MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှု

 နိုင်ငံတကာတွင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူ လူနေမှု ဘဝ ဖွံ့ဖြိုးတိုးတက်မှုတွင် လျှပ်စစ်ကဏ္ဍသည် အဓိက အရေးပါသော အချက်တစ်ချက် အဖြစ်ပါဝင်နေပါသည်။ လျှပ်စစ် ဓာတ်အားထုတ်လုပ်မှုကို ပြည်သူများ၏ သုံးစွဲမှု လိုအပ်ချက် ဖြည့်ဆည်းပေးရေး၊ အခြေခံအားဖြင့် ဒုတိယအဆင့် စက်မှုဖွံ့ဖြိုးတိုးတက်ရေး နှင့် တတိယအဆင့် အနေဖြင့် ပိုမို ထုတ်လုပ်သော လျှပ်စစ် ဓာတ်အားကို ပြည်ပနိုင်ငံများသို့ ဆက်သွယ်ရောင်းချသော လျှပ်စစ်ကုန်သွယ်မှုအဆင့် ဖြစ်ပါသည်။ စွမ်းအင် အရင်းအမြစ် ပေါများပြီး ရင်းနှီးမြှုပ်နှံမှု ကောင်းသော နိုင်ငံများသည် တတိယအဆင့် လျှပ်စစ်ကုန်သွယ်မှုကို ဆောင်ရွက်လျက်ရှိကြပါသည်။ဥပမာအားဖြင့် နော်ဝေနိုင်ငံ၊ ဘူတန်နိုင်ငံ သည် ရေအားလျှပ်စစ်ပေါများကြွယ်ဝမူပေါ် မူတည်ပြီး ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုများဖြင့် ရေအား လျှပ်စစ်ဓာတ်အားများစွာ ထုတ်လုပ်လျက်ရှိ၍ ပြည်ပနိုင်ငံများသို့ ဓာတ်အားလိုင်းများဖြင့် ချိတ်ဆက် ရောင်းချမှုဖြင့် နိုင်ငံ၏ အဓိကဝင်ငွေ အဖြစ် ရပ်တည်လျက်ရှိကြောင်း သိရှိရပါသည်။

 မြန်မာနိုင်ငံအနေဖြင့် လက်ရှိ ဓာတ်အားထုတ်လုပ်မှုတွင် ၃၀% ခန့်သော ပြည်သူများကိုသာ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်သေးကြောင်း တွေ့ရှိရပါသည်။ထုတ်လုပ်သော ဓာတ်အား ၁၈၅၀ မဂ္ဂါဝပ်ခန့်တွင် မသုံးစွဲရဘဲ ဓာတ်အားပျောက်ဆုံးမှုများ ရှိနေကြောင်း၊ ဓာတ်အားပျောက်ဆုံးမှု မရှိအောင် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊လွှတ်တော်ကိုယ်စားလှယ်များမှ ဆွေးနွေးခြင်း၊ မီဒီယာများ တွင် ရေးသား ပြောဆိုမှုများ တွေ့ရှိနေရသည့်အတွက် စာရေးသူ အနေဖြင့် ဓာတ်အားပျောက်ဆုံးမှု အပေါ် ရှင်းလင်းစွာ သိလိုသည့်အတွက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက တာဝန်ရှိသူ တစ်ဦးနှင့် တွေ့ဆုံ မေးမြန်းမှု ဆောင်ရွက်ခဲ့ပါသည်။

၁။   မေး။          ဓာတ်အားပျောက်ဆုံးမှုဆိုတဲ့ အဓိပ္ပာယ်ကို သိပါရစေ။

      ဖြေ။          လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှု (Unit Losses)ဆိုသည်မှာ  ဓာတ်အားပေးစက်ရုံ (သို့မဟုတ်) ဓာတ်အားခွဲရုံမှ ပို့လွှတ်သော ဓာတ်အားယူနစ်ပေါင်းနှင့် ဓာတ်အား သုံးစွဲ သော သူများထံမှ ကောက်ခံရရှိသော ဓာတ်အားယူနစ် (လက်ခံအသုံးပြုသော ဓာတ်အားယူနစ်)၂ ခု ခြားနားချက်ကို ပျောက်ဆုံးမှုဟု ခေါ်ပါသည်။ထင်သာမြင်သာ အောင် ပြောရပါက ဆည်တစ်ခု၏ မြောင်းလက်တံမှ ရေဂါလံ တစ်သန်းလွှတ်လိုက် ပါက စိုက်ပျိုးလယ်ကွင်းများအရောက်တွင် ရေဂါလံ ကိုးသိန်းသာရှိပါက ဂါလံ တစ်သိန်းသည် ပျောက်ဆုံးမှု ဖြစ်ပါသည်။ မြောင်း လက်တံတွင် နေပူခြင်း၊ မြေကြီး အတွင်း စိမ့်ဝင်ခြင်း၊ လမ်းမှ ဖြတ်ဖောက်ယူခြင်းများသည် ပျောက်ဆုံးမှု ဖြစ်ပါသည်။ ဓာတ်အားခွဲရုံ တစ်ခုမှ မြို့တစ်မြို့သို့ ဓာတ်အားယူနစ် တစ်သန်း ပို့လွှတ်ပြီး ဓာတ်အား ယူနစ် ကိုးသိန်းသာ လက်ခံသုံးစွဲရရှိပါက ယူနစ်တစ်သိန်း ပျောက်ဆုံးမှု ဖြစ်ပြီး ၎င်းကို ဓာတ်အားပျောက်ဆုံးမှု Losses ၁၀% ရှိသည်ဟု သတ်မှတ်ပါသည်။

၂။  မေး။          ရေလွှတ်မြောင်းက ရေတွေပျောက်ဆုံးတာ ရှင်းပါတယ်။ ဓာတ်အားတွေ ပျောက်ဆုံး သွားတာ ကတော့ ဘယ်လိုနည်းနဲ့ ပျောက်ဆုံးတယ် ဆိုတာ ရှင်းပြပေးပါ။

      ဖြေ။          ဓာတ်အားတွေ ပျောက်ဆုံးမှုက ၂ မျိုးဘဲရှိပါတယ်။ နည်းပညာပိုင်းဆိုင်ရာ ပျောက်ဆုံးမှု (Technical Losses) နှင့် နည်းပညာပိုင်းဆိုင်ရာ မဟုတ်သော ပျောက်ဆုံးမှု (Non Technical  Losses)တို့ဖြစ်ပါတယ်။ Technical  Losses ကတော့ လျှပ်စစ်ဓာတ်အား ဖြတ်သန်းစီးဆင်းတဲ့ ဓာတ်အားလိုင်းတွေ၊ ဓာတ်အားခွဲရုံတွေ စက်ပစ္စည်းများအတွင်း ပျောက်ဆုံးသွားမှုကို ခေါ်ဆိုပါတယ်။ Non Technical Losses ကတော့ တရားမဝင် ဓာတ်အားသုံးစွဲမှုတွေ၊ ဓာတ်အားလိုင်းကြိုးများနဲ့ သစ်ပင်သစ်ကိုင်းများ ထိနေမှုတွေ ၊ မီတာဖတ်မှု မမှန်ခြင်းတွေကြောင့် ပျောက်ဆုံးသွားမှုကို ခေါ်ဆိုပါတယ်။

၃။   မေး။          ဓာတ်အားလိုင်းကြိုးတွေပေါ်မှာ ဘာကြောင့် ဓာတ်အားပျောက်ဆုံးသွားရပါသလဲ။

      ဖြေ။          ဓာတ်အားလိုင်းကြိုးတွေကို ကြေးကြိုး၊ အလူမီနီယမ် ကြိုးတွေနဲ့ ဆွဲသားထားခြင်း ဖြစ်ပါ တယ်။ သတ္တုပစ္စည်းတွေမှာ ခုခံမှု ကိန်းဂဏန်းတွေ မူလကတည်းက ပါရှိထားပြီး ဖြစ်ပါတယ်။ အဲဒီခုခံမှု ကိန်းတွေ ရှိတဲ့အတွက် ကြေးကြိုး၊ အလူမီနီယမ် ကြိုးတွေနဲ့ ဆွဲထားတဲ့ ဓာတ်အား လိုင်းတွေပေါ်မှာ လျှပ်စီးကြောင်းတွေ စီးဆင်းတဲ့အခါမှာ အပူ စွမ်းအင်အဖြစ် ပြောင်းလဲပြီး တော့ ဓာတ်အားပျောက်ဆုံးမှုတွေ ဖြစ်ပေါ်လာပါ တယ်။

၄။   မေး။          ထရန်စဖော်မာတွေကြောင့်လည်း ဓာတ်အားပျောက်ဆုံးမှု ရှိတယ်လို့ပြောတယ်နော်။ ဘယ်လို ပျောက်ဆုံးတယ်ဆိုတာ ရှင်းပြပါအုံး။

      ဖြေ။          ထရန်စဖော်မာ တစ်လုံးတည်ဆောက်တဲ့အခါမှာ သံပြား(Core ပြား)၊ ကွိုင်ကြိုး၊ Insulation၊ စက္ကူနှင့် ဆီတွေ ပါရှိရပါတယ်။အဲဒီ ပစ္စည်းတွေရဲ့ အမျိုးအစား၊ အရည်အသွေး ကောင်းမွန်မှုပေါ် မူတည်ပြီး ထရန်စဖော်မာအတွင်း ဓာတ်အား ပျောက်ဆုံးမှု ဖြစ်ပေါ်ပါတယ်။ ဆီအရည်အသွေး ညံ့ဖျင်းမှု၊ Insulation၊ စက္ကူ အမျိုးအစား ညံ့ဖျင်းမှု၊ ကွိုင်ကြိုး အရည်အသွေး ညံ့ဖျင်းမှု၊ သံပြား(Core ပြား )တွေရဲ့ အရည်အသွေး ညံ့ဖျင်းမှုတွေကြောင့် ထရန်စဖော်မာ အတွင်းမှာ ဓာတ်အားပျောက်ဆုံး မှု ဖြစ်ပေါ်ပါတယ်။ ၁၀၀၀ ကေဗွီအေ ထရန်စဖော်မာ တစ်လုံးသည် ဓာတ်အား မသုံးစွဲဘဲ (No Load Losses) ၅၀၀ ဝပ်ရှိပါတယ်။

၅။   မေး။          မြန်မာနိုင်ငံ ဓာတ်အားပျောက်ဆုံးမှု အခြေအနေ ဘယ်လောက်ရှိပါသလဲ။

      ဖြေ။          ၁၉၉၀-၁၉၉၁ ခုနှစ်က Loss ၃၅.၃၅% ရှိပါတယ်။ ယခု ၂၀၁၂-၂၀၁၃ ခုနှစ်မှာ ၂၂.၉၈% ရှိပါတယ်။ ဓာတ်အားပျောက်ဆုံးမှုနည်းအောင် နှစ်စဥ်စီမံချက်တွေ ချမှတ် ဆောင်ရွက်ခဲ့ခြင်းကြောင့် လျော့နည်းလာတာဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ စီမံ ခန့်ခွဲမှု အရရော၊ ဘဏ္ဍာငွေ ရရှိ၊ ခွဲဝေ၊ သုံးစွဲမှု အရရော ဆောင်ရွက်ခဲ့ရခြင်း ဖြစ်ပါ တယ်။

၆။   မေး။          အိမ်နီးချင်းနိုင်ငံများရဲ့ ဓာတ်အားပျောက်ဆုံးမှုကိုလည်း သိပါရစေ။

      ဖြေ။          ထိုင်းမှာ ၆% ၊ စင်္ကာပူ ၅% ၊ တရုတ် ၆.၆% ၊ အိန္ဒိယ ၂၁.၄ % ၊ လာအို ၁၄.၄၂ % ရှိပါတယ်။

၇။   မေး။          စင်္ကာပူ၊ထိုင်းနိုင်ငံတို့လို ဓာတ်အားပျောက်ဆုံးမှု လျော့နည်းအောင် ဘာတွေ ဆောင် ရွက်ရမှာပါလဲ။

      ဖြေ။          Transmission လိုင်းတွေမှာ သတ်မှတ်ဝန်အားသယ်နိုင်တဲ့လိုင်းတွေသုံးထားတဲ့အတွက် Transmission Loss နည်းတယ်။ ဓာတ်အားခွဲရုံ ပစ္စည်းတွေကိုလည်း အရည်အသွေး ကောင်းတဲ့ ပစ္စည်းတွေကို အသုံးပြုထားတယ်။ဓာတ်အားဖြန့်ဖြူးရေး ဗို့အားနိမ့်လိုင်း တွေကို Insulated Wire တွေနဲ့ ပြောင်းလဲဆွဲသားခြင်း၊ Analog Meter တွေကို Digital Meter တွေနဲ့ ပြောင်းလဲတပ်ဆင်ခြင်း၊ ဓာတ်အားခွဲရုံ နှင့် ဓာတ်အားလိုင်း တွေမှာ Capacitor Bank တွေ တပ်ဆင်ခြင်း၊ ၅၀ ကေဗွီအေ/၁၀၀ ကေဗွီအေ ထရန်စဖော်မာများဖြင့် Multi Transformer Distribution System သုံးစွဲခြင်း များ ဆောင်ရွက်ရမည် ဖြစ်ပါတယ်။

၈။   မေး။          မြန်မာနိုင်ငံမှာ Transmission Loss နဲ့ Distribution Loss က ဘယ်လောက်ရှိပါသလဲ။

      ဖြေ။          မြန်မာနိုင်ငံမှာ Transmission Loss က ၇% ခန့်ထိ ရှိပြီး Distribution Loss က ၁၆% ခန့်ရှိပါတယ်။

၉။   မေး။          Transmission Loss နည်းအောင် ဘာတွေ လုပ်ရပါမလဲ။

       ဖြေ။          Transmission Loss နည်းအောင် သတ်မှတ်ဝန်အားလျှပ်စီးနဲ့ညီမျှတဲ့ ဓာတ်အားလိုင်း ကြိုး အရွယ်အစား၊ သတ်မှတ်အကွာအဝေးနဲ့ ညီမျှတဲ့ ဗို့အားစနစ်နဲ့ ပို့လွှတ်ဖို့ လိုအပ် ပါတယ်။ မြန်မာနိုင်ငံ၏ Transmission Voltage အမျိုးအစားက ၂၃၀ ကေဗွီ အမျိုးအစား ဖြစ်ပြီး လက်ရှိ ရေအားလျှပ်စစ်စက်ရုံတွေက ထုတ်လုပ်တဲ့ ဓာတ်အားတွေ ကို မြန်မာပြည် မြောက်ပိုင်းကနေ မြန်မာပြည်တောင်ပိုင်းအထိ မိုင်ပေါင်း ၅၀၀ ကျော် သယ်ယူနေရပါတယ်။ ဝန်အားပြည့် သယ်ယူနေရတဲ့အတွက် ဓာတ်အားလိုင်းတွေမှာ Transmission  Loss များ နေတာ ဖြစ်ပါတယ်။ Transmission Voltage ကို အနိမ့်ဆုံး ၅၀၀ ကေဗွီ အမျိုးအစားနဲ့ ဆွဲသားမှသာ Transmission Loss နည်းမှာ ဖြစ်ပါတယ်။

၁၀။  မေး။          မီးသုံးစွဲသူများရဲ့ တရားမဝင် ဓာတ်အားသုံးစွဲမှုတွေကြောင့် ဓာတ်အားပျောက်ဆုံးမှု ရာခိုင်နှုန်း ဘယ်လောက် ရှိပါသလဲ။ ဖော်ထုတ် အရေးယူမှုတွေရော လုပ်ပါသလား။

‌       ဖြေ ။          တရားမဝင် ဓာတ်အားသုံးစွဲမှုတွေကြောင့် ဓာတ်အားပျောက်ဆုံးမှု ရာခိုင်နှုန်းကတော့ စုစုပေါင်း ပျောက်ဆုံးမှုရဲ့ တစ်ဝက်ခန့် ရှိပါတယ်။ စစ်ဆေးရေးအဖွဲ့တွေနဲ့ ဆောင်ရွက် ပေးနေရပါတယ်။ ဖော်ထုတ် အရေးယူမှု အနေနဲ့ကတော့ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေး နှစ်မှာ ၄၁၄၇ ဦး နစ်နာကြေးငွေ ကျပ်သန်းပေါင်း ၈၇၁.၆၉၂ နှင့် အမေရိကန်ဒေါ်လာ ၅၃၅၄.၄၃၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှာ ၃၇၉၇ ဦး နစ်နာကြေးငွေ ကျပ်သန်းပေါင်း ၁၅၃၈.၉၈၉ နှင့် အမေရိကန်ဒေါ်လာ ၂၅၃၇.၈၄၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှာ ၂၀၁၃ ဒီဇင်ဘာအထိ ၁၂၂၁ ဦး နစ်နာကြေးငွေ ကျပ်သန်းပေါင်း ၄၀၉.၈၃၂၂ နှင့် အမေရိကန်ဒေါ်လာ ၂၅၇၄၈.၉၃ တို့ရရှိခဲ့ပါတယ်။

၁၁။  မေး။          မီးအားတွေ (ဗို့အား) ကျဆင်းမှု နဲ့ ဓာတ်အားပျောက်ဆုံးမှုရော ဆက်နွယ်မှု ရှိပါသလား။

        ဖြေ။          မီးအားတွေ ကျဆင်းမှု နဲ့ ဓာတ်အားပျောက်ဆုံးမှုရော ဆက်နွယ်မှု ရှိပါတယ်။ ဗို့အား ကျဆင်းမှုကြောင့် မီတာများ အလည်နှေးခြင်း ဖြစ်ပေါ်ပြီး ဓာတ်အားပျောက်ဆုံးမှု ဖြစ်ပေါ်ပါတယ်။ ဗို့အားကျဆင်းမှုကြောင့် မီးအားမြှင့်စက်တွေ အသုံးပြုရင်လည်း လျှပ်စစ်စီးကြောင်း (အမ်ပီယာ) ပိုမိုသုံးစွဲရတဲ့အတွက် ဓာတ်အားလိုင်းကြိုးပေါ်မှာ ဓာတ်အားပျောက်ဆုံးမှုတွေ ပိုမိုဖြစ်ပေါ်စေပါတယ်။ ဥပမာ အိမ်တစ်အိမ်မှာ ၁၀၀၀ ဝပ် သုံးတဲ့ လျှပ်စစ်ပစ္စည်းများအတွက် ၂၃၀ ဗို့ ရှိပါက အိမ်သို့သွယ်သော ဆားဗစ်ကြိုးမှာ ထရန်စဖော်မာ အထိ ၄၀၀ ဗို့ လိုင်းတွင် လျှပ်စီးကြောင်း ၅.၄ အမ်ပီယာသာ စီးမှာ ဖြစ်ပါတယ်။ အဲဒီအိမ်မှာဘဲ ဗို့အား ၁၅၀ အထိ ကျသွားရင် မီးအားမြှင့်စက်နဲ့ ၂၃၀ ဗို့ ရောက်ရှိအောင် မြှင့်တင်ပြီး သုံးရင် ၁၀၀၀ ဝပ် ရှိတဲ့ လျှပ်စစ်ပစ္စည်းဟာ ထရန်စဖော်မာ မှ ဆားဗစ်ကြိုးအရောက် လိုင်းပေါ်မှာ ၈.၃ အမ်ပီယာ စီးဆင်းမှာ ဖြစ်ပါ တယ်။ ဗို့အား ၂၃၀ ကနေ ၁၅၀ ကျသွားတဲ့အတွက် မီးအားမြှင့်စက် သုံးလိုက်ခြင်း ကြောင့် ၁၀၀၀ ဝပ် လျှပ်စစ်ပစ္စည်းမှာ ပုံမှန်လျှပ်စစ်စီးကြောင်းထက် ၂.၉ အမ်ပီယာ ပိုပြီးစီးဆင်းလာတယ်။ အဲဒီလို စီးဆင်းတဲ့အတွက် ၄၀၀ ဗို့လိုင်းပေါ်မှာ ပျောက်တဲ့ ဓာတ်အားက ပေ ၁၀၀၀ အကွာအဝေးကို တစ်နာရီမှာ ၂.၃၈ ဝပ်၊ ၈ နာရီမှာ ၁၉.၀၄ ဝပ် ပျောက်ဆုံးလာမှာ ဖြစ်ပါတယ်။အဲဒီရပ်ကွက်ထဲမှာပဲ အိမ်ခြေ ၄၀၀ ရှိပြီး တစ်အိမ်ကို ၁၀၀၀ ဝပ် အသုံးနဲ့ တွက်ကြည့်ရင် တစ်နာရီကို ၉၅၂ ဝပ်၊ ၈ နာရီကို ၇၆၁၆ ဝပ် ပျောက်ဆုံးမှု တိုးလာမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် မီးအားကျဆင်းမှုအား ဓာတ်အား ပျောက်ဆုံးမှုနဲ့ ဆက်နွယ်နေပါတယ်။

၁၂။ မေး။          ဓာတ်အားပျောက်ဆုံးမှုမှာ မီးသုံးစွဲသူများကြောင့်လဲ ပါဝင်တယ်လို့ သိရပါတယ်။ ဓာတ်အားပျောက်ဆုံးမှုနဲ့ မီးသုံးစွဲသူများ ဘယ်လို ဆက်နွယ်မှု ရှိပါသလဲ။

‌      ဖြေ။           မီးသုံးစွဲသူ အချို့က ဓာတ်အားခ ကုန်ကျစရိတ်ကို သက်သာ လိုကြပါတယ်။ အထူး သဖြင့် လျှပ်စစ်နဲ့ လုပ်ငန်းဆောင်ရွက်တဲ့ စက်မှုလုပ်ငန်းတွေရဲ့ လစဥ်ကုန်ကျစရိိတ်တွင် လျှပ်စစ်ဓာတ်အားခသည် အဓိကအချက်အနေနဲ့ ပါဝင်နေပါတယ်။ အဲဒီအတွက် လုပ်ငန်းရှင် အချို့ဟာ တရားမဝင် သုံးစွဲနိုင်တဲ့ နည်းလမ်းတွေကို ရှာဖွေ သုံးစွဲလာကြပါ တယ်။ ဥပမာအားဖြင့် မီတာကို တရားမဝင် ပြုပြင် သုံးစွဲတယ်၊ ဓာတ်အားလိုင်းကနေ တိုက်ရိုက်ချိတ်ဆက် သုံးစွဲတယ်၊ အဲဒီလို သုံးစွဲမှုတွေ ကြောင့် ဓာတ်အားပျောက်ဆုံးမှု တွေ ဖြစ်ပေါ်လာရတယ်။

၁၃။ မေး။          ယခု လူအများကြား ပြောဆိုနေကြတာက လက်ရှိ ဓာတ်အားပျောက်ဆုံးမှု ရာခိုင်နှုန်း တွေ လုံးဝ မရှိတော့ရင် လျှပ်စစ်မဂ္ဂါဝပ် ၃၀၀ လောက် တိုးလာမည် ပြောနေကြတယ်။ ဓာတ်အားပျောက်ဆုံးမှု လုံးဝ မရှိအောင် ဆောင်ရွက်၍ ရပါသလား။

      ဖြေ။          ဓာတ်အားပျောက်ဆုံးမှု လုံးဝ မရှိအောင် ဆောင်ရွက်၍ မရပါ။ ခေတ်အမီဆုံး နည်းပညာနဲ့ တည်ဆောက်ထားတဲ့ ဂျပန်လို နိုင်ငံမျိုးတောင်မှ ဓာတ်အားပျောက်ဆုံးမှု ၄.၀၆ ရာခိုင်နှုန်းခန့် ရှိပါတယ်။

၁၄။  မေး။          ဓာတ်အားပြတ်တောက်မှု များတာနဲ့ ဓာတ်အားပျောက်ဆုံးမှု ဆက်နွယ်မှု ရှိပါသလား။

      ဖြေ။          ဓာတ်အားလိုင်းတစ်ခုမှာ ပုံမှန်မီးလာနေရင် ပုံမှန် လျှပ်စစ်စီးဆင်းနေပါတယ်။ဓာတ်အား ပြတ်တောက်မှု ဖြစ်ပေါ်ပြီး မီးပြန်လာတဲ့အချိန်မှာ မီးသုံးသူတွေဟာ အိမ်သုံး လျှပ်စစ် ပစ္စည်း များဖြစ်တဲ့ ရေမော်တာတင်တာ၊ မီးပူတိုက်တာ၊ ထမင်းချက်တာ စတဲ့ လျှပ်စစ် ပစ္စည်းတွေကို တစ်ပြိုင်တည်း သုံးကြတဲ့အချိန်မှာ ပုံမှန်ထက် ပိုတဲ့ လျှပ်စီးကြောင်းတွေ ဖြစ်ပေါ်လာပြီး ဗို့အားကျဆင်းမှု ဖြစ်ပေါ်ပါတယ်။ ဓာတ်အားလိုင်းကြိုးပေါ်တွင် လျှပ်စီး ပိုမိုစီးခြင်းကြောင့် ဓာတ်အားပျောက်ဆုံးမှု ပိုများလာပါတယ်။ ဒါကြောင့် ဓာတ်အား ပြတ်တောက်မှု နဲ့ ဓာတ်အားပျောက်ဆုံးမှု ဆက်နွယ်နေတာ ဖြစ်ပါတယ်။ ဝန်အားပိုမို သုံးစွဲမှုကြောင့် ဓာတ်အားလိုင်းကြိုး ပြတ်ကျပါက လျှပ်စစ်စီးကြောင်းသည် မြေကြီးပေါ် သို့ စီးဆင်းသည့်အတွက် ဓာတ်အား ပျောက်ဆုံးမှု များစွာ ဖြစ်ပေါ်စေပါတယ်။

၁၅။ မေး။          Digital မီတာတွေ ပြောင်းလဲ တပ်ဆင်နေတာ သိရပါတယ်။ ဒါနဲ့ ပတ်သက်ပြီး အမျိုးမျိုး ဝေဖန်နေတာတွေ ကြားရပါတယ်။ ဌာနနဲ့ ပြည်သူတွေ အကျိုးရှိမှု ဘယ်လောက်ရှိပါသလဲ။

      ဖြေ။          Digital မီတာတွေ တပ်ဆင်တဲ့အတွက် ပြည်သူတွေ အများကြီး အကျိုးရှိပါတယ်။ လဆန်းရက်တွေမှာ မီတာဖတ်စာရေးကို စောင့်မျှော်နေစရာ မလိုခြင်း၊ မိမိသုံးစွဲသည့် အတိုင်း အမှန်ကုန်ကျငွေကိုသာ ပေးချေရခြင်း၊ လက်ရှိ Analog မီတာစနစ်တွင် အိမ်ပိတ်၊ ခြံပိတ် ထားခြင်းများကြောင့် မီတာ မဖတ်နိုင်ခြင်း၊ အမြင်မှားယွင်းဖတ်ခြင်း၊ ခန့်မှန်း၍ ဖတ်ခြင်းများ ရှိသည့်အတွက် မီတာ ယူနစ် တောင်းခံရာတွင် ခက်ခဲမှုများ ရှိသော်လည်း ပြောင်းလဲ တပ်ဆင်သော Digital  မီတာများတွင် Remote Hand Held Unit (HHU)ဖြစ်ခြင်းကြောင့် လျှင်မြန်စွာ ဖတ်ရှုနိုင်ခြင်း၊ တိကျသော ဖတ်ချက် များ ရရှိခြင်းများကြောင့် မီတာယူနစ် တောင်းခံရာတွင် တိကျမှုရှိပါသည်။ ဥပမာ အားဖြင့် ရိုးရိုး လက်ပတ်နာရီနဲ့ Digital (Quatz)နာရီမှာ Digital နာရီက တိကျမှုရှိပါတယ်။ Digital မီတာတပ်ဆင်ရာတွင် သင့်လျော်သည့် Breaker တစ်ပါတည်း တပ်ဆင်ပေးထားသဖြင့် မီးသုံးသူအိမ်အတွင်း ဝန်အားပိုမိုသုံံးစွဲမှုကြောင့် ဖြစ်သော Wire Shock ဖြစ်မှု၊ မီတာပျက်စီးမှု နှင့် လျှပ်စစ်အန္တရာယ်ဖြစ်ပေါ်စေမှုများ ကို ကာကွယ်ပေးပါသည်။ အထူးသဖြင့် ဝန်ထမ်းအယောင်ဆောင်ပြီး ငွေလိမ်လည် တောင်းဆိုခံရမှုတွေ မရှိတော့တဲ့အတွက် မီးသုံးစွဲသူတွေ သဘောကျကြပါတယ်။ Digital မီတာတပ်ဆင်လိုက်တဲ့အတွက် ဓာတ်အား ပျောက်ဆုံးမှု လျော့နည်းသွားမှာ ဖြစ်ပါတယ်။ ဗို့အားကျဆင်းသော နေရာများအတွက် Analog Meter မှာ မီတာ အလည်နှေးသော်လည်း Digital Meter မှာတော့ သုံးစွဲယူနစ် အမှန်အတိုင်းပြပါတယ်။ ယခင်က မီတာစာရေး တစ်ယောက် တစ်ရက် မီတာ အလုံး ၁၅၀ သာ ဖတ်နိုင်ရာမှ Digital မီတာကို လူတစ်ဦးတည်းဖြင့် တစ်ရက် မီတာ အလုံး ၁၀၀၀၀ ခန့် ဖတ်နိုင်တဲ့အတွက် လူအင်အားသုံးစွဲမှု သက်သာပါတယ်။ဓာတ်တိုင်ပေါ်မှာ တပ်ထား ခြင်း ဖြစ်တဲ့အတွက် တရားမဝင် ဓာတ်အား သုံးစွဲမှုများ မပြုလုပ်နိုင်တော့သည့်အတွက် ဓာတ်အားပျောက်ဆုံးမှုများ လျော့နည်း လာမည် ဖြစ်ပါသည်။

၁၆။  မေး။          Digital Meter တွေ ပြောင်းလဲတပ်ဆင်မှုတွင် ဓာတ်အားပျောက်ဆုံးမှု အခြေအနေ ဘယ်လောက် အထိ ရှိပါသလဲ။

       ဖြေ။          Analog Meter တွေကို Digital Meter နဲ့အစားထိုးတပ်ဆင်ခြင်းကို ရန်ကုန်တိုင်း ဒေသကြီး၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ် နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးမှ စပြီး ယနေ့အထိ ဆောင်ရွက်နေပါတယ်။ လဲလှယ်ဖြုတ်သိမ်းပြီးတဲ့ Analog Meter များအနက်မှ ၅၈၃၁၈ လုံးကို ပြန်လည် စစ်ဆေးကြည့်ရာမှာ ရပ်၊ ပျက်၊ နှေး ဖြစ်နေတာ ၁၂၄၃၄ လုံး၊ သံချေးတက်၊ ကွိုင်လောင် ၁၄၀၇၆ လုံး စုစုပေါင်း ၂၆၅၁၀ လုံး ရှိတဲ့အတွက် ရာခိုင်နှုန်းအားဖြင့် ၄၅.၄၅ ရာခိုင်နှုန်းဟာ မီတာရပ်တာ၊ အလည်နှေးတာတွေကြောင့် ဓာတ်အားပျောက်ဆုံးမှု ရှိနေတာ တွေ့ရပါတယ်။ တစ်ချို့ မြို့နယ် တွေမှာ မီတာတွေကို တရားမဝင် ပြုပြင်သုံးစွဲထားတာတွေက ၃၃.၂၇% လောက် အထိ ရှိတာကို စစ်ဆေးတွေ့ရှိရပါတယ်။

၁၇။  မေး။      Digital Meter တစ်လုံးလဲလှယ်ဘို့ ကုန်ကျစရိတ် ဘယ်လောက်ရှိပါသလဲ။ တစ်နိုင်ငံလုံး ဆိုရင်ရော ဘယ်လောက်ကုန်ကျမလဲ။

       ဖြေ။      Digital Meter တစ်လုံးလဲလှယ်တပ်ဆင်ပေးရာတွင် မီတာတန်ဘိုး၊ ပုံးခွံ တန်ဘိုး၊ ကြိုးတန်ဘိုး၊ အခြား ဆက်စပ်ပစ္စည်းတန်ဘိုးများ အတွက် လုပ်အားခ ပစ္စည်းတန်ဘိုး ကုန်ကျစရိတ်က ကျပ် ၉၀၀၀၀ ခန့် ရှိပါတယ်။ တစ်နိုင်ငံလုံး လက်ရှိ Analog Meter ပေါင်း ၂၇၂၉၃၇၁ လုံး လဲလှယ် မယ်ဆိုရင် ခန့်မှန်းကုန်ကျငွေ ကျပ် ၂၂၅.၁၂ ဘီလီယံ ကုန်ကျမည် ဖြစ်ပါတယ်။

၁၈။  မေး။          Digital Meter တွေ တပ်ပြီးတဲ့ မြို့နယ်တွေမှာ ဓာတ်အားပျောက်ဆုံးမှု လျော့နည်းတာ သိသိသာသာ တိုးတက်လာပါသလား။

      ဖြေ။          အများကြီး သိသိသာသာ တိုးတက်လာပါတယ်။ဥပမာအားဖြင့် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့ဟာ ဓာတ်အားပျောက်ဆုံးမှုများတဲ့ မြို့ ဖြစ်တဲ့အတွက် Digital Meter ဦးစွာ တပ်ဆင်ပေးခဲ့ပါတယ်။ယခင် Analog Meter ၃၁၄၈၃ လုံး ရှိရာတွင် Digital Meter ၂၉၇၂၉ လုံး လဲလှယ်ပြီး နောက် မူလ ဓာတ်အား ပျောက်ဆုံးမှု ၃၀.၇၂ ရာခိုင်နှုန်းရှိရာကနေ ယခု ၁၈.၅၆ ရာခိုင်နှုန်းသာ ရှိတဲ့အတွက် ၁၂.၁၆ ရာခိုင်နှုန်း လျော့နည်းလာပါတယ်။ ပျောက်ဆုံးမှု ၁၂.၁၆ လျှော့ချနိုင်တဲ့အတွက် ယူနစ် ရောင်းချမှု တိုးလာပြီး တစ်လ ကျပ် ၁၄၂ သန်း ဝင်ငွေ တိုးလာပါတယ်။

၁၉။ မေး။          ကျေးရွာမီးလင်းရေးတွေက ဓာတ်အားပျောက်ဆုံးမှု ကျခံနေရတယ်လို့ သိရပါတယ်။ ဘယ်လို နည်းနဲ့ ကျခံနေရတာကို သိပါရစေ။

       ဖြေ။          ကျေးရွာ မီးလင်းရေးတွေမှာ ရွာအတွင်းမှာရှိတဲ့ ဓာတ်အားလိုင်းတွေ နှင့်  ထိနေသော သစ်ပင် သစ်ကိုင်းတွေ ရှင်းလင်းမှု မရှိခြင်း၊ တရားမဝင် သုံးစွဲမှုများ စစ်ဆေးနိုင်ရန် မြို့နယ် လျှပ်စစ်ရုံးများနှင့် အလှမ်းဝေးကွာခြင်းကြောင့် စစ်ဆေးရန် ခက်ခဲခြင်း စသည် တို့ကြောင့် ကျေးရွာတွေရဲ့ ဓာတ်အားပျောက်ဆုံးမှုဟာ များပြားပါတယ်။ သို့သော်လည်း ကျေးရွာများ၏ ဓာတ်အားပျောက်ဆုံးမှု ၁၀% အထိကို ဌာနမှ ကျခံပေးထားပါတယ်။ ဓာတ်အားလိုင်းများ သတ်မှတ်စံချိန်စံညွှန်းအတိုင်း တည်ဆောက်ထားမှု၊ ကျေးရွာ မီးလင်းရေး ကော်မတီရဲ့ မိမိရွာ အတွင်း တရားမဝင် ဓာတ်အားချိတ်ဆက်သုံးစွဲမှုတွေကို စစ်ဆေးဆောင်ရွက်ပေးနိုင်မှု၊ ရွာသူ/ ရွာသားများရဲ့ စည်းကမ်း လိုက်နာမှုပေါ် မူတည်ပြီး ဓာတ်အားပျောက်ဆုံးမှု ရာခိုင်နှုန်း နည်းမှာ ဖြစ်ပါတယ်။ အချို့ စနစ်တကျ တည်ဆောက်ထားတဲ့ ရွာတွေမှာ ဓာတ်အား ပျောက်ဆုံးမှု ရာခိုင်နှုန်းသည် ၇ % ခန့် အတွင်းသာ ရှိပါတယ်။

၂၀။  မေး။          ဓာတ်အားခ နှုန်းထား တိုးမယ်လို့ သိရပါတယ်။ ဓာတ်အားခနှုန်းထား တိုးလာရင်ရော ဓာတ်အားပျောက်ဆုံးမှုကို လျော့နည်းစေပါမလား။

       ဖြေ။          ရာခိုင်နှုန်း အသင့်အတင့် လျော့နည်းစေမှာ ဖြစ်ပါတယ်။ လျှပ်စစ်ကို ချွေတာသုံးစွဲ လာတဲ့ အတွက် ဓာတ်အားလိုင်းတွေပေါ်မှာ လျှပ်စီးကြောင်းတွေ ပုံမှန်ထက် လျော့နည်း သွားနိုင်ပြီး ဓာတ်အားပျောက်ဆုံးမှု လျော့နည်းစေမှာ ဖြစ်ပါတယ်။ ဝင်ငွေတိုးလာပါက ဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲရုံများ ပြုပြင်ထိန်းသိမ်းမှု ပိုမိုဆောင်ရွက်နိုင်မှာ ဖြစ်တဲ့အတွက် ဓာတ်အား ပျောက်ဆုံးမှု လျော့နည်းလာမှာ ဖြစ်ပါတယ်။

၂၁။  မေး။          ဓာတ်အားပျောက်ဆုံးမှု လျော့နည်းအောင် ဆောင်ရွက်နေမှု အစီအစဥ်များရော ရှိပါ သလား။

       ဖြေ။          နှစ်အလိုက် ရရှိတဲ့ ဘဏ္ဍာငွေပေါ် မူတည်ပြီး ဓာတ်အားလိုင်းတွေ၊ ဓာတ်အားခွဲရုံတွေ တိုးချဲ့တည်ဆောက်ပေးနေတဲ့အတွက် ဓာတ်အားပျောက်ဆုံးမှု လျော့နည်းရေးတွင် အင်နဲ့အားနဲ့ ဆောင်ရွက်နိုင်ခြင်း မရှိပါ။ ဒါပေမဲ့လည်း  နှစ်စဉ်စံချိန်မမှီတဲ့ တိုင်၊ တန်း၊ ကြိုး၊ ကြွေသီးတွေကိုလည်း လဲလှယ်ပေးခြင်း၊ ယခင်က သုံးခဲ့တဲ့ Analog Meter တွေကိုလည်း Digital Meter တွေနဲ့ အစားထိုးလဲလှယ်ပေးမှုများကိုလည်း ဘဏ္ဍာငွေ ပေါ် မူတည်၍ ခွဲဝေသုံးစွဲလျက်ရှိပါတယ်။ ဒါ့ကြောင့်လည်း Losses က တစ်ြဖည်းြဖည်း ကျဆင်းလာခြင်း ဖြစ်ပါတယ်။ Losses ကျဆင်းရေးအတွက် အင်ဒိုနီးရှားနိုင်ငံ PLN အဖွဲ့၊ ADB ၊ JICA အဖွဲ့တို့ဖြင့် ဓာတ်အားခွဲရုံ၊ ဓာတ်အားလိုင်းများ အဆင့်မြှင့်တင် ရေးနှင့် နည်းပညာပိုင်းဆိုင်ရာ လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါတယ်။

          ဓာတ်အားသုံးစွဲသူ ပြည်သူများအနေဖြင့်လည်း လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှုနှင့် ပတ်သက်သော အချက်များကို သိရှိရပြီဖြစ်၍ ဓာတ်အားပျောက်ဆုံးမှု လျော့နည်းရေးအတွက် မိမိသက်ဆိုင်ရာ နေရာများတွင် ပူးပေါင်းကူညီဆောင်ရွက်ပေးခြင်းဖြင့် နိုင်ငံတော် ဘဏ္ဍာငွေ တိုးတက်စေပြီး ဓာတ်အားသုံးစွဲမှု ပိုမိုရရှိလာမည် ဖြစ်ပါကြောင်း ဖော်ပြအပ်ပါသည်။

ဝေယံ

03-Jan-2018