MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ကြရာဝယ်

 အငြိမ်းစားဘဝ အလုပ်ဌာနတွင် နှစ်ရှည်လများ လုပ်ကိုင်နေထိုင်မှု သံယောဇဉ်ကား မသေးလှပါ....လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတွင် ၃၅ နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့ပြီး ညွှန်ကြားရေးမှူး ရာထူးဖြင့် ၂၀၀၉ ခုနှစ်တွင် သက်ပြည့် အငြိမ်းစား ယူခဲ့ပါသည်....အငြိမ်းစားဘဝ အလုပ်သံယောဇဉ်၏ ချည်နှောင်မှုမှ ရုန်းမထွက်နိုင်.... တီဗွီ...ရေဒီယို....သတင်းစာ...ဂျာနယ်များတွင် လျှပ်စစ်ဌာနနှင့် ပတ်သက်ရာများ ပါရှိပါက ဂရုတစိုက် နားထောင် ဖတ်ရှုမိ၏...... ယခုတစ်လော...... လွှတ်တော်တွင် ဆွေးနွေးချက်များ.....ဂျာနယ်များတွင် ရေးသားချက်များသည် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန လုပ်ငန်းများ အပေါ် ဝေဖန်ပြောဆိုမှု အမျိုးမျိုးဖြစ်ပေါ်နေသည်ကို တွေ့ရှိနေရသည့် အတွက် ဌာနရှိ မိမိ လုပ်ဖော် ကိုင်ဖက် တစ်ဦးထံ ဆက်သွယ်မေးမြန်းချက်များကို ပြည်သူသိရှိစေရန် ဖော်ပြခြင်း ဖြစ်ပါသည်.....

မေး         မင်းတို့နဲ့ မတွေ့ရတာကြာတော့ ဌာနက ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေ ပြောင်းလဲမှုတွေ မသိတော့ဘူးပေါ့ကွာ.......အခုတစ်လော အပြင်မှာ လျှပ်စစ်ဆိုင်ရာ ဝေဖန်ချက်တွေ ကြားနေရတော့ အဖြစ်မှန်သိချင်လို့ ဖုန်းဆက်တာ..........

ဖြေ         အစ်ကိုနဲ့ တွေ့ချင်နေတာ အတော်ပဲ.......ဒီမိုကရေစီ အစိုးရလက်ထက်မှာတော့ လျှပ်စစ် ကဏ္ဍ ဖွံ့ဖြိုးရေးအတွက်  ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေ တိုးတက်လာတယ် ပြောင်းလဲမှု တွေလည်း ရှိလာတာပေါ့.......အစ်ကိုသိချင်တာတွေ မေးနိုင်ပါတယ်.........

မေး         ၂၀၁၆-၂၀၁၇ ခုနှစ် ဘတ်ဂျက်ခန့်မှန်း တင်ပြရာမှာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက လိုငွေများတယ်လို့ ပြောနေကြတယ်.....အဲဒါကို ရှင်းလင်းပြနိုင်ရင် ကောင်းမယ်.....

ဖြေ         ၂၀၁၆-၂၀၁၇ ဘတ်ဂျက် ခန့်မှန်း ခြေစာရင်းဟာ ၂၀၁၁-၂၀၁၂ နဲ့စာရင် လိုငွေပိုများ တယ်လို့ ဝေဖန်ကြတယ် ကွ..... ၂၀၁၁-၂၀၁၂ ခုနှစ်က US 1 $ ကို ၈၀၀ ကျပ်နဲ့ တွက်ချက်တယ်..... အခု ၂၀၁၆-၂၀၁၇ မှာ US 1 $ ကို ၁၂၈၅ ကျပ်နဲ့ တွက်ချက်တော့ ဘတ်ဂျက်တင်ပြ ငွေ ၆၀% ပိုများ မလာဘူးလား..... ဒါ့အပြင် ဓာတ်အား မရရှိသေးတဲ့ ပြည်သူတွေ ဓာတ်အားရရှိဘို့ တိုးတက်လာတဲ့ စက်မှု လုပ်ငန်းတွေ ဓာတ်အားသုံးစွဲမှုတွေ အတွက် ငွေမရှိလို့ ဓာတ်အား မပေးနိုင်သေးဘူး..... ရပ်ထားမယ်လို့ ပြောလို့မရဘူးလေ နှစ်စဉ် ၁၅% တိုးတက်လာသော ဓာတ်အား သုံးစွဲမှု အတွက် ရေအားလျှပ်စစ်စီမံကိန်းတွေ သဘာဝဓာတ်ငွေ့ ဓာတ်အားပေးစက်ရုံတွေ ဓာတ်အားလိုင်းတွေ ဓာတ်အားခွဲရုံတွေကို နှစ်စဉ်တိုးချဲ့ တည်ဆောက်နေရတော့ နှစ်စဉ် အသုံးစရိတ် တောင်းခံ နေရတယ်...

မေး         လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေနဲ့ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှာ အရှုံး ၃၇၄ ဘီလီယံ ရှိနိုင်မယ်လို့ သိရတယ်........ဒီအပေါ်မှာလည်း ဝေဖန်မှုတွေ အများကြီးပါဘဲ.........

ဖြေ         လျှပ်စစ်စွမ်းအားဝန်ကြီးဌာအနေနဲ့ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှာ ကြိုတင် ခန့်မှန်း ချက်အရ ကျပ် ၃၇၄.၂၀၉ ဘီလီယံ အရှုံးပေါ်မယ်လို့ တွက်ချက် ရရှိပါတယ်..... စီးပွားရေး လုပ်ငန်း ဖြစ်ပြီးတော့ ဘာ့ကြောင့် ရှုံးတာလဲလို့ အကြောင်းရင်းကို မသိရှိသူတွေက ဝေဖန်နေကြတယ်..... ဓာတ်အားခ ရောင်းစျေးက အများပြည်သူ အခြေခံ တစ်ယူနစ် ၃၅ ကျပ် စက်မှုနှုန်းထားအရ အခြေခံ ၇၅ ကျပ်နဲ့ ရောင်းရတာ..... ဓာတ်အား ဝယ်ရတဲ့အခါ ပုဂ္ဂလိက ဓာတ်အားပေးစက်ရုံတွေဆီကလည်း မတူညီတဲ့ စျေးနှုန်း အသီးသီးတွေနဲ့ ဝယ်နေရတဲ့ အတွက် တစ်ယူနစ် ထုတ်လုပ်မှု ပျမ်းမျှ ကုန်ကျစရိတ်က ၉၃.၆၇ ကျပ်ရှိတယ် .... ဝင်ငွေအနေနဲ့ အများပြည်သူသုံးနဲ့ စက်မှုသုံး သုံးစွဲယူနစ်များ အားလုံးကို တွက်ချက်မှုအရ တစ်ယူနစ် ပျမ်းမျှ ရောင်းစျေး ၇၁.၁၀ ကျပ်ဘဲရတယ်...... တစ်ယူနစ်ရောင်းတိုင်း ၂၂.၅၇ ကျပ် ရှုံးနေတာပေါ့......တစ်ရက် ပျမ်းမျှ

သုံးစွဲယူနစ် သန်းပေါင်း ၅၄.၈၅ ယူနစ် နဲ့ တွက်ကြည့်ရင် တစ်ရက်ကို ကျပ်သန်းပေါင်း ၁၂၃၇.၉၆  (၁.၂၃၇ ဘီလီယံကျပ်) ရှုံးတယ်လို့ တွက်ချက်မှုအရ သိရှိနိုင်တယ်လေ.......

  ၂၀၁၆-၂၀၁၇ နှစ်ရဲ့ ထုတ်လုပ်မှုမှာ ရေအားက ၅၂% ၊ သဘာဝဓာတ်ငွေ့က ၄၅.၃%၊ ကျောက်မီးသွေးက ၂.၅% ပါဝင်ပြီး စုစုပေါင်း တစ်ယူနစ် ထုတ်လုပ်မှု ကုန်ကျစရိတ်က ၉၃.၆၇ ကျပ်ခန့် ကုန်ကျမှာ ဖြစ်ပါတယ်.....ပုဂ္ဂလိက ဆိုရင်တော့ အရှုံးပေါ်ရင် စက်ရုံတွေ....ရပ်.....ဓာတ်အားပေးတာတွေ....ရပ်....ဖြစ်မှာပေါ့.....နိုင်ငံတော် အစိုးရအနေနဲ့ ကတော့ အရှုံးခံပြီး ဓာတ်အားဖြန့်ဖြူးပေးနေရတာပေါ့.......

မေး         ဒါနဲ့ ဓာတ်အားခ နှုန်းထားကည်း မသက်သာဘူးလို့ ဝေဖန်နေတာလည်း ကြားနေရတယ်... တစ်ခြားအိမ်နီးချင်းနိုင်ငံတွေရဲ့ စျေးနှုန်းနဲ့ နှိုင်းယှဉ်ပြရင်တော့ ပိုရှင်းတာပေါ့ကွာ...

ဖြေ         အဲဒီဝေဖန်နေတဲ့သူတွေက နိုင်ငံခြား မကြာခဏ ရောက်နေတဲ့သူတွေ နိုင်ငံခြားရှိ ဆွေမျိုးတွေ အပေါင်းအသင်းတွေကနေ အဲဒီနိုင်ငံတွေရဲ့ ဓာတ်အားခနှုန်းထား သိနိုင်တဲ့ သူတွေပါ.....မြန်မာနိုင်ငံရဲ့ ဓာတ်အားခ နှုန်းထားက အာဆီယံ ပတ်ဝန်းကျင်နိုင်ငံများတွင် အသက်သာဆုံး ဖြစ်ပါတယ်..... အထူးသဖြင့် အများပြည်သူ ရောင်းချစျေးနှုန်းက ၃၅ ကျပ် (US  $  2.70 ဆင့်) ဖြစ်ပါတယ်......

အာဆီယံနိုင်ငံများ၏ ဓာတ်အားခ နှုန်းထားများ နှိုင်းယှဉ်ချက်

စဉ်

နိုင်ငံ

အနိမ့်ဆုံး

အမြင့်ဆုံး

ပျမ်းမျှ

၁။

မြန်မာ

၂.၇၀

၁၁.၆၇

၅.၅၀

၂။

လာအို

၄.၂၀

၁၂.၀၀

၈.၁၀

၃။

ထိုင်း

၅.၄၀

၁၂.၇၀

၉.၀၀

၄။

ဗီယက်နမ်

၆.၈၀

၁၁.၆၀

၉.၂၀

၅။

အင်ဒိုနီးရှား

၁၀.၄၀

၁၄.၄၀

၁၂.၄၀

၆။

မလေးရှား

၇.၁၀

၁၈.၅၀

၁၂.၈၀

၇။

ဖိလစ်ပိုင်

၁၃.၆၀

၁၃.၆၀

၈။

ကမ္ဘောဒီယား

၁၅.၁၀

၂၀.၃၀

၁၇.၇၀

၉။

စင်္ကာပူ

၂၀.၆၀

၂၀.၆၀

              မြန်မာနိုင်ငံက အများပြည်သူ တစ်ယူနစ်ကို ၂.၇၀ ဆင့် ရောင်းချပြီး လာအိုနိုင်ငံမှာ အများပြည်သူ တစ်ယူနစ်ကို ၄.၂၀ ဆင့်နဲ့ ရောင်းတဲ့အတွက် မြန်မာနိုင်ငံထက် တစ်ယူနစ်ကို ၁.၅ ဆင့် (၁၉.၃ ကျပ်) များနေတာ တွေ့ရှိရမှာ ဖြစ်တယ်....

               မြန်မာနိုင်ငံတွင် ၂၀၁၀ ခုနှစ်မှာ မီးသုံးသူ ၂.၂၂ သန်းရှိပြီး ၂၀၁၅ ခုနှစ် ဒီဇင်ဘာလတွင် မီးသုံးသူ ၃.၇၀ သန်းရှိရာ မီးသုံးသူ ၁.၄၂ သန်းတိုးတက်သုံးစွဲလာတော့ စိုက်ထုတ်ငွေ ပိုလာသည့် အတွက် ယခင်ကထက် အရှုံးပိုလာတာပေါ့..........

              ကမ္ဘာ့ဘဏ်အစီအစဉ်နဲ့ ၂၀၁၆-၂၀၁၇......၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွေမှာ နောက်ထပ် ကျေးရွာ ၅၀၈၀ ရွာ ၊ အိမ်ထောင်စု ခြောက်သိန်း နှစ်သောင်း တိုးလာ မယ်ဆိုရင် အရှုံးထပ်ပိုလာမှာ ဖြစ်တယ်........    

မေး          ကိုယ်ရှိတုန်းကတော့ ရေအားလျှပ်စစ်တွေရဲ့ ထုတ်လုပ်မှုနဲ့စာရင် ဘဘာဝဓာတ်ငွေ့ စက်ရုံတွေရဲ့ ထုတ်လုပ်မှု ရာခိုင်နှုန်းက နည်းတော့ တစ်ယူနစ် ထုတ်လုပ်မှု ကုန်ကျစရိတ်က နည်းတာပေါ့....ယခု လက်ရှိအခြေအနေမှာ သဘာဝဓာတ်ငွေ့နဲ့ ထုတ်တဲ့ စက်ရုံတွေ တိုးလာတော့ တစ်ယူနစ် ထုတ်လုပ်မှု ကုန်ကျစရိတ် ပိုပြီးများလာတာ မဟုတ်လား...

‌ဖြေ         ၂၀၁၀-၂၀၁၁ ခုနှစ်မှာ သဘာဝဓာတ်ငွေ့က ဓာတ်အား ထုတ်လုပ်မှု စုစုပေါင်းရဲ့ ၂၃.၃% ဘဲရှိတယ်...  ၂၀၁၅-၂၀၁၆ ခုနှစ်မှာ ဓာတ်အား ထုတ်လုပ်မှု ယူနစ် သန်းပေါင်း ၁၆၂၈၁.၀၈ သန်း ထုတ် လုပ်ခဲ့ရာမှာ သဘာဝဓာတ်ငွေ့ နဲ့ ထုတ်လုပ်တဲ့ ယူနစ်က သန်းပေါင်း ၆၉၁၈.၅၇ သန်း ပါဝင်ခဲ့တဲ့အတွက် ၄၂.၅% အထိ ရှိပါတယ်..... ၂၀၁၆-၂၀၁၇ ခုနှစ် ထုတ်လုပ်မှုမှာ ထုတ်လုပ်မှု ယူနစ် သန်းပေါင်း ၂၀၀၂၀.၆၄၄ သန်း ရှိရာမှာ သဘာဝဓာတ်ငွေ့နဲ့ ထုတ်လုပ်တဲ့ ယူနစ်က သန်းပေါင်း ၉၀၆၁.၉၆ သန်း ပါဝင်မှာ ဖြစ်တဲ့အတွက် ၄၅.၃% အထိ ရှိလာမယ်....၂၀၁၀-၂၀၁၁ သဘာဝဓာတ်ငွေ့ဘိုး ပေးချေရ တာ ကျပ် ၂.၀၉၉ ဘီလီယံ ပေးချေခဲ့ရတယ်... ယခု ၂၀၁၅-၂၀၁၆ မှာ ကျပ် ၇၂၅.၉၉၀ဘီလီယံ ပေးချေရတယ်လေ.....၂၀၁၆-၂၀၁၇ မှာ ခန့်မှန်း ၈၈၂.၆၆၀ ဘီလီယံ ကျပ် ပေးချေရပါမယ်..... 

မေး         ယခင်ကနဲ့ စာရင် ဓာတ်အားသုံးစွဲသူနဲ့ သုံးစွဲယူနစ် တိုးတက်မှုတွေကရော ဘယ်လောက် ရှိနေပြီလဲ.........

ဖြေ         ၂၀၁၀-၂၀၁၁ မှာ ဓာတ်အား ထုတ်လုပ်မှု ကီလိုဝပ် နာရီသန်းပေါင်း           ၆၄၆၇.၃၀ သန်း၊ လျှပ်စစ်ဓာတ်အား သုံးစွဲသူ ဦးရေ ၂.၂၂ သန်း၊ အိမ်ထောင်စု အချိုးအရ မီးပေးနိုင်မှု ၂၅%ဖြစ်ပြီး တစ်ဦးချင်းစီရဲ့ ဓာတ်အား သုံးစွဲမှုက တစ်နှစ် ၁၀၈ ကီလိုဝပ် ရှိတယ်.... ၂၀၁၅-၂၀၁၆ ခုနှစ်မှာ ဓာတ်အား ထုတ်လုပ်မှု ကီလိုဝပ် နာရီသန်းပေါင်း ၁၃၁၇၂.၉၀ သန်း၊ လျှပ်စစ်ဓာတ်အားသုံးစွဲသူ ၃.၇၀ သန်း အိမ်ထောင်စု အချိုးအရ မီးပေးနိုင်မှု ၃၄% ဖြစ်ပြီး  တစ်ဦးချင်းစီ၏ ဓာတ်အား သုံးစွဲမှုက တစ်နှစ် ၂၅၆ ကီလိုဝပ်အထိ တိုးတက်လာတယ်..... မြန်မာနိုင်ငံက စက်မှုလုပ်ငန်း နည်းပြီး အများပြည်သူ ဓာတ်အားသုံးစွဲမှုက တိုးတက်လာတာများတယ်... ထိုင်းနိုင်ငံမှာ စက်မှု လုပ်ငန်း ၇၅% သုံးစွဲပြီး အများပြည်သူ ၂၅% ခန့် သုံးစွဲတယ်.....မြန်မာနိုင်ငံကတော့ စက်မှု လုပ်ငန်းသုံးတာက ၂၅% ခန့် ဖြစ်ပြီး အများပြည်သူက ၇၅% ဖြစ်တော့ အခြေခံ စျေးနှုန်း   ၃၅ ကျပ်နဲ့ ရောင်းရတဲ့ ဓာတ်အားယူနစ်တွေက များနေတော့ တစ်နှစ်ထက် တစ်နှစ် ပိုအရှုံးပေါ်လာတာဖြစ်တယ်..... ၂၀၁၆-၂၀၁၇ ကျရင် ခန့်မှန်း ထုတ်လုပ် ကီလိုဝပ် နာရီ သန်းပေါင်း ၂၀၀၂၀.၆၄၄ သန်း၊ ဓာတ်အားသုံးစွဲသူဦးရေ ၃.၉၁သန်း အိမ်ထောင်စု အချိုးအရ မီးပေးနိုင်မှု ၃၆% အထိ ဓာတ်အားတိုးတက်ပေးနိုင်ဘို့ ဆောင်ရွက်ထားတာ ကြောင့် ၂၀၁၆-၂၀၁၇ ခုနှစ်မှာ ပိုမို အရှုံးပေါ်နိုင်ခြင်း ဖြစ်တယ်ဆိုတာ အလွယ်တကူနဲ့ သိနိုင်တာပေါ့ အစ်ကိုရယ်.....

မေး         လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုတွေ ဆောင်ရွက်နေတာ နှေးလွန်းတယ်....ဓာတ်အား လိုအပ်ချက်ကို အမြန်ဖြည့်ပေးဘို့ လိုတယ်လို့ ပြောနေကြတာတွေလည်း နားလည်အောင် ရှင်းပြစေချင်တယ်....

ဖြေ         ဓာတ်အားသုံးစွဲမှု နှစ်စဉ် တိုးတက်ရန်အတွက် ငွေတောင်းခံမှု အပေါ် အပြစ်တင် ဝေဖန်ကြတယ်.... တစ်ဖက်ကလည်း ဓာတ်အား ထုတ် လုပ်မှု စီမံကိန်းများကို လိုအပ်မှုထက် ပို၍ တည်ဆောက်ရမည်ဟု ပြောကြ ပြန်တယ်.... လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနအနေနဲ့ နှစ်အလိုက် ဓာတ်အားသုံးစွဲမှု လိုအပ်ချက်ကို စီမံချက်ချပြီး ရေအားလျှပ်စစ် စက်ရုံများ သဘာဝဓာတ်ငွေ့သုံး စက်ရုံများ (Gas Turbine)၊ မဟာဓာတ်အားလိုင်းများ ပင်မဓာတ်အား ခွဲရုံများ၊ ဓာတ်အားဖြန့်ဖြူးရေးလိုင်းများကို တည်ဆောက်လျက် ရှိပါတယ်..... စီမံကိန်းများကို နှစ်စဉ် ဘဏ္ဍာငွေ ရရှိမှုအပေါ်မှာ မူတည်ပြီး ဆောင်ရွက် နေရတယ်....

              ဝန်ကြီးဌာနတွေက ဘဏ္ဍာငွေ တင်ပြတောင်းရာမှာ တစ်ကယ် မဖြစ်မနေ ဆောင်ရွက်သွားရမဲ့ လုပ်ငန်းတွေ အတွက်သာ အနည်းဆုံး တင်ပြ တောင်းခံတာ ဖြစ်ပါ တယ်.... ဘဏ္ဍာ ရေးဝန်ကြီးဌာန အမျိုးသားစီမံကိန်း နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီး ဌာနတို့က အဆင့်ဆင့် စိစစ်ပြီးမှ လွှတ်တော်ကို တင်ပြတာ ဖြစ်တယ်..... လွှတ်တော် ပြည်သူ့ငွေစာရင်းပူးပေါင်း ကော်မတီမှာလည်း စီမံကိန်း တစ်ခုချင်း အလိုက် ဆောင်ရွက် ရတာတွေကိုလည်း ရှင်းပြရတယ်..... ဌာနတွေက တာဝန်ရှိသူတွေ ကိုယ်တိုင် တက်ရောက် ရှင်းပြတာဘဲ..... ထပ်မံ သိချင်ရင်လည်း ဝန်ကြီးဌာနကို မေးလို့ရတာဘဲ ပုဂ္ဂလိက ထင်မြင် ချက်နဲ့ ဝေဖန်ပြောဆို ရေးသားနေ တော့  မသိတဲ့သူတွေက ဟုတ်မှာဘဲလို့ ထင်နေကြရင် မကောင်းဘူးပေါ့.....

မေး         ဓာတ်အားလိုင်းတွေ တည်ဆောက်မှုတွေနဲ့ ပတ်သက်ပြီး ရှင်းပြရင် ကောင်းမယ်......

ဖြေ         သူတို့ပြောနေတဲ့ ဝိုင်းမော်-နဘား၊ ဗန်းမော်-နဘား-ရွှေဘို-အုန်းတော ၂၃၀ ကေဗွီ ဓာတ်အားလိုင်း တည်ဆောက်ရတာ တာပိန်စက်ရုံက ၂၄၀ မဂ္ဂါဝပ် ဓာတ်အားနဲ့ ချီဖွေငယ်က ထွက်တဲ့ ၉၉ မဂ္ဂါဝပ် ဓာတ်အားတွေက ဗန်းမော်-မန်စီဒေသမှာ ၅ မဂ္ဂါဝပ် နဲ့ မြစ်ကြီးနား ဒေသမှာ ၁၂ မဂ္ဂါဝပ်ဘဲ သုံးနိုင်တာလေ.....ကျန်ပိုနေတဲ့ ဓာတ်အားတွေ သယ်ဖြန့်ဘို့ ဓာတ်အားလိုင်း မရှိတော့ စက်ရုံက ပိုလျှံရေတွေကို အပြင်ကို ထုတ်လွှတ် နေတာ၊ လျှပ်စစ် ဓာတ်အားတွေ မသုံးဘဲ ရေထဲ မျှောလွှတ်လိုက်တာနဲ့ တူနေတယ်..... အဲဒီဓာတ်အားလိုင်း တည်ဆောက်မှုသာ ၂၀၁၇ ခုနှစ် အတွင်း ပြီးစီးသွားရင် လျှပ်စစ် ဓာတ်အား ၃၀၀ မဂ္ဂါဝပ် လောက်က နိုင်ငံတော် ဓာတ်အားစနစ်ထဲကို ချိတ်ဆက် ဝင်ရောက် လာပြီး အရေးပေါ် ဓာတ်အားလိုအပ်ချက်တွေကို  ဖြည့်ဆည်းပေးရာ ရောက်တာပေါ့..... ပြီးတော့ ရေအား လျှပ်စစ်ရဲ့ ဝယ်စျေးနှုန်းက သဘာဝဓာတ်ငွေ့ စျေးနှုန်းထက် ၂ ဆ လောက် သက်သာ တယ်လေ...... ၃၀၀ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့ စက်ရုံ ၁ ရုံ တည်ဆောက်ရင် ၃ နှစ် လောက်ကြာပြီး ကုန်ကျ ငွေက ဒေါ်လာ သန်း ၃၀၀ ကျော် ကုန်ကျမယ်လေ...... ဓာတ်ငွေ့ ကလည်း ရချင်မှရမယ်.....၂၀၁၇ ခုနှစ်မှာ ဓာတ်အားလိုင်းသာ တည်ဆောက်ပြီးခဲ့လို့ ဓာတ်အားပေးနိုင်ခဲ့ရင် ဓာတ်အား ၃၀၀ မဂ္ဂါဝပ်ကို ၂ နှစ်လောက် ကြိုတင်သုံးစွဲရနိုင် မယ်.....ရေအားကို ပေးရတဲ့ တစ်ယူနစ် စျေးနှုန်းဟာ ဓာတ်ငွေ့တစ်ယူနစ် ဓာတ်အားခ  နှုန်းထားထက် သက်သာမှုအရ ၂ နှစ် အတွင်း ဓာတ်ငွေ့စက်ရုံ တည်ဆောက်မှု စရိတ်တောင် ကာမိသွားနိုင်တယ်... ..ဘယ်လောက်တွက်ချေကိုက်တဲ့ အလုပ်လဲ...........

               ၂၃၀ ကေဗွီ ကလေး-တမူး မဟာဓာတ်အားလိုင်း တည်ဆောက်တာလည်း မြစ်သာ၊ မဏိပူရ်၊ ရာဇဂြိုလ် အစရှိတဲ့ ရေအားစက်ရုံတွေက ထွက်ရှိလာတဲ့ ဓာတ်အားကို နိုင်ငံတော် ဓာတ်အားစနစ်နဲ့ ချိတ်ဆက်နိုင်ဘို့ ဖြစ်တယ်....နောက်ပြီး ၁၁ ကြိမ် နဲ့ ၁၃ ကြိမ်မြောက် လွှတ်တော် အစည်းအဝေးများမှာ ကိုယ်စားလှယ်တော်ကြီးများက တောင်းဆိုထား ခဲ့တာ....

               ထို့အတူဘဲ ၂၃၀ ကေဗွီ နမ့်စမ်-မိုင်းပြင်-ကျိုင်းတုံ မဟာဓာတ်အားလိုင်းကလည်း ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ ရေအားစက်ရုံများက ထွက်ရှိလာမည့် ဓာတ်အားများကို နိုင်ငံတော် ဓာတ်အားစနစ်သို့ ချိတ်ဆက်နိုင်ရန် နှင့် ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ ဓာတ်အား မရရှိသေးသော ဒေသများ ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန် ဖြစ်ပါတယ်.....သတ္တမအကြိမ် နှင့် နဝမအကြိမ် ပုံမှန် အစည်းအဝေးများတွင် လွှတ်တော်ကိုယ်စားလှယ်ကြီးများမှလည်း တောင်းဆိုထားခဲ့တယ်.....

              အခြေခံ သိသင့်တဲ့ အချက်ကတော့ ဆည်တည်ဆောက်ရင်း ရေသွယ်မြောင်းတွေ တစ်ပြိုင်တည်း တည်ဆောက် ရသလိုပေါ့ ဓာတ်အားပေးစက်ရုံ တည်ဆောက်ရင် ဓာတ်အား ပို့လွှတ်ရေးလိုင်း နှင့် ဓာတ်အားခွဲရုံများ တစ်ပြိုင်တည်း ဆောက်ရတာ မဟုတ်လား..... သူတို့ ဝေဖန်သလို ရေအားစက်ရုံက ဓာတ်အားတွေ ထွက်နေပြီး နိုင်ငံတော် ဓာတ်အား စနစ်နဲ့ မချိတ်ဆက်နိုင်ဘူးဆိုတော့ ထွက်ရှိနေတဲ့ ဓာတ်အားတွေ ဘယ်လောက် နှမြောစရာ ကောင်းလဲ.... ရွှေလီစက်ရုံ တည်ဆောက်တုန်းကလည်း ရွှေလီ-မန်စံ-ရွှေစာရံ ၂၃၀ ကေဗွီ ဓာတ်အားလိုင်း နှင့် ၂၃၀ ကေဗွီ မန်စံ ဓာတ်အားခွဲရုံ၊ ၂၃၀ ကေဗွီ ရွှေစာရံ ဓာတ်အားခွဲရုံ တွေကို တစ်ပြိုင်တည်း တည်ဆောက်ခဲ့တဲ့အတွက် ဓာတ်အားကို အဆင်သင့် အသုံးပြုနိုင်ခဲ့ တာ အစ်ကိုအသိဆုံးဘဲလေ....

မေး         ရေအားစက်ရုံတွေ တည်ဆောက်ရာမှာ မြန်မာနိုင်ငံက ထွက်ရှိတဲ့ ဓာတ်အားရဲ့ ၁၀% ဘဲ ရတယ်....နိုင်ငံခြားကုမ္ပဏီတွေက ၉၀% ယူသွားတယ်လို့ ဂျာနယ်တွေမှာ ရေးကြတယ်.... ရေအား စက်ရုံတွေရဲ့ စာချုပ်တွေကို သေချာရှင်းလင်းအောင် သိဘို့ လိုမယ်ထင်တယ်.....

ဖြေ         ရေအားစက်ရုံတွေမှာ တရုတ်နိုင်ငံနဲ့ ဦးစွာ ဆောင်ရွက်ခဲ့တဲ့ ရွှေလီရေအား လျှပ်စစ်က ထွက်ရှိတဲ့ ဓာတ်အားရဲ့ ၁၅% ကို နိုင်ငံတော် ဘဏ္ဍာတော်ကြေးအဖြစ် အလကား သုံးစွဲခွင့် (Royalty Power)အနေနဲ့ ရရှိတယ်.... ကျန်ဓာတ်အားထုတ်လုပ်မှု ၈၅% ရဲ့ တစ်ဝက်ကို မြန်မာနိုင်ငံက ဝယ်ယူသုံးစွဲနိုင်တယ်.....စက်ရုံရဲ့ Investment ၁၅% (Free Share) ပိုင်ဆိုင်ခွင့်ရတယ်..... ယနေ့ အထိ ရွှေလီစက်ရုံကနေ Free Share ၁၅% ကနေ ရရှိတဲ့ ဝင်ငွေက ၂၀၁၁-၂၀၁၂ မှာ ကျပ်ဘီလီယံပေါင်း ၁၀.၄၁၄ ၊ ၂၀၁၂-၂၀၁၃  မှာ ကျပ်ဘီလီယံပေါင်း ၁၀.၁၂၅ ၊ ၂၀၁၃-၂၀၁၄ မှာ ကျပ်ဘီလီယံပေါင်း ၁၁.၁၁၈၊          ၂၀၁၄-၂၀၁၅ မှာ ကျပ်ဘီလီယံပေါင်း ၉.၅၅၂ ၊ ၂၀၁၅-၂၀၁၆ မှာ ဒီဇင်ဘာလအထိ ကျပ်ဘီလီယံပေါင်း ၆.၈၁၅ ရရှိပြီး ဖြစ်တယ်.... လက်ရှိ ရွှေလီ စက်ရုံက မိုးရာသီမှာ စက် ၆ လုံးနဲ့ ၆၀၀ မဂ္ဂါဝပ် ထွက်ရှိရာမှာ မြန်မာနိုင်ငံဘက်က စက် ၄ လုံးစာ ၄၀၀ မဂ္ဂါဝပ် သုံးစွဲလျက်ရှိတယ်....နွေရာသီ ရေနည်းချိန်မှာ စက် ၃ လုံးဘဲ လည်နိုင်ပြီး ၃၀၀ မဂ္ဂါဝပ် ထွက်လို့ မြန်မာနိုင်ငံက ၂၀၀ မဂ္ဂါဝပ် သုံးခဲ့တယ်...အခုလာမဲ့ နွေရာသီကစပြီး ဓာတ်အား လိုအပ်ချက်အရ ရွှေလီစက်ရုံက ထွက်ရှိတဲ့ ဓာတ်အား အကုန်လုံးကို  မြန်မာနိုင်ငံက သုံးစွဲ သွားမှာ ဖြစ်တယ်....  ၂၀၁၁-၂၀၁၂ အစိုးရသစ်ကာလကစပြီး JV, BOT စနစ်နဲ့ ဆောင်ရွက် ခဲ့တဲ့ ရေအားလျှပ်စစ်စက်ရုံ စီမံကိန်းတွေမှာ ထွက်ရှိသမျှ ဓာတ်အားတွေကို မြန်မာနိုင်ငံ အတွက် ၁၀၀% သုံးစွဲနိုင်ဘို့ ဆောင်ရွက်ထားပြီး ဓာတ်အားထုတ်လုပ်မှု တစ်ယူနစ် စျေးနှုန်း ကိုလည်း ၁၈ ကျပ်နဲ့ မရနိုင်တော့ဘဲ ၆၀ ကျပ်မှ ၇၀ ကျပ်အတွင်း ဝယ်ယူရမှာပေါ့....

မေး          အေး.......မင်းပြောတဲ့အတိုင်းဆိုရင် ရေအားလျှပ်စစ်စက်ရုံတွေရဲ့ စာချုပ်တွေက နိုင်ငံတော် အတွက် နစ်နာမှု မရှိဘူးပေါ့...ဒါကို ပွင့်လင်းမြင်သာမှုရှိအောင် ဂျာနယ်တွေမှာ ဝေဖန်ချက် မရေးမီ သက်ဆိုင်ရာ ဌာနတွေကို မေးမြန်းသင့်တာပေါ့... မင်းတို့ ဌာနကလည်း စာချုပ်နဲ့ ပတ်သက်ပြီး သိလိုသူတွေ ရှိလာရင် ပေးကြည့်သင့်တယ် ထင်တယ် မဟုတ်လား....

ဖြေ         ကောင်းတာပေါ့.....သေချာ စူးစမ်းလေ့လာမှု မပြုဘဲ သတင်းအဖြစ် ဂျာနယ် စာမျက်နှာ အဖြစ် ပါရင်ပြီးရောဆိုပြီး ရေးသူတွေကြောင့် ဌာနဆိုင်ရာတွေ ဝန်ကြီးဌာန တွေနဲ့ သတင်းသမားတွေကြား ကွာဟချက်တွေ ဖြစ်နေတာ.....တစ်ကယ်တမ်း သိချင်ရင် တာဝန် ရှိသူတွေနဲ့ တွေ့ဆုံနိုင်တဲ့ အချိန် ညှိနှိုင်းဆောင်ရွက်ပြီး သတင်းရယူရင် သတင်းအမှန် ရသွားတာပေါ့....

မေး         ယခုမျက်မှောက် အခြေအနေအရ ဓာတ်အားထုတ်လုပ်မှု ဆောင်ရွက်ရာမှာ တို့မြန်မာ နိုင်ငံအနေနဲ့ ဘယ်နည်းနဲ့က အသင့်တော်ဆုံး ဖြစ်မလဲ....ရေရှည် ဘယ်လိုနည်းတွေနဲ့ ဆောင်ရွက်မလဲ.....

ဖြေ         ဓာတ်အားထုတ်လုပ်တဲ့ စက်ရုံတွေရဲ့ လက်ရှိ တစ်ယူနစ် ထုတ်လုပ်မှု ကုန်ကျစရိတ် က ဆွေးနွေးခဲ့တဲ့အတိုင်း ရေအားလျှပ်စစ်က အသက်သာဆုံး ဖြစ်တယ်..... ဒုတိယ အသက်သာဆုံးက ကျောက်မီးသွေးဘဲ ဖြစ်တယ်..... တတိယကတော့ သဘာဝ ဓာတ်ငွေ့ ဖြစ်ပြီး စျေးအမြင့်ဆုံးကတော့ ဆိုလာစနစ်ဘဲ ဖြစ်တယ်.... ဆိုလာစနစ်က လက်ရှိတစ်ယူနစ် ကျပ် ၁၅၀ ကျော် ကုန်ကျတယ်.....ရေအားလျှပ်စစ်စက်ရုံတွေ တည်ဆောက်မှုက သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုနည်းတဲ့ နည်းကိုသုံးရမယ်.... ကျောက်မီးသွေး စက်ရုံ တွေကိုလည်း ဂျပန်နိုင်ငံရဲ့ ခေတ်မီ Clean Core Technology နဲ့ တည်ဆောက်မယ်..... တစ်ဘက် ကလည်း သဘာဝ ဓာတ်ငွေ့စက်ရုံတွေနဲ့ အားဖြည့် ပေးမယ်ဆိုရင် နိုင်ငံရဲ့ နှစ်စဉ် တိုးတက်လာတဲ့ ဓာတ်အားသုံးစွဲမှု ပမာဏကို ဖြည့်ဆည်းပေးနိုင်တာပေါ့....

မေး         တစ်ချို့သူတွေကလဲ လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှုတွေ များတယ်....ဒါတွေကို လျှော့ချရင် ဝင်ငွေတိုးလာမယ်လို့ ပြောနေတာတွေလဲ ဖတ်ရကြားရတယ်ကွ... တိုင်တွေ ကြိုးတွေ လဲဘို့ ဘယ်လောက်ကျန်သေးလဲ.....ဓာတ်အားပျောက်ဆုံးမှု ကျအောင် ဘာတွေ ဆက်လုပ် ဖြစ်သေးလဲ....

ဖြေ         ဓာတ်အားပျောက်ဆုံးမှု လျော့ချဘို့ဆိုတာက နည်းလမ်းတွေ သိပေမဲ့ ဆောင်ရွက် နိုင်ဘို့ကတော့ ခက်တယ်ဆိုတာ အစ်ကို အသိဘဲလေ.....ဘဏ္ဍာငွေ သုံးစွဲနိုင်မှုအရ ဓာတ်အားပေးနိုင်ဘို့ ဦးစားပေး ဆောင်ရွက်ခဲ့တဲ့အတွက် သတ်မှတ်စံချိန်စံညွှန်းနဲ့ မညီဘဲ တည်ဆောက်ခဲ့တဲ့ ဓာတ်အားလိုင်း၊ ဓာတ်အားခွဲရုံတွေ အစားထိုး လဲလှယ်ဘို့ အများကြီး ကျန်နေသေးတယ်.... လွှတ်တော်ကိုယ်စားလှယ်တွေကလည်း သူတို့မြို့မှာ ရှိတဲ့ သစ်သား တိုင်၊ သံတိုင်တွေလဲဘို့ တောင်းဆို နေတာတွေ အစ်ကိုလဲ ကြားမှာပေါ့... တစ်ပြည်လုံး အနေနဲ့ သစ်သား တိုင် ၉၆၉၂၆ တိုင်၊ သံတိုင် ၆၇၅၂၀ တိုင်လဲဘို့ ကျန်သေး တယ်....အဲဒါတွေ လဲရင် လုပ်အားခမပါ တိုင်ဘိုးဘဲ ကျပ်၂၀.၅၅ ဘီလီယံ ကျမယ်... စံချိန်မမီဘဲ တည်ဆောက်ထားတဲ့ ဓာတ်အားလိုင်းကြိုးကလဲ မိုင်ပေါင်း ၁၀၉၄၄.၀၃ ကျန်သေးတယ်.... ဒီ စံချိန်မမီတဲ့ ကြိုးတွေပေါ်ကပါ ဓာတ် အားသုံးစွဲသူတွေ ထပ်တိုးလာ တော့ ဓာတ်အားပျောက်ဆုံးမှု များတော့တာ ပေါ.....

မေး         သူများနိုင်ငံတွေက ထရန်စဖော်မာ နဲ့ လိုင်းကြိုးတွေရဲ့ ခံနိုင်ရည် တစ်ဝက်ဘဲ သုံးကြတာ ကိုးကွ....တို့နိုင်ငံက ထရန်စဖော်မာ နဲ့ လိုင်းကြိုး ခံနိုင်ရည်ထက် ကျော်လွန်သုံးစွဲနေတော့ ဓာတ်အားပျောက်ဆုံးမှုများတဲ့ အပြင် ထရန်စဖော်မာ ဖြုစ်တွေ ပြတ်တာတို့  ထရန်စဖော်မာ လောင်တာတို့ လိုင်းကြိုးတွေ ပြတ်တာတို့ ဖြစ်နေတာပေါ့..... ငါ့ရပ်ကွက် ထဲက သူတွေလဲ..... ရှင်းပြမှဘဲ....လျှပ်စစ်ကို အပြစ်တင်တာ ....လျော့သွားတယ်....

ဖြေ          ဓာတ်အားပျောက်ဆုံးမှု နည်းဘို့နဲ့ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအတွက် အသစ် တည်ဆောက်တဲ့ ၄၀၀ ဗို့လိုင်း တွေကို Insulated Wire တွေနဲ့ဘဲ တည်ဆောက်နေတယ်.... ထရန်စဖော်မာ အကြီးတစ်လုံးနဲ့ရပ်ကွက်ဧရိယာ ကျယ်ပြန့် စွာ ပေးထားခြင်း အစား ထရန်စဖော်မာ အသေးများဖြင့် ဧရိယာစိပ်စိပ် ဓာတ်အားပေးနိုင်ရေးကို ဆောင်ရွက်နေတယ်... ဗီယက်နမ် နိုင်ငံက The Sun အဖွဲ့၊ အင်ဒိုနီးရှား နိုင်ငံက PLN အဖွဲ့ တို့နဲ့ နည်းပညာ ပူးပေါင်းပြီး ဆောင်ရွက်ခဲ့တယ်... ၂၀၀၉ ခုနှစ်က ဓာတ်အားပျောက်ဆုံး မှု ၂၆.၆၉ % ရှိခဲ့ရာမှ ၂၀၁၅ ခုနှစ်မှာ ၁၉.၄၆% ရှိတယ်.....အဓိကကတော့ Losses နည်းတဲ့ နိုင်ငံတွေလို ဖြစ်ဘို့အတွက် System Improvement ဖြစ်တဲ့ လိုင်းတွေ၊ ဓာတ်အားခွဲရုံတွေ၊ မီတာတွေကို Upgrade ဆောင်ရွက်ဘို့ အရင်းအနှီးများစွာ လိုအပ် နေတယ်.....

မေး         တို့နှစ်ယောက်သား ဆွေးနွေးပြောဆိုတာ တော်တော်များသွားပါပြီ....ဆွေးနွေးချက်တွေကို အများပြည်သူသိအောင် ဆောင်ရွက်ရမယ်ကွ.......

ဖြေ         အားလုံးခြုံပြောရရင်တော့ လျှပ်စစ်ဓာတ်အားရရှိရန် ကျန်ရှိနေသော အိမ်ထောင်စု များကို ဓာတ်အားစနစ်က ဓာတ်အားရရှိရေး နှစ်စဉ် ၁၅% တိုးတက် သုံးစွဲနေတဲ့ ဓာတ်အား လိုအပ်ချက်ကိုလည်း ဖြည့်ဆည်းပေးနိုင်ရန်အတွက် JICA, ADB, World Bank  နဲ့ နိုင်ငံတကာ အဖွဲ့အစည်းများ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများနဲ့ ဆောင်ရွက်လျက် ရှိပါတယ်......အဲဒီလို ဆောင်ရွက်ရာမှာ မြန်မာနိုင်ငံ ဘက်ကလည်း ဘဏ္ဍာငွေ ထည့်သွင်း သုံးစွဲသွားရမှာ ဖြစ်ပါတယ်....

               မြန်မာနိုင်ငံရဲ့ ဓာတ်အားခနှုန်းထားက အာဆီယံ နိုင်ငံများအတွင်း စျေးအသက်သာ ဆုံး ဖြစ်ပြီး တစ်ယူနစ် ထုတ်လုပ်ကုန်ကျမှုစရိတ်ကို မကာမိဘဲ ဓာတ်အား တစ်ယူနစ် သုံးစွဲတိုင်း နိုင်ငံတော်က ၂၂ ကျပ်ခန့် စိုက်ထုတ်ကျခံနေရတာကြောင့် လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုး တိုးတက်မှု နှေးရခြင်း ဖြစ်ပါတယ်...

               ဖွံ့ဖြိုးပြီး ချမ်းသာနေတဲ့ နိုင်ငံတွေမှာတောင် အများပြည်သူသုံး ဓာတ်အားခကို ထုတ်လုပ် ကုန်ကျ စရိတ်နဲ့ ကာမိအောင် ရောင်းချနေကြ တယ်.....နိုင်ငံရဲ့ စိုက်ထုတ် ကုန်ကျငွေ နည်းမှ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းတွေမှာ အသုံးပြုသွားနိုင်မှာ ဖြစ်ပါတယ်....

               ဓာတ်အားထုတ်လုပ်ရာမှာ ဓာတ်အားတစ်ယူနစ် ထုတ်လုပ်မှု ကုန်ကျစရိတ် သက်သာပြီး ရေရှည်သုံးစွဲနိုင်တဲ့ Renewable Energy ဖြစ်တဲ့ ရေအား လျှပ်စစ်စက်ရုံတွေ တည်ဆောက်ဘို့ လိုတယ်......သဘာဝပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံးဖြစ်အောင် ရွေးချယ်တည်ဆောက်ရမှာ ဖြစ်တယ်....

              နိုင်ငံရှိ အိမ်ထောင်စုအားလုံး ဓာတ်အားရရှိမှသာ လူမှု့စီးပွားဘဝ တိုးတက် လာမည် လျှပ်စစ်ဓာတ်အားလုံလောက်စွာ ထုတ်လုပ်ပေးနိုင်မှသာ စက်မှုလုပ်ငန်းနှင့် စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမည်.....                                                                            

              အခုလိုဘဲ....လျှပ်စစ်ဆိုင်ရာ သိချင်တာတွေ မရှင်းလင်းတာတွေကို ဝန်ကြီးဌာနသို့ ဆက်သွယ်မေးမြန်းခြင်း ဝန်ကြီးဌာနကလည်း ရှင်းလင်း ပြောကြားခြင်းတို့ဖြင့် ပွင့်လင်း မြင်သာမှုရှိစွာ ဆောင်ရွက်သွားခြင်းဖြင့် သတင်းရေးသားသူ ဘက်ကရော  ဝန်ကြီးဌာနတွေ ဘက်ကရော ပိုမို အဆင်ပြေမှု ရှိတာပေါ့.....

လျှပ်စစ်ဝန်ထမ်းဟောင်း တစ်ဦး

03-Jan-2018