၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ( ၁၉ ) ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး (စွမ်းအင်) ဒေါက်တာထွန်းနိုင် သည် ဌာန ဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ပဲခူးတိုင်း ဒေသကြီး၊ ရွှေတောင်မြို့ရှိ မြန်မာ့ရေနံနှင့်သဘာဝ ဓာတ်ငွေ့လုပ်ငန်း၏ ပြည်ရေနံမြေနှင့် မကွေး တိုင်းဒေသကြီး၊ အောင်လံမြို့နယ်ရှိ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၏ အမှတ်(၃)ဓာတ်မြေသြဇာ စက်ရုံ(ကျော်စွာ)တို့သို့ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
နံနက်ပိုင်းတွင် ပြည်ရေနံမြေအစည်းအဝေးခန်းမ၌ ရေနံမြေခေတ္တအထွေထွေ မန်နေဂျာမှ ရေနံမြေဆိုင်ရာအချက်အလက်များအား ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက မြေအောက် ဘူမိ အနေအထားများအား တိကျစွာခန့်မှန်းနိုင်ရေးအတွက် ပိုမိုကောင်းမွန်သော ခေတ်မီနည်းပညာ များ အသုံးပြု၍ ဆိုက်စမစ်တိုင်းတာခြင်းလုပ်ငန်းများအား ဆောင်ရွက်ရန် လိုအပ်ကြောင်းနှင့် ရေနံအထွက်နှုန်း တိုးတက်စေရေးအတွက် တွင်းသစ်တူးဖော်ခြင်းနှင့် တွင်းပြုပြင်ရေးလုပ်ငန်း များကို ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။
ပြည်ရေနံမြေသည် ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်အတွင်း တည်ရှိပြီး ၁၉၆၅ ခုနှစ်တွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ စတင်ထုတ်လုပ်ခဲ့ရာ ၁၉၉၄ ခုနှစ်တွင် တစ်နေ့လျှင် ရေနံစိမ်း ၂၅၆၃ စည်နှင့် ၁၉၉၈ ခုနှစ်တွင် တစ်နေ့လျှင် သဘာဝ ဓာတ်ငွေ့ ၂၅.၆၁၈ ကုဗပေသန်းအထိ အများဆုံးထုတ်လုပ်ပေးနိုင်ခဲ့ပါသည်။ ထုတ်လုပ်မှုသက်တမ်း ကြာမြင့်ပြီဖြစ်သောကြောင့် ယခုအခါ ရေနံနှင့်သဘာဝ ဓာတ်ငွေ့တွင်းပေါင်း(၁၅)တွင်းမှ တစ်နေ့လျှင် ရေနံစိမ်းစည် ၁၁၂ စည် နှင့် သဘာဝဓာတ်ငွေ့ ၀.၀၇၈၃ ကုဗပေသန်း ထုတ်လုပ်ပေးလျက်ရှိပြီး ရေနံနှင့်သဘာဝဓာတ်ငွေ့ အထွက်နှုန်း တိုးတက်စေရေးအတွက် လုပ်ငန်းစီမံချက်များ စနစ်တကျရေးဆွဲ အကောင်အထည် ဖော်၍ ကြိုးစားရှာဖွေဖော်ထုတ်လျက်ရှိကြောင်း သိရပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပြည်ရေနံမြေတွင် National 55/6 တွင်း တူးစက်ဖြင့် တွင်းသစ်တူးဖော်ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ရှင်းလင်းဆောင်တွင် သက်ဆိုင်ရာအရာရှိများမှ တွင်းတူးဖော်မှုဆိုင်ရာကိစ္စရပ်များအား ရှင်းလင်း တင်ပြပါသည်။ ဒုတိယဝန်ကြီးက ယခုကဲ့သို့ တွင်းတူးဖော်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ရည်မှန်းချက် ပေအနက်အား သတ်မှတ်ရက်အတွင်း အောင်မြင်စွာ တူးဖော်ပေးခဲ့ကြသော အရာထမ်း၊ အမှုထမ်း ဝန်ထမ်းများအား ချီးကျူးဂုဏ်ပြုပါကြောင်း၊ နောက်နောင် တူးဖော်မည့် တွင်းများတွင်လည်း ယခုလို အောင်မြင်အောင် ကြိုးစားပေးစေလို ပါကြောင်း မှာကြားပါသည်။ ထို့နောက် တွင်းတူးလုပ်သားများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ၍ လိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း လက်အောက် ရှိ အမှတ်(၃)ဓာတ်မြေသြဇာစက်ရုံ(ကျော်စွာ)သို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။ စက်ရုံ အစည်းအဝေးခန်းမတွင် စက်ရုံမှူးမှ စက်ရုံသမိုင်းကြောင်းနှင့် စက်ရုံအဆင့်မြှင့်တင်ပြီး ပြန်လည် လည်ပတ်ပါက ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် အခြေအနေများအား ရှင်းလင်းတင်ပြပြီး ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်မြင့်မှ စက်ရုံအား ပြန်လည် လည်ပတ်နိုင်ရန်အတွက် စက် အစိတ်အပိုင်း အချို့အား မွမ်းမံပြင်ဆင်ရန် လိုအပ်မှုနှင့် သဘာဝဓာတ်ငွေ့ရရှိပါက စက်ရုံ လည်ပတ် ထုတ်လုပ်နိုင်မည့် အခြေအနေများအား ဖြည့်စွက်ရှင်းလင်းတင်ပြပါသည်။ တင်ပြမှု များအပေါ် ဒုတိယဝန်ကြီးမှ စက်ရုံပြန်လည် လည်ပတ်နိုင်ရေးအတွက် စက်ရုံရှိ စက်ပစ္စည်းများ အား ကြံ့ခိုင်ကောင်းမွန်စေရေး ပြုပြင်ထိန်းသိမ်းဆောင်ရွက်ထားကြရန်၊ အနာဂတ်တွင် စက်ရုံအား စီးပွားရေးတွက်ခြေကိုက်သည့် ဓာတ်မြေသြဇာ စက်ရုံအဖြစ် ပြောင်းလဲ တည်ဆောက် ရန် လျာထားဆောင်ရွက်လျက်ရှိသည့်အတွက် ဝန်ထမ်းများအနေဖြင့် ခေတ်နှင့်အညီပြောင်းလဲ နေသော နည်းပညာများကို စဉ်ဆက်မပြတ် လေ့လာသင်ယူထားရန် လမ်းညွှန်မှာကြားခဲ့ပါသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စက်ရုံဗဟိုထိန်းချုပ်ရေးစက်ခန်းနှင့် စက်ရုံ အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများမှ ရှင်းလင်းတင်ပြကြပြီး ဒုတိယဝန်ကြီးက လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။
အဆိုပါ အမှတ် (၃) ဓာတ်မြေသြဇာစက်ရုံ(ကျော်စွာ)သည် မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၊ ကျော်စွာကျေးရွာအနီး ဧရာဝတီမြစ်အရှေ့ဖက်ကမ်းတွင် တည်ရှိပြီး ၁၉၈၄-၁၉၈၅ ခုနှစ်မှစ၍ ဓာတ်မြေသြဇာများ လည်ပတ်ထုတ်လုပ်ခဲ့ရာ ၂၀၁၁ ခုနှစ်တွင် သဘာဝ ဓာတ်ငွေ့ရရှိမှု ကန့်သတ်ချက်အရ ရပ်ဆိုင်းထားခဲ့ရပြီး ယခုအခါ ပြည်တွင်းသုံးစွဲမှု တိုးမြင့် လာသော ဓာတ်မြေသြဇာလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရေးအတွက် ရွှေကမ်းလွန်စီမံကိန်းမှ သဘာဓာတ်ငွေ့ကိုရယူကာ လက်ရှိစက်ရုံကို ပြန်လည်ပြုပြင်မွမ်းမံ၍ လည်ပတ်ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိပါသည်။