MINISTRY OF ELECTRIC POWER

Breaking News :

ကျေးရွာများ လျှပ်စစ်ဓာတ်အားရရှိရေး ဆောင်ရွက်မှုများ

 မြန်မာနိုင်ငံအနေဖြင့် ၂၀၁၆ ခုနှစ်မတိုင်မီကာလက ဓာတ်အားထုတ်လုပ်မှုသည် ၁၆၉၀ မဂ္ဂါဝပ်ရှိပြီး လျှပ်စစ်ဓာတ်အားသုံးစွဲမှု ရာခိုင်နှုန်းမှာ ၁၂% သာရှိပြီး ဓာတ်အား လုံလောက်မှုမရှိခြင်းကြောင့် မြို့၊ ကျေးရွာများ ဓာတ်အားတိုးချဲ့ပေးနိုင်မှု တိုးတက်မှု နည်းခဲ့ပါသည်။ ၂၀၁၆ ခုနှစ် နောက်ပိုင်းတွင် ရေအားလျှပ်စစ်စက်များဖြစ်သည့် ရွှေလီ၊ ရဲရွာ စက်ရုံများ လည်ပတ်ပြီးနောက် နိုင်ငံတော်အနေဖြင့် ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား တိုးချဲ့ဖြန့်ဖြူးရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။ လျှပ်စစ်ဓာတ်အားတိုးချဲ့ဖြန့်ဖြူးပေးနိုင်ရေးအတွက် အခြေခံကျသော ဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲရုံများကို ဦးစွာတည်ဆောက်ရပါသည်။ ဥပမာအားဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ မြို့၊ ကျေးရွာများဓာတ်အား ရရှိရေးအတွက် ၂၃၀ ကေဗွီ၊ ၆၆ ကေဗွီဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲရုံများကို ဦးစွာတည်ဆောက်ရပါသည်။ မြို့၊ ကျေးရွာ မီးလင်းရေးအတွက် ၁၁ ကေဗွီလိုင်း၊ ၁၁/၀.၄ ကေဗွီ ထရန်စဖော်မာ၊ ၄၀၀ ဗို့ဓာတ်အားလိုင်း တည်ဆောက်ခြင်းလုပ်ငန်းကို ဒုတိယအဆင့်အနေဖြင့် ဆက်လက်တည်ဆောက်ရခြင်းဖြစ်ပါသည်။ ၂၀၁၆ ခုနှစ်မှ ၂၀၁၁ ခုနှစ်ကာလတွင် ဘဏ္ဍာငွေ ရရှိမှုအရ ဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲရုံများ တည်ဆောက်ခြင်း လုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်ခဲ့ခြင်းကြောင့် ကျေးရွာတွင်းအရောက် လျှပ်စစ်မီးလင်းရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်မှု မရှိခြင်းဖြစ်ပါသည်။ သို့ရာတွင် ကျေးရွာများအနေဖြင့် မိမိရွာအနီး ရောက်ရှိနေသော ဓာတ်အားလိုင်းများမှတစ်ဆင့် ကျေးရွာမီးလင်းရေးကော်မတီအစီအစဉ်ဖြင့် ကိုယ့်အား ကိုယ်ကိုး ဓာတ်အားရယူမှုကို ခွင့်ပြုပေးခဲ့ပြီး မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးများက နည်းပညာပိုင်း ပံ့ပိုးကူညီခဲ့ပါသည်။ တစ်နည်းအားဖြင့် မိမိရွာအနား ရောက်နေသော ရေလွှတ်မြောင်းမှ ရေကို ဌာနက ဆောင်ရွက်ပေးမည့်အချိန်ကို မစောင့်ဘဲ မိမိကျေးရွာအတွင်း ရောက်ရှိအောင် ကျေးရွာအစီအစဉ်ဖြင့် မြောင်းဖောက်ယူခြင်း ဖြစ်ပါသည်။ ကျေးရွာမီးလင်းရေးများအနေဖြင့်လည်း ကျေးရွာအနီး ရောက်နေသော ဓာတ်အားလိုင်းမှတစ်ဆင့် ကျေးရွာအရောက် ၁၁ ကေဗွီလိုင်းနှင့် ထရန်စဖော်မာတပ်ဆင်ခြင်း၊ ရွာတွင်း ၄၀၀ ဗို့ ဓာတ်အားလိုင်းများ တည်ဆောက်ခြင်းဖြင့် ဓာတ်အားဆောလျင်စွာ ရရှိအောင် ဆောင်ရွက်ခြင်းဖြစ်ပါသည်။

 ကျေးရွာမီးလင်းရေးကော်မတီဖွဲ့၍ လျှပ်စစ်ဓာတ်အားရယူခြင်း ဆောင်ရွက်ရာတွင် အဖွဲ့အစည်းခိုင်မာမှုမရှိခြင်း၊ ငွေကြေးကိစ္စများရှုပ်ထွေးခြင်း၊ တည်ဆောက်မှုစနစ်အားနည်းခြင်းတို့ တွေ့ရှိရသည့်အတွက် ကျေးရွာမီးလင်းရေးကော်မတီများ လိုက်နာရမည့်အချက်များကို သတ်မှတ်ပေးခဲ့ရခြင်း ဖြစ်ပါသည်။ ကျေးရွာမီးလင်းရေးကော်မတီသည် ပြည်သူလူထု၏ သဘောတူညီချက်ဖြင့် ခိုင်မာစွာဖွဲ့စည်းထားသော အဖွဲ့အစည်းဖြစ်ရေးနှင့် တည်ဆောက်မည့် ဓာတ်အားလိုင်း၊ ဓာတ်အားခွဲရုံတည်ဆောက်မှု ဆောင်ရွက်ရာတွင် ရေရှည်တည်တံ့ခိုင်မြဲရေး၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး၊ ဓာတ်အားပျောက်ဆုံးမှု လျော့နည်းစေရေးစသည့် အချက်များ ကို ကျေးရွာမီးလင်းရေးကော်မတီနှင့်် ကျေးရွာအကျိုးအတွက် သတ်မှတ်ပေးခဲ့ခြင်းဖြစ်ပါသည်။ ၂၀၁၆ ခုနှစ်မှ ၂၀၁၁၁ ခုနှစ်အတွင်း ကိုယ့်အားကိုယ်ကိုးဖြင့် ကျေးရွာပေါင်း ၂၃၁၄ ရွာ လျှပ်စစ်ဓာတ်အား ရရှိခဲ့ပါသည်။ ကျေးရွာမီးလင်းရေးများ ဆောင်ရွက်ခဲ့ရာတွင် ကျေးရွာအများစုသည် အောင်မြင်မှုရရှိခဲ့ကြပြီး ​ကျေးရွာအချို့တွင် မီးလင်းရေးကော်မတီနှင့် ပတ်သက်၍ တိုင်ကြားစာများရရှိခဲ့သည်။ ကျေးရွာမီးလင်းရေး တိုင်စာများအနေဖြင့် ၂၀၁၄ ခုနှစ်တွင် ၇၄ မှု၊ ၂၀၁၅ ခုနှစ်တွင် ၄၂ မှုရှိခဲ့ပြီ: လျှပ်စစ်ပညာရပ်ပိုင်းဆိုင်ရာနှင့် ပတ်သက်၍ လျှပ်စစ်ဌာနက ဖြေရှင်းပေးပြီ: အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များကိုမူ သက်ဆိုင်ရာအုပ်ချုပ်ရေးဆိုင်ရာနှင့် ဥပဒေ ရေးရာအရများက ဖြေရှင်းဆောင်ရွက်ပေးကြရပါသည်။

           ၂၀၁၁ ခုနှစ် ဧပြီလတွင် ရွေးချယ်တင်မြောက်သော ဒီမိုကရေစီအစိုးရ ပေါ်ပေါက်လာသောအခါ ဖွံ့ဖြိုးတိုးတက်မှုနည်းသော မြို့၊ ကျေးရွာမီးလင်းရေးများကို ဦးစားပေးလုပ်ငန်းအဖြစ် ချမှတ်ဆောင်ရွက်ခဲ့ပါသည်။ ကျေးရွာများ ဓာတ်အားစနစ်က ဓာတ်အားရရှိရေးအတွက် ဆောင်ရွက်ရာတွင် ၂၀၁၁ ခုနှစ်တွင် ကျေးရွာ ၃၅၅၄ ရွာ၊ မြို့ပေါင်း ၂၂၃ မြို့၊ ဓာတ်အားစနစ်က ဓာတ်အားရရှိရာမှ ၂၀၁၆ ခုနှစ် ဧပြီလတွင် ကျေးရွာ ၈၆၃၅ ရွာ၊ မြို့ပေါင်း ၂၇၄ မြို့အထိ ဓာတ်အားစနစ်က ဓာတ်အားရရှိနေပြီဖြစ်ရာ ၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်ထိ ၅ နှစ်တာကာလ အတွင်း ကျေးရွာပေါင်း ၅၀၈၁ ရွာ၊ မြို့ပေါင်း ၅၁ မြို့ကို ဓာတ်အားစနစ်မှ ဓာတ်အားဖြင့် သုံးစွဲနိုင်အောင် ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ ကျေးရွာ မီးလင်းရေးလုပ်ငန်းများတွင် နိုင်ငံတော်က မတည်ရင်းနှီးငွေ၊ ချေးငွေများဖြင့်လည်းကောင်း၊ ကိုယ့်အားကိုယ်ကိုး ကျေးရွာမီးလင်းရေး အစီအစဉ်များဖြင့်လည်းကောင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။

           ဓာတ်အားစနစ်နှင့် ဝေးကွာသော ကျေးရွာများအတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆိုလာစနစ်ဖြင့် လျှပ်စစ်မီးရရှိအောင် ဆောင်ရွက်ပေးခဲ့ရာ ၂၀၁၁-၂၀၁၂ မှ ၂၀၁၅-၂၀၁၆ ခုနှစ်အတွင်း ကျေးရွာပေါင်း ၆၄၅၀ ထိ ဆိုလာလျှပ်စစ်မီးရရှိပြီး ဖြစ်ပါသည်။

           ကျေးရွာမီးလင်းရေးများအတွက် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ၏ တောင်းဆိုချက်အရလည်း နိုင်ငံတော်ဘဏ္ဍာငွေရရှိမှုအပေါ် မူတည်ဆောင်ရွက်ပေးရပါသည်။

          လွှတ်တော်ကိုယ်စားလှယ်များက ကျေးရွာများ လျှပ်စစ်မီးရရှိရေးအတွက် ၂၀၁၃ ခုနှစ်တွင် ၃၃ ခု၊ ၂၀၁၄ ခုနှစ်တွင် ၇၄ ခု၊ ၂၀၁၅ ခုနှစ်တွင် ၄၂ ခု တောင်းဆိုခဲ့ပါသည်။ အချို့တောင်းဆိုချက်များသည် ဘဏ္ဍာငွေခွင့်ပြုမှုအရ ဆောင်ရွက်ပေးနိုင်ခဲ့သော်လည်း ဘဏ္ဍာငွေခွင့်ပြုချက်မရသဖြင့် ဆောင်ရွက်နိုင်ခြင်းမရှိ၍ လွှတ်တော်ကတိက၀တ်စာရင်းမှ ပယ်ဖျက်ပေးခဲ့ရမှုများလည်း ရှိပါသည်။

           ၂၀၁၁ ခုနှစ်နောက်ပိုင်းတွင် နိုင်ငံတကာအဖွဲ့အစည်းများဖြစ်သည့် JICA, ADB, World Bank တို့မှ ချေးငွေများ ကူညီထောက်ပံ့ငွေများ ဝင်ရောက်လာခဲ့ရာ လျှပ်စစ်ပိုင်းဆိုင်ရာ ဓာတ်အားထုတ်လုပ်ရေး၊ ဓာတ်အားပို့လွှတ်ရေး၊ ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းများအပြင် ကျေးရွာများ ဓာတ်အားရရှိရေး လုပ်ငန်းများအတွက်ပါ ပါဝင်လာခဲ့ပါသည်။ အထူးသဖြင့် ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ၂၀၁၆-၂၀၁၇ ခုနှစ်မှ ၂၀၃၀ ခုနှစ်အတွင်း အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး (National Electrification Plan) NEP ကို ၂၀၁၄-၂၀၁၅ ခုနှစ်က စတင် ဆောင်ရွက်ခဲ့ပြီး တိုင်းဒေသကြီး/ပြည်နယ်အလိုက် ဓာတ်အားစနစ်က ဓာတ်အားပေးနိုင်မှု၊ ဆိုလာ၊ အသေးစားရေအား၊ အခြားနည်းလမ်းများဖြင့် ဓာတ်အားပေးနိုင်မှု အခြေအနေများကို ကမ္ဘာ့ဘဏ်အဖွဲ့မှ ပညာရှင်များ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ပညာရှင်များ၊ တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်/မြို့နယ်များမှ ဒေသအာဏာပိုင် အဖွဲ့များဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။ တစ်နိုင်ငံလုံး ၂၀၃၀ ခုနှစ်တွင် ဓာတ်အားရရှိမှု ၉၉% ရရှိရေးအတွက် ခန့်မှန်း နိုင်ငံခြားကုန်ကျငွေ US $ ၅.၈ ဘီလီယံခန့် သုံးစွဲရမည်ဖြစ်ပါသည်။ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး (National Electrification Plan) NEP ကို အောက်ပါအတိုင်း အဆင့်(၄)ဆင့်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ပါသည် -

    (က)ပထမအဆင့်အနေဖြင့် လက်ရှိ ဓာတ်အားလိုင်းမှ ၂ မိုင်အတွင်း ကျေးရွာများ ဓာတ်အားရရှိရေး။

    ( ခ )ဒုတိယအဆင့်အနေဖြင့် လက်ရှိဓာတ်အားလိုင်းမှ ၂ မိုင်မှ ၅ မိုင်အတွင်း ကျေးရွာများ ဓာတ်အားရရှိရေး။

    ( ဂ)တတိယအဆင့်အနေဖြင့် လက်ရှိဓာတ်အားလိုင်းမှ ၅ မိုင်မှ ၁၀ မိုင်အတွင်း ကျေးရွာများ ဓာတ်အားရရှိရေး။

    (ဃ)စတုတ္ထအဆင့်အနေဖြင့် လက်ရှိဓာတ်အားလိုင်းမှ ၁၀ မိုင်အထက် ကျေးရွာများ ဓာတ်အားရရှိရေး။

           ပထမအဆင့်ဖြစ်သော လက်ရှိဓာတ်အားလိုင်းမှ ၂ မိုင်အတွင်း ကျေးရွာများ ဓာတ်အားရရှိရေးအတွက် ကမ္ဘာ့ဘဏ်ချေးငွေဖြင့် US $ ၃၁၀ သန်းဖြင့် စတင်ဆောင်ရွက်လျက်ရှိရာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်ကုန်တွင် ကျေးရွာပေါင်း ၅၀၈၀ အား ဓာတ်အားစနစ် မှ ဓာတ်အားရရှိမည် ဖြစ်ပါသည်။ ဓာတ်အားစနစ်နှင့် ဝေးကွာသော ကျေးရွာများအတွက် ဆိုလာစနစ်ဖြင့် မီ:လင်းရေးကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ဆောင်ရွက်လျက်ရှိပြီး ကမ္ဘာ့ဘဏ်မှ ချေးငွေသန်း US $ ၉၀ သန်းအနက် ပထမအဆင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်ကုန်တွင် ကျေးရွာ ၂၀၀၀ ကျော်မီးလင်းမည် ဖြစ်ပါသည်။

           ကျေးရွာမီးလင်းရေးအတွက် လိုအပ်သော ဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲရုံများ တည်ဆောက်ခြင်းကို နှစ်စဉ်နိုင်ငံတော် ဘဏ္ဍာငွေမှလည်းကောင်း၊ JICA, ADB စသည့် အဖွဲ့အစည်းများမှလည်းကောင်း ဆောင်ရွက်ပေးနေပါသည်။

           ကျေးလက်ဒေသလျှပ်စစ်မီးရရှိရေး အကောင်အထည်ဖော်ရာတွင် နိုင်ငံခြားချေးငွေဖြင့် ပစ္စည်းများဝယ်ယူခြင်းဖြစ်ပြီး ပြည်တွင်း သယ်ယူပို့ဆောင်စရိတ်၊ တည်ဆောက်စရိတ်များကို မြန်မာကျပ်ငွေဖြင့် နိုင်ငံတော်ဘဏ္ဍာငွေက နှစ်စဉ်လျာထားသုံးစွဲခြင်းဖြစ်သည်။

           လက်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ယခုဆောင်ရွက်လျက်ရှိသော ကျေးရွာ မီးလင်းရေးဆောင်ရွက်မှု အစီအစဉ်သည် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံချက် National Electrification Plan (NEP) အစီအစဉ်ဖြင့်သာ အပိုင်းအလိုက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံချက်အရ ဆောင်ရွက်နေခြင်းကြောင့် ကျေးရွာမီးလင်းရေးများအတွက် ဝန်ကြီးဌာန၏ ဘဏ္ဍာငွေလျာထားချက်တွင် ထည့်သွင်းနိုင်မှု မရှိပါ။ ယခင်နှစ်များအတိုင်းပင် ကျေးရွာမီးလင်းရေးလုပ်ငန်းများအတွက် လွှတ်တော် ကိုယ်စားလှယ်ကြီးများ၊ ဘုန်းတော်ကြီးများနှင့်ကျေးရွာကော်မတီများက မီးလင်းရေးအတွက် ဆောင်ရွက်ပေးရန်နှင့် တည်ဆောက်ပြီးစီးမှုအတွက် ကုန်ကျငွေများ ကျခံပေးရန် တောင်းဆိုးမှုများ ရှိနေသည့်အတွက် လွှတ်တော်များတွင် ရှင်းလင်းဖြေကြားပေးရခြင်း၊ ရှင်းလင်းဖြေကြားစာများ ပေးပို့ခြင်းများ ဆောင်ရွက်ပေးနေရပါသည်။ မေးမြန်းတောင်းဆိုသည့် အကြောင်းအရာတူပြီး နေရာဒေသကွဲပြားမှုသာ ရှိပါသည်။

           ထို့အပြင် ပြည်ထောင်စုအစိုးရနှင့် တိုင်းဒေသကြီးအစိုးရ ဘဏ္ဍာငွေခွဲဝေမှုအရ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှစ၍ ၁၁ ကေဗွီလိုင်း၊ ၄၀၀ ဗို့လိုင်း တည်ဆောက်ရေးလုပ်ငန်းများကို တိုင်းဒေသကြီး/ပြည်နယ်အစိုးရဘတ်ဂျက်ဖြင့် ဆောင်ရွက်ခဲ့ကြပါသည်။ ကျေးရွာမီးလင်းရေး တည်ဆောက်ရေးလုပ်ငန်းများသည် ၁၁ ကေဗွီလိုင်း၊ ၄၀၀ ဗို့လိုင်း တည်ဆောက်ရေးလုပ်ငန်းများ ဖြစ်ကြသည့်အတွက် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှစ၍ တိုင်းဒေသကြီး/ ပြည်နယ်များက ဘဏ္ဍာငွေ တောင်းခံပြီး ဆောင်ရွက်ပေးလျက်ရှိပါသည်။

           အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံချက် အစီအစဉ်ဖြင့် ဆောင်ရွက်လျက်ရှိသော ကျေးရွာမီးလင်းရေးလုပ်ငန်းများတွင် မိမိနှင့် သက်ဆိုင်သော ကျေးရွာများ လျှပ်စစ်ဓာတ်အား ရရှိမှုအခြေအနေ၊ ရရှိနိုင်သည့် ကာလတို့ကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးများတွင် စုံစမ်းသိရှိနိုင်ပါသည်။

           ကျေးရွာမီးလင်းရေးအစီအစဉ်အရ ဓာတ်အားလိုင်းနှင့် ၂ မိုင်အတွင်း မပါဝင်သေးသော ကျေးရွာများနှင့် ဓာတ်အားကြိုတင်ရယူလိုသော ကျေးရွာများအနေဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များ အစီအစဉ်အရလည်းကောင်း၊ ကျေးရွာအစီအစဉ်ဖြင့် ကိုယ့်အားကိုယ်ကိုး ဆောင်ရွက်ခြင်းများ ဆောင်ရွက်နိုင်ပြီး မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးများက နည်းပညာပိုင်းဆိုင်ရာများ ပံ့ပို့ဆောင်ရွက်နိုင်ပါကြောင်း ဖော်ပြအပ်ပါသည်။

ဝေယံ

03-Jan-2018