The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်မီးလေးလင်းချင်တယ် အပိုင်း(၂)

          ကျွန်တော်တို့မြန်မာနိုင်ငံတွင် ပြည်သူများအနေဖြင့် လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်မှုမှာ တစ်နိုင်ငံ လုံးအနေဖြင့် (၄၀.၉%)ရာခိုင်နှုန်းခန့်သာရှိရာ သက်ဆိုင်ရာဌာနအနေဖြင့် ပြည်သူများအား လျှပ်စစ် ဓာတ်အားတိုးတက်ဖြန့်ဖြူးပေးနိုင်ရေးအတွက် ဗို့အားမြင့် မဟာဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံများ တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်းများအပြင် ဖြန့်ဖြူးရေးလိုင်းများဖြစ်သည့် 33, 11kV ဓာတ်အားလိုင်းနှင့် ခွဲရုံများအား စီမံချက်များချမှတ်ပြီး မြန်မာပြည်အနှံ့တိုးချဲ့တည်ဆောက်လျှက်ရှိရာ မကြာမီ တည်ဆောက် ပြီးစီး၍ လျှပ်စစ်ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးတော့မည်ဖြစ်သည့် 230kV လှိုင်သာယာ-ကျိုက်လတ် မဟာဓာတ်အားလိုင်းနှင့် 230kV ကျိုက်လတ် ပင်မဓာတ်အားခွဲရုံ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ခဲ့မှု အခြေအနေများကို ရေးသားဖော်ပြလိုပါသည်။

          မြစ်ချောင်းအင်းအိုင်များပေါများလှသည့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသသည် ဧရိယာအား ဖြင့် (၁၃၅၆၆.၅၉၃)စတုရန်းမိုင် ကျယ်ဝန်းပြီး လူဦးရေမှာ ၂၀၁၁ ခု သန်းခေါင်စာရင်းအရ (၅.၅ သန်း ကျော်) ရှိပြီး ယနေ့အထိ လျှပ်စစ်မီးသုံးစွဲနိုင်မှုမှာ အိမ်ထောင်စုစုပေါင်း (၁.၅ သန်းခန့်) ရှိသည့်အနက် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အထိ လျှပ်စစ်ဓာတ်အားအသုံးပြုနိုင်သည့် အိမ်ထောင်စုမှာ (၂၅၅,၁၆၈)ခန့် သာရှိသဖြင့် စုစုပေါင်းအိမ်ထောင်စု၏ (၁၇.၀%) ခန့်သာ လျှပ်စစ်မီးအားအသုံးပြုနိုင်သေးသော တိုင်း ဒေသကြီးဖြစ်သည်။

          ဧရာဝတီတိုင်းဒေသကြီးအား လျှပ်စစ်မီးဖြန့်ဖြူးပေးရာတွင် ယခင်ကပြည် - မြန်အောင် - ဟင်္သာတ - ပုသိမ် 66kV Double Circuit တစ်လိုင်းဖြင့်သာ ဖြန့်ဖြူးပေးနိုင်ခဲ့ပြီး ၂၀၀၅ ခုနှစ်မှ စတင်၍ လှိုင်သာယာ မှ အသုတ်သို့ 230kV ဓာတ်အားလိုင်း တည်ဆောက်ခြင်းနှင့် အသုတ်မြို့တွင် 230kV ပင်မ ဓာတ်အားခွဲရုံ တည်ဆောက်ခြင်းစီမံကိန်းများ ဆောင်ရွက်ခဲ့ရာ ၂၀၀၇ခုနှစ်၊ မေလတွင် စီမံကိန်းလုပ်ငန်း များပြီးစီး၍ ဧရာဝတီတိုင်းဒေသကြီးတွင် 230kV ပင်မခွဲရုံ တစ်ခုပေါ်ပေါက်လာပြီး အဆိုပါ အသုတ် ပင်မဓာတ်အားခွဲရုံမှတဆင့် ပုသိမ်-ရေကြည်-ဟင်္သာတမြို့များရှိ 66/ 11kV ဓာတ်အားခွဲရုံများနှင့် ကန်ကြီးဒေါင့်ဓာတ်မြေသြဇာစက်ရုံ၊ သာပေါင်း-ပျော့ဖတ်စက်ရုံ၊ ပုသိမ်မှန်စက်ရုံများသို့ 66kV ဓာတ်အား လိုင်းများဖြင့် ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနိုင်ခဲ့ပြီး ထို66kV ခွဲရုံများမှတဆင့် ဧရာဝတီတိုင်းဒေသကြီး အနောက်ခြမ်းရှိမြို့နယ်များသို့ လျှပ်စစ်ဓာတ်အားယခင်ထက် ပိုမိုဖြန့်ဖြူးပေးနိုင်ခဲ့ပါသည်။

          သို့ရာတွင် ဧရာဝတီတိုင်းဒေသကြီးအနောက်ခြမ်းမြို့များဖြစ်သော တိုင်းမြို့တော် ပုသိမ်မြို့ နှင့် အခြားမြို့ကြီးမြို့ငယ်များတွင် လျှပ်စစ်မီးသုံးစွဲမှု ပိုမိုတိုးတက်များပြားလာသောကြောင့် (၂၀၁၂)ခုနှစ် တွင် အသုတ် မှ ပုသိမ်သို့ 230kV မဟာဓာတ်အားလိုင်းနှင့် ပုသိမ်မြို့(ကံကုန်း)တွင် 230 kV ပုသိမ် ဓာတ်အားခွဲရုံစီမံကိန်းအား စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ၂၀၁၆ခုနှစ်တွင် စီမံကိန်းလုပ်ငန်း များပြီးစီး၍ ဧရာဝတီတိုင်းဒေသကြီး အနောက်ခြမ်းဒေသများအား ယခင်ထက်လျှပ်စစ်ဗို့အားပြည့်ဝစွာဖြင့် လျှပ်စစ်ဓာတ်အားပိုမိုဖြန့်ဖြူးပေးနိုင်ခဲ့သည်။

          ဧရာဝတီတိုင်းဒေသကြီးအနောက်ခြမ်းရှိမြို့နယ်များအား လျှပ်စစ်မီးပိုမိုတိုးတက်ဖြန့်ဖြူး ပေးနိုင်ခဲ့သော်လည်း ဧရာဝတီတိုင်းဒေသကြီးအရှေ့ခြမ်းရှိမြို့နယ်များမှာ ရန်ကုန်တိုင်းဒေသကြီးတွင်ရှိ သော 230KV လှိုင်သာယာပင်မဓာတ်အားခွဲရုံနှင့် ကနောင်ပင်မဓာတ်အားခွဲရုံများမှ ဖြန့်ဖြူးသော  33kV ဓာတ်အားလိုင်းများကိုသာအားထား၍ လျှပ်စစ်မီးသုံးစွဲနေကြရပြီး လျှပ်စစ်ဗို့အားပြည့်ဝစွာနှင့် လုံလောက် စွာမရရှိဘဲသုံးစွဲနေကြရသဖြင့် ဧရာဝတီတိုင်းဒေသကြီးအရှေ့ခြမ်းရှိပြည်သူများ လျှပ်စစ်မီးအား ပြည့်ဝစွာ နှင့် လုံလောက်စွာ တိုးတက်သုံးစွဲခွင့်ရရှိရေးအတွက် ၂၀၁၄ခုနှစ်မှစတင်ပြီး 230kV လှိုင်သာယာ-ကျိုက်လတ်မဟာဓာတ်အားလိုင်း(၅၂)မိုင်နှင့် 230/66/11 kV, 100MVA ကျိုက်လတ်ပင်မဓာတ်အား ခွဲရုံတည်ဆောက်ခြင်းစီမံကိန်းအား စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြသည်။

          အဆိုပါစီမံကိန်းစတင်အကောင်အထည်ဖော်ရာတွင် ဓာတ်အားလိုင်းအူကြောင်းအား လှိုင်သာယာမှကျိုက်လတ်အထိမော်တော်ကားလမ်းတစ်လျှောက် တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဒေးဒရဲ၊ ဖျာပုံမြို့များကို ဖြတ်သန်း၍ ကျိုက်လတ်ခွဲရုံအထိလျာထားဆောင်ရွက်ခဲ့ရာ မူလကစုစုပေါင်း ဓာတ်အားလိုင်းအရှည် (၆၅)မိုင်အထိ ရှိခဲ့ပါသည်။ ထိုဓာတ်အားလိုင်းအူကြောင်းမှာ ကားလမ်းအတိုင်း ကွေ့ကွေ့ကောက်ကောက်ရှိနေသဖြင့် နည်းပညာအရ ၎င်းဓာတ်အားလိုင်းအူကြောင်းအား အတတ်နိုင်ဆုံး အဖြောင့် တည်ဆောက်နိုင်ရန်ပြန်လည်တိုင်းတာခဲ့ရပါသည်။ လိုင်းအူကြောင်းသစ်အရ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဒေးဒရဲမြို့များရှိ ဝါးခြံ၊ ရာဘာခြံများကို ဖြတ်သန်းတည်ဆောက်ရန် စီစဉ်ခဲ့ကြရာ ဓာတ်အားလိုင်းအရှည်(၅၂)မိုင်သာရှိတော့သဖြင့် ဓာတ်အားလိုင်းတည်ဆောက်စရိတ်များ လျော့နည်းသွား ပြီး နိုင်ငံတော်ဘဏ္ဍာငွေများစွာ သက်သာခဲ့ပါသည်။ သို့ရာတွင်ဒေသခံများ၏ ဝါးခြံ၊ ရာဘာခြံများအား ဖြတ်သန်းတည်ဆောက်ရသဖြင့် အကြိမ်ကြိမ်ညှိနှိုင်း၍ တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရ၍ စီမံကိန်းလုပ်ငန်းများ သတ်မှတ်ချိန်ထက်(၄)လ ပိုမိုကြာမြင့်ခဲ့ပါသည်။

          230kV လှိုင်သာယာ-ကျိုက်လတ်ဓာတ်အားလိုင်းတည်ဆောက်ရာတွင်  တည်ဆောက်ရေး အဖွဲ့များအနေဖြင့် ဖောင်ဒေးရှင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ တာဝါတိုင်တပ်ဆင်ခြင်း၊ ကြိုးဆွဲ ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြရာတွင် ဓာတ်အားလိုင်းဖြတ်သန်းရာတစ်လျှောက်ရှိ ရန်ကုန်တိုင်း ဒေသကြီး လှိုင်သာယာ၊ တွံ့တေး၊ ကော့မှူး၊ ကွမ်းခြံကုန်းနှင့် ဧရာဝတီတိုင်းဒေသကြီးရှိ ဒေးဒရဲ ကျိုက်လတ်မြို့နယ်များရှိ လယ်ကွင်းများ၊ ဥယျာဉ်ခြံမြေများ၊ ဝါးခြံများ၊ ရော်ဘာခြံများအား ပိုင်ဆိုင်ကြ သည့် ဒေသခံပြည်သူများ၏ သီးပင်စားပင်များ၊ ဝါးပင်၊ ရာဘာပင်များ ပျက်ဆီးဆုံးရှုံးခဲ့ရသည့်အတွက် နစ်နာကြေးငွေများကိုပေးချေနိုင်ရန် စီမံကိန်းတာဝန်ရှိသူများသည် သက်ဆိုင်ရာ ဒေသအာဏာပိုင်များ အပါအဝင် ဒေသခံပြည်သူများနှင့် အကြိမ်ကြိမ်တွေ့ဆုံညှိနှိုင်းပြီး ဒေသအာဏာပိုင်များမှ ဖွဲ့စည်းပေးထား သော လယ်ယာမြေစီမံခန့်ခွဲရေးကော်မတီမှ သတ်မှတ်ပေးသောနစ်နာကြေးငွေ တန်ဘိုးများအား မြို့နယ် ခရိုင်မှတဆင့် တိုင်းဒေသကြီးအစိုးရထံမှ အတည်ပြုချက်ရယူပြီး ၎င်းနစ်နာကြေးငွေများကို နိုင်ငံတော် ဘဏ္ဍာငွေရရှိမှုပေါ်မူတည်၍ အသုတ်လိုက်ခွဲကာ ပေးလျော်ခြင်းများ ဆောင်ရွက်ခဲ့ကြရပါသည်။

          မကြာမီတည်ဆောက်ပြီးတော့မည့် 230KV လှိုင်သာယာ-ကျိုက်လတ်မဟာဓာတ်အား လိုင်းသည် ဓာတ်အားလိုင်းအရှည် (၅၂)မိုင်ရှိပြီး တာဝါတိုင်ပေါင်း (၂၀၉)တိုင် တည်ဆောက်ခြင်းနှင့် ဓာတ်အားလိုင်းကြိုးဆွဲခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြစ်ချောင်းများပေါများလှသဖြင့် အချို့နေရာ များ၌ တည်ဆောက်ရေးပစ္စည်းများ သယ်ယူပို့ဆောင်ရာတွင် ကုန်းတတန်၊ ရေတတန် ကျွဲ၊ နွား၊ လှေ၊ သင်္ဘောများဖြင့် လုပ်ငန်းခွင်အရောက် သယ်ပို့၍ တည်ဆောက်ရေးလုပ်ငန်းများကို ခက်ခက်ခဲခဲဆောင်ရွက် ခဲ့ကြရသည်။ ထိုအပြင် တွံတွေးတူးမြောင်း၊ ဒေးဒရဲမြစ်၊ ကျိုက်လတ်မြစ် စသည့်မြစ်များအား ကျော်ဖြတ် တည်ဆောက်ထားသည့် မြစ်ကျော်တာဝါတိုင်များသည် ကားလမ်းမှ အလှမ်းကွာသည့် နေရာတွင်ရှိနေ သဖြင့် ၎င်းမြစ်ကျော်ကြိုးဆွဲခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လိုအပ်သောကြိုးဆွဲပစ္စည်းများဖြစ် သည့်  Tensioner& Puller စက်ကြီးများ၊ ACSR Conductor  ဘီးလုံးများ၊ ကြွေသီးတွဲများ စသည့် ပစ္စည်းများအားထိုနေရာများသို့ ဇက်ယာဉ်များ၊ သင်္ဘောကြီးများဖြင့်သယ်ပို့ပြီး ကြိုးဆွဲလုပ်ငန်းများကို မိုးထဲ လေထဲတွင် စီမံကိန်းဝန်ထမ်းများ ကြိုးစားဆောင်ရွက်ခဲ့ကြရာ ကျိုက်လတ်မြစ်ကျော် ကြိုးဆွဲ လုပ်ငန်းကို   (၆.၅.၂၀၁၈) ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ကြပြီး (၁၅.၅.၂၀၁၈)ရက်နေ့တွင် ပြီးစီးခဲ့သည်။ ထို့နောက် ဆက်လက်ပြီး ဒေးဒရဲမြစ်ကျော်ကြိုးဆွဲလုပ်ငန်းကို (၁၆.၅.၂၀၁၈)ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ကြပြီး (၃၀.၅.၂၀၁၈) ရက်နေ့တွင် ပြီးစီးခဲ့သည်။ တွံတွေးတူးမြောင်းကြိုးဆွဲလုပ်ငန်းကို (၄.၆.၂၀၁၈) ရက်နေ့တွင် စတင်ပြီး ၂၀၁၈ခုနှစ် ဇွန်လ ၁၅ ရက်နေ့တွင် ဆောင်ရွက်ပြီးစီးခဲ့သည်။ ကော့မှူး မြို့နယ် ဝါးခြံများအတွင်း ဖြတ်သန်း၍ ကြိုးဆွဲခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုမှာလည်း မကြာမီရက် များတွင် ပြီးစီးတော့မည် ဖြစ်သလို လှိုင်သာယာခွဲရုံနှင့် အဆိုပါဓာတ်အားလိုင်း ချိတ်ဆက်ဆွဲသားခြင်း လုပ်ငန်းကို (၁၇.၆.၂၀၁၈) ရက်နေ့တွင် 230KV လှိုင်သာယာ-အလုံ ဓာတ်အားလိုင်းကို ခေတ္တပိတ်ပြီး လုပ်ငန်းများဆောင်ရွက်ခဲ့ကြရာ ၎င်းနေ့ ၁၇:၃၀ နာရီတွင်လုပ်ငန်းများအားလုံး ပြီးစီးသွားပြီး ဖြစ်ပါသည်။

          အဆိုပါဓာတ်အားလိုင်းတည်ဆောက်ခဲ့ရာတွင် ဖောင်ဒေးရှင်းလုပ်ငန်းနှင့် တာဝါတိုင်ဆင် ခြင်း လုပ်ငန်းများကို ဌာနနှင့်ပြည်တွင်း ကုမ္ပဏီအဖွဲ့(၈)ဖွဲ့ ပါဝင်ဆောင်ရွက်ခဲ့ကြပြီး ကြိုးဆွဲလုပ်ငန်းများ ကိုတော့ ဌာနမှကျွမ်းကျင်အင်ဂျင်နီယာများ၊ ဝန်ထမ်းများနှင့် နေ့စားအင်အား စုစုပေါင်း(၃၀၀)ခန့်သည် ဓာတ်အားလိုင်းတစ်လျှောက် အပိုင်း(၆)ပိုင်း အဖွဲ့(၆)ဖွဲ့ဖြင့် ဆောင်ရွက်ခဲ့ကြပြီး ကြိုးဆွဲလုပ်ငန်းပြီးစီးသည့် အဖွဲ့(၃)ဖွဲ့ဖြင့် မြစ်ကျော်ကြိုးဆွဲခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ခဲ့ကြသည်။ ထိုပြင် 230/66/11 kV, 100MVA ကျိုက်လတ်ပင်မဓာတ်အားခွဲရုံ တည်ဆောက်တပ်ဆင်ခြင်းလုပ်ငန်းကို ဌာနမှကျွမ်းကျင် အင်ဂျင်နီယာများ၊ ဝန်ထမ်းများမှတာဝန်ယူဆောင်ရွက်ခဲ့ကြပြီး ယနေ့အချိန်တွင် တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ပြီးစီးသွား၍ လှိုင်သာယာပင်မဓာတ်အားခွဲရုံမှ ပို့လွှတ်မည့် 230KV ဓာတ်အား ကို လက်ခံပြီးပြန်လည် ဖြန့်ဖြူးပေးနိုင်ရေးအတွက် ခွဲရုံအတွင်းတပ်ဆင်ထားသော ထရန်စဖော်မာများ၊  ဗို့အားထိန်းထရမ်စဖော်မာနှင့် Capacitor Bank များ၊ လျှပ်စစ်စက်ပစ္စည်းများ၊ ခွဲရုံထိန်းသိမ်းမောင်းနှင်မှု ဆိုင်ရာ လုပ်ငန်းစသည်များကို စမ်းသပ်စစ်ဆေးမှု လုပ်ငန်းများဆောင်ရွက်နေပြီဖြစ်ပါသည်။

          ဧရာဝတီတိုင်းဒေသကြီးအရှေ့ခြမ်းရှိ မအူပင်၊ ကျိုက်လတ်၊ ဒေးဒရဲ၊ ဖျာပုံ၊ ဘိုကလေး၊ မော်လမြိုင်ကျွန်းစသည့် မြို့နယ်များသည် ယခုလက်ရှိအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးရှိ 230KV ကနောင် (လှိုင်သာယာ) ပင်မဓာတ်အားခွဲရုံနှင့် လှိုင်သာယာပင်မဓာတ်အားခွဲရုံတို့မှ ဖြန့်ဖြူးထားသော 33kV တွံ့တေး- ကော့မှူး-ကွမ်းခြံကုန်းဓာတ်အားလိုင်း နှင့် 33kV ညောင်ကုန်း-မအူပင်လိုင်း တို့မှ ဓာတ်အားရယူ သုံးစွဲနေခြင်းဖြစ်ပါသည်။ 33kV ကနောင်-တွံတေး-ကော့မှူး၊ ကွမ်းခြံကုန်း-ဒေးဒရဲ-ဖျာပုံ-ဘိုကလေးဓာတ်အားလိုင်းသည် လှိုင်သာယာမှ ဘိုကလေးအထိမိုင်(၉၀)ခန့် ရှည်လျားစွာတည်ရှိနေသဖြင့် ဗို့အားကျဆင်းမှုများရှိနေရာ ဖျာပုံ-ဘိုကလေးတို့တွင် 11kV ဗို့အားမှာ 7kV ခန့်သာရှိ၍  ၎င်းဒေသနေ ပြည်သူများ လျှပ်စစ်မီးဗို့အား ပြည့်မီလုံလောက်စွာ သုံးစွဲနိုင်ခြင်းမရှိပေ။ အဆိုပါဒေသနေပြည်သူများ လျှပ်စစ်မီးဗို့အားပြည့်ဝစွာဖြင့် ပိုမိုတိုးတက်သုံးစွဲနိုင်ရေးအတွက် ယခုစီမံကိန်းအား အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ပါသည်။ ယခုတည်ဆောက်ပြီးစီးတော့မည့် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံ စီမံကိန်းအားနိုင်ငံခြားမှဝယ်ယူသော ဓာတ်အားလိုင်းပစ္စည်းများ၊ ဓာတ်အားခွဲရုံပစ္စည်းများ၏ တန်ဖိုးများ နှင့် တည်ဆောက်ရေးစရိတ်အပါအဝင် စုစုပေါင်းငွေကျပ်သန်းပေါင်း (၃၉,၆၃၃)ခန့် နိုင်ငံတော်မှ အကုန်အကျခံ ဆောင်ရွက်ခဲ့ပါသည်။

          ယခုအခါ 230KV လှိုင်သာယာ-ကျိုက်လတ် မဟာဓာတ်အားလိုင်းများနှင့် 230KV ကျိုက်လတ် ပင်မဓာတ်အားခွဲရုံတွင် တပ်ဆင်ထားသည့် 230/ 66/ 11 kV, 100MVA Transformer နှင့် 66/33 kV, 30MVA Transformer များ၊ 230kV, 25MVAR ရှိသည့် Shunt Reactor နှင့် Capacitor Bank တပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပြီဖြစ်သည်။ မကြာမီတွင် လှိုင်သာယာမှ ရောက်ရှိလာမည့် 230KV ဓာတ်အားမှာ ကျိုက်လတ်ပင်မဓာတ်အားခွဲရုံတွင် တပ်ဆင်ထားသော ထရန်စဖော်မာကြီးများမှတဆင့် 33KV ဓာတ်အား(၃)လိုင်းဖြင့် 230KV ဓာတ်အားခွဲရုံ တည်ရှိရာ ကျိုက်လတ်မြို့နှင့်တကွ မအူပင်မြို့၊ ဖျာပုံ၊ ဒေးဒရဲ၊ ဘိုကလေး၊ မော်လမြိုင်ကျွန်းမြို့နယ်များသို့ လျှပ်စစ်ဗို့အားကောင်းမွန်စွာနှင့် လျှပ်စစ်မီးပိုမိုဖြန့်ဖြူးပေးနိုင်တော့မည်ဖြစ်သည်။ လာမည့်နှစ်များတွင် နိုင်ငံတော် ဘတ်ဂျက်ရရှိမှုပေါ်မူတည်၍ ၎င်းဒေသတွင် 66kV ဓာတ်အားလိုင်းများနှင့် 66kV ဓာတ်အားခွဲရုံများ တိုးချဲ့တည်ဆောက်ကာ ယခုတည်ဆောက်ပြီးစီးမည့် 230/ 66/ 11 kV, 100MVA ကျိုက်လတ်ပင်မဓာတ်အားခွဲရုံမှ 66kV ဓာတ်အားလိုင်းများဖြင့် လျှပ်စစ်မီးဖြန့်ဖြူးပေးမည်ဖြစ်၍  သားငါးပုဇွန်များပေါများပြီး စိုက်ပျိုးရေးလုပ်ငန်းများ ထွန်းကားသည့် ဧရာဝတီတိုင်းဒေသကြီး အရှေ့ခြမ်း သည် လျှပ်စစ်မီးတထိန်ထိန်ဖြင့် စက်မှုလုပ်ငန်းများထွန်းကားလာကာ ယခုထက်ပိုမိုဖွံဖြိုး တိုးတက်သည့် ဒေသတစ်ခုအဖြစ်မလွဲဧကန် ရောက်ရှိလာမည်ဖြစ်သလို ဧရာဝတီတိုင်းဒေသကြီးတစ်ခုလုံးသည်လည်း လျှပ်စစ်မီးသုံးစွဲမှုရာခိုင်နှုန်းသည် ယခုထက် ပိုမိုတိုးတက်လာတော့မှာ ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက် ပါသည်။         ။

စာရေးသူ - မျိုးချစ်ခင်

10-Oct-2018