The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတင်းထုတ်ပြန်ချက်

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (  ၂၉ ) ရက်

          လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ဝင်သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး သက်လွင် နှင့် ဌာနဆိုင်ရာတာဝန် ရှိသူများလိုက်ပါလျက် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့၊ နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ သံတွဲမြို့၏ အရှေ့မြောက်ဘက် (၁၂)မိုင် ခန့်အကွာ သူဌေးချောင်းပေါ်တွင် ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန၊ အမှတ်(၄) တည်ဆောက်ရေးမှ  အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည့် သူဌေးရေအားလျှပ်စစ် စီမံကိန်း၏လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား သွားရောက် ကြည့်ရှုစစ်ဆေး ခဲ့ပါသည်။

          ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား သူဌေးရေအားလျှပ်စစ်စီမံကိန်း ရှင်းလင်း ဆောင်တွင် အမှတ်(၄) တည်ဆောက်ရေးညွှန်ကြားရေးမှူး ဦးအောင်နိုင်ထွန်းမှ စီမံကိန်းဆိုင်ရာ အချက်အလက်များ၊ စီမံကိန်းအဓိကလုပ်ငန်းကြီးများဖြစ်သည့် ပင်မတမံ၊ ရေပိုလွှဲ၊ ရေယူ အဆောက်အအုံ၊ ရေလွှဲဥမင်လိုဏ်၊ ရေထိန်းတံခါးပြွန်၊ ဖိအားမြင့်သံမဏိပိုက်လိုင်း၊ ဓာတ်အားပေးစက်ရုံနှင့် Switch Yard စသည့်လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများ၊ ပင်မတမံရေဝပ်ဧရိယာအတွင်း ကျရောက်သောကျေးရွာများ ရွှေ့ပြောင်းပေးခဲ့မှု အခြေအနေများ နှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအစဉ်များနှင့်ပတ်သက်၍  ရှင်းလင်းတင်ပြပြီး ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဟိန်းထက်မှ ဖြည့်စွက်ရှင်းလင်းတင်ပြပါသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက မှာကြားရာတွင် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် လျှပ်စစ်ကဏ္ဍသည် အဓိကကျသည့်ကဏ္ဍမှ ပါဝင်နေသဖြင့် ပြည်သူ လူထု၏ လိုအပ်နေသော လျှပ်စစ်ဓာတ်အားကိုဖြည့်ဆည်းပေးနိုင်ရန် စွမ်းအင်အရင်းအမြစ် မျိုးစုံမှ ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ထုတ်လုပ်ရာတွင်လည်း ထုတ်လုပ်မှုစရိတ် သက်သာ စေရန်နှင့် နိုင်ငံတော်မှ စိုက်ထုတ်သုံးစွဲရမှု သက်သာစေရန် ရည်ရွယ်၍ တွက်ချက် ဆောင်ရွက်ထုတ်လုပ်ရပါကြောင်း၊ မိမိတို့နိုင်ငံတွင် ထုတ်လုပ်မှု ကုန်ကျစရိတ် သက်သာ သော ရေအားအရင်းအမြစ်များစွာရှိသဖြင့် ရေအားလျှပ်စစ်စီမံကိန်း များမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရန် ဆက်လက်စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ထုတ်လုပ်ရာတွင်လည်း သဘာဝပတ်ဝန်းကျင် ထိခိုက်နစ်နာမှု နည်းနိုင်သမျှ နည်းအောင် ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်မှ ခွင့်ပြုရရှိသည့် ဘဏ္ဍာငွေအပေါ် စီမံကိန်းလုပ်ငန်းများအား သတ်မှတ်ချိန် ကာလအတွင်းပြီးစီးအောင် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေး၊ လုပ်ငန်းခွင်သုံးပစ္စည်းများ စံချိန် စံညွှန်းပြည့်မီရေး၊ စီမံကိန်းတွင် တပ်ဆင် အသုံးပြုမည့် စက်ပစ္စည်းများအား စနစ်တကျ တပ်ဆင်အသုံးပြုရေးနှင့် လေလွင့် ဆုံးရှုံးမှုမရှိစေရေး ဂရုစိုက်ဆောင်ရွက်သွားကြရန် လိုအပ် ကြောင်း၊ စီမံကိန်းမှ ထွက်ရှိလာ မည့် လျှပ်စစ်ဓာတ်အားကို ပြည်သူများ အမြန်ဆုံးရရှိသုံးစွဲ နိုင်စေရေးအတွက် အားသွန် ခွန်စိုက် ကြိုးပမ်းဆောင်ရွက်သွားရန်နှင့် စီမံကိန်းပြီးစီးပါကလည်း ဒေသခံများ အလုပ်အကိုင် အခွင့်အလမ်းများစွာရရှိသည့်အပြင် ထွက်ရှိလာသော လျှပ်စစ်ဓာတ်အားဖြင့်  ဒေသအခြေခံ ခရီးသွားလုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့်  သတ်မှတ်ကာလအတွင်း အရည်အသွေး ပြည့်ဝစွာဖြင့်အမြန်ဆုံး ပြီးစီးအောင် ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားခဲ့ ပါသည်။

၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တမံဝဲဘက်ကမ်းရှုရပ်မှနေ၍ စီမံကိန်း ဧရိယာအတွင်း ပင်မတမံတည်ဆောက်ပြီးစီးမှု၊ ရေယူအဆောက်အဦ ဆောက်လုပ်နေမှု၊ ဓာတ်အားပေးစက်ရုံ တည်ဆောက်တပ်ဆင်နေမှု၊ သိုလှောင်ရုံဝင်းအတွင်း စီမံကိန်းတွင် တပ်ဆင်အသုံးပြုမည့် စက်မှု၊ လျှပ်စစ်ပစ္စည်းများ ထိန်းသိမ်းထားရှိမှုအခြေအနေတို့အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များကိုမှာကြားခဲ့ပါသည်။

အဆိုပါသူဌေးရေအားလျှပ်စစ်စီမံကိန်းကို သံတွဲမြို့အနီးရှိ သူဌေးချောင်းပေါ်တွင် ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာန၊ အမှတ်(၄)တည်ဆောက်ရေးမှ အကောင် အထည်ဖော် တည်ဆောက်လျက်ရှိပြီး ပင်မရေလှောင်တမံမှာ ဇုန်အမျိုးအစား (ကျောက်ဖြည့် တမံ)ဖြစ်ကာ ကန်ရေပြည့် ရေသိုလှောင်ပမာဏမှာ ၆.၉၆ သိန်း ဧကပေ သိုလှောင်နိုင်ပြီး စက်တပ်ဆင်အင်အား (၃၇)မဂ္ဂါဝပ် ဓာတ်အားပေးစက်(၃)လုံးဖြင့် စုစုပေါင်း စက်တပ်ဆင် အင်အား (၁၁၁)မဂ္ဂါဝပ်ရှိ ကာတစ်နှစ်လျှင် ပျမ်းမျှလျှပ်စစ်ဓာတ်အား ကီလိုဝပ် နာရီ သန်းပေါင်း ၃၈၆ သန်း ထုတ်လုပ် ရန် ရခိုင်ပြည်နယ်အတွင်းဒေသများသို့ လျှပ်စစ်ဓာတ်အား တိုးမြှင့် ဖြန့်ဖြူးပေးနိုင်ရေးနှင့် နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်၍ ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရေး ရည်ရွယ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ ယခုအခါ စီမံကိန်းတစ်ခုလုံး၏ ၇၃.၂၉ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်းနှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ကုန်လျှင် ၇၆ ရာခိုင် နှုန်း ပြီးစီးမည်ဖြစ်ကာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် စီမံကိန်းတစ်ခုလုံး ပြီးစီးနိုင်မည် ဖြစ်၍ ရခိုင်ပြည်နယ်၏ ပထမဆုံးဖြစ်သော ဂုဏ်ယူဝင့်ကြွားနိုင်သည့် ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံတစ်ရုံအဖြစ် ပေါ်ပေါက်လာမည်ဖြစ်ပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သူဌေးရေအားလျှပ်စစ်စီမံကိန်း ပင်မတမံ ရေဝပ်ဧရိယာအတွင်း ကျရောက်သော ပုရစ်ကျေးရွာနှင့် ရေကောက်ကျေးရွာများ၏ ရွှေ့ပြောင်း  ပြန်လည်နေရာချထားသည့် အခြေအနေအား အသေးစိတ်ကြည့်ရှု၍ ဒေသခံ ရွှေ့ပြောင်း မိသားစုများအား ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ပြီး လိုအပ်ချက်များကို အမြန်ဆုံးဖြည့်ဆည်း ဆောင်ရွက် ပေးနိုင်ရေးနှင့် တည်ဆောက်ပြီးဖြစ်သော ကျေးရွာများ၏ လျှပ်စစ်မီးရရှိရေး၊ လမ်းပန်း ဆက်သွယ်ရေး၊ ရေရရှိရေး၊ သာသနိက အဆောက်အအုံများနှင့် စာသင်ကျောင်းများအား ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

Post under by : ဝန်ကြီးရုံး
29-Oct-2022