The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

အမျိုးသားအဆင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

၂၀၂၁ ခုနှစ်၊ ဇွန်  (၂၅)  ရက်

               အမျိုးသားအဆင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာကော်မတီ (NREC) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့၊ ၀၉:၀၀ နာရီအချိန်တွင် လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

               အဆိုပါအစည်းအဝေးသို့ အမျိုးသားအဆင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာကော်မတီ ဥက္ကဋ္ဌ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦ၊ ဒုတိယဥက္ကဋ္ဌ  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ပြည်ထောင်စု ရှေ့နေချုပ် ဒေါတ်တာသီတာဦး နှင့် ကော်မတီအဖွဲ့ဝင်များ  တက်ရောက်ခဲ့ကြပါသည်။

               ရှေးဦးစွာ   အမျိုးသားအဆင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာကော်မတီ ဥက္ကဋ္ဌ၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးက အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတော်၏ လျှပ်စစ်နှင့်စွမ်းအင်လိုအပ်ချက်ကို ပြည့်မီစွာဖြည့်ဆည်းပေး နိုင်ရေးဆောင်ရွက်ရာတွင် သဘာဝပတ်ဝန်းကျင်နှင့်သဟဇာတဖြစ်ပြီး၊ လူမှုပတ်ဝန်းကျင်အပေါ် ထိခိုက်မှုနည်းပါးသည့် ပြန်ပြည့်မြဲစွမ်းအင် (Renewable Energy) ကို တိုးမြှင့် အသုံးပြုနိုင်ရေးသည်လည်း အရေးပါသည့် အခန်းကဏ္ဍတစ်ခုဖြစ်ပါကြောင်း၊  မြန်မာနိုင်ငံ၏ ပြန်ပြည့်မြဲစွမ်းအင်ဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရေး စနစ်တကျစီမံခန့်ခွဲနိုင်စေရန် ရည်ရွယ်၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနကို အဓိကတာဝန်ခံ အဖွဲ့အစည်း (Focal Ministry) အဖြစ် ဆောင်ရွက်ရန် လမ်းညွှန်ချက်များအရ အမျိုးသားအဆင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာ ကော်မတီကို ပြည်ထောင်စုဝန်ကြီးက ကော်မတီဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်ရခြင်း ဖြစ်ပါကြောင်း၊ ကော်မတီ၏ လုပ်ငန်းတာဝန်သတ်မှတ်ချက်ပါ (၄)  အစည်းအဝေး ကျင်းပရန် သတ်မှတ်ချက်နှင့်အညီ ယခုလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကော်မတီပြင်ဆင် ဖွဲ့စည်းပြီး (၄)လပြည့်မြောက်သည့်နေ့တွင် ကျင်းပနိုင်ခဲ့ခြင်းဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန အနေဖြင့် နိုင်ငံတော်ဓာတ်အားစနစ် (National Grid) နှင့် ချိတ်ဆက် ဆောင်ရွက်နိုင်သည့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာစီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်သည့်အတွက် Solar Mini Grid Project များနှင့်  Solar Home System ဖြင့် ဆောင်ရွက်သည့်စီမံကိန်းများ၊ Mini Hydro နှင့် မြစ်ရေတင်အသေးစားရေအားလျှပ်စစ်စီမံကိန်း လုပ်ငန်းများ၊ Renewable Energy ဆိုင်ရာ သုတေသနလုပ်ငန်းများ၊ Energy Efficiency & Conservation နှင့် Solar PV ဖြင့် အိမ်သုံးလျှပ်စစ်မီးရရှိရေး ဆောင်ရွက်သည့်လုပ်ငန်းများ၊ RE အသုံးပြုမှုအတွက် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုဆိုင်ရာဆန်းစစ်ချက်များ၊ RE Potential Projects များအတွက် Financing ဆိုင်ရာကိစ္စရပ်များ၊  ဥပဒေရေးရာနှင့် RE စီမံကိန်းများ၏ စာချုပ်စာတမ်းဆိုင်ရာများ၊ RE Development အတွက် ပုဂ္ဂလိကကဏ္ဍ၏ ဆောင်ရွက်ချက်များကို ဟန်ချက်ညီညီဖြင့် ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ကဏ္ဍပေါင်းစုံလွှမ်းခြုံ ပါဝင်သည့် National Renewable Energy Committee-NREC ကို ဖွဲ့စည်းထားခြင်းဖြစ်ပါကြောင်း၊ ယနေ့အစည်းအဝေးတွင် သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် Renewable Energy နှင့် ဆက်စပ်ဆောင်ရွက်ရသည့် တာဝန်ယူ ဆောင်ရွက်နေမှုများအရ NREC ၏ ဖွဲ့စည်းမှု Structure ကို ပြင်ဆင်ရန်လိုအပ်မှုနှင့် အဖွဲ့ဝင်များ ပြင်ဆင်ရန်အပေါ် အကြံပြုဆွေးနွေးပေးစေလိုပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ကလည်း ရေအားလျှပ်စစ်နှင့် ပြန်ပြည့်မြဲစွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေး ဦးစားပေး ဆောင်ရွက်သွားရန် မူဝါဒများ ချမှတ်ပေးထားသဖြင့် ယခုကျင်းပပြုလုပ်သည့် NREC အစည်းအဝေး သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတာဝန်ယူသည့်ကာလတွင် ပထမအကြိမ်ကျင်းပသည့် အစည်းအဝေးဖြစ်သည့်အတွက် ရှေ့ဆက်ဆောင်ရွက်နိုင်မည့် Meeting Outcomes များရရှိရေး သက်ဆိုင်ရာ ဝန်ကြီးဌာန/အဖွဲ့အစည်းများက ဆောင်ရွက်နေသည့် လုပ်ငန်းများအပေါ် ပါဝင် ဆွေးနွေးအကြံပြုကြရန် မေတ္တာရပ်ခံလိုပါကြောင်း၊ ထို့ပြင် နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေး စက်ရုံ စီမံကိန်းအသစ် (၁၂) ခု၊ စုစုပေါင်းတပ်ဆင်အင်အား ၃၂၀ မဂ္ဂါဝပ်ကို BOO/ IPP စနစ်ဖြင့် တည်ဆောက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် နိုင်ငံတကာတင်ဒါ (ICB) ခေါ်ယူထားဆဲ ဖြစ်ပြီး၊ အဆိုပါစီမံကိန်း(၁၂)ခု တင်ဒါခေါ်ယူဆောင်ရွက်ထားခြင်းအား ယခု NREC အစည်းအဝေး တွင် အသိအမှတ်ပြု မှတ်တမ်းတင်ပေးစေလိုပါကြောင်း၊ နိုင်ငံအတွင်း လျှပ်စစ်ဓာတ်အား လိုအပ်ချက်မှာ နှစ်စဉ် ၁၅ % ခန့် တိုးတက်လျက်ရှိပြီး၊ ၂၀၂၁ ခုနှစ်၊ ဇွန်လ(၄)ရက်တွင် နိုင်ငံတော် ဓာတ်အားစနစ်၏ အမြင့်ဆုံး ဝန်အားသုံးစွဲမှု (Peak Load) အနေဖြင့် ၃,၈၇၄.၅၃ မဂ္ဂါဝပ်ရှိခဲ့ပြီး၊ ရေအားလျှပ်စစ်မှ ၁,၇၈၃.၄၆ မဂ္ဂါဝပ်၊ အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများမှ ၂,၀၆၄.၃ မဂ္ဂါဝပ်နှင့် နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံမှ ၂၆.၇၇ မဂ္ဂါဝပ် ထုတ်လုပ်ပေးနိုင်ခဲ့ပါ ကြောင်း၊ လက်ရှိဓာတ်အားစနစ်တွင် ဓာတ်အားထုတ်လုပ်မှုအရင်းအမြစ် အချိုးအစား (Generation Mix) အနေဖြင့် ရေအား (Hydropower) မှ ၄၇.၀ %၊ နေရောင်ခြည်စွမ်းအင် (Solar and RE) ဖြင့် ၀.၆ % ၊ အပူစွမ်းအင် (Gas+ LNG+ Coal) မှ ၅၂.၄ % ဖြစ်ပါကြောင်း၊ လက်ရှိအချိန်အထိ လျှပ်စစ်ဓာတ်အားရရှိမှုအချိုး (Electrification Ratio) ၆၀.၆% ကျော် ရရှိသုံးစွဲနေကြပြီ ဖြစ်ပါ ကြောင်း၊ NREC ကော်မတီ၏ ကြိုးပမ်းဆောင်ရွက်မှုများသည် လျှပ်စစ်ကဏ္ဍတွင် ပြန်ပြည့်မြဲ စွမ်းအင်မှ ဓာတ်အားတိုးတက်ထုတ်လုပ်နိုင်ရေးနှင့် Green Growth, Green Energy, Green Economy ဖြစ်စေရေးတွင် တတ်စွမ်းသမျှ ပါဝင် ဆောင်ရွက်ခွင့်ရရှိနေခြင်းလည်းဖြစ်ပါကြောင်း၊ Renewable Energy နှင့်စပ်လျဉ်း၍ ASEAN တွင်လည်း သတ်မှတ်ချက်များရှိနေပြီး၊ ဒေသတွင်း Total Primary Energy Supply (TPES) တွင် RE ကဏ္ဍအနေဖြင့် ၂၀၂၅ ခုနှစ်မှာ ၂၃ % အထိ ပါဝင်ရန်နှင့် ASEAN ၏ လျှပ်စစ် ဓာတ်အားထုတ်လုပ်မှုတွင် RE ကဏ္ဍအနေဖြင့် ၂၀၂၅ ခုနှစ်တွင် ၃၅ % အထိပါဝင်နိုင်ရေး ရည်မှန်းအကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် The Paris Agreement အဖွဲ့ဝင်နိုင်ငံဖြစ်သည့်အတွက် Conference of Parties to the United Nation Framework Convention on Climate Change (COP26) ၏ Round table on Clean Power Transition မှ ၂၀၅၀ ပြည့်နှစ်တွင် ကမ္ဘာလုံးဆိုင်ရာ ကာဗွန် ထုတ်လွှတ်မှု Zero Percentage ဖြစ်စေရေးအတွက် ရုပ်ကြွင်းလောင်စာ သုံးစွဲမှုမှ Renewable Energy သို့ ပြောင်းလဲသုံးစွဲရန် အရေးပေါ်လိုအပ်နေပြီဖြစ်ကြောင်း ကြေညာ ထားချက်ကို လေးစားလိုက်နာကြရန်လိုအပ်ပါကြောင်း၊ ထို့အပြင် အိန္ဒိယနိုင်ငံအစိုးရ၏ အဆိုပြုချက်အရ International Solar Alliance-ISA Framework Agreement ကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၁၉)ရက်တွင် မြန်မာနိုင်ငံမှပါဝင်လက်မှတ်ရေးထိုးခဲ့ပြီး၊ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနမှ အဓိကတာဝန်ခံအဖွဲ့အစည်းအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိပြီး၊ ISA ၏ Vision ဖြစ်သည့် “One Sun One World One Grid” ကို အောင်မြင်စွာဖော်ဆောင်နိုင်ရေး အဖွဲ့ဝင်နိုင်ငံများနှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ISA တွင် ဆောင် ရွက်ရန်ရှိသည့်လုပ်ငန်းများ၊ Capacity Building Program များကိုလည်း ဆက်စပ်ဝန်ကြီး ဌာန/ အဖွဲ့အစည်းများသို့ ထပ်ဆင့် မျှဝေအသိပေးသွားရန်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံအတွင်း Solar စီမံကိန်းများကို မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်နိုင်ရေး ဒေသအလိုက် သက်ဆိုင်ရာဌာနများက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက် ပေးပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း နှင့် NREC ကော်မတီ၏ အနာဂတ်ရည်မှန်းချက်များအတွက် လုပ်ငန်းစဉ်များကို လေးလေးနက်နက် ဆွေးနွေးမှုများမှတဆင့် ကောင်းမွန်သော ရလဒ်များ ရရှိမည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့ပါသည်။

               ဆက်လက်၍ NREC ကော်မတီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများနှင့် အစည်းအဝေး တက်ရောက်လာသူများမှ မိမိတို့ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများ နှင့်ပတ်သက်၍ ဝိုင်းဝန်းအကြံပြုဆွေးနွေးမှုများအပြင် Biomass မှတဆင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး အမျိုးသားအဆင့်ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာ ကော်မတီဥက္ကဋ္ဌ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးက နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ပါသည်။

               NREC ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ သက်ဆိုင်ရာဝန်ကြီးဌာနလက်အောက် ရှိ ဦးစီးဌာန၊ လုပ်ငန်း၊ ကော်ပိုရေးရှင်းများမှ တာဝန်ရှိသူများအပြင် မန္တလေးမြို့တော်စည်ပင် သာယာရေး ကော်မတီမြို့တော်ဝန် ဦးကျော်ဆန်း၊ မြန်မာနိုင်ငံဘူမိသိပ္ပံအသင်းဥက္ကဋ္ဌ ဒေါက်တာ စုံဟန်၊ မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဌ ဦးဇော်မင်းဝင်း၊ မြန်မာ့ပြန်ပြည့်မြဲစွမ်းအင်အသင်းဗဟိုကော်မတီဝင် ဦးသန်းဌေး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများမှ တာဝန်ရှိသူများမှလည်း Online မှတစ်ဆင့် တက်ရောက်ခဲ့ကြပါသည်။

Post under by : ဝန်ကြီးရုံး
25-Jun-2021