The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန(စွမ်းအင်ကဏ္ဍ)၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ဒုတိယသုံးလပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

၂၀၂၀ ပြည့်နှစ်၊ မေလ(၂၅)ရက်

          လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန(စွမ်းအင်ကဏ္ဍ)၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ဒုတိယ သုံးလပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၊ အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပသည်။

              အဆိုပါ အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းနိုင်၊ အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦး၊ ဦးစီးဌာနနှင့်လုပ်ငန်းတို့မှ ညွှန်ကြားရေးမှူးချုပ်နှင့် ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနအကြီးအကဲများမှ ရုံးအမှတ်(၂၇) မှလည်းကောင်း၊ ကြီးကြပ်မှု အောက်နယ်ဒေသများမှ ရေနံမြေအထွေထွေမန်နေဂျာများ၊ ရေနံချက်စက်ရုံ၊ ဓာတ်မြေသြဇာစက်ရုံ နှင့် ရေနံဓာတ်ငွေ့ရည်စက်ရုံတို့မှ စက်ရုံမှူးများ၊ ရေနံသိုလှောင်ဖြန့်ဖြူးရေးဌာနများမှ အထွေထွေ မန်နေဂျာများနှင့် တိုင်းရောင်းဝယ်ရေးအရာရှိများသည် သက်ဆိုင်ရာဒေသမှနေ၍ Video Conferencing စနစ်ဖြင့်လည်းကောင်း တက်ရောက်ခဲ့ကြပါသည်။

              ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာ၌ ပထမ သုံးလပတ် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလတွင် ကျင်းပခဲ့ပြီးဖြစ်ပါကြောင်း၊ ယခု အကြိမ်သည် ဒုတိယသုံးလပတ်အတွင်း လုပ်ငန်းဌာနများ၏ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို သိရှိနိုင်ရန် ကျင်းပခြင်းဖြစ်ပါကြောင်း၊ ပထမသုံးလပတ်နှင့် ဒုတိယသုံးလပတ်ကာလအတွင်း အကောင်အထည်ဖော် ဆောင်ရွက်မှုများ၏ အားနည်းချက်၊ အားသာချက်များကိုဖော်ထုတ်၍ လာမည့် တတိယသုံးလပတ်ကာလအတွင်း ရည်မှန်းချက် ပြည့်မီအောင် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ယူထားသည့် စွမ်းအင်ကဏ္ဍသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် ကဏ္ဍတစ်ခုဖြစ်ပြီး နိုင်ငံတော်ဝင်ငွေအတွက် လည်း အဓိကအားထားရပါကြောင်း၊  မိမိတို့အနေဖြင့် ပြည်တွင်းသုံး ရေနံနှင့်သဘာဝဓာတ်ငွေ့လို အပ်ချက်ကို တစ်စိတ်တစ်ပိုင်း ဖြည့်ဆည်းပေးနိုင်ရန် ပြည်ပသို့ ရေနံနှင့်သဘာဝဓာတ်ငွေ့ရောင်းချ၊ ပို့လွှတ်ပေးရန် တာဝန်ယူဆောင်ရွက်လျက်ရှိပါကြောင်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့များ ယခုထက် ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေး စီမံချက်များ စနစ်တကျ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊ ကုန်းတွင်းပေနက်အစမ်းတွင်းများ တူးဖော်မှု အောင်မြင်မည့် အလားအလာ များ တွေ့မြင်ရပါကြောင်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ စူးစမ်းရှာဖွေရာတွင် ခေတ်မီ Seismic နည်းပညာများအသုံးပြု၍ ရှာဖွေကြရန် လိုအပ်ပါကြောင်း၊ ရရှိသည့် data အချက်အလက်များ အပေါ်မူတည်၍ အောင်မြင်မှု ရရှိနိုင်မည့် တွင်းနေရာများ သတ်မှတ်တူးဖော်ရမည်ဖြစ်ပါကြောင်း၊ တွင်းတူးစက်များကိုလည်း ရာသီဥတုအခြေအနေအပေါ် သုံးသပ်၍ တူးဖော်မည့်နေရာများသို့ အချိန်မီရွှေ့ပြောင်းထားရန်နှင့် တွင်းတူးစက်များ စက်စွမ်းအားပြည့် လည်ပတ်နိုင်ရေး စီမံကြရန် လိုအပ်ပါကြောင်း၊ မိမိတို့ထုတ်လုပ်ရရှိသည့် ​​ရေနံနှင့်သဘာဝဓာတ်ငွေ့များကို အသုံးပြုမည့် စက်ရုံ၊ အလုပ်ရုံများသို့ ပို့ဆောင်နိုင်ရေးအတွက် ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ စနစ်တကျ သွယ်တန်း၍ အလေအလွင့်မရှိဘဲ ပို့လွှတ်ပေးရမည်ဖြစ်ပါကြောင်း၊ ဘေးကင်းလုံခြုံသည့် ပိုက်လိုင်း Network များ​​​ ​​​​​ပေါ်ပေါက်ရေး စီမံ​ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ကမ်းလွန်လုပ်ကွက်များမှ ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေ ၊ တူးဖော်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကမ်းလွန်ရေနံ အခြေစိုက်စခန်းများ၏ အခန်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကိုလည်း စီမံရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ သာကေတကမ်းလွန်ရေနံအခြေစိုက်စခန်း၏ ဝန်ဆောင်မှု စွမ်းဆောင်ရည်ကိုလည်း ယခုထက်ပိုမို ကောင်းမွန်အောင် စီမံဆောင်ရွက်ရန် လိုအပ်ကြောင်း၊​ အများပြည်သူ သယ်ယူပို့ဆောင်ရေး ကဏ္ဍ များအတွက် မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့(CNG) ဖြန့်ဖြူးမှုကို အ​​​​လေးထား ဆောင်ရွက် ပေးရန်လိုအပ်ပါကြောင်း၊ (CNG) သဘာဝဓာတ်ငွေ့သည် ရန်ကုန်မြို့သူ/မြို့သား ခရီးသွားလာရေး အတွက် အရေးကြီးပါကြောင်း၊ မိမိတို့မှ ရေနံနှင့် သဘာဝဓာတ်ငွေ့များ ကြိုးစားရှာဖွေ ထုတ်လုပ် နေသလို ပုဂ္ဂလိကလုပ်ငန်းရှင်များမှ ဆောင်ရွက်နေသည့် ရေနံလက်ယက်တွင်းမှ ရေနံ ထုတ်လုပ်မှုလုပ်ငန်းများကိုလည်း ပံ့ပိုးအားပေးရမှာဖြစ်ကြောင်း၊ ၎င်းတို့တွင် လိုအပ်နေသည့် နည်းပညာဆိုင်ရာ ပံ့ပိုး ပေးခြင်းနှင့်  ပြဋ္ဌာန်းထားသည့် ဥပဒေ ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်ရေး စည်းရုံးဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ထို့အပြင် ပြည်တွင်းစက်သုံးဆီ လုံလောက်စွာ ထုတ်လုပ်နိုင်ရေးအတွက် လက်ရှိရေနံချက် စက်ရုံများအား ပြုပြင်လည်ပတ်သကဲ့သို့ စက်စွမ်းအား ပိုမိုမြင့်မားသည့် ရေနံဓာတုဗေဒ စက်ရုံများ တည်ဆောက်ရေးကိုလည်း စီမံ ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ပုဂ္ဂလိက လုပ်ငန်းရှင်များအနေဖြင့် Mini-refineryများ စနစ်တကျ တည်ဆောက် ဆောင်ရွက်နိုင်ရေးအတွက် နည်းပညာဆိုင်ရာများ ပံ့ပိုးကူညီရန် လိုအပ်ပါကြောင်း၊ စိုက်ပျိုးရေး ကဏ္ဍဖွံ့ဖြိုးရေးအတွက် အထောက်အကူပြုသည့် ယူရီးယား ဓာတ်မြေသြဇာ ထုတ်လုပ်ခြင်းကိုလည်း ပိုမိုဖွံ့ဖြိုးတိုးတက်အောင် စီမံရမည်ဖြစ်ကြောင်း၊ စီးပွားရေး တွက်ခြေကို က်ပြီး အမှန်တကယ်အကျိုးရှိမည့် ခေတ်မီဓာတ်မြေသြဇာစက်ရုံများ တည်ဆောက်ရေးကိုလည်း စီမံထားရန် လိုအပ်ပါကြောင်း၊ မိမိတို့အနေဖြင့် သစ်တော ပြုန်းတီးမှုနှင့် ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွတ်မှုကို လျှော့ချနိုင်သည့် ထင်းအစားထိုး လောင်စာဖြစ်သည့် ရေနံဓာတ်ငွေ့ရည်(LPG)ကို မီးဖိုချောင်ကဏ္ဍတွင် ပိုမိုအသုံးပြုစေခြင်းဖြင့် မီးဖိုချောင်သုံး လျှပ်စစ်ဓာတ်အားကို လျှော့ချနိုင်ပြီး ပိုလျှံလာသော လျှပ်စစ်ဓာတ်အားကို အခြားလိုအပ်သော နေရာများတွင် အသုံးပြုနိုင်မည် ဖြစ်ပါကြောင်း၊ LPG အခန်းကဏ္ဍ တိုးတက် ဖွံ့ဖြိုးရေးအတွက် ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ခြင်း၊ စျေးကွက်အတွင်း ပိုမိုဖြန့်ဖြူးပေးနိုင်ရေးအတွက် ကူညီပံ့ပိုးခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ LPGအား ပြည်သူများမှ ယခုထက်ပိုမို သုံးစွဲနိုင်စေပြီး၊ အိမ်သုံးကဏ္ဍမှ သယ်ယူပို့ဆောင်ရေး ကဏ္ဍအထိ တိုးချဲ့ဆောင်ရွက်နိုင်ရေး စီမံချက်ရေးဆွဲဆောင်ရွက်ရန် လိုအပ် ပါကြောင်း၊ မိမိတို့ လျာထားချက် ဖြစ်သည့် ၂၀၂၀ ပြည့်နှစ်တွင် အိမ်ထောင်စု ၁ သန်း LPG သုံးစွဲ နိုင်ရေးကို ပြည့်မီအောင် ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း၊ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွား ကဏ္ဍ ဖွံ့ဖြိုးရေးအတွက် ရေနံဓာတ်ငွေ့ရည်သုံးစွဲမှုကို ကျယ်ကျယ်ပြန့်ပြန့် ပညာပေးရန် လိုအပ် ပါကြောင်း၊ မိမိတို့အနေဖြင့် စက်သုံးဆီဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းအား ပုဂ္ဂလိက လုပ်ငန်းရှင် များသို့ ၂၀၁၀ ခုနှစ်မှစတင်၍ လုပ်ကိုင်ခွင့်ပြုခဲ့ပါကြောင်း၊ ၂၀၁၇ ခုနှစ်က ထုတ်ပြန်ခဲ့သော ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာဉပဒေနှင့်အညီ ဖြစ်စေရန်အတွက် စျေးကွက်ရှိ စက်သုံးဆီ အရည်အသွေး၊ အချင်အတွယ်များ ပြည့်မီအောင် စစ်ဆေးကြပ်မတ်ခြင်းများကိုလည်း ယခုထက် ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်ပေးခြင်းဖြင့် ပြည်သူများအား အရည်အသွေး၊ အချင်အတွယ်ပြည့်ဝသည့် စက်သုံးဆီများ အသုံးပြုနိုင်ရေးစီမံပေးရန် ဖြစ်ပါကြောင်း၊  စက်သုံးဆီအရည်အသွေး စစ်ဆေးသည့် laboratoryများ ပေါ်ထွက်လာရေးကိုလည်း ဦးစားပေးပြီး ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ စက်သုံးဆီအရောင်းဆိုင်များကို  လိုအပ်သော ဒေသများတွင် ဖွင့်လှစ်ခွင့်ပြုနိုင်ရေး Master Plan ရေးဆွဲ အကောင်အထည်ဖော်ရန် အထူးလိုအပ်ပါကြောင်း၊ မိမိတို့အနေဖြင့် စက်သုံးဆီများအား ဒေသအသီးသီးသို့  မော်တော်ယာဉ်၊ မီးရထား၊ ရေယာဉ်များဖြင့် ပေးပို့လျက်ရှိရာ ဆီသယ်ယာဉ် များ၏ ကြံ့ခိုင်မှုကောင်းမွန်စေရန်နှင့် သတ်မှတ်ထားသော ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာ ဆောင်ရွက်စေရေး စနစ်တကျကြီးကြပ်ရန် လိုအပ်ပါကြောင်း၊ မိမိတို့ ကိုင်တွယ်ရသည့် ပစ္စည်းများ သည် မီးလောင်ပေါက်ကွဲ လွယ်သော ပစ္စည်းများဖြစ်၍ ဘေးအန္တရာယ်ကင်းရှင်းရေးကို အလေးထား ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်အတွက် အရေးပေါ်ကိစ္စရပ်များတွင် အသုံးပြုနိုင်ရန် စက်သုံးဆီ အရန်သိုလှောင်ထားမှုများကိုလည်း စီမံထားရန် လိုအပ်ပါကြောင်း၊ အထက်ပါလုပ်ငန်း များကို စနစ်တကျကြီးကြပ်စစ်ဆေးနိုင်ရန် မကြာမီ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေး ဦးစီးဌာန တစ်ခု အသစ်ဖွင့်လှစ်၍ ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာနအနေဖြင့် စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်သည့် ဒေသနေပြည်သူများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး ကိုလည်း အလေးထား ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနမှ နှစ်အလိုက် CSR Program များ ရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်မှ စတင်၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အထိ ပညာရေးကဏ္ဍတွင် ငွေကျပ် ၇,၈၆၆ သန်းကို လည်းကောင်း၊ ကျန်းမာရေးကဏ္ဍတွင် ငွေကျပ် ၁,၅၇၉ သန်းကို လည်းကောင်း ၊ လူမှုရေးကဏ္ဍ တွင် ငွေကျပ် ၁၄,၄၄၈ သန်း ကို လည်းကောင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍတွင် ငွေကျပ် ၂၀၀.၆ သန်းကိုလည်းကောင်းနှင့် သဘာဝဘေးအန္တရာယ်ကျရောက်ခြင်းနှင့် ကယ်ဆယ်ရေး လုပ်ငန်းတွင် ငွေကျပ် ၃၆.၄ သန်းကို လည်းကောင်း၊ စုစုပေါင်း ငွေကျပ် ၂၄,၁၃၀ သန်းခန့်ကို အသုံးပြုခဲ့ပြီး ဖြစ်ပါကြောင်း၊ အလားတူ မိမိတို့နှင့်အကျိုးတူပူးပေါင်း ဆောင်ရွက်သည့် ပြည်ပရေနံ ကုမ္ပဏီများမှလည်း အဆိုပါကာလအတွင်း ဖော်ပြပါ ကဏ္ဍများ၌ အမေရိကန်ဒေါ်လာ ၂၉.၅ သန်းခန့်အား ထောက်ပံ့သုံးစွဲပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့သည့် အဆောက်အဉီ၊ စက်ပစ္စည်း၊ ယာဉ်များ ပျက်စီးချို့ယွင်းချက်များ မရှိစေရေး၊ ရေရှည်ခိုင်မြဲစေရေး စောင့်ရှောက်ထိန်းသိမ်းရန် လိုအပ်ပါကြောင်း၊ CSR လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဒေသနေ ပြည်သူများ အမှန်တကယ်လိုအပ်သော ကိစ္စရပ်များဖြစ်ရန် လိုအပ်ပါကြောင်း၊ ဒေသနေ ပြည်သူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသတာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေး အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ယခုအခါ ကမ္ဘာ့ကပ်ရောဂါ COVID-19 ကြောင့် မြန်မာနိုင်ငံ တွင်လည်း အသွားအလာ ထိန်းချုပ်လျက်ရှိသည့် ကန့်သတ်ကာလဖြစ်ပါကြောင်း၊ မိမိတို့လုပ်ငန်း သဘာဝ အရ ပြည်ပနိုင်ငံသားများနှင့် ပူးပေါင်းဆောင်ရွက်ရသော လုပ်ငန်းများလည်း ပါဝင်ပါကြောင်း၊  ၎င်းကန့်သတ်ကာလအတွင်း မိမိတို့၏ လုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ COVID-19 ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး နှင့်ပတ်သက်၍ ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို အလေးထားလိုက်နာ ဆောင်ရွက်သွား ရန် လိုအပ်ကြောင်း၊ ကမ္ဘာ့ကပ်ရောဂါ COVID-19 ကြောင့် ကမ္ဘာ့ရေနံစျေးနှုန်းများကျဆင်းမှု၏ Impact ကို ကြိုတင်ပြင်ဆင် ရမည်ဖြစ်ပြီး အခြားဖြစ်ပေါ်လာနိုင်သည့် အကျိုးသက်ရောက်မှုများကို သုံးသပ်၍ သက်ရောက်မှု အနည်းဆုံးဖြစ်အောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် လိုအပ်ပါ​​ကြောင်း၊ အရန်စက်သုံးဆီများ သိုလှောင်ထားရှိရန် လိုအပ်ပါကြောင်း၊ COVID-19 ထိန်းချုပ် နေသောကာလအတွင်း မိမိတို့လုပ်ငန်းအလိုက် စီမံကိန်းများ နှောင့်နှေး ကြန့်ကြာမှု ဖြစ်ပေါ်နေရသည့် အခြေအနေများကို အသေးစိတ် တင်ပြကြရန် လိုအပ်ကြောင်း၊ COVID-19 Impact အား ပြန်လည်ကုစားနိုင်ရန် Prevention Planများ ရေးဆွဲထားရန် လိုအပ်ပါကြောင်း၊ သို့မှသာ စီမံကိန်း လုပ်ငန်းများ သတ်မှတ်အချိန်အတွင်း အတတ်နိုင်ဆုံး ပြီးစီးနိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်း၍ ဝိုင်းဝန်း ဆောင်ရွက်ပေးနိုင်မည် ဖြစ်ကြောင်း၊ မကြာမီ မုတ်သုံကာလ ကျရောက် လာတော့မည် ဖြစ်သဖြင့် သဘာဝဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက် ထားကြရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

        ထို့နောက် ဦးစီးဌာနနှင့် လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်နှင့် ဦးဆောင် ညွှန်ကြားရေးမှူးများ၊ ဌာနအကြီးအကဲများ၊ ရေနံမြေအထွေထွေ မန်နေဂျာများ၊ ရေနံချက်စက်ရုံ၊ ဓာတ်မြေသြဇာစက်ရုံနှင့် ရေနံဓာတ်ငွေ့ရည်စက်ရုံတို့မှ စက်ရုံမှူးများ၊ ရေနံသိုလှောင်ဖြန့်ဖြူးရေး ဌာနများမှ အထွေထွေမန်နေဂျာများနှင့် တိုင်းရောင်းဝယ်ရေးအရာရှိများက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ဒုတိယသုံးလပတ် အတွင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ COVID-19 မတိုင်မီ စီမံကိန်း လျာထားချက်၊ COVID-19 ကြောင့် စီမံကိန်းလုပ်ငန်းများ နှောင့်နှေးကြန့်ကြာ ဖြစ်ပေါ် နေမှု အခြေအနေများနှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ကျန်ကာလများ၏   ဆက်လက် ဆောင်ရွက်ပြီးစီးနိုင်မည့် လုပ်ငန်းအစီအစဉ်များအား Video Conferencing ဖြင့် အသီးသီး ရှင်းလင်း တင်ပြကြပြီး ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က တင်ပြမှုများအပေါ် သုံးသပ်ဆွေးနွေး တင်ပြခဲ့ ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးမှာကြားခဲ့ ပါသည်။

Post under by : ဝန်ကြီးရုံး
25-May-2020