The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

မော်လိုက်ကပြည်သူတွေ ပျော်လိုက်ကြကြည်ဖြူစေ

             ကမ္ဘာ့ကပ်ရောဂါဆိုးကြီး COVID-19 ဖြစ်ပွားနေသည့်ကာလတွင် နိုင်ငံအဝှမ်း မြို့ရွာ အသီးသီး၌ ပြည်သူအပေါင်း ဘေးကင်းစေရေးအတွက် ကျန်းမာရေးဆိုင်ရာ သတိပေးချက်များ အဆက်မပြတ်ထုတ်ပြန်လျက်ရှိ၏။ အသွားအလာကန့်သတ်ခြင်း၊ အနေအထိုင် ဂရုပြုစေခြင်း၊ ကူးလူးဆက်ဆံမှု ဆင်ခြင်စေခြင်း အစရှိသည်တို့ကြောင့် မြို့ရွာဒေသအသီးသီးတွင် တိတ်ဆိတ် ငြိမ်သက်လျက်သာရှိကြ၏။ ကပ်ရောဂါကြောင့် စိုးရိမ်ပူပန်နေကြသော ပြည်သူလူထုကြီးကား ရောဂါဆိုးကြီးကို သတိကြီးစွာဖြင့် ရင်ဆိုင်ကျော်လွှားနိုင်ရုံမှအပ မည်သည့်အရာကိုမျှ တောင့်တ ကြလိမ့်မည်ဟု မထင်ပေ။

              စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့ကလေးသည်လည်း ချင်းတွင်းမြစ် အနောက်ဘက်ကမ်းတွင် အများနည်းတူ တိတ်ဆိတ်ငြိမ်သက်နေပေသည်။ ချင်းတွင်းမြစ်နှင့် နှစ်မိုင်ခန့်စီကွာဝေးသည့် တောင်တန်းကလေး၏အကြားတွင်တည်ရှိသော၊ သစ်တောဖုံးလွှမ်းမှုများပြီး မြေပြန့်လွင်ပြင်နည်းပါးသော၊ တော, တောင်, ချောင်း, မြောင်း, ချိုင့်ဝှမ်းများထူထပ်သော မော်လိုက် မြို့ကလေးတွင် ရိုးသားလှသည့် တိုင်းရင်းသား ပြည်သူများ အေးချမ်းစွာနေထိုင်လျက်ရှိသည်။

              စစ်ကိုင်းတိုင်းဒေသကြီးတွင် တည်ရှိသော်လည်း ယခင်က လမ်းပန်းဆက်သွယ်မှု အလွန် ခက်ခဲခဲ့၏။ ချင်းတွင်းမြစ်ကြောင်းအတိုင်း ရေလမ်းကိုသာ အဓိကထားခဲ့ရသည်။ ယခုကဲ့သို့ အချိန်မရွေးသွားလာနိုင်သော ကလေး-ကလေး၀-မော်လိုက်ကားလမ်းမကြီး ပေါ်ပေါက်လာသည့်အခါ မော်လိုက်မြို့ကလေး၏ လူမှုစီးပွားဘ၀များမှာလည်း တစ်စထက် တစ်စ တိုးတက်လာသည်မှာ အထင်အရှားပင်ဖြစ်၏။ နိုင်ငံတော်အကြီးအကဲများ လမ်းညွှန်ခဲ့သည့်အတိုင်း မြို့နယ်ဒေသတစ်ခု ဖွံ့ဖြိုးတိုးတက်ရေးတွင် လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဓာတ်အားရရှိရေးသည် အလွန် အရေးကြီးသည့် အခန်းကဏ္ဍ များဖြစ်ကြောင်း မည်သူမျှ  ငြင်းနိုင်ကြမည် မဟုတ်ပေ။

              မော်လိုက်မြို့တွင် ယခုအချိန်အထိ နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အားမရရှိသေးပေ။ ဤသည်ပင် မော်လိုက်မြို့သူမြို့သားများ၏ အလွန်ပြင်းပြသော ချင်ခြင်းတစ်ခုဖြစ်မည်မှာ မလွဲပေ။ ခရိုင်မြို့ဖြစ်သော်လည်း ဒီဇယ်အင်ဂျင်သုံးဓာတ်အားပေးစက်ဖြင့်သာ ဓာတ်အား ပေးထားရသည်။ မော်လိုက်မြို့ပေါ်တွင် အိမ်ထောင်စုပေါင်း (၁၆၆၈) စုရှိသည့် အနက် (၈၃၆) စုကိုသာ ၈၀၀ ကေဗွီအေ မီးစက်ဖြင့် တစ်နေ့လျှင်(၄)နာရီခန့်သာ ဓာတ်အားပေးနိုင်သည်ဟု သိရသည်။ မီးစက်ဖြင့်ပေးရသည့်အတွက် ပြည်သူလူထု လိုသလောက် မပေးနိုင်၊ အကန့်အသတ်များစွာရှိသည်။ မော်လိုက်သားတို့လည်း နားလည်သည်းခံခဲ့သည်မှာ ကြာပေပြီ။

              နိုင်ငံတစ်ဝှမ်းလုံးတွင် ၂၀၁၆ ခုနှစ်မတိုင်မီကာလများအထိ လျှပ်စစ်ဓာတ်အား သုံးစွဲမှုမှာ ၃၄% ခန့်သာရှိခဲ့ရာမှ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလတွင် ၅၀.၀၉% အထိ ရောက်ရှိအောင် ကြိုးပမ်းနိုင်ခဲ့သည်။ သက္ကရာဇ် ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး ရာနှုန်းပြည့် လျှပ်စစ် ဓာတ်အားရရှိရေးအတွက် မမှိတ်မသုန် ဦးတည်မျှော်မှန်း ကြိုးပမ်းလျက်ရှိသည်။ စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းတွင် မြို့ပေါင်း ၅၀၊ ကျေးရွာပေါင်း ၅၉၉၂ ရွာရှိခဲ့ရာမှ ၂၀၁၆ ခုနှစ်တွင် မြို့ပေါင်း ၃၂ မြို့၊ ကျေးရွာပေါင်း ၁၃၄၇ ရွာတို့ကိုသာ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ခဲ့သော်လည်း ယခုအခါ မြို့ပေါင်း ၃၆ မြို့၊ ကျေးရွာပေါင်း ၂၆၀၉ ရွာတို့အား လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ခဲ့ပြီဖြစ်သဖြင့် မြို့ ၄ မြို့နှင့် ကျေးရွာပေါင်း ၁၂၆၂ ရွာတို့ကို တိုးချဲ့ဖြန့်ဖြူးပေးနိုင်ခဲ့ပြီးဖြစ်ပါသည်။

              လျှပ်စစ်နှင့်စွမ်းအင်၀န်ကြီးဌာနအနေဖြင့် မော်လိုက်မြို့နှင့် ပတ်၀န်းကျင်ဒေသများသို့ နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အားချိတ်ဆက်ပို့လွှတ်နိုင်ရေးအတွက် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေး နှစ်မှစတင်၍ ကြိုးပမ်းခဲ့ကြသည်။ မူလက ကလေးမြို့အနီး ရာဇဂြိုဟ် ရေအားလျှပ်စစ်စက်ရုံနှင့် ချိတ်ဆက်၍  ကလေး၀မြို့သို့ ဓာတ်အားပေးရန် ၆၆ ကေဗွီ ရာဇဂြိုဟ်-ကလေး-ကလေး၀ ဓာတ်အားလိုင်းဖြင့်လည်းကောင်း၊ မော်လိုက်မြို့သို့ ဓာတ်အားပေးရန်  ၆၆ ကေဗွီ ရာဇဂြိုဟ်-မော်လိုက်ဓာတ်အားလိုင်းဖြင့်လည်းကောင်း အသီးသီးတည်ဆောက်ရန် တစ်ပြိုင်တည်း စီမံ ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။

              မြေပြင်အနေအထားအရ ရာဇဂြိုဟ်-ကလေးအပိုင်းသည် မြေပြန့်လွင်ပြင်ဖြစ်ခြင်း၊ ကလေး-ကလေး၀အပိုင်းတွင် မြေပြန့်နည်းပါးပြီး တောင်တန်းများ ထူထပ်သော်လည်း မဖြစ်မနေ နည်းလမ်းကြံဆ၍ ကြိုးပမ်းဆောင်ရွက်ခဲ့မှုများကြောင့် အခက်အခဲများကို ကျော်လွှားနိုင်ခဲ့၏။ ကလေး၀မြို့သို့ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလတွင် ဓာတ်အားရောက်ရှိခဲ့၏။ မော်လိုက်မြို့အတွက်ကား နှောင့်နှေးခဲ့ရ၏။ နှောင့်နှေးခဲ့ရသည့် အကြောင်းလည်းရှိ၏။

              မူလလျာထားသော ရာဇဂြိုဟ်-မော်လိုက် ဓာတ်အားလိုင်းအူကြောင်းသည် မော်လိုက်မှ ကလေး-တမူးကားလမ်းမကြီးသို့ ဆက်သွယ်ဖောက်လုပ်ထားသော “ပြောင်ဘုတ်” ကားလမ်းကို မလွဲမသွေအမှီပြုရမည်ဖြစ်သည်။ ပြောင်ဘုတ်ကားလမ်း သည်ပင် ပေ (၃၀၀၀) ကျော် မြင့်မားသော “မှန်တောင်တန်း”ကြီးအား ဖြတ်ကျော် တည်ဆောက်ထားခြင်းဖြစ်၏။ ပွင့်လင်းရာသီတွင်သာ အသုံးပြုနိုင်ပြီး မိုးရာသီ ကာလများတွင် သွားလာရန် အလွန်ခက်ခဲ၏။ ဓာတ်အားလိုင်းအူကြောင်းမှာ တောထူထပ်လှသောအပိုင်းများကို မဖြစ်မနေဖြတ်သန်းရန်လိုသည်။ တာဝါတိုင်များ၊ ဓာတ်ကြိုးများ၊ ယာဉ်ယန္တရားများ တက်ရောက်ပို့ဆောင်ရန်ပင် အလွန်ခက်ခဲမည် ဖြစ်ကြောင်း တွေ့ရသည်။

              ဌာနမှ အတွေ့အကြုံရှိသော ကျွမ်းကျင်သူများပင် ခက်ခက်ခဲခဲ ဆောင်ရွက် ရမည်ဖြစ်ရာ လုပ်ငန်းအပ်နှံထားသော ပြင်ပကုမ္ပဏီအနေဖြင့်မူ ဆိုဖွယ်မရှိပေ။ မဖြစ်မနေ နည်းလမ်းရှာကြံ၍ ခက်ခက်ခဲခဲ တည်ဆောက်နိုင်သည့်တိုင် မကြာခဏ လိုင်းအပြစ် ဖြစ်ပွားနိုင်သည်။ လိုင်း ထိန်းသိမ်းရေးဆောင်ရွက်ရာတွင်လည်းကောင်း၊ အပြစ်ဖြစ်၍ သွားရောက်ပြုပြင်ရန်လည်းကောင်း အလွန်ခက်ခဲမည်။ လိုင်းအပြစ်တစ်ကြိမ်ဖြစ်လျှင် ရက်ပေါင်းများစွာ ဓာတ်အားပြတ်တောက်နိုင် သည်။ သွားလာဆောင်ရွက်ရသော ၀န်ထမ်းများအတွက်လည်း အလွန်အန္တရာယ်များလှသည်။ ဤအချက်များကြောင့် မူလသတ်မှတ်ထားသည့် ရာဇဂြိုဟ်-မော်လိုက် လိုင်းအူကြောင်းအား ပယ်ဖျက်ပြီး ကလေး၀-မော်လိုက်လိုင်းအူကြောင်းအသစ်ကို ရှာဖွေဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ကြ သည်။ လုပ်ထုံးလုပ်နည်းနှင့်အညီ အဆင့်ဆင့်တင်ပြ၍ ခွင့်ပြုချက်ရရှိရေး အချိန်ယူဆောင်ရွက် ခဲ့ကြသည်။

              ကလေး၀-မော်လိုက် လိုင်းအူကြောင်းအသစ်သည် (၃၃.၄) မိုင်ရှိ၏။ ဓာတ်အားလိုင်း ဒီဇိုင်းအရ မြေပြန့်ဒေသများတွင် ကွန်ကရစ်တိုင်များအသုံးပြု၍ (၁၆.၇)မိုင် တည်ဆောက်ရန် ဖြစ်ပြီး တောင်ပေါ်ဒေသများတွင် Lattice Tower များအသုံးပြု၍ (၁၆.၇)မိုင် တည်ဆောက်ရန်ဖြစ်သည်။  ကွန်ကရစ်တိုင်ပေါင်း (၂၈၂)တိုင် ပါ၀င်ပြီး၊ Lattice Tower (၉၇) တိုင် ပါ၀င်သည်။ မော်လိုက်မြို့တွင် ၆၆/၁၁ ကေဗွီ၊ ၁၀ အမ်ဗွီအေ ဓာတ်အားခွဲရုံ တည်ဆောက်ပြီး မော်လိုက်မြို့နှင့် ပတ်၀န်းကျင် ဒေသများသို့ ဓာတ်အား ပေးရန်ဖြစ်သည်။

              ကုမ္ပဏီ၏ဆောင်ရွက်ချက်များကို ဓာတ်အားပို့လွှတ်ရေးစီမံကိန်း (မြောက်ပိုင်း) ကွပ်ကဲမှုအောက်ရှိ စီမံကိန်းမန်နေဂျာ(မြို့ပြ)နှင့် စီမံကိန်းမန်နေဂျာ(၃)မန္တလေးတို့က အနီးကပ် ကြီးကြပ်ခဲ့သည်။ အခက်အခဲရှိသည်များကို နည်းပညာဆိုင်ရာ အကြံဉာဏ် ပေးခြင်း၊ ဒေသခံပြည်သူ များအပါအ၀င် ဌာနဆိုင်ရာများနှင့် ညှိနှိုင်းပေါင်းစပ်ခြင်း အစရှိသည်တို့ကို ပေါင်းစပ်ဆောင်ရွက် ပေးရ၏။

               မော်လိုက်ဓာတ်အားခွဲရုံတည်ဆောက်ခြင်းကို ၂၀၁၈ ခုနှစ် ဇူလိုင်လမှ စတင် ဆောင်ရွက် နိုင်ခဲ့ရာ ၂၀၁၉ ခုနှစ် အောက်တိုဘာလကတည်းက ပြီးစီးခဲ့ပြီဖြစ်သည်။ ဓာတ်အားလိုင်း တည်ဆောက်ခြင်း လုပ်ငန်းကိုမူ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလမှသာ  စတင်နိုင်ခဲ့သည်။ တာဝါတိုင် များမှာကား ကလေး၀-မော်လိုက် ကားလမ်းမှ ပေ ၁၂၀၀ ခန့်မြင့်သော တောင်ပေါ်ဒေသဖြစ်ခြင်း၊ မာကျောသော ကျောက်စိုင်ကျောက်သားများကို လွန်သွားများဖြင့် ခက်ခက်ခဲခဲတူးဖောက်ရခြင်း၊ အချို့နေရာများတွင် မိုင်းခွဲ၍ တူးဖော်ရခြင်း၊ တောင်ကမ်းပါးအစွန်းတွင်ကျရောက်သည့် တိုင်များအတွက် မြေဖြတ်ရခြင်း၊ ပစ္စည်းများ သယ်ပို့ရန် ချဉ်းကပ်လမ်းများ အချိန်ယူ ဖောက်လုပ်ရခြင်း၊ လိုအပ်သည့်နေရာများတွင် မြေကာနံရံများ တည်ဆောက်ရခြင်း အစရှိသည့် အခက်အခဲများစွာကို ဖြေရှင်းဆောင်ရွက်ခဲ့ရ၏။ သို့တိုင် မလျှော့သော ဇွဲ၊ လုံ့လနှင့် ကြိုးပမ်း အားထုတ်ခဲ့မှုများကြောင့် သတ်မှတ်ချိန်မတိုင်မီ ၂၀၂၀ ပြည့်နှစ် မတ်လတွင်ပင် ဓာတ်အားလိုင်း တည်ဆောက်ခြင်း အားလုံး ပြီးမြောက်ခဲ့ပေပြီ။

              ၀မ်းနည်းဖွယ်ကောင်းသည်ကား စီမံကိန်းလုပ်ငန်းများအားလုံး ပြီးစီးချိန်သည် COVID-19 ကပ်ရောဂါကြောင့် အကန့်အသတ်များစွာရှိသည့်ကာလဖြစ်နေခြင်းပင်။ မူလက မတ်လအတွင်း ဓာတ်အားပို့လွှတ်ရန်စီစဉ်ထားသော်လည်း အသွားအလာ ကန့်သတ်မှုများကြောင့် ဓာတ်အား မလွှတ်ဖြစ်ခဲ့။ မော်လိုက်နေပြည်သူများအနေဖြင့် လာခြင်းကောင်း သော နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားများကို အာသာငံ့လင့်ချင်ခြင်း ဖြစ်နေသည့်တိုင် ယခုကာလအတွင်း မျှော်လင့်ကြ တော့မည်မဟုတ်၊ မျှော်လင့်သည့် တိုင်လည်း ယခုကာလအတွင်းတွင် ရရှိမည်ဟု ယုံကြည်ကြမည် မဟုတ်။

              လျှပ်စစ်နှင့်စွမ်းအင်၀န်ကြီးဌာနသည် ပြည်သူတို့၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက် ကို ဖြည့်ဆည်းပေးရန် စိတ်စေတနာကောင်းများဖြင့် ကြိုးပမ်းခဲ့၏။ COVID-19 ကို သတိကြီးစွာထား ရမည်ဟု ခံယူလျက်ကပင် မော်လိုက်မြို့သို့ တတ်နိုင်သမျှ စော၍ ဓာတ်အားပေးရန် နည်းလမ်းရှာ ရသည်။ ပြည်သူလူထု တစ်ရက်စော၍ ဓာတ်အားရလျှင် တစ်ရက်စော၍ အကျိုးကျေးဇူးများမည်ကို လိုလား၏။ မြင့်မားသောစိတ်ဓာတ်၊ ထက်သန်သော လုံ့လ၊ မပေါ့ဆသော သတိတရား၊ ပြည့်စုံသော စီမံခန့်ခွဲမှု၊ စည်းမျဉ်း စည်းကမ်းများကို လိုက်နာမှုတို့ဖြင့် စွန့်စားကြတော့သည်။

              မည်မျှခက်ခဲသည်ဖြစ်စေ၊ မည်မျှကြမ်းတမ်းသည်ဖြစ်စေ ပြည်သူလူထု လျှပ်စစ် ဓာတ်အားရရှိရေးအတွက်ဆိုလျှင် အသက်ပင်စွန့်ဝံ့သည့် လျှပ်စစ်၀န်ထမ်းများကို အသိအမှတ်ပြုနိုင် ကောင်းသည်ဟုထင်ပါသည်။

              အခက်အခဲအမျိုးမျိုးကြားမှ စည်းလုံးညီညွတ်စွာ စုဖွဲ့ထားသည့် စီမံကိန်းမန်နေဂျာ ဦးဆောင်သောအဖွဲ့သည် COVID-19 ကန့်သတ်ကာလတွင်ပင်လျှင် စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုချက်ကိုရယူ၍ မော်လိုက်မြို့သို့ ဓာတ်အားပေးနိုင်ရန် ရောက်ရှိခဲ့ပေပြီ။ ၆၆ ကေဗွီ ကလေး၀-မော်လိုက်ဓာတ်အားလိုင်းကို မျက်မြင်စစ်ဆေး ခြင်း၊ Megger Test ပြုလုပ်ခြင်းတို့ ဆောင်ရွက်ပြီးနောက် (၂၈.၄.၂၀၂၀) ရက်နေ့ နံနက်ပိုင်းတွင် ကလေး၀ခွဲရုံမှ မော်လိုက်ခွဲရုံအထိ ၆၆ ကေဗွီဓာတ်အားကို အောင်မြင်စွာ ပို့လွှတ်နိုင်ခဲ့ပေပြီ။

              အစီအစဉ်အတိုင်း (၂၉.၄.၂၀၂၀) ရက်နေ့တွင် မော်လိုက်ခွဲရုံရှိ ၆၆/၁၁ကေဗွီ ၊ ၁၀ အမ်ဗွီအေ ထရန်စဖော်မာကြီးကို ဓာတ်အားထည့်မည်ဖြစ်သည်။ (၁.၅.၂၀၂၀) မင်္ဂလာရှိသော အလုပ်သမားနေ့တွင်ကား မော်လိုက်မြို့သို့ နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အားကို စတင် ပို့လွှတ်နိုင်ပေတော့မည်။ မော်လိုက်မြို့၏ သမိုင်းသစ်ဖြစ်ပါစေသတည်း။

              စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် အစိုးရသစ်လက်ထက်တွင် မင်းကင်းမြို့အား ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလတွင်လည်းကောင်း၊ ကလေး၀မြို့အား ၂၀၁၉ ခုနှစ် ဇန်နဝါရီလတွင်လည်းကောင်း အသီးသီးဓာတ်အားပေးနိုင်ခဲ့ပြီးဖြစ်ရာ မော်လိုက်မြို့ သည် တတိယမြောက် နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အားရရှိမည့်မြို့ဖြစ်ပေသည်။ ထူးခြား သည်ကား COVID-19 ကန့်သတ်ကာလများအတွင်းတွင်ပင် မီးလင်းခဲ့သည့် အာဂမြို့တစ်မြို့ အဖြစ် မှတ်တမ်းတင်နိုင်တော့မည်ဖြစ်၏။

              လျှပ်စစ်နှင့်စွမ်းအင်၀န်ကြီးဌာနအနေဖြင့် ရည်မှန်းထားသည့်အတိုင်း သက္ကရာဇ် ၂၀၃၀ တွင် တစ်နိုင်ငံလုံးရာနှုန်းပြည့် မီးလင်းရေးခရီးရှည်ကြီးကို မလျှော့သော စိတ်ဓာတ်တို့ဖြင့် ဆက်လက်ချီတက်ရပေဦးမည်။ စာရေးသူသည် စီမံကိန်းတာ၀န်များဖြင့် မော်လိုက်မြို့သို့ မကြာခဏ ရောက်ရှိခဲ့ဖူး၏။ စာရေးသူကိုယ်တိုင်လည်း ချင်းတွင်းမြစ်ကမ်းဘေးမှ မွေးဖွားကြီးပြင်းခဲ့သူပီပီ ချင်းတွင်းကိုချစ်၏။ ချင်းတွင်းနှင့် ဆက်စပ်သမျှကိုလည်းချစ်၏။ ချင်းတွင်းဘေးရှိ ဆိတ်ငြိမ် အေးချမ်းသော မော်လိုက်မြို့လေးကိုလည်းချစ်၏။ မော်လိုက်မြို့ကဲ့သို့ပင် စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း နိုင်ငံတော်ဓာတ်အားစနစ်မှ မရရှိသေးသော မြို့နယ်၊ ကျေးရွာဒေသများ အားလုံးသို့လည်း ထပ်တူရစေချင်၏။ တစ်နိုင်ငံလုံးရှိ တောင်ပေါ်မြေပြန့် သွေးချင်းတို့အားလုံးလည်း အမြန်ဆုံးဓာတ်အားရရှိစေလိုသည်မှာ မှန်ကန်သောသစ္စာဟု ဆိုဝံ့ပေသည်။

              အခက်အခဲပေါင်းများစွာ ရင်ဆိုင်ကျော်လွှားဖြတ်သန်းခဲ့ရမှုများမှာ နောက်ဆုံးတော့ ရည်မှန်းချက်သို့ရောက်ရှိပါပြီ။ ဌာနအပေါ် စိတ်ရှည်လက်ရှည်ထား၍ စောင့်ဆိုင်း ပေးခဲ့ကြသော မော်လိုက်သားတို့ကိုလည်း အထူးပင်ကျေးဇူးတင်ရှိရပါသည်။

     “မော်လိုက်က ပြည်သူတွေ၊ ပျော်လိုက်ကြ ကြည်ဖြူစေ”ဟု မေတ္တာပို့သပါသည်။ ကာလကြာရှည် ခက်ခဲစွာကြိုးပမ်းတည်ဆောက်ခဲ့ရသည့် ၆၆ကေဗွီ ကလေး၀-မော်လိုက် ဓာတ်အား လိုင်းနှင့် မော်လိုက်ဓာတ်အားခွဲရုံကြီးကို ဌာနနှင့်အတူ ဝိုင်း၀န်းထိန်းသိမ်း စောင့်ရှောက်ကြပြီး အဓွန့်ရှည်တည်တံ့ပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း ထောပနာ တေးထပ် ကလေးဖြင့် ဂုဏ်ပြုအပ်ပါသတည်း။

              မြစ်သလ္လာ ကမ်းအနောက်က

              လွမ်းလောက်ကဲ့ မြို့တည်ရာ               

              မော်လိုက်လို့ အမည်သာတယ်

              စည်သာယာ တစ်ခေတ်ဆန်း။

                   ရှေးကာလ ချောင်ကျခဲ့သလေ

                   အမှောင်ညရှည် ဖြတ်သန်း။

                   ချင်ခြင်းတပ် ရတက်ဖြစ်ပိုတယ်

                   လျှပ်စစ်ကို မျှော်တမ်း။

              စန်းလဂ်သာ အချိန်ရောက်ပြီမို့

              ခြောက်ဆယ့်ခြောက် လိုင်းမဟာ။

              လျှပ်စစ်တွေ လောက်ငှဖို့

              ဆောက်ခဲ့ကြ ခွဲရုံအပါ။

                   အနောက်ဘက် မြစ်သလ္လာမှာ

                   ခေတ်ဆန်စွာ ဖွံ့ဖြိုးကြစေကွဲ့

                   ထိုးရတဲ့ ကမ္ဗည်းမဟာ

                   ဟီးခြိမ့်ခြိမ့်သာ။

              ထူးခြားတဲ့ ထိုသနစ်ပါ

              COVID အခါ မှတ်တမ်းတင်ခဲ့လေး။

(ပါ၀င်ဆောင်ရွက်သူများ၊ လမ်းညွှန်အကြံပြုသူများအားလုံးကို ကျေးဇူးတင် ဂုဏ်ပြု ပါသည်)

မောင်လွမ်းနီ(ရေစကြို)

02-May-2020