နေပြည်တော်၊ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ( ၂၂ ) ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ လျှပ်စစ်ကဏ္ဍ အတွက် ပထမသုံးလပတ်အတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများအပေါ် ပြန်လည် သုံးသပ်ခြင်းနှင့် ဒုတိယနှင့် တတိယသုံးလပတ်တို့တွင် ဆက်လက်ဆောင်ရွက်မည့် အစီအမံများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့၊ နံနက်(၀၈:၃၀)နာရီအချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၊ အစည်းအဝေး ခန်းမ၌ COVID-19 ကာကွယ်ရေးနည်းစနစ်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း၊ အမြဲတမ်းအတွင်းဝန် ဦးသန်းဇော်၊ ဦးစီးဌာန၊ လုပ်ငန်းနှင့် ကော်ပိုရေးရှင်းတို့မှ ဥက္ကဋ္ဌများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူး များနှင့် ဌာနအကြီးအကဲများသည် ရုံးအမှတ်(၂၇)မှ တက်ရောက်ခဲ့ကြပြီး ကြီးကြပ်မှုအောက်ဒေသအသီးသီးရှိ တည်ဆောက်ရေးညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာများ၊ ဓာတ်အားပေးစက်ရုံမှူးများနှင့် ဓာတ်အားခွဲရုံမှူးများသည် သက်ဆိုင်ရာဒေသမှနေ၍ Video Conferencing စနစ်ဖြင့် တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က အမှာစကားပြောကြားရာ၌ ယနေ့ အစည်းအဝေးသည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ လျှပ်စစ်ကဏ္ဍအတွက် ပထမ သုံးလပတ်အတွင်း ဆောင်ရွက်ခဲ့သည့်လုပ်ငန်းများအပေါ် ပြန်လည်သုံးသပ်ပြီး အောင်မြင်မှု များနှင့် ကြုံတွေ့ခဲ့ရသော အခက်အခဲများအပေါ်မူတည်ကာ လာမည့် ဒုတိယနှင့် တတိယသုံးလပတ်တို့တွင် ဆက်လက်ဆောင်ရွက်မည့်အစီအမံများနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးမှုများ ဆောင်ရွက်ရန်အတွက် ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာန၏ အဓိကရည်မှန်းချက်တာဝန်မှာ ၂၀၂၀ - ၂၀၂၁ ခုနှစ်တွင် တစ်နိုင်ငံလုံး၏ ၅၅ %၊ ၂၀၂၅ ခုနှစ်တွင် ၇၅ % နှင့် ၂၀၃၀ ပြည့်နှစ်တွင် ရာခိုင်နှုန်းပြည့် နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးရေးပင်ဖြစ် ပါကြောင်း၊ ယခုလက်ရှိအချိန်တွင် တစ်နိုင်ငံလုံး၏ ၅၈% ခန့် ဓာတ်အားစနစ်မှ ဖြန့်ဖြူးပေးလျက်ရှိသဖြင့် မိမိတို့၏ရည်မှန်းချက်ပြည့်မီရုံသာကမ ကျော်လွန်နေပြီဖြစ် ပါကြောင်း၊ ထိုသို့ကြိုးပမ်းဆောင်ရွက်မှုများအတွက် သက်ဆိုင်ရာတာဝန်ရှိသူအသီးသီးအား အထူးပင်ကျေးဇူးတင်ချီးကျူးဂုဏ်ပြုပါကြောင်း၊ ယခင် မိမိတို့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု (Generation Mix) တွင် ရေအားလျှပ်စစ်နှင့် သဘာဝဓာတ်ငွေ့ကိုသာ အခြေခံ၍ ထုတ်လုပ်ခဲ့သော်လည်း ယခုအခါ LNG to Power စီမံကိန်းများကိုပါ ထည့်သွင်းဆောင်ရွက်ခဲ့ရာ အဆိုပါစက်ရုံများမှလည်း လျှပ်စစ်ဓာတ်အားကို ထုတ်လုပ် ပေးလျက်ရှိသဖြင့် Surplus Power ရရှိခဲ့ပါကြောင်း၊ အများဆုံးဓာတ်အား အသုံးပြုမှု (Peak Load) (၃၈၀၀) မဂ္ဂါဝပ်ရှိသည့်အချိန်တွင်ပင် Generation Reserve Power များ ရရှိခဲ့ပါကြောင်း၊ မိမိတို့ရည်မှန်းချက်ဖြစ်သော လျှပ်စစ်ဓာတ်အားတိုးတက်ရရှိရေး ရည်မှန်းချက်များကို ပြည့်မီရန်အတွက် တစ်နေ့လျှင် ကျေးရွာပေါင်း (၁၀) ရွာမှ (၁၅) ရွာခန့်အထိ လျှပ်စစ်ဓာတ်အား တိုးတက်ဖြန့်ဖြူးပေးရန်နှင့် တစ်နှစ်လျှင် မီတာ အလုံးရေ (၄) သိန်းမှ (၅) သိန်းခန့်အထိ တိုးချဲ့တပ်ဆင်ပေးရန် လိုအပ်မည်ဖြစ်သဖြင့် ထိုရည်မှန်းချက်များကို ပြည့်မီအောင် စီမံဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ၎င်းအပြင် သက်ဆိုင်ရာ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ တည်ဆောက်ရေးသည်လည်း အရေးပါလျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ မိမိတို့၏ သက်ဆိုင်ရာဒေသနှင့် ကဏ္ဍ အလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များ အသီးသီးရှိကြရာ တင်ဒါခေါ်ယူသည့် အချိန်မှစတင်၍ တည်ဆောက်အကောင်အထည်ဖော်ခြင်းနှင့် အရည်အသွေးစစ်ဆေး ထိန်းသိမ်းခြင်းတို့တွင် အစီအစဉ်များ စနစ်တကျချမှတ်၍ ဆောင်ရွက်သွားရန် အရေးကြီးပါကြောင်း၊ နိုင်ငံတော်၏ဘဏ္ဍာရန်ပုံငွေကိုလည်း သတ်မှတ်လျာထားချက် များအတိုင်း စနစ်တကျ အလေအလွင့်မရှိ သုံးစွဲဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ယခင်က တင်ဒါအောင်မြင်ခဲ့သည့် ပုဂ္ဂလိကကုမ္ပဏီများကို လုပ်ငန်းတစ်ရပ်လုံး ပြီးစီးမှသာ ငွေပေးချေသည့်စနစ်ကို ဆောင်ရွက်ခဲ့သော်လည်း ယခုအခါ ပြီးစီးသော လုပ်ငန်းအလိုက် သတ်မှတ်အရည်အသွေးများကို တိုင်းတာစစ်ဆေးပြီး ငွေပေးချေ သည့် (Progressive Payment) စနစ်ကို ပြောင်းလဲကျင့်သုံးခဲ့ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ခဲ့သဖြင့် နိုင်ငံတော်၏ဘဏ္ဍာရန်ပုံငွေများသည် သက်ဆိုင်ရာ ပြည်သူများ ထံသို့ရောက်ရှိပြီး ငွေကြေးလည်ပတ်စီးဆင်းမှု ကောင်းမွန်မည်ဖြစ်ပါကြောင်း၊ ၎င်းအပြင် အထူးသဖြင့် ယခုလို COVID-19 ကာလတွင် ပြည်သူလူထုသို့ အလုပ်အကိုင် အခွင့်အလမ်းများများ ဖန်တီးနိုင်ရေးကိုလည်း တစ်ဖက်တစ်လမ်းမှ အထောက်အကူ ဖြစ်စေမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ဘဏ္ဍာရန်ပုံငွေကို အကျိုးရှိစွာ စီမံခန့်ခွဲရေး သည် မိမိတို့၏ဝန်ကြီးဌာနတွင်လည်း တာဝန်ရှိပါကြောင်း၊ ဝန်ကြီးဌာနမှ သက်ဆိုင်ရာ တာဝန်ရှိသူအသီးသီးအနေဖြင့် နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် လျှပ်စစ် ဓာတ်အားတိုးတက်ရရှိစေရေး ရည်မှန်းချက်ကို အောင်မြင်စေရန်အတွက် အထူး ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ဦးစီးဌာန၊ လုပ်ငန်း၊ ကော်ပိုရေးရှင်းများမှ ဌာနကြီးမှူးများ၊ တည်ဆောက်ရေးညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာ များက ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပထမသုံးလပတ်အတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများနှင့် ဒုတိယနှင့် တတိယသုံးလပတ်တို့တွင် ဆက်လက်ဆောင်ရွက်မည့် အစီအမံများနှင့်ပတ်သက်၍လည်းကောင်း၊ အမြဲတမ်းအတွင်းဝန်မှ ဦးစီးဌာန/လုပ်ငန်း အသီးသီး၏ တင်ဒါခေါ်ယူကာ ဆောင်ရွက်ထားရှိမှု၊ ဘဏ္ဍာငွေ သုံးစွဲအကောင်အထည် ဖော်မှုများကိုလည်းကောင်း အသီးသီးတင်ပြခဲ့ပြီး ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းက တင်ပြမှုများအပေါ် ဖြည့်စွက်ဆွေးနွေးတင်ပြခဲ့ပါသည်။ ထို့နောက် ဆွေးနွေးမှုများ အပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးမှာကြားခဲ့ပါသည်။