The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

မြန်မာ-ဒိန်းမတ် နှစ်နိုင်ငံ ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာအရ ပေးအပ်ခဲ့သော သင်တန်းများအတွက် သင်တန်းဆင်းလက်မှတ် ပေးအပ်ခြင်း အခမ်းအနား ကျင်းပပြုလုပ်

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ (၁၀)ရက်

              မြန်မာ-ဒိန်းမတ် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာအရ ပေးအပ်ခဲ့သော သင်တန်းများအတွက် သင်တန်းဆင်း လက်မှတ် ပေးအပ်ခြင်း အခမ်းအနားကို ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၁၀) ရက်နေ့၊ ၁၅:၀၀ နာရီအချိန်တွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၊ ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

               အခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဒုတိယ ဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံအမတ်ကြီး H.E. John Nielsel၊ အမြဲတမ်းအတွင်းဝန်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ဦးစီးဌာန/ လုပ်ငန်းများမှ ဌာနအကြီးအမှူးများ၊ World Wide Fund- Myanmar မှ Country Director Mr. Nicolas Cox နှင့် တာဝန်ရှိသူများ၊ သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။

              အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာ၌ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံရှိ ပြည့်ဖြိုးမြဲစွမ်းအင် အရင်းအမြစ်များကို ထိရောက်စွာအသုံးချ၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရန်အတွက် စွမ်းအင်ပေါင်းစပ်မှုအချိုးတွင် ပြန်ပြည့်မြဲစွမ်းအင်ကို တိုးမြှင့်အသုံးချနိုင်ရေး ရည်မှန်းဆောင်ရွက်လျက်ရှိရာ မြန်မာ-ဒိန်းမတ် နှစ်နိုင်ငံအကြား Memorandum of Understanding between Ministry of Electricity and Energy, the Republic of the Union of Myanmar and the Embassy of Denmark in Yangon for Myanmar-Denmark Twinning Program on Renewables ကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊ အဆိုပါ နားလည်မှုစာချွန်လွှာအရ လေအားလျှပ်စစ်ဆိုင်ရာ ဆက်နွယ် နည်းပညာ သင်တန်းများဖြစ်သည့် Post –Graduate Training Program ၊ Internship Training ၊ Forecasting Procedure, Operational Procedure and Tools Training ၊ Wind Technical Standards and Grid Codes Training နှင့် Wind Power Project Cost Analysis Training တို့ကို ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း၊ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနအနေဖြင့် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒများ ချမှတ်အကောင်အထည်ဖော်ရာတွင် မြန်မာနိုင်ငံ၏ ရေရှည် တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း ( Myanmar Sustainable Development Plan – MSDP)တွင် ပါဝင်သည့် ရည်မှန်းချက်များ၊ မဟာဗျူဟာများ၊ လုပ်ငန်းစဉ် များနှင့်အညီ လိုက်လျောညီထွေ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော် အစိုးရမှလည်း ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာမူဝါဒ၊ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် ပြန်ပြည့်မြဲစွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ရေတို/ရေရှည် စီမံချက်များ ရေးဆွဲပြဌာန်းနိုင်ရန် ကြီးကြပ်ဆောင်ရွက်ပေးခြင်း၊ ပြန်ပြည့်မြဲစွမ်းအင်ကဏ္ဍတွင် ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများ တိုးမြင့်လာစေရေး၊ ပြန်ပြည့်မြဲစွမ်းအင် အရင်းအမြစ်များ အသုံးချမှု ပိုမိုမြင့်မားလာစေရေးနှင့် ပြန်ပြည့်မြဲစွမ်းအင်နည်းပညာများ ဖွံ့ဖြိုးတိုးတက် စေရေးတို့အတွက် ပံ့ပိုးကူညီဆောင်ရွက်ပေးခြင်း၊ ပြန်ပြည့်မြဲစွမ်းအင်မှ ထုတ်လုပ်သော ဓာတ်အားကို နိုင်ငံတော်ဓာတ်အားစနစ်နှင့် ချိတ်ဆက်နိုင်ရေး ကိစ္စရပ်များနှင့် ဓာတ်အားဝယ်ယူခြင်းဆိုင်ရာ ကိစ္စရပ်များအတွက် ညှိနှိုင်းဆောင်ရွက်ခြင်း၊ သက်ဆိုင်ရာ ပြန်ပြည့်မြဲ စွမ်းအင်ကဏ္ဍအလိုက် ဦးစားပေးဆောင်ရွက်ရမည့် သုတေသနနှင့် ဖွံ့ဖြိုးမှုလုပ်ငန်းများကို သတ်မှတ်ရွေးချယ်ပြဌာန်းခြင်းစသည်တို့အား ဆောင်ရွက်နိုင်ရန် အမျိုးသား အဆင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာကော်မတီကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၆) ရက်နေ့တွင် ဖွဲ့စည်းပေးခဲ့ပါကြောင်း၊ မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားရရှိမှုမှာ ၂၀၁၆ ခုနှစ်၊ မတ်လတွင် တစ်နိုင်ငံလုံးရှိ အိမ်ထောင်စု စုစုပေါင်း၏ ၃၄ ရာခိုင်းနှုန်းသာ ရှိခဲ့ရာမှ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလတွင် ၅၀ ရာခိုင်းနှုန်းကျော်အထိ ဖြန့်ဖြူးပေးထားနိုင်ပြီဖြစ် ကြောင်း၊ ၂၀၃၀ ပြည်နှစ်တွင် တစ်နိုင်ငံလုံးသို့ လျှပ်စစ်ဓာတ်အား အပြည့်အဝ ဖြန့်ဖြူးပေးနိုင်ရေးအတွက် ရည်မှန်းချက်ထား အကောင် အထည်ဖော်ဆောင်ရွက်လျက် ရှိပါကြောင်း၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကဏ္ဍတွင် ပြည်တွင်းရှိ ရနိုင်သမျှသော စွမ်းအင်အရင်းအမြစ်များကိုသုံးစွဲ၍ ဓာတ်အားထုတ်လုပ်ရာ၌ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု အလွန်နည်းသည့် ပြန်ပြည့်မြဲစွမ်းအင်ပါဝင်မှု အချိုးကိုလည်း တိုးမြှင့်နိုင်ရန် ဆောင်ရွက် လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံအတွင်း နေရောင်ခြည်စွမ်းအင်၊ လေစွမ်းအင်နှင့် အခြားသော ပြန်ပြည့်မြဲစွမ်းအင် အရင်းအမြစ်များရှိသည့်အနက်  နေရောင်ခြည် စွမ်းအင်မှ ပထမဆုံး Utility Scale အဖြစ် မင်းဘူး ဒေသတွင် ၄၀ မဂ္ဂါဝပ် နေရောင်ခြည် စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံမှ  ထုတ်လုပ်သည့်ဓာတ်အားကို နိုင်ငံတော်ဓာတ်အား စနစ်သို့ ချိတ်ဆက်၍ ဓာတ်အားဖြန့်ဖြူးပေးလျက် ရှိပါကြောင်း၊ ယုံကြည်စိတ်ချရသော လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရေးအတွက် ပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံးဖြစ်သည့် အရင်းအမြစ်များနှင့် အခြားအရင်းအမြစ်များကို အချိုးညီညီ အကောင် အထည်ဖော်နိုင်ရန် လိုအပ်ပါကြောင်း၊ ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားရရှိရေး ကြိုးပမ်းဆောင်ရွက်ရာ၌  ပြန်ပြည့်မြဲစွမ်းအင် ပါဝင်မှုအချိုးကိုလည်း တိုးမြှင့်နိုင်ရန် ရည်မှန်း ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် လေစွမ်းအင်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မည့် အရင်းအမြစ်များစွာရှိသဖြင့် ဒိန်းမတ်နိုင်ငံမှ ပေးအပ်သည့် သင်တန်းများအလိုက် တက်ရောက်ခဲ့ကြ သည့် အင်ဂျင်နီယာနှင့် ဘဏ္ဍာရေး သင်တန်းသား/ သူများအနေဖြင့်  သင်တန်းခေါင်းစဉ်များအလိုက် ဗဟုသုတ၊ အတွေ့အကြုံကောင်း များစွာရရှိခဲ့ကြောင်း၊ အနာဂတ်ကာလတွင် လေအားလျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ရာ၌ အထောက်အကူ များစွာရရှိခဲ့ကြောင်း၊ သင်တန်း ပို့ချပေးခဲ့မှုအတွက် ဒိန်းမတ်နိုင်ငံအစိုးရနှင့် မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံးမှ သံအမတ်ကြီးနှင့် တာဝန်ရှိသူများ နှင့် World Wide Fund- Myanmar (WWF) တို့အား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

           ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံအမတ်ကြီး H.E. John Nielsel က နားလည်မှု  စာချွန်လွှာ (MOU) အရ ပေးအပ်ခဲ့သည့် သင်တန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီးမှ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဆိုင်ရာ အဆင့်မြင့်ဘာသာရပ်သင်တန်း တက်ရောက်ခဲ့သူ (၂) ဦးအားလည်းကောင်း၊ ဒုတိယဝန်ကြီးများမှ လုပ်ငန်းခွင်လက်တွေ့လေ့လာ ဆောင်ရွက်ခဲ့မှု၊ စီမံကိန်းများ ကြိုတင် ဆန်းစစ်မှု၊ စီမံကိန်းအကောင်အထည်ဖော်မှုဆိုင်ရာသင်တန်း တက်ရောက်ခဲ့သူ (၁၂) ဦး အားလည်းကောင်း၊ မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံအမတ်ကြီး H.E. John Nielsel နှင့် World Wide Fund- Myanmar မှ Country Director Mr. Nicolas Cox တို့က လေအား လျှပ်စစ်နည်းစနစ်စံနှုန်းများနှင့် လျှပ်စစ်ကွန်ရက်စနစ်၊ လေအားလျှပ်စစ်စီမံကိန်း/ ဘဏ္ဍာရေး ဆိုင်ရာ ဆန်းစစ်မှုဘာသာရပ်သင်တန်း တက်ရောက်ခဲ့သူ (၁၈) ဦးအားလည်းကောင်း သင်တန်းဆင်း လက်မှတ်များ အသီးသီး ပေးအပ်ခဲ့ကြပါသည်။

Post under by : ဝန်ကြီးရုံး
10-Feb-2020