The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

မြန်မာနိုင်ငံအတွင်း Digital Meter များကို မည်ကဲ့သို့အစီအစဉ်ချ၍ တပ်ဆင်ရန်ဆောင်ရွက် နေသည်နှင့် ကျောက်တံတားမြို့နယ်အတွင်း မည်သည့်အချိန်တွင် တပ်ဆင်ပေးမည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

ဦးနေမျိုးထက်(ကျောက်တံတားမဲဆန္ဒနယ်) မှ မေးမြန်းချက်

မြန်မာနိုင်ငံတွင် အသုံးများသော မီတာအမျိုးအစားသည် Analog Meter ဖြစ်ပါကြောင်း၊ Analog Meter သည် မီတာ ယူနစ်မည်မျှသုံးသည်ကို လူကိုယ်တိုင်အိမ်အရောက် သွားရောက် ဖတ်ရှုရပါကြောင်း၊ Digital Meter တွင် OMR အမျိုးအစားသည် လူကိုယ်တိုင် မီတာအနီးသွားရောက်ဖတ်ရှုရသည့် HHU (Hand-Hand Unit)နှင့် AMR အမျိုးအစားသည် မီတာကို Control Centre က အချိန်နှင့် တစ်ပြေးညီ ဖတ်ရှုနိုင်သည့် အမျိုးအစားဟူ၍ (၂) မျိုးရှိပါကြောင်း၊ Analog Meter သုံးစွဲရာတွင် လူမနေသည့်အိမ်များ၊ ပိတ်ထားသည့် အိမ်များကိုဖတ်ရှုရာတွင် အခက်အခဲတွေ့ရခြင်း၊ ယူနစ်များ ရေးသွင်းရာတွင် ယူနစ်များပိုခြင်း၊ လိုခြင်းများဖြင့် ပိုဖတ်သွားတာတွေ၊ လူကြောင့် မှားယွင်းမှုများ ရှိနိုင်သကဲ့သို့ တိုင်ကြားခံရမှုများ လည်းရှိပါကြောင်း၊ ထို့အပြင် မီတာကို လိုက်လံဖတ်ရှုရသည့်အတွက် အချိန်များစွာ သုံးစွဲရပါကြောင်း၊ Digital Meter သုံးစွဲရာတွင် Control Room နေရာက ဖတ်ရှုရသည့် အတွက် အချိန်ကုန်သက်သာခြင်း၊ တိကျခြင်း၊ မီတာသုံးစွဲသည့် Record များ Data များရှိခြင်း၊ Computer Written တွေဖြစ်သည့်အတွက် မီတာခိုးယူသုံးစွဲမှုများ သိနိုင်ခြင်း၊ မသမာမှုများကို ပြုလုပ်၍ မရနိုင်ပါကြောင်း၊ ထို့အပြင် Analog Meter သုံးစွဲပါက အားကျဆင်းသော နေရာများတွင် မီတာ မလည်ခြင်း၊ ယူနစ်အပြည့်အဝ မရရှိခြင်းများ ရှိသော်လည်း Digital Meter ဆိုပါက ဗို့အား ကျဆင်းသော မီတာများတွင် Digital Meter မှ ဗို့အားမည်မျှရှိသည်နှင့် လျှပ်စစ်မည်မျှ ထုတ်ပေးနေ သည်ကို သိရှိနိုင်ပါကြောင်း၊ Analog Meter တွင် ယူနစ် မည်မျှတက်နေသည်ကို မသိနိုင်သော်လည်း Digital Meter များတွင် မိုဘိုင်းဖုန်းများကအစ ယူနစ်မည်မျှတက်သည်ကို သိရှိရခြင်း၊ မည်မျှ သုံးသည်ကို သိရှိရသည့်အပြင် မီတာခဆောင်ရာတွင်လည်း မိုဘိုင်းဖုန်းကနေတစ်ဆင့် ပေးဆောင်နိုင် ပါကြောင်း၊ ထို့ကြောင့် ပြည်သူလူထုများ လျှပ်စစ်သုံးစွဲမှုအဆင်ပြေရန်နှင့် ဓာတ်အားမပြတ်တောက် စေရန်အတွက် Digital များကို မည်ကဲ့သို့ ပြင်ဆင်နေပါသည်ကိုလည်းကောင်း၊ မည်သို့ Plan ချပြီး အစိုးရ ဝန်ကြီးဌာနနှင့်လဲလှယ်တပ်ဆင်နေသည်ကိုလည်းကောင်း၊ ကျောက်တံတားမြို့နယ်ကို Digital Meter တပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် တပ်ဆင်ပေးမည် ကို သိရှိ လိုပါကြောင်း မေးမြန်းပါသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဒေါက်တာထွန်းနိုင် မှ ဖြေကြားချက်

မြန်မာနိုင်ငံတွင် Digital Meter များကို ၂၀၁၂ ခုနှစ်ကစတင်ပြီး လဲလှယ်တပ်ဆင် အသုံးပြုလာခဲ့သည်မှာ ယနေ့အချိန်အထိDigital Meter လုံးရေပေါင်း ၁၂ သန်း ကျော် ကို တစ်နိုင်ငံလုံးတွင် တပ်ဆင် အသုံးပြုထားပြီးဖြစ်ပါကြောင်း၊ မူလအသုံးပြုနေသော Analog Meter များကိုပါ Digital Meter များအဖြစ် တစ်ပြိုင်နက် လဲလှယ်ရမည်ဆိုလျှင် နိုင်ငံ့ဘဏ္ဍာရန်ပုံငွေမြောက်များစွာ ကုန်ကျမည့်အနေအထားကို ချင့်ချိန်ရခြင်းဖြစ်ပါကြောင်း၊ Digital Meter များတွင် OMR Meter၊ AMIMeter များအပြင် တခြားသော မီတာစနစ်ပေါင်း၊ မျိုးကွဲပေါင်း နောက်ထပ်ငါးမျိုးခန့် ရှိပါကြောင်း၊ AMI Meter တွင်လည်းကောင်းကျိုးဆိုးကျိုးများရှိသည့်အတွက် နည်းပညာအသစ်များ ပေါ်ထွန်းလာချိန်တွင် ကောင်းကျိုး/ဆိုးကျိုး၏ Consequences များကိုပါ သိရှိဖို့လိုအပ်ပါကြောင်း၊ နည်းပညာများ၏နောက်ဆက်တွဲတွင် တခြားသော အားနည်းချက်များရှိပြီး Wave Money ကငွေလွှဲရာမှ ဖြစ်ပေါ်ခဲ့သည့် ဆုံးရှုံး နစ်နာမှုများကိုပါ ကြားသိပြီးဖြစ်မည်ဖြစ်ပါကြောင်း၊ထိုကဲ့သို့ဖြစ်စဉ်များဖြစ်ပေါ်လာပါ က နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေ မြောက်မြားစွာဆုံးရှုံးသွားနိုင်မည်ဖြစ်ပါကြောင်း၊ ကမ္ဘာ့နိုင်ငံ အသီးသီးကို လေ့လာပါကလည်း ဂျပန်နိုင်ငံမှာပင် လက်ရှိထိ Analog Meter များ ဆက်လက် အသုံးပြုနေဆဲဖြစ်ပြီး Digital Meter များလည်းအသုံးပြုပါကြောင်း၊ မီတာ ဖတ်စာရေးကို အိမ်တိုင်ရာရောက်သွားရောက် ဖတ်စေသည့်စနစ်ကို ကျင့်သုံးရသည့် အဓိကအကြောင်းအရင်းသည် မီတာကိုမည်ကဲ့သို့ မသမာမှုပြုထားသည်ကို မျက်မြင် ကိုယ်တွေ့စစ်ဆေးရန် လိုအပ်သည့်အတွက်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့တစ်နိုင်ငံလုံး တွင် သင့်တော်သည့်စနစ်များ မည်သို့ဆာင်ရွက်ရမည်ဆိုသည်နှင့် ပတ်သက်ပြီး ပြည်ထောင်စုဝန်ကြီး အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်အနှံ့များသို့ သွားရောက် ပါကြောင်း၊ တစ်နိုင်ငံလုံးတွင် ရှိကြသောပြည်သူများအနေဖြင့် လျှပ်စစ်ဓာတ်အား တိုးတက်သုံးစွဲလာနိုင်ရေးအတွက ပြည်နယ်အစိုးရများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးရာတွင် ၎င်းတို့ အနေဖြင့် ကျေးရွာတွေကို လျှပ်စစ်မီး ရောက်ရှိလာသည့်တိုင်အောင် မီးမသုံးနိုင်သေးသည့် ဘဝများကို ဆွေးနွေးကြပါကြောင်း၊ အဓိကအချက်သည် Meter Box ဖိုးပေးသွင်းရသည့် တန်ကြေးကို မသွင်းနိုင်ခြင်းဖြစ်သည်ကိုလည်း နိုင်ငံ့အကြီးအကဲများ ကိုယ်တိုင် ယင်းသို့ ခရီးစဉ်များတွင် သိရှိလာခဲ့ပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် အကြီးအကဲများက Digital Meter စနစ်ကို 4 Meter System ဖြင့် ဆောင်ရွက်ရန် မူဝါဒချမှတ် ပေးခဲ့ခြင်း ဖြစ်ပါကြောင်း၊ ယင်းမူဝါဒအရ ဓာတ်အားယူနစ် အနည်းငယ်သာသုံးစွဲမည့် ကျေးရွာ များတွင် ဈေးနှုန်းသက်သာသည့် 5(30) Amp Digital Meter စနစ်ကိုလည်းကောင်း၊ မြို့ငယ်များအတွက် ဈေးနှုန်းသင့်တင့်သက်သာသည့် Radio အဝေးထိန်းစနစ်နှင့် ဖတ်ရှု နိုင်သော 5(30) Amp Digital Meter ကိုလည်းကောင်း၊ မြို့ကြီးများတွင် (10) (60) Amp ရေဒီယိုအဝေးထိန်း စနစ် Digital Meter ကိုလည်းကောင်း၊ စက်မှုနဲ့ စီးပွားရေး လုပ်ငန်း Power Meter သုံးစွဲသူများအတွက် (10)(80) Digital Amp Meter များကိုလည်းကောင်း သုံးစွဲဆောင်ရွက်ရန် မူဝါဒချပေးခဲ့သည့်အတွက် အဆိုပါစနစ် အတိုင်း ဝန်ကြီးဌာနက Digital Meter များ၊ စနစ်များကို ဆောင်ရွက်နေပြီ ဖြစ်ပါကြောင်း၊ ကျောက်တံခါးမြို့နယ်၏ Analog Meter တပ်ဆင်ထားမှုသည် ၁၃၀၀၀ ကျော်ကျန်ရှိပြီး ယင်းမီတာများကို နှစ်အလိုက် Digital Meter များနှင့် အစားထိုး လဲလှယ်တပ်ဆင် ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။

ဦးနေမျိုးထက်(ကျောက်တံတားမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်းအား မေးမြန်းပါသည်။

မိမိတို့မြို့ထဲတွင် မီတာပုံးများသည် ပျက်စီးယိုယွင်းလျက်ရှိပြီး မီတာပိုကောက်သည့် ကိစ္စရပ်များ အပေါ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက ဆောင်ရွက်ပေးနေရပါကြောင်း၊ မြို့တိုင်း၊ မြို့နယ်တိုင်းတွင် မီးမရသေးသည့်နေရာများကို မီးရအောင်ဆောင်ရွက်သကဲ့သို့ မီးရပြီးဖြစ်သည့် နေရာများကိုလည်း Maintenance ဆက်လက်ပြုလုပ်ရန်လိုအပ်ပါကြောင်း၊ Pilot Project လေးတွေကို မိမိမြို့နယ်တွင် ရပ်ကွက် ကိုးခုရှိသည့်အနက် ရပ်ကွက် ၁ ခုကို Pilot Project စတင်ဆောင်ရွက်ပေးမည့် အချိန်ကို သိရှိလိုပါကြောင်း၊ မြို့နယ်များတွင် YESC ကInvestment Plan တွေရေးဆွဲရာတွင်လည်း တချို့ကိစ္စများသည် ပြည်သူများလိုအပ်ချက်နှင့် ကွာဟနေသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် Investment Plan တွေရေးဆွဲရာတွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် ပူးပေါင်းဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဒေါက်တာထွန်းနိုင် မှ ဖြေကြားချက်

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် လျှပ်စစ်ဓာတ်အားပေးခြင်း၊ ဖြန့်ဖြူးခြင်းလုပ်ငန်း ကို တာဝန်ယူဆောင်ရွက်ရသည်ဆိုသော်ငြားလည်း ဓာတ်တိုင်မှ အိမ်အထိရောက်လာ သည့် မီးကြိုးအထိသာ တာဝန်ရှိပါကြောင်း၊ မီတာပုံးကနေ အိမ်ထဲကိုသွားသည့် ဝါယာကြိုးများသည် ဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များမဟုတ်ဘဲ ဝန်ကြီးဌာနဝန်ထမ်း များသည်လည်း ယင်းကိစ္စရပ်များအပေါ် ဆောင်ရွက်ခွင့်မရှိကြောင်းကို ဥပဒေအရ ကန့်သတ်ထားပါကြောင်း၊ မီတာ Box များ ပျက်စီးနေသည်ကို သိရှိရသည့်အတွက် သက်ဆိုင်ရာတာဝန်ရှိ YESC ကိုလည်း ညွှန်ကြားမည်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ အိမ်ရှင်များ၏ တာဝန်လည်းရှိပါကြောင်း၊ သို့သော် စက်မှုဝန်ကြီးဌာနနှင့် YESC ကို ပေါင်းစပ်ညှိနှိုင်းပြီး ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ အိမ်၏ ဝါယာကြိုးမှ အိမ်ထဲသို့ သွားသည့် ဝါယာကြိုးသည် အိမ်ရှင်၏ လုပ်ငန်းတာဝန်တွေဖြစ်သည့်အတွက် အိမ်ရှင် များက ယင်းကြိုးများကို ပြန်ရှင်းပေးရန်လိုအပ်သည့်အတွက် ပြည်သူနှင့်ဆွေးနွေးပြီး ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ Digital မီတာ လဲလှယ်တပ်ဆင်ရန်သည် နိုင်ငံ့ အကြီးအကဲကိုယ်တိုင်က ချမှတ်ပေးထားသည့် မူဝါဒအတိုင်း ဆက်လက်ဆောင်ရွက် ပေးမည်ဖြစ်ပါကြောင်း၊ Pilot Project နှင့်သက်ဆိုင်သည့် မေးခွန်းသည် မူလမေးခွန်းနှင့် အကြုံးမဝင်ပါကြောင်းနှင့် ဆောင်ရွက်ချင်သည့်ရည်ရွယ်ချက်ကို ဝန်ကြီးဌာနသို့ အဆိုပြု တင်ပြပြီး ဝန်ကြီးဌာန၏ အမှုဆောင်ကော်မတီအစည်းအဝေးက စဉ်းစား ဆောင်ရွက်ရ မည်ဖြစ်ပါကြောင်း၊ ယခုအခြေအနေအရ နိုင်ငံတော် အကြီးအကဲများက ချမှတ် ပေးထား တဲ့ 4 Meter Digital System နှင့်အတူ တစ်နိုင်ငံလုံးတစ်‌ပြေးညီ ကျောက်တံတား မြို့နယ်ကိုလည်း အဆင့်အလိုက် ဆောင်ရွက်ပေးသွားမယ်ဖြစ်ပါကြောင်း ပြန်လည် ရှင်းလင်း ဖြေကြားပါသည်။

Source: httpss://www.pyithu.hluttaw.mm/question-2443

23-May-2018