှုန်းများ ဝင်ရောက်မှုအား လေ့လာပြီး ဖယ်ရှားနိုင်ရေးအတွက် သုံးသပ်တင်ပြရေး မှာကြားခဲ့ပါသည်။

   ထို့နောက် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူးက တမံအတွင်း နှစ်အလိုက် ရေဝင်ရောက်မှု၊ စက်ရုံပြန်လည်ပြင်ဆင်ခြင်းလုပ်ငန်းများအနက် လုပ်ငန်း (၂၇)ခုအား ၁၀၀% ဆောင်ရွက်ပြီးစီးခဲ့မှုနှင့် စုစုပေါင်းကြာမြင့်ခဲ့မှု၊ ဆောင်ရွက်ဆဲ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများနှင့် ဆောင်ရွက်နေမှုအစီအစဉ်များ၊ မြို့ပြလုပ်ငန်းများ ဆောင်ရွက် ပြီးစီးမှုအခြေအနေများနှင့် ဘဏ္ဍာငွေရရှိသုံးစွဲမှု အခြေအနေအား ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက မိုးမကျမီ ပြင်ဆင်ရမည့်လုပ်ငန်းများကို အချိန်မီ ပြီးစီးအောင် ဆောင်ရွက်ရေး၊ ပြည်ပမှ မှာယူသောစက်ပစ္စည်းများ မကြာမီရောက်ရှိလာတော့မည်ဖြစ်၍ ရောက်ရှိသည်နှင့်တစ်ပြိုင်တည်း ဦးစားပေး အမြန်တပ်ဆင်နိုင်ရေးအတွက် လိုအပ်သည်များ ကြိုတင်ပြင်ဆင်ထားရေး၊ ဓာတ်အား အမြန်ထုတ်လုပ်ပေးနိုင်ရေး ပြန်လည်ပြုပြင်ခြင်းလုပ်ငန်း များအား အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်သွားရန်နှင့် ပြုပြင်ရေးလုပ်ငန်းများ ဆောလျင်စွာ ပြီးစီးနိုင်ရေး လူအင်အား၊ ပစ္စည်းအင်အားများကို စနစ်တကျစုဖွဲ့၍ ဌာနများ ညှိနှိုင်းပေါင်းစပ်ပြီး ဟန်ချက်ညီညီဖြင့် အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားရန်၊ လုပ်ငန်းများ ဆောင်ရွက်စဉ် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုပ်ငန်းသုံးပစ္စည်းများ အရည်အသွေးစံချိန်စံညွှန်း ပြည့်မီရေး၊ လေလွင့်ဆုံးရှုံးမှု မရှိစေရေးနှင့် သတ်မှတ်ချိန်အတွင်း အချိန်မီ ပြီးစီးနိုင်ရေး အလေးထားဆောင်ရွက်သွားကြရန်တို့အား မှာကြားခဲ့ပြီး ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ အတွက်  စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပါသည်။

   ၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရေလှောင်တမံ ရှုရပ်သို့ ရောက်ရှိပြီး တမံအတွင်း ရေဝင်ရောက်မှု၊ နုန်းမြေဝင်ရောက်မှု၊ ရေသိုလှောင်ထားရှိမှု၊ တမံ၏ ကြံ့ခိုင်မှု အခြေအနေ၊ ရေထိန်းနံရံတည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု၊ စက်ယန္တရားကြီး များဖြင့် တမံယာဘက်ကမ်း မြေကြီးကျောက်သားတူးဖော်ခြင်းနှင့် တမံဝဲဘက်ကမ်း Gabion Wall တည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး တမံ ကြံ့ခိုင်မှုအား စဉ်ဆက်မပြတ် စောင့်ကြပ် ကြည့်ရှုစစ်ဆေးသွားရန်နှင့် တမံလုံခြုံရေးအား ဂရုပြုဆောင်ရွက်သွားရန် မှာကြားခဲ့ပါသည်။

   ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဓာတ်အားပေးစက်ရုံသို့ ရောက်ရှိပြီး စက်များပြုပြင်ဆောင်ရွက်နေသော ကျွမ်းကျင်ပညာရှင်များအား တွေ့ဆုံပြီး လိုအပ်ချက်များ မှာကြားကာ သစ်သီးခြင်း လက်ဆောင်ပေးအပ်ခဲ့ပါသည်။ ထို့နောက် စက်ရုံအဆောက်အဦအတွင်း ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးနေမှု၊ ဓာတ်အားပေးစက်ကြီးများနှင့် ဆက်စပ်ပစ္စည်းများ ပြုပြင်ဆောင်ရွက်ပြီးစီးနေမှု၊ ဓာတ်အား ပေးစက်များ၏ Rotor အား မ ထုတ်၍ Rotor Pole များ ဖြုတ်ထုတ်ခြင်း၊ သန့်ရှင်းရေး ပြုလုပ်စစ်ဆေးခြင်း၊ အပူပေးခြင်း၊ ပြန်လည်ပြုပြင်ဆောင်ရွက်နေခြင်း၊ Insulation အဆင့်မြှင့် တင်ခြင်းနှင့် အပူပေးပြီး ရေနွေးငွေ့ထုတ်နေမှုအခြေအနေများအားလည်းကောင်း၊ Stator Coil များအား ဖြုတ်ထုတ်ခြင်း၊ သန့်ရှင်းရေးပြုလုပ်ခြင်း၊ အပူပေးခြင်း၊ Resistance Test စစ်ဆေးခြင်း၊ ပြန်လည်ပြုပြင်တပ်ဆင်ခြင်းနှင့် Insulation အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးနေမှုနှင့် စက်မှု/ လျှပ်စစ်ပိုင်းဆိုင်ရာပစ္စည်းများ ပြန်လည်တပ်ဆင်ဆောင်ရွက် ပြီးစီးနေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားခဲ့ပါသည်။

   အထက်ပေါင်းလောင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသည် ဓာတ်အားပေးစက် (၇၀) မဂ္ဂါဝပ် (၂) လုံးဖြင့် စုစုပေါင်း (၁၄၀) မဂ္ဂါဝပ်ကို ၂၃၀ ကေဗွီ အထက်ပေါင်းလောင်း-နန်ချို ဓာတ်အားလိုင်းဖြင့် နိုင်ငံတော်ဓာတ်အား ကွန်ရက်စနစ်အတွင်းသို့ တစ်နှစ်လျှင် လျှပ်စစ်ဓာတ်အား ၄၅၄ ကီလိုဝပ်နာရီသန်းခန့် ထုတ်လုပ်ပေးလျက်ရှိရာ ရာဂီမုန်တိုင်းအရှိန် ဖြင့် မိုးသည်းထန်စွာရွာသွန်း၍ တမံအတွင်း ရေဝင်ရောက်မှု များပြားပြီး ထူးကဲစွာ ရေ ဝင်ရောက်မှုကြောင့် ဓာတ်အားပေးစက်ရုံ အဆောက်အဦအတွင်း ဓာတ်အားပေးစက် အစိတ် အပိုင်းများ တပ်ဆင်ထားသည့် စက်ရုံမြေအောက်ထပ်များအားလုံးရေနစ်မြုပ်ခဲ့သည့်အတွက် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သဖြင့် ဓာတ်အားထုတ်လုပ်မှုများ ရပ်နားခဲ့ရပြီး ပြန်လည်ပြုပြင် တည်ဆောက်ခြင်းလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိရာ စက်ရုံအတွင်းမှ ရေများစုပ်ထုတ် ခြင်း၊ အထပ်လိုက် သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ ယာယီရေတားတမံ တည်ဆောက်ခြင်း၊ စက်ရုံ ရေထုတ်မြောင်းအတွင်းမှ ရေစုပ်ထုတ်ခြင်း၊ စက်ရုံအောက် ရေထုတ်ပြွန်များအတွင်းနှင့် ရေတံခါးအောက်ခြေမှ ရွှံ့နွံသဲနုန်းများ ဖယ်ရှားခြင်းနှင့် ဖိအားမြင့် သံမဏိပိုက်လိုင်းအောက် ခရုပတ်ခွေအတွင်းမှ ရွှံ့နွံသဲနုန်းများ ဖယ်ရှားခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးခဲ့ပြီး မြို့ပြ ပိုင်းဆိုင်ရာလုပ်ငန်းများ ၈၅ ရာခိုင်နှုန်းနှင့် ဓာတ်အားပေးစက် ၂ လုံး ပြန်လည်ပြင်ဆင်ခြင်း လုပ်ငန်းများ ၄၃ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကာ ဓာတ်အားအမြန်ပြန်လည်ထုတ်လုပ် ပေးနိုင်ရေး အရှိန်အဟုန်မြှင့်တင်၍ အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

   ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပေါင်းလောင်းမြစ်ပေါ်တွင် ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန၊ အမှတ်(၁) တည်ဆောက်ရေးမှ အကောင် အထည်ဖော်တည်ဆောက်လျက်ရှိသည့် အလယ်ပေါင်းလောင်း ရေအားလျှပ်စစ်စီမံကိန်းသို့ ရောက်ရှိပြီး စီမံကိန်းရှုရပ်မှနေ၍ စီမံကိန်းဆောင်ရွက်ထားရှိမှုအခြေအနေကို ကြည့်ရှုစစ်ဆေး ခဲ့ပါသည်။ ထို့နောက် တာဝန်ရှိသူများမှ စီမံကိန်းဆက်လက်ဆောင်ရွက်မည့်အခြေအနေကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးမှ စီမံကိန်းအား အမြန်ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေး မှာကြားခဲ့ပါသည်။ ၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စီမံကိန်းဧရိယာအတွင်းရှိ အလယ်ပေါင်းလောင်း မြစ်ကူးတံတား တည်ဆောက်ပြီးစီးမှုကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး မြစ်ရေစီးကြောင်း ကောင်းမွန်စွာ စီးဆင်းနိုင်ရေးအတွက် ယခုကတည်းကပင် လိုအပ်သည်များ ကြိုတင်ပြင်ဆင်လျာထားဆောင်ရွက်ရန် မှာကြားခဲ့ပါ သည်။   

   အလယ်ပေါင်းလောင်း ရေအားလျှပ်စစ်စီမံကိန်းသည် နေပြည်တော် ပျဉ်းမနားမြို့၏ အရှေ့မြောက်ဘက် (၂၆) မိုင်ခန့်အကွာ ပေါင်းလောင်းမြစ်ပေါ်တွင် ကွန်ကရစ်တမံ (RCC Dam) တည်ဆောက်ပြီး စုစုပေါင်းစက်တပ်ဆင်အင်အား (၁၆၆) မဂ္ဂါဝပ်ရှိ ဓာတ်အားပေး စက်ရုံ တပ်ဆင်တည်ဆောက်ကာ နှစ်စဉ်ပျမ်းမျှ လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း ၅၉၂ သန်း ထုတ်လုပ်ပြီး နိုင်ငံတော်ဓာတ်အားစနစ်နှင့် ချိတ်ဆက်၍ လျှပ်စစ်ဓာတ်အားများ ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ လက်ရှိအချိန်တွင် စီမံကိန်းလုပ်ငန်း တစ်ခုလုံး၏ ၈.၅၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ပြီး ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။                

Post under by : ဝန်ကြီးရုံး
17-May-2025