The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

နှစ်ခိုင်လုံး ရွှေ

ဝါရည်ရွှင် ကြိုင်မဆုံး

          နှစ်ခိုင်လုံး, ရွှေ။

                    ဒို့မြန်ပြေ တစ်မူသစ်ပေါ့

                    ဇမ္ဗူရစ်လေ။

          လျှပ်စစ်တို့ ခက်သစ်ဝေ

          ပြည်သူတွေ ပျော်ကြည်မွေ့။

                    ပြကတေ့ပါပဲ

                    ဓာတ်ငွေ့တွေ ကုန်မှာတူပေမယ့်

                   “အလုံ”မှာတစ်မူ စက်သစ်တွေ ထည့်တဲ့အပြင်

                   တက်ခေတ်အခြေ ယွန်းပြောင်းစေမကွဲ့,ရယ်လို့

                   ကျွန်းချောင်းမြေ နှစ်ခိုင်ပေါင်းကို

                   သောင်းထိုက်ကျော်စေ့။

          ရွှေသည်တန်ဖိုးအလွန်ကြီး၏။ ရွှေကို လူတိုင်းလိုလို နှစ်သက်မက်မောကြ၏။ လိုလား တပ်မက်ကြ၏။ ရယူပိုင်ဆိုင်နိုင်ရန် ကြိုးစားလေ့ရှိကြ၏။ မြန်မာနိုင်ငံအတွင်းရှိ ပြည်သူ လူထုအားလုံးအတွက်ကား ရွှေကဲ့သို့ပင် တန်ဖိုးထား လိုလားကြသောအရာ ရှိသည်ဆိုပါလျှင် ၄င်းမှာ လျှပ်စစ်ဓာတ်အား ဖြစ်မည်မှာ မလွဲနိုင်ပေ။

          နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူလူထု၏ လူနေမှုအဆင့်အတန်းများ၊ လူမှုစီးပွား ဘ၀များ တိုးတက်မြင့်မားလာစေရန် ကဏ္ဍစုံမှ ကြိုးပမ်းအားထုတ်လျှက်ရှိသည်။ ယင်းသို့ ကြိုးပမ်းအားထုတ်လျက်ရှိသည့် ကဏ္ဍပေါင်းများစွာအနက် လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဓာတ်အားကဏ္ဍများသည် အထူးအရေးပါသည့်အတွက် အဆိုပါကဏ္ဍများ အလျင်အမြန် ဖွံ့ဖြိုးတိုးတက်လာစေရေးကို ပြတ်သားသည့်မူဝါဒများ ချမှတ်ဆောင်ရွက် နေခြင်း ဖြစ်သည်။

          လျှပ်စစ်နှင့်စွမ်းအင်၀န်ကြီးဌာနသည် နိုင်ငံအတွင်း နှစ်စဉ်တိုးတက်လာသည့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်အတွက် အမြဲမပြတ် တွက်ချက် သုံးသပ်၍ ရေတို ရေရှည် နည်းလမ်းပေါင်းများစွာ ချမှတ်ဆောင်ရွက်လျက်ရှိသည်။ လျှပ်စစ် ဓာတ်အားထုတ်လုပ်ခြင်းလုပ်ငန်း၊ ပို့လွှတ်ခြင်းလုပ်ငန်း၊ ဖြန့်ဖြူးခြင်းလုပ်ငန်းများကို ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်အောင် စနစ်တကျဆောင်ရွက်ရာတွင် ပြည်နယ်၊ ပြည်မ မခွဲခြားဘဲ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံးအတွက် ကြိုးပမ်းလျက်ရှိခြင်းပင်။

          ဤသို့ မွန်မြတ်သော စိတ်ထားဖြင့် မဆုတ်မနစ် ကြိုးပမ်းခဲ့ခြင်းကြောင့် ၂၀၁၆ ခုနှစ် မတိုင်မီက တစ်နိုင်ငံလုံး၏ လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်မှုမှာ ၃၄% ခန့်သာရှိခဲ့ရာမှ ၂၀၁၉ခုနှစ် ဒီဇင်ဘာလတွင် ၅၀.၀၉% အထိ တိုးတက်လာသည့် သာဓကမှာ အထင်အရှား ပင်ဖြစ်၏။ ဆက်လက်၍ ကြိုးပမ်းရဦးမည့် အန္တိမရည်မှန်းချက်ကား သက္ကရာဇ် ၂၀၃၀ တွင် တစ်နိုင်ငံလုံး ရာနှုန်းပြည့် လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်ရေးတည်း။

          လူမှုစီးပွားဘ၀အခြေခံကောင်းများ ခိုင်မာလာသည်နှင့်အမျှ နိုင်ငံတော်၏ လျှပ်စစ် ဓာတ်အား လိုအပ်ချက်သည်လည်း နှစ်စဉ် တရိပ်ရိပ် တိုးတက်လာလျက်ရှိသည်။ လျှပ်စစ်နှင့် စွမ်းအင်၀န်ကြီးဌာနသည်လည်း တိုးတက်လာသည့် ဓာတ်အားလိုအပ်ချက်ကို အချိန်နှင့် တစ်ပြေးညီ ဖြည့်ဆည်းပေးနိုင်ရေးအတွက် နည်းလမ်းမျိုးစုံဖြင့် အတတ်နိုင်ဆုံး စီမံဆောင် ရွက်လျက်ရှိ၏။ ယခုနှစ်နွေရာသီတွင် တိုးတက်သုံးစွဲလာမည့် ဓာတ်အားလိုအပ်ချက်ကို အမြန်ဆုံးဖြည့်ဆည်းပေးနိုင်ရန်အတွက် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်ကိုခံယူ၍ Liquefied Natural Gas to Power စီမံကိန်းများအပါအ၀င် ဓာတ်အားထုတ်လုပ်မည့် စက်ရုံများစွာကို ချမှတ်ဆောင်ရွက်လျက်ရှိရာ-

ရန်ကုန်တိုင်းဒေသကြီးတွင် အလုံ၊ သန်လျင်နှင့်သာကေတ တို့၌လည်းကောင်း၊

မကွေးတိုင်းဒေသကြီးတွင် မကွေးနှင့် ကျွန်းချောင်း တို့၌လည်းကောင်း၊

ပဲခူးတိုင်းဒေသကြီးတွင် ရွှေတောင် ၌လည်းကောင်း၊

ရခိုင်ပြည်နယ်တွင် ကျောက်ဖြူ ၌လည်းကောင်း…အရေအတွက်အားဖြင့် (၇)ခုသော စက်ရုံစီမံကိန်းများနှင့် ပမာဏအားဖြင့် (၁၁၆၆)မဂ္ဂါ၀ပ် ရှိသည့် လျှပ်စစ်ဓာတ်အားကို မယုံနိုင်လောက်သော အချိန်တိုကာလအတွင်း တည်ဆောက်အကောင်အထည်ဖော်လျက်ရှိ ပေသည်။

          လျှပ်စစ်ကဏ္ဍ လိုအပ်ချက်များကို ဖြည့်ဆည်းရခြင်းသည် အပြောလွယ်သလောက် အလုပ်ခက်ပါ၏။ စိတ်ကူးယဉ်မှု သက်သက်ဖြင့် ဆောင်ရွက်၍ မရနိုင်။ နိုင်ငံ၏ပကတိ စီးပွားရေးဘ၀၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မည့် နိုင်ငံ၏သယံဇာတအရင်းအမြစ်များ ၊ လူ့စွမ်းအားအရင်းအမြစ်များကို အခြေပြု၍ ခက်ခက်ခဲခဲ ရင်းနှီးရုန်းကန်ရ၏။ ဝေဖန်မှုများ၊ စိန်ခေါ်မှုများစွာကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ကျော်လွှားရ၏။ ဤသို့သော ကြိုးပမ်းခဲ့မှုများ၏ အသီး အပွင့်အဖြစ် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့တွင် တည်ဆောက်ခဲ့သည့် ၆၆ မဂ္ဂါ၀ပ် ဓာတ် အားပေးစက်ရုံစီမံကိန်းသည် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာက (၁၃)ရက်နေ့မှ စတင်၍ နိုင်ငံတော် ဓာတ်အားစနစ်အတွင်းသို့ အောင်မြင်စွာ ၀င်ရောက်နိုင်ခဲ့ပြီး ပြည်သူ့၀န်ကို သယ်ပိုးထမ်းရွက် လျက်ရှိခဲ့ပေပြီ။

          ယခုအခါ ကျန်ရှိသော ဆောင်ရွက်ဆဲစီမံကိန်း(၆)ခုအနက် ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်၊ အလုံဓာတ်အားပေးစက်ရုံ၀န်းအတွင်းတွင် တည်ဆောက်အကောင်အထည်ဖော် လျက်ရှိသည့် အလုံ ၁၅၁.၅၄ မဂ္ဂါ၀ပ်ဓာတ်အားပေးစက်ရုံ စီမံကိန်းနှင့်၊ မကွေးတိုင်း ဒေသကြီး ပခုက္ကူခရိုင်၊ ကျွန်းချောင်းဓာတ်အားပေးစက်ရုံ၀န်းအတွင်း တည်ဆောက်လျက် ရှိသည့် ကျွန်းချောင်း ၂၀.၅၄ မဂ္ဂါ၀ပ် ဓာတ်အားပေးစက်ရုံများသည်လည်း လျှပ်စစ် ဓာတ်အားများ စတင်ထုတ်လုပ်နိုင်ပြီ ဖြစ်သည်။

          အလုံတွင် လက်ရှိ ဌာနပိုင် သဘာ၀ဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံရှိပါ၏။ ထိုစက် သည် လည်ပတ်၀န်ထမ်းခဲ့ရသည့်ကာလ ကြာမြင့်လာသည်နှင့်အမျှ စက်စွမ်းရည်မှာ သိသိ သာသာ ကျဆင်းလာခဲ့သည်။ တစ်ရက်လျှင် ရတနာဓာတ်ငွေ့ ကုဗပေ ၃၆ သန်းကို အသုံးပြု သည့်တိုင် လျှပ်စစ်ဓာတ်အား ၇၀ မဂ္ဂါ၀ပ်ခန့်သာ ထွက်တော့သည်။ ယင်းသို့ စက်စွမ်းရည် ကျဆင်းနေသော ဌာနပိုင်စက်များအစား စွမ်းရည်မြင့်မားသော စက်များဖြင့် အစားထိုးရန် စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပေသည်။ စက်ရုံအသစ်တည်ဆောက်ရန် မြေနေရာအသစ်မလို။ စက်ရုံအသစ်လည်ရန် ဓာတ်ငွေ့များထပ်မံမလို။ (၅.၉)ဧကကျယ်၀န်းသော လက်ရှိ အလုံ စက်ရုံ၀န်းအတွင်းတွင်ပင် လက်ရှိအသုံးပြုနေသော ဓာတ်ငွေ့ပမာဏအတိုင်း သုံးစွဲစေခြင်း ဖြင့်အချိန်တိုအတွင်းဆောင်ရွက်နိုင်ခြင်းပင်။ အကျိုးကျေးဇူးကား လက်ရှိသုံးစွဲနေသော ဓာတ်ငွေ့ပမာဏအတိုင်း ယခုစက်သစ်ကြီးများမောင်းနှင်ခြင်းဖြင့် ၁၅၁.၅၄ မဂ္ဂါ၀ပ် ထွက်ရှိလာမည်။ မူလကထက် မဂ္ဂါ၀ပ်(၈၀)ကျော် ပိုမိုထုတ်လုပ်လာနိုင်ခြင်းတည်း။ နိုင်ငံအတွက် မဂ္ဂါ၀ပ် ၈၀ ဆိုသည့် လျှပ်စစ်ဓာတ်အားပမာဏသည် ရွှေကဲ့သို့ပင် တန်ဖိုးကြီး လှ၏။

          အလုံစက်ရုံသစ်စီမံကိန်းကို International Competitive Bidding (ICB) စနစ် ဖြင့် (၂၈.၆.၂၀၁၉)ရက်နေ့တွင် တင်ဒါခေါ်ယူခဲ့သည်။ တင်ဒါအောင်မြင်ခဲ့သည့် Consortium of China Energy Engineering Group-Hunan Electric Power Design Institute Co.,Ltd, China its (Holding) Co.,Ltd and Shenzhen Shennan Power Gas Turbine Engineering Technique Co.,Ltd အနေဖြင့် တည်ဆောက်ရေး လုပ်ငန်းများကို (၂.၉.၂၀၁၉)နေ့တွင် စတင်ခဲ့သည်။ စီမံကိန်းတွင် သဘာ၀ဓာတ်ငွေ့သုံး တာဘိုင်နှင့် ရေနွေးငွေ့သုံးတာဘိုင် ဟူ၍ အဆင့် (၂)ဆင့်ရှိရာ ယခုအခါ ပထမအဆင့်ဖြစ်သော သဘာ၀ဓာတ်ငွေ့တာဘိုင်စက်မှ မဂ္ဂါ၀ပ်(၁၀၀) စတင်ထုတ်လုပ်နိုင်ပြီဖြစ်သည်။ ဒုတိယ အဆင့် ရေနွေးငွေ့တာဘိုင်(၅၁.၅၄)မဂ္ဂါ၀ပ်သည်လည်း မကြာမီ ပြီးစီးပေတော့မည်။

          အလုံစက်ရုံတွင် တပ်ဆင်ထားသော ဓာတ်ငွေ့တာဘိုင်စက်မှာ အမေရိကန်နိုင်ငံ GE ကုမ္ပဏီမှ ထုတ်လုပ်သော Frame 9E အမျိုးအစား ခေတ်မီ တာဘိုင်စက်ဖြစ်သည်။ ကာလတို (၅)နှစ်အနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ကာလရှည် အစီအမံအနေဖြင့် နိုင်ငံပိုင်ဓာတ်အားပေးစက်ရုံအသစ် တည်ဆောက်သွားမည်ဖြစ်သည်။ ယင်းသို့ ကာလရှည် အစီအမံဖြင့် ဆောင်ရွက်သွားမည့် စီမံကိန်းအတွက် ယခုတည်ဆောက် ခဲ့သော သဘာ၀ဓာတ်ငွေ့ပိုက်လိုင်းများ နှင့် ဓာတ်အားလိုင်းများမှာ အဆင်သင့်ကျန်ရှိနေမည် သာဖြစ်ပေသည်။ အလုံစက်ရုံစီမံကိန်းမှ ထွက်ရှိလာမည့် ဓာတ်အားများကို ရန်ကုန်မြို့တွင်း သို့ အဓိကဓာတ်အားဖြန့်ဖြူးနေသည့် ၂၃၀ကေဗွီ အလုံပင်မဓာတ်အားခွဲရုံမှတစ်ဆင့် ဖြန့်ဖြူး သွားမည်ဖြစ်ပြီး ပိုလျှံသည့် ဓာတ်အားကို နိုင်ငံတော်ဓာတ်အားစနစ်အတွင်း ဖြန့်ဖြူးသွား မည်ဖြစ်သည်။ နိုင်ငံအတွက် အကျိုးများလှပါ၏။

          စတင်တည်ဆောက်ချိန်မှ ရက်ပေါင်း (၂၇၀)အတွင်း အပြီးဆောင်ရွက်ရမည့် အလုံ စက်ရုံစီမံကိန်း၏ အသီးအပွင့်များကို စတင်ခံစားနေရပြီဖြစ်သည်။ လွယ်ကူလှသည်တော့ မဟုတ်၊ အခက်အခဲအမျိုးမျိုးကို ရင်ဆိုင်ကျော်လွှားခဲ့ရသည်။ အထူးသဖြင့် တစ်ကမ္ဘာလုံးကို ဒုက္ခပေးနေသည့် ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကြီးကို ရင်ဆိုင်ရ၏။ အကန့်အသတ်ပေါင်း များစွာကြားမှ စက်ပစ္စည်းများ အချိန်မီရောက်ရှိရေး၊ တည်ဆောက်မည့်အင်ဂျင်နီယာနှင့် ကျွမ်းကျင်လုပ်သားများ အချိန်မီရောက်ရှိရေး၊ မဟာသင်္ကြန်ကာလ ဒေသခံလုပ်သားများ ရရှိရေး စသည့် စိန်ခေါ်မှုများစွာ…။

          ဌာနအနေဖြင့် ကိုဗစ်-၁၉ ကိုအကြောင်းပြု၍ စိတ်မပျက်၊ အားမလျှော့၊ မတွေဝေ၊ ရည်မှန်းချက်အပျောက်မခံခဲ့။ ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ခြင်းများကို နိုင်ငံတော်အဆင့် ဆောင်ရွက်နေချိန်တွင် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှုခံယူ၍ သက်ဆိုင်ရာ ဒေသအာဏာ ပိုင်အဖွဲ့အစည်းများ၊ ၀န်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းကာ ပေါက်မြောက်အောင်မြင် အောင် တက်ညီလက်ညီ ကြိုးပမ်းခဲ့ကြပေသည်။ ၀န်ကြီးဌာနအနေဖြင့် ပြည်သူလူထုအပေါ် ထားရှိသည့် စေတနာ၊ ရည်ရွယ်ချက်နှင့် ကြီးမားသော ပေးဆပ်ခြင်းတို့ကို အတိုင်းသား တွေ့မြင်နိုင်ကြပေမည်။

          အလားတူပင် မကွေးတိုင်းဒေသကြီး၊ ကျွန်းချောင်းဓာတ်အားပေးစက်ရုံ၀န်းအတွင်း တည်ဆောက် အကောင်အထည်ဖော်ခဲ့သည့် ကျွန်းချောင်း ၂၀.၅၄ မဂ္ဂါ၀ပ် ဓာတ်အားပေး စက်ရုံစီမံကိန်းသည်လည်း ယခုအခါ ဓာတ်အားထုတ်လုပ်နိုင်ခဲ့ပြီဖြစ်သည်။ ကျွန်းချောင်း စက်ရုံစီမံကိန်းကိုလည်း အလုံနည်းတူ International Competitive Bidding (ICB) စနစ် ဖြင့် (၂၈.၆.၂၀၁၉)ရက်နေ့တွင် တင်ဒါခေါ်ယူခဲ့ခြင်းဖြစ်သည်။

          တင်ဒါအောင်မြင်ခဲ့သည့် Consortium of V Power Group Holdings Ltd and V Power Holdings Ltd အနေဖြင့် ဂျာမဏီနိုင်ငံထုတ် MTU အမျိုးအစား ၂.၀၂၆ မဂ္ဂါ၀ပ် ဓာတ်ငွေ့အင်ဂျင်စက် (၁၁)လုံးကို အသုံးပြု၍ တည်ဆောက်ရေးလုပ်ငန်းများကို (၆.၉.၂၀၁၉) ရက်နေ့တွင် စတင်အကောင်အထည်ဖော်ခဲ့၏။

          စီမံကိန်းအတွက် လိုအပ်သော ကုန်းတွင်းဓာတ်ငွေ့ တစ်ရက်လျှင် ကုဗပေ (၅)သန်း ကို လက်ရှိ စွမ်းရည်ကျဆင်းနေပြီဖြစ်သည့် ဌာနပိုင် ကျွန်းချောင်းဓာတ်အားပေးစက်ရုံမှ လွှဲပြောင်းပေးခြင်းဖြစ်သည်။ ယခင်ဌာနပိုင်ဓာတ်အားပေးစက်ရုံမှာ တစ်ရက်လျှင် ကုန်းတွင်း ဓာတ်ငွေ့ ကုဗပေ(၅)သန်းအသုံးပြုသည့်တိုင် ၅ မဂ္ဂါ၀ပ်မျှသာ ထုတ်လုပ်နိုင်၏။ ယခုတပ်ဆင် သည့် စက်များသည်ကား အလုံစက်ရုံကဲ့သို့ပင် မြေနေရာထပ်မံမလိုအပ်ဘဲ၊ ဓာတ်ငွေ့များ ထပ်မံ မလိုအပ်ဘဲ ၂၀.၅၄မဂ္ဂါ၀ပ်ရှိသော လျှပ်စစ်ဓာတ်အားပမာဏကို ထုတ်လုပ်နိုင်ခဲ့ပြီ ဖြစ်ပေသည်။ အကျိုးကား လက်ရှိဓာတ်ငွေ့ပမာဏဖြင့်ပင် ၁၅ မဂ္ဂါ၀ပ်ခန့် ပိုမိုထုတ်လုပ် လာနိုင်ခြင်းဖြစ်ပေသည်။ နည်းပညာသစ်များသုံးစွဲခြင်း၏ အကျိုးကား အံ့မခမ်းပင်။ ကျွန်းချောင်းစက်ရုံ၏ စီမံကိန်းလုပ်ပိုင်ခွင့်ကာလသည်လည်း စီးပွားဖြစ်စတင် လည်ပတ်သည့် နေ့မှစ၍  ၅ နှစ် ဖြစ်၏။ ထွက်ရှိလာသည့် ဓာတ်အားများကို ကျွန်းချောင်း စက်ရုံ၀န်းအတွင်းရှိ 66kV Bus; နှင့် ချိတ်ဆက်ကာ နိုင်ငံတော်ဓာတ်အားစနစ်သို့ ပို့လွှတ် သွားမည်ဖြစ်သည်။

          ယခုအခါ အထက်တွင်တင်ပြခဲ့သည့်အတိုင်း ၂၀၂၀ ခုနှစ်နွေရာသီ လျှပ်စစ်ဓာတ်အား လုံလောက်စွာဖြန့်ဖြူးပေးနိုင်ရေးအတွက် အချိန်တိုအတွင်း တည်ဆောက်အကောင်အထည် ဖော်ခဲ့သည့် စက်ရုံစီမံကိန်း(၇)ခု၊ မဂ္ဂါ၀ပ် (၁၁၆၆) အနက် စီမံကိန်း(၃)ခု၊ (၁၈၆) မဂ္ဂါ၀ပ်ခန့် သည် နိုင်ငံတော်ဓာတ်အားစနစ်နှင့် ချိတ်ဆက်၍ ပြည်သူတို့၏ လိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်ခဲ့ပေပြီ။ ကျန်ရှိသော စီမံကိန်းများသည်လည်း မကြာမီအချိန်အတွင်း လျှပ်စစ်ဓာတ် အားများ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေးအတွက် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်လျှက်ရှိ၏။

          လတ်တလောတွင် ကိုဗစ်-၁၉ အန္တရာယ်ကြောင့် နိုင်ငံအဝှမ်း သွားလာမှုများကို အထူး ကန့်သတ်ထား၏။ လူတစ်ဦးချင်းစီ လိုက်နာရမည့် ကျန်းမာရေးဆိုင်ရာ အကာအကွယ်များ ကို အလေးအနက်ထား၍ လိုက်နာစေလျှက်ရှိ၏။ ပြည်သူလူထုအများစုအား Stay Home နေစေ၏။ နိုင်ငံ့၀န်ထမ်းအများစုအား ၅၀% စီသာ ကန့်သတ်၍ တာ၀န်ထမ်းဆောင်စေ၏။ စက်ရုံအလုပ်ရုံနှင့် ၀န်ဆောင်မှုလုပ်ငန်းအချို့ ယာယီရပ်ဆိုင်းသွားသည့်တိုင် တစ်နိုင်ငံလုံး၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုက ရပ်ဆိုင်းသွားခြင်းမရှိပေ။ ပြည်သူလူထု၏လျှပ်စစ်ဓာတ်အား လိုလားတောင့်တချက်သည်လည်း   ရပ်တံ့မသွားပေ။   သို့ဖြစ်ရာ    လျှပ်စစ်နှင့်စွမ်းအင်၀န်ကြီး ဌာန မှ ၀န်ထမ်းများအနေဖြင့် ကိုဗစ်-၁၉ ကို သတိကြီးစွာထားရင်းကပင် ရပ်တံ့၍ မရသော လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း၊ ပို့လွှတ်ခြင်း၊ ဖြန့်ဖြူးခြင်း လုပ်ငန်းများကို မနားမနေ ဆက်လက်ဆောင်ရွက်နေခြင်းဖြစ်ပေသည်။                                                                                                                             

          လျှပ်စစ်နှင့်စွမ်းအင်၀န်ကြီးဌာန၏ ကဏ္ဍပေါင်းစုံမှ ၀န်ထမ်းများအနေဖြင့် မိမိတို့၏ အသက်ကို ပဓာနမထားဘဲ ကပ်ရောဂါဆိုးကြီးကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ဆောင်ရွက်နေကြခြင်းသည် တာ၀န်အရ မဖြစ်မနေဆောင်ရွက်နေခြင်းဖြစ်သည်ဟု ဆိုမည်ဆိုက ဆိုနိုင်ကြပေမည်။ သို့သော် ထိုသို့သော “ တာ၀န်အရ” ဆိုသည်ထက် ပြည်သူလူထုအပေါ် ထားရှိသော မွန်မြတ် သည့် စိတ်ကောင်းစေတနာနှင့် စွန့်လွှတ်အနစ်နာခံမှု တို့ကိုကား မျက်ကွယ်ပြု၍ မရစကောင်း ပေ။ မည်သည့်အခက်အခဲ၊ အကန့်အသတ်များနှင့် ကြုံတွေ့စေကာမူ ရဲဝံ့ပြတ်သားစွာ ရင်ဆိုင် ကျော်လွှား၍ ၂၀၃၀ ရည်မှန်းချက်ပန်းတိုင်သို့ မမှိတ်မသုန် ဆက်လက်ချီတက်သွားကြမည် သာ ဖြစ်သည်ဟု ဆိုဝံ့၏။

          ရွှေသည်တန်ဖိုးအလွန်ကြီးကြောင်း၊ ရွှေကို လူတိုင်းလိုလို နှစ်သက်မက်မောကြ ကြောင်း၊ လိုလားတပ်မက်ကြကြောင်း၊ ရယူပိုင်ဆိုင်နိုင်ရန် ကြိုးစားလေ့ရှိကြကြောင်း၊ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းရှိ ပြည်သူလူထုအားလုံးအတွက်ကား လျှပ်စစ်ဓာတ်အားကို ရွှေကဲ့သို့ပင် တန်ဖိုးထားလိုလားကြမည်ဖြစ်ကြောင်း ခံစားဖော်ပြခဲ့ပြီးဖြစ်ပါသည်။

          လျှပ်စစ်နှင့်စွမ်းအင်၀န်ကြီးဌာနသည် ပြည်သူထူထု၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက် ကို အဆက်မပြတ်ဖြည့်ဆည်းလျှက် ဖွံ့ဖြိုးတိုးတက်ခြင်း အသီးအပွင့် အခက်အခိုင် တို့ကို ပြည်သူလူထုထံ အပ်နှံနိုင်ခဲ့သည်ဟု ဆိုပါလျှင်-

          အထက်တွင် ဖော်ညွှန်းခဲ့သော “ အလုံ” နှင့် “ ကျွန်းချောင်း” စက်ရုံများသည်လည်း နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် အဖိုးထိုက်တန်သော “ နှစ်ခိုင်လုံး ရွှေ” ဖြစ်ကြောင်းကို မည်သူမျှ အငြင်းပွားကြလိမ့်မည်မထင်ပေ။

 

မောင်လွမ်းနီ(ရေစကြို)

22-May-2020