The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

အမျိုးသားအဆင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာကော်မတီ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၀) ကျင်းပပြုလုပ်

၂၀၂၀ ပြည့်နှစ်၊ မတ်  (  ၁၇  )  ရက်

              အမျိုးသားအဆင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာကော်မတီ တတိယအကြိမ် လုပ်ငန်း ညှိနှိုင်း အစည်းအဝေး (၁/၂၀၂၀) ကို ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၇ ရက်နေ့၊ ၁၃:၀၀ နာရီ အချိန်တွင် လျှပ်စစ် နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

              အဆိုပါအစည်းအဝေးသို့ အမျိုးသားအဆင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးနှင့် ကော်မတီအဖွဲ့ဝင်များ  တက်ရောက်ခဲ့ကြပါသည်။

              ရှေးဦးစွာ အမျိုးသားအဆင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာကော်မတီ ဥက္ကဋ္ဌ၊ လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့ အစည်းအဝေးသည် အမျိုးသားအဆင့်ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာကော်မတီ၏ တတိယအကြိမ်မြောက် အစည်းအဝေးလည်းဖြစ်ပါကြောင်း၊ အမျိုးသားအဆင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာကော်မတီကို နိုင်ငံတော်သမ္မတရုံးက ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ဖွဲ့စည်းပေးခဲ့ကာ ကော်မတီ၏ ပထမအကြိမ် အစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ မတ်လ ၁ ရက်နေ့တွင် ကျင်းပခဲ့ပြီး ယင်း အစည်းအဝေးတွင် ကော်မတီ ဖွဲ့စည်းထားရှိမှုအခြေအနေ၊ ပြန်ပြည့်မြဲစွမ်းအင်ကဏ္ဍ၏ လက်ရှိ အခြေအနေများ၊ ရှေ့လုပ်ငန်းစဉ်များကို သတ်မှတ်ဆွေးနွေးနိုင်ခဲ့ပါကြောင်း၊ ကော်မတီ၏ ဒုတိယ အကြိမ် အစည်းအဝေးကိုလည်း ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်နေ့တွင် ကျင်းပနိုင်ခဲ့ကာ အမျိုးသားအဆင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာကော်မတီ၏ လုပ်ငန်းများကို အထောက်အကူပြု နိုင်ရန် လုပ်ငန်းအဖွဲ့ (Working Groups) များ ဖွဲ့စည်းသွားမည့်ကိစ္စရပ်များ၊ လက်ရှိ အကောင် အထည်ဖော် ဆောင်ရွက်နေသည့် ပြန်ပြည့်မြဲစွမ်းအင်စီမံကိန်းများ၊ လက်ခံရရှိထားသည့် ပြန်ပြည့်မြဲ စွမ်းအင်စီမံကိန်း အဆိုပြုချက်များနှင့်ပတ်သက်ပြီး သုံးသပ်ဆွေးနွေးတင်ပြခဲ့သည့်အပြင် ပြန်ပြည့်မြဲ စွမ်းအင်စီမံကိန်းများ ဆောင်ရွက်ရာ၌ လျှပ်စစ်ဥပဒေနှင့် လိုက်လျောညီထွေရှိမှုအပေါ် သုံးသပ် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ မိမိတို့အနေဖြင့် Energy Mix တွင် ပြန်ပြည့်မြဲစွမ်းအင်ပါဝင်မှုကို မြှင့်တင်သွားနိုင်ရန်နှင့် ပြန်ပြည့်မြဲစွမ်းအင် အရင်းအမြစ်များကို အကျိုးရှိထိရောက်စွာ အသုံးပြု နိုင်ရေး ရည်ရွယ်ဆောင်ရွက်နေပါကြောင်း၊ တစ်ဖက်တွင်လည်း ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့ မှစပြီး လျှပ်စစ်ဓာတ်အားခနှုန်းထားများကို ပြောင်းလဲသတ်မှတ်လိုက်သည့်အတွက် Energy Saving နှင့်ပတ်သက်ပြီး အများပြည်သူ၏ awareness ကို မြှင့်တင်ပေးလိုက်နိုင်သည့်အပြင် ပြန်ပြည့်မြဲ စွမ်းအင်ကဏ္ဍအတွက် သာမက ရေအား၊ အပူစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း စသည့် ကဏ္ဍအသီးသီး၌ ရင်းနှီးမြှုပ်နှံလိုသူများ၏ စိတ်ဝင်စားမှု တိုးတက်များပြားလာခဲ့ပါကြောင်း၊ မိမိတို့ အနေဖြင့်လည်း တိုင်းပြည်တွင် တည်ရှိနေသည့် ရေအားအရင်းအမြစ်များကို ထိရောက်စွာ အသုံးပြုနိုင်ရန်အတွက် ရေအားလျှပ်စစ်စီမံကိန်းများကိုလည်း ဆက်လက်ဆောင်ရွက်လျက် ရှိပါကြောင်း၊ သို့ရာတွင် ရေအားလျှပ်စစ်စီမံကိန်းများသည် တည်ဆောက်မှုကာလရှည်လျားသည့် နှစ်ရှည်စီမံကိန်းများ ဖြစ်ပြီး၊ လက်ရှိဆောင်ရွက်ဆဲ စီမံကိန်းများအနက် လာမည့် ၃ နှစ်အတွင်း မဂ္ဂါဝပ် ၅၀၀ ခန့် ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ ထို့အပြင် တိုင်းပြည်၏ တိုးမြှင့်လာသည့် လျှပ်စစ် ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်အတွက် ရေတိုအစီအမံအနေဖြင့် အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ ၇ ရုံမှ စုစုပေါင်း ၁၁၆၆  မဂ္ဂါဝပ် ထုတ်လုပ်နိုင်ရန် စီမံဆောင်ရွက်ခဲ့ပြီး မကြာမီ စတင်လည်ပတ်နိုင်တော့မည်ဖြစ်ပါကြောင်း၊ ပြန်ပြည့်မြဲ စွမ်းအင်ကဏ္ဍမှလည်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်စေရန် အမျိုးသားအဆင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာကော်မတီကို ဖွဲ့စည်းပြီးနောက်ပိုင်းတွင် ပြန်ပြည့်မြဲစွမ်းအင်စီမံကိန်းများ၏ အဆိုပြုချက်များ လက်ခံရရှိမှုအရ ဆိုလာအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ် ၈ ခုတွင် စီမံကိန်း ၆၁ ခုမှ စုစုပေါင်း တပ်ဆင်အင်အား ၅၇၄၆.၃၇ မဂ္ဂါဝပ်၊ လေအားအတွက် တိုင်းဒေသကြီး ၄ ခုတွင် အဆိုပြုစီမံကိန်း ၇ ခုမှ စုစုပေါင်း ၁၁၆၃ မဂ္ဂါဝပ်နှင့် Biomass အတွက် စုစုပေါင်း တပ်ဆင်အင်အား ၂၀၀ မဂ္ဂါဝပ်ရှိမည့် စီမံကိန်း ၆ ခုကို တိုင်းဒေသကြီးနှင့် ပြည်နယ် ၄ ခုတွင် ဆောင်ရွက်ရန် အဆိုပြုထားပါကြောင်း၊ ဆိုလာစီမံကိန်း အဆိုပြုချက်များတွင် PV + agriculture, PV+ fishery, PV+ hydro, PV+ Co-generation စသည်ဖြင့် ဆန်းသစ်တီထွင်အစီအစဉ်များဖြင့် အဆိုပြုထားပြီး၊ တစ်ယူနစ်ရောင်းစျေးကိုလည်း ဌာန၏မျှော်မှန်းချက်နှင့် နီးစပ်စွာ အဆိုပြုတင်ပြခဲ့ပါကြောင်း၊ မိမိတို့အနေဖြင့် အဆိုပါစီမံကိန်း များကို သုံးသပ်ရာ၌ Location, technology, design, installed capacity အနီးဆုံးနေရာတွင် တည်ရှိသည့် ဓာတ်အားခွဲရုံ၊ ဆိုလာစီမံကိန်းမှ ဓာတ်အားထုတ်လုပ်မှုကို လိုက်လံထိန်းညှိရန် အသုံးပြု မည့် အနီးဆုံး Based Load စက်ရုံ၊ ESIA အရ သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင် အပေါ် သက်ရောက်နိုင်မှုတို့အပေါ် မူတည်သုံးသပ်ခြင်းဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် 2021 Energy mix တွင် ပြန်ပြည့်မြဲစွမ်းအင်ကို ကဏ္ဍတစ်ခုအထိ ရောက်ရှိအောင် ရည်ရွယ်ဆောင်ရွက်လျက် ရှိကြောင်း၊ ထို့အပြင် မိမိတို့၏ ၂၀၃၀ တစ်နိုင်ငံလုံး လျှပ်စစ် ဓာတ်အားရရှိရေး ရည်မှန်းချက်များကို ပြည့်မီရေးအတွက်လည်း ကာလတို/ ကာလလတ်/ကာလရှည် အစီအမံများ ချမှတ်ဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ဆောင်ရွက်ရာတွင် သက်ဆိုင်သူအားလုံး၏ အားစိုက် ဆောင်ရွက်မှု၊ သက်ဆိုင်ရာဌာန အဖွဲ့အစည်းများ၊ ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုများကြောင့် မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားကဏ္ဍသည် လျင်လျင်မြန်မြန် ဖွံ့ဖြိုးတိုးတက်နေပြီး၊ တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားအသုံးပြုနိုင်မှုသည် ၂၀၁၆ ခုနှစ်တွင် ၃၄% ရှိခဲ့ရာမှ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် ၅၀%၊ ဆက်လက်ပြီး ၂၀၂၀ ပြည့်နှစ်တွင် ၅၅% အထိ အသီးသီး တိုးမြင့်အောင်ဆောင်ရွက် နေပါကြောင်း၊ မိမိတို့၏ ပင်မရည်မှန်းချက်ဖြစ်သည့် ၂၀၃၀ ပြည့်နှစ်တွင် ၁၀၀ % ရရှိရေးအတွက် ကိုလည်း နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှုနှင့်အညီ ဝန်ကြီးဌာနအနေဖြင့် စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ထို့အပြင် မကြာခင်ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီး၏ electrification rate သည် ၁၀၀% အထိ ရောက်ရှိတော့မည် ဖြစ်သည့်အပြင် တစ်ဖက်တွင်လည်း မြန်မာနိုင်ငံ၏ ဝေးလံခေါင်ဖျား ဒေသများဖြစ်သည့် မြဝတီ၊ ကော့ကရိတ်၊ ဘားအံ စသည့်နေရာဒေသများအထိ လျှပ်စစ်မီး ရောက်ရှိအောင် ဌာနအနေဖြင့် စွမ်းဆောင်ထားနိုင်ပြီဖြစ်ပါကြောင်း၊ ထို့အပြင် မိုင်းပြင်း၊ ကျိုင်းတုံ၊ ကလေး၊ မော်လိုက် စသည့်ဒေသများသို့လည်း မကြာခင် ၂၃၀ ကေဗွီ ဓာတ်အားလိုင်းဖြင့် လျှပ်စစ်ဓာတ်အားရောက်ရှိနိုင်တော့မည်ဖြစ်ပြီး မိမိတို့အနေဖြင့် ရေး - ထားဝယ် ဓာတ်အားလိုင်း ကိုလည်း မကြာခင် စတင်အကောင်အထည်ဖော် ဆောင်ရွက်တော့မည်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံ အနေဖြင့် ပြန်ပြည့်မြဲစွမ်းအင် အသုံးပြုမှုကို အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိပြီး၊ ယနေ့ အစည်းအဝေးတွင် အဓိက တင်ပြသွားမည့် ပြန်ပြည့်မြဲစွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး အခြေအနေများအပေါ် မိမိတို့၏ရှုထောင့်အသီးသီးမှ ဝိုင်းဝန်းဆွေးနွေး အကြံပြုပေးကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့ပါသည်။

              ဆက်လက်၍ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဟိန်းထက်က (၂/၂၀၁၉) အစည်းအဝေးဆုံးဖြတ်ချက်အရ လုပ်ငန်းကော်မတီများ ဖွဲ့စည်းနိုင်ရေး နှင့် ဆောင်ရွက်လျက်ရှိသော ပြန်ပြည့်မြဲစွမ်းအင်ကိစ္စရပ်များနှင့် အဆိုပြုတင်ပြလာမှုများအား လည်းကောင်း၊ လျှပ်စစ်စွမ်းအားစီမံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်မိမိခိုင်က နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုအခြေအနေနှင့် နေစွမ်းအင်စီမံကိန်း နှင့် လေစွမ်းအင် စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးကိစ္စများကိုလည်းကောင်း ရှင်းလင်းတင်ပြခဲ့ ကြပါသည်။

              ထို့နောက် အမျိုးသားအဆင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာကော်မတီ ဒုတိယဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များနှင့် အစည်းအဝေးတက်ရောက်လာသူများမှ မိမိတို့ ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက် သွားမည့် အခြေအနေများနှင့်ပတ်သက်၍ ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြပြီး အမျိုးသားအဆင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာကော်မတီ ဥက္ကဋ္ဌ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပါသည်။

Post under by : ဝန်ကြီးရုံး
17-Mar-2020