The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်မီးလေး လင်းချင်တယ် အပိုင်း(၃)

      မြန်မာပြည်အနှံ နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေးအတွက် အစဉ်တစိုက် ကြိုးပမ်းအကောင်အထည်ဖော်လျှက်ရှိရာ နိုင်ငံတော်ဘတ်ဂျက်ရရှိမှု အခြေအနေ၊ ပြင်ပချေးငွေရရှိမှုအခြေအနေများအရ နိုင်ငံအနှံတစ်ပြိုင်တည်း အကောင်အထည်ဖော် ဆောင်ရွက် နိုင်မှု မရှိပေမယ့် အတတ်နိုင်ဆုံးကြိုးပမ်းဆောင်ရွက်လျှက်ရှိသည်။

          ရခိုင်ပြည်နယ်မြောက်ပိုင်း နယ်စပ်ဒေသဖြစ်သည့် ဘူးသီးတောင်၊ မောင်တောဒေသ လျှပ်စစ်မီးရရှိရေးအတွက် ဆောင်ရွက်လျှက်ရှိသည့် ၆၆ကေဗွီ ပုဏ္ဏားကျွန်း-ရသေ့တောင်-ဘူးသီး တောင်-မောင်တောဓာတ်အားလိုင်း (၆၄.၈၆)မိုင်နှင့် ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော တို့တွင် 66/11kVဓာတ်အားခွဲရုံတည်ဆောက်ခြင်းစီမံကိန်းများဆောင်ရွက်လျှက်ရှိရာ ပုဏ္ဏားကျွန်း-ရသေ့ တောင်အပိုင်း ၆၆ကေဗွီ ဓာတ်အာလိုင်း (၂၂.၂ )မိုင်နှင့် ရသေ့တောင်တွင် 66/11,5MVA ဓာတ်အားခွဲရုံ တည်ဆောက်ခြင်းလုပ်ငန်းများမှာ တည်ဆောက်ပြီးစီး၍ (၁-၄-၂၀၁၈)ရက်နေ့တွင် အဆိုပါဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံဖွင့်ပွဲအခမ်းအနားအား ကျင်းပနိုင်ခဲ့ပြီး ရသေ့တောင်မြို့ကို လည်း နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်မီးဖြန့်ဖြူးနိုင်ခဲ့သည့်အပြင် ရသေ့တောင်မြို့ပတ်ဝန်းကျင် ရှိ ကျေးရွာ(၂၆)ရွာ၊ အိမ်ထောင်စုပေါင်း(၅,၉၁၈)စုတို့ကိုလည်း လျှပ်စစ်မီးဖြန့်ဖြူးပေးနိုင်ခဲ့သည်။ ဆက်လက်၍ ၆၆ကေဗွီ ရသေ့တောင်-ဘူးသီးတောင်-မောင်တောဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံ စီမံကိန်းများအား မိုးအဆက်မပြတ် ရွာသွန်းနေသည့် ရာသီဥတုအခြေအနေတွင် တည်ဆောက်ရေး လုပ်ငန်းများအား ရပ်နားခြင်း မရှိဘဲ ဆက်လက်ဆောင်ရွက်လျှက်ရှိရာ အဆိုပါစီမံကိန်းမှာ ၂၀၁၈ခုနှစ် မကုန်မီ ပြီးစီး၍ ဘူးသီးတောင် နှင့်မောင်တောမြို့များသို့ နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်မီးပေးနိုင်တော့မည်ဖြစ်သည်။ ထိုအခါ အိမ်ထောင်စုပေါင်း(၄,၀၀၀)စုခန့် လျှပ်စစ်မီးရရှိသုံးစွဲ နိုင်မည့်အပြင် အသေးစားစက်မှုလက်မှုလုပ်ငန်းများလည်း ပိုမိုတိုးတက်လာမည်ဖြစ်ပြီး ဒေသခံများ အတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုတိုးတက်လာမှာဖြစ်ကာ လူနေမှုအဆင့်အတန်းများ ပိုမိုမြင့်မားလာစေမှာ ဖြစ်သည်။

         ရခိုင်ပြည်နယ်သည် စုစုပေါင်းဧရိယာ (၁၄၂၀၀.၀၈)စတုရန်းမိုင် ကျယ်ဝန်းပြီး ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ(၃,၁၈၈,၈၀၇)ဦးခန့်ရှိကာ အိမ်ထောင်စု စုပေါင်း(၄၅၉,၇၇၂)ရှိသည့် အနက် ၂၀၁၈ခုနှစ်၊ ဇူလိုင်လကုန်အထိ လျှပ်စစ်ဓာတ်အား အသုံးပြုနိုင်သည့် အိမ်ထောင်စုမှာ (၈၁,၅၅၄)ခန့်သာရှိသဖြင့် စုစုပေါင်းအိမ်ထောင်စု၏(၁၇.၇၄%)ခန့်သာ လျှပ်စစ်မီးအသုံးပြုနိုင်သေး သော ပြည်နယ်တစ်ခုဖြစ်ပေသည်။ လွန်ခဲ့သော(၄)နှစ်ကမှ ရခိုင်ပြည်နယ်သို့ နိုင်ငံတော်ဓာတ်အား စနစ် စတင်ရောက်ရှိလာခြင်းဖြစ်သဖြင့် လျှပ်စစ်မီးသုံးစွဲနိုင်မှု သိသာစွာ တိုးတက်လာခဲ့ရာ စုစုပေါင်း (၂၆)မြို့ရှိသည့်အနက် ယနေ့အချိန်တွင် နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်မီးရရှိပြီးသည့် မြို့မှာ (၁၈)မြို့ရှိနေပြီဖြစ်သဖြင့် ရခိုင်ရိုးမတောင်တန်းကြီးကို ဖြတ်ကျော်၍ ရခိုင်ပြည်နယ်သို့ နိုင်ငံတော် ဓာတ်အားစနစ်ရောက်ရှိအောင် မည်ကဲ့သို့ တည်ဆောက်ခဲ့ရသည်ကို အများပြည်သူများသို့ အသိပေး လိုပါသည်။

          သက်ဆိုင်ရာဌာနအနေဖြင့် နိုင်ငံတော်ဓာတ်အားစနစ်မရောက်ရှိသေးသော ပြည်နယ်၊ တိုင်းများသို့ ဓာတ်အားစနစ်ရောက်ရှိရန် တစ်ပြိုင်တည်းဆောင်ရွက်လိုသော်လည်း၊ နိုင်ငံတော် ဘတ်ဂျက် ရရှိမှုအခြေအနေနှင့် နိုင်ငံခြားမှချေးငွေရရှိမှုအခြေအနေအရ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရသည် ဖြစ်ရာ (၂၀၁၁)ခုနှစ်တွင် အိန္ဒိယနိုင်ငံမှ ရခိုင်ပြည်နယ်လျှပ်စစ်မီးရရှိရေးအတွက် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရန် ချေးငွေအမေရိကန်ဒေါ်လာ(၆၄.၀၇)သန်း၊ တရုတ်နိုင်ငံမှ လှူဒါန်းငွေ အမေရိကန်ဒေါ်လာ(၁၀)သန်း ရရှိခဲ့သဖြင့် (၂၀၁၁)ခုနှစ်တွင် ရခိုင်ပြည်နယ်လျှပ်စစ်မီး ရရှိရေး စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရန်စီမံခဲ့ကြသည်။ မူလအစီအစဉ်အရ ၂၃၀ကေဗွီမဟာဓာတ်အားလိုင်းများဖြစ်သည့် ၂၃၀ကေဗွီ ဥသျှစ်ပင် - တောင်ကုတ်၊ Single Circuit ဓာတ်အားလိုင်း(၅၄.၄၁)မိုင်၊ ၂၃၀ကေဗွီတောင်ကုတ်-မအီ Single Circuitဓာတ်အားလိုင်း(၄၆.၇၈) မိုင်၊ ၂၃၀ကေဗွီမအီ-ကျောက်ဖြူ Double Circuit ဓာတ်အားလိုင်း(၆၀.၆)မိုင်၊ ၂၃၀ကေဗွီ မန်း-အမ်း Single Circuitဓာတ်အားလိုင်း (၆၇)မိုင်၊ ၂၃၀ကေဗွီ အမ်း-မြောက်ဦး-ပုဏ္ဏားကျွန်း Single Circuit ဓာတ်အားလိုင်း(၁၁၅.၇၃)မိုင်တို့ကို တစ်ပြိုင်တည်းအကောင်အထည်ဖော်ရန် စီစဉ်ခဲ့ကြ သော်လည်း ၂၃၀ကေဗွီ မအီ-အမ်း Single Circuit ဓာတ်အားလိုင်း(၃၆.၂၈)မိုင်ကို ထပ်မံအကောင် အထည်ဖော် ဆောင်ရွက်ခဲ့ကြသလို ၂၃၀ကေဗွီ ဓာတ်အားခွဲရုံ(၄)ရုံကို တောင်ကုတ်၊ ကျောက်ဖြူ၊ အမ်း၊ ပုဏ္ဏားကျွန်းမြို့တို့တွင် တစ်ပြိုင်တည်း တည်ဆောက်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ ကြသည်။

          အိန္ဒိယနိုင်ငံမှ ရရှိသည့် ချေးငွေဖြင့် ဓာတ်အားလိုင်းတည်ဆောက်ရန် တာဝါတိုင်များ၊ Conductor ကြိုးများနှင့်ဆက်စပ်ပစ္စည်းများ၊ ဓာတ်အားခွဲရုံတွင်တပ်ဆင်မည့် ထရန်စဖော်မာကြီး များ၊ လျှပ်စစ်ပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများဝယ်ယူသုံးစွဲခဲ့ကြပြီး တည်ဆောက်ရေးကုန်ကျ စရိတ်များကို  နိုင်ငံတော်ဘတ်ဂျက်မှ ကျခံဆောင်ရွက်ခဲ့ကြသည်။ စီမံကိန်းလုပ်ငန်းများ စတင်နိုင် ရန်အတွက် Survey တိုင်းတာမှုလုပ်ငန်းများကို ၂၀၁၁-၂၀၁၂ခုနှစ်များတွင် စတင်ဆောင်ရွက်ခဲ့ကြ ပြီး ၂၀၁၂ခုနှစ်တွင် ရခိုင်ပြည်နယ်တွင် မထင်မှတ်ဘဲ မငြိမ်မသက် ဖြစ်ခဲ့သဖြင့် စီမံကိန်းလုပ်ငန်းများ ယာယီရပ်ဆိုင်းလိုက်ရကာ ၂၀၁၂ခုနှစ် နှစ်ကုန်ပိုင်းမှ ပြန်လည်၍ အကောင်အထည်ဖော် ဆောင်ရွက် နိုင်ခဲ့သည်။

          ၂၃၀ကေဗွီ ဥသျှစ်ပင်-တောင်ကုတ်ဓာတ်အားလိုင်းနှင့် ၂၃၀ကေဗွီ မန်း-အမ်းဓာတ်အား လိုင်းများတည်ဆောက်ရာတွင် ပေ(၃၀၀၀)ကျော်(အချို့နေရာများတွင် (၄၀၀၀)ကျော်)အမြင့်ရှိသည့် တောင်မြောက်တန်းကာ တည်ရှိနေပြီး အရှေ့အနောက်အကျယ်အားဖြင့် မိုင်(၈၀)ခန့်ရှိသည့် ရခိုင်ရိုးမတောင်တန်းကြီးအား ကန့်လန့်ဖြတ်ကာတည်ဆောက်ရာတွင် တည်ဆောက်ရေးအဖွဲ့များ အနေဖြင့် အခက်အခဲများစွာကို ကြုံတွေ့ရကာ တည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရ သည်။ ရခိုင်ရိုးမတောင်တန်းသည် ကုန်းမြင့်ဒေသမဟုတ်ဘဲ တောင်စဉ်တောင်တန်းများဖြစ်သဖြင့် တာဝါတိုင်များ တည်ဆောက်ရန်နေရာရွေးချယ်ရာတွင် များစွာအခက်အခဲကြုံရသည်။ အချို့တိုင်များ အား တောင်ထိပ်တွင်လည်းကောင်း၊ အချို့တိုင်များကို တောင်နံရံကို ဖြတ်၍လည်းကောင်း၊ အချို့တိုင်များကို ချောက်ထဲတွင်လည်းကောင်း တိုင်နေရာများကို ရွေးချယ်တည်ဆောက်ခဲ့ရသဖြင့် တာဝါတိုင်ဖောင်ဒေးရှင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်းကောင်း၊ တာဝါတိုင်များ တပ်ဆင်ရာတွင်လည်းကောင်း၊ ဓာတ်အားလိုင်းကြိုးများ ဆွဲသားရာတွင်လည်းကောင်း၊ တည်ဆောက်ရေးပစ္စည်းများကို အဆိုပါ တောင်ထိပ်များ၊ ချောက်များအတွင်းသို့ သယ်ယူပို့ဆောင် ရာတွင် စက်သီးပြန်များ ဆင်၍လည်းကောင်း၊ လူအားဖြင့်လည်းကောင်း၊ ကျွဲများဖြင့်လည်းကောင်း နည်းလမ်းပေါင်းစုံအသုံးပြု၍ အခက်အခဲပေါင်းများစွာကို ကျော်ဖြတ်ဆောင်ရွက်ခဲ့ကြရသည်။

          ထိုအပြင် ရခိုင်ရိုးမတောင်တန်းပေါ် အလုပ်လုပ်နေသော တည်ဆောက်ရေးအဖွဲ့များ အနေ ဖြင့် မိုးရာသီတွင် မိုးအဆက်မပြတ်ရွာသွန်းကာ မြူခိုးတွေဆိုင်းနေတတ်သလို ဆောင်းရာသီ တွင်လည်း မြူနှင်းငွေ့များလွှမ်းခြုံထားသဖြင့် လုပ်ငန်းများ ဆောင်ရွက်နေစဉ်အတွင်း တောင်ပေါ်မှ ပြုတ်မကျစေရေး၊ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် အထူးသတိကြီးစွာထား၍ လုပ်ငန်း များကို ဆောင်ရွက်ခဲ့ရသည်။ ၂၀၁၃နှစ်ဆန်းတွင် Final Survey လုပ်ငန်းများအားလုံး ဆောင်ရွက်ပြီးစီး၍ မကြာမီ နိုင်ငံခြားမှ တာဝါတိုင် Stubmember များ ရောက်ရှိလာသဖြင့် ဖောင်ဒေးရှင်းလုပ်ငန်းများကို အမြန်ဆုံး စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြသည်။ တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ၂၃၀ကေဗွီဥသျှစ်ပင်-တောင်ကုတ် ဓာတ်အားလိုင်း (၅၄.၄၁)မိုင်ကို ဌာနအဖွဲ့အစည်းများနှင့်အတူ ပြည်တွင်း ကုမ္ပဏီအဖွဲ့(၇)ဖွဲ့ဖြင့်လည်းကောင်း၊ ၂၃၀ကေဗွီတောင်ကုတ်-မအီဓာတ်အားလိုင်း(၄၆.၇၈)မိုင်ကို ဌာနအဖွဲ့များနှင့်အတူ ပြည်တွင်းကုမ္ပဏီ အဖွဲ့(၉)ဖွဲ့ဖြင့်လည်းကောင်း၊ ၂၃၀ကေဗွီမအီ-အမ်း ဓာတ်အားလိုင်း (၃၆.၂၈)မိုင်ကို ဌာနအဖွဲ့များနှင့် အတူ ပြည်တွင်းကုမ္ပဏီအဖွဲ့(၅)ဖွဲ့ဖြင့်လည်းကောင်း၊ ၂၃၀ကေဗွီ မအီ-ကျောက်ဖြူဓာတ်အားလိုင်း (၆၀.၆)မိုင်ကို ဌာနအဖွဲ့များနှင့်အတူ ပြည်တွင်းကုမ္ပဏီအဖွဲ့(၁၂)ဖွဲ့ဖြင့်လည်းကောင်း၊ ၂၃၀ကေဗွီ အမ်း-မြောက်ဦး-ပုဏ္ဏားကျွန်း ဓာတ်အားလိုင်း(၁၁၅.၇၃)မိုင်ကို ဌာနအဖွဲ့များနှင့်အတူ ပြည်တွင်း ကုမ္ပဏီအဖွဲ့(၁၄)ဖွဲ့ဖြင့်လည်းကောင်း တာဝါတိုင်ဖောင်ဒေးရှင်းလုပ်ငန်းများ၊ တာဝါတိုင်တပ်ဆင် ခြင်းလုပ်ငန်းများကို ဆောင်ရွက်စေကာ ၂၃၀ကေဗွီ ဓာတ်အားလိုင်းအားလုံး ကြိုးဆွဲလုပ်ငန်းများကို တော့ ဌာနရှိ စီမံကိန်းမန်နေဂျာရုံးများ၊မဟာဓာတ်အားလိုင်းမှူးရုံးများမှ အဖွဲ့များဖြင့် ဆောင်ရွက်ခဲ့ ကြသည်။

        အဆိုပါတည်ဆောက်ရေးလုပ်ငန်းများကို ကြီးကြပ်ကွပ်ကဲဆောင်ရွက်ရန်အတွက် ဌာန လက်အောက်ရှိ စီမံကိန်းညွှန်ကြားရေးမှူးရုံး(တောင်ပိုင်း)နှင့် (မြောက်ပိုင်း)ကိုတာဝန်ပေးခဲ့ပြီး စီမံကိန်းညွှန်ကြားရေးမှူး(တောင်ပိုင်း)သည် ၂၃၀ကေဗွီ ဥသျှစ်ပင်-တောင်ကုတ် ဓာတ်အားလိုင်း၊ ၂၃၀ကေဗွီ တောင်ကုတ်-မအီဓာတ်အားလိုင်း၊ ၂၃၀ကေဗွီမအီ-ကျောက်ဖြူဓာတ်အားလိုင်း တည် ဆောက်ခြင်းလုပ်ငန်းများ၊ 230/66/11kV, 100MVA တောင်ကုတ်(ဘာယေ)ခွဲရုံနှင့် 230/66/ 11kV,100MVAကျောက်ဖြူ(ဂုံးချွိန်)ဓာတ်အားခွဲရုံတည်ဆောက်ခြင်းလုပ်ငန်းများ၊ ၎င်း၂၃၀ကေဗွီ ဓာတ်အားခွဲရုံများနှင့်အတူ ဆက်စပ်တည်ဆောက်မည့် ၆၆ကေဗွီဓာတ်အားလိုင်းများ၊ ၆၆ကေဗွီ ဓာတ်အားခွဲရုံများ တည်ဆောက်ခြင်းများကို တာဝန်ယူဆောင်ရွက်ရကာ အဆိုပါလုပ်ငန်းအားလုံး အနီးကပ်ကြီးကြပ်အကောင်အထည်ဖော်ဆောင်ရွက်ရန် စီမံကိန်းညွှန်ကြားရေးမှူးရုံး(တောင်ပိုင်း) လက်အောက်ရှိ စီမံကိန်းမန်နေဂျာရုံး(၃)ရွှေတောင်ကို တာဝန်ပေးခဲ့သည်။ စီမံကိန်းညွှန်ကြားရေးမှူး ရုံး(မြောက်ပိုင်း)သည် ၂၃၀ကေဗွီ မအီ-အမ်းဓာတ်အားလိုင်း၊ ၂၃၀ကေဗွီအမ်း-မြောက်ဦး-ပုဏ္ဏား ကျွန်းဓာတ်အားလိုင်းနှင့် ၂၃၀ကေဗွီ မန်း-အမ်းဓာတ်အားလိုင်းတည်ဆောက်ခြင်းလုပ်ငန်းများ၊ 230/33/11kV, 50MVA အမ်း ဓာတ်အားခွဲရုံ၊ 230/66/11kV, 100MVA ပုဏ္ဏားကျွန်း ဓာတ်အားခွဲရုံနှင့် 230/132/11kV, 100MVA မန်းဓာတ်အားခွဲရုံ တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်း များ၊ ၎င်း၂၃၀ကေဗွီဓာတ်အားခွဲရုံများနှင့် ဆက်စပ်တည်ဆောက်မည့် ၆၆ကေဗွီဓာတ်အားလိုင်းများ နှင့် ၆၆ကေဗွီ ဓာတ်အားခွဲရုံများ တည်ဆောက်ခြင်းလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ရကာ အဆိုပါလုပ်ငန်းအားလုံး အနီးကပ်ကြီးကြပ်အကောင်အထည်ဖော်ဆောင်ရွက်ရန် စီမံကိန်းညွှန်ကြား ရေး မှူးရုံး (မြောက်ပိုင်း) လက်အောက်ရှိ စီမံကိန်းမန်နေဂျာရုံး(၁)ရွှေစာရံကို တာဝန်ပေးခဲ့သည်။

တည်ဆောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် စီမံကိန်း မန်နေဂျာရုံး(၃)ရွှေတောင်(တောင်ပိုင်း)သည် ဥသျှစ်ပင်၊ တောင်ကုတ်နှင့် ကျောက်ဖြူမြို့များတွင် ရှေ့တန်းစခန်းများဖွင့်၍လည်းကောင်း၊ စီမံကိန်းမန်နေဂျာရုံး(၁)ရွှေစာရံ(မြောက်ပိုင်း)သည် ပဒါန်း၊ အမ်းနှင့် ပုဏ္ဏားကျွန်းမြို့များတွင် ရှေ့တန်းစခန်းများဖွင့်၍လည်းကောင်း တည်ဆောက်ရေးလုပ်ငန်း များကို အနီးကပ်ကြီးကြပ်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြသည်။

          ဓာတ်အားလိုင်းတည်ဆောက်ရေးပစ္စည်းများဖြစ်သည့် တာဝါတိုင် Stubmember များနှင့် တာဝါတိုင် Member များသည် နိုင်ငံခြားမှ အသုတ်လိုက် ခွဲ၍ ရောက်ရှိလာရာ အဆိုပါတာဝါတိုင် Memberများအား ရှေ့တန်းလုပ်ငန်းခွင်နေရာများသို့ မပို့မီ တာဝါတိုင်အမျိုးအစားအလိုက် ရွေးချယ် စိစစ်ပေးရန်အတွက် စီမံကိန်းမန်နေဂျာရုံး(၃)ရွှေတောင်(တောင်ပိုင်း)သည် ဥသျှစ်ပင်စခန်းတွင် လည်းကောင်း၊ စီမံကိန်းမန်နေဂျာရုံး(၁)ရွှေစာရံ(မြောက်ပိုင်း)သည် ပဒါန်းစခန်းတွင်လည်းကောင်း နိုင်ငံခြားမှရောက်ရှိလာသော ပစ္စည်းများအား စုစည်းပြီး ရောက်ရှိလာသော ပစ္စည်းများအား စာချုပ်ပါပစ္စည်းအရည်အသွေးနှင့် အရေအတွက်ပြည့်/မပြည့် စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက် ကြပြီး စီမံကိန်းမန်နေဂျာရုံး(၃)ရွှေတောင်(တောင်ပိုင်း)မှ တာဝန်ယူဆောင်ရွက်နေသည့် အပိုင်းများ တွင် ဆောင်ရွက်နေကြသည့် တည်ဆောက်ရေးအဖွဲ့များသို့ ဥသျှစ်ပင်စခန်းမှလည်းကောင်း၊  စီမံကိန်းမန်နေဂျာရုံး(၁)ရွှေစာရံ(မြောက်ပိုင်း)မှ တာဝန်ယူဆောင်ရွက်နေသည့်အပိုင်းများတွင် ဆောင်ရွက်နေကြသည့် တည်ဆောက်ရေးအဖွဲ့များသို့ ပဒါန်းစခန်းမှလည်းကောင်း လိုအပ်သည့် တာဝါတိုင်များကို ထုတ်ပေးကာ တာဝါတိုင်ဖောင်ဒေးရှင်းလုပ်ငန်းများ၊ တိုင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။ ထူးခြားမှုအနေဖြင့် ၂၃၀ကေဗွီ မအီ-ကျောက်ဖြူ Double Circuit ဓာတ်အားလိုင်းအတွက် တာဝါ Memberများကို ရေလမ်းခရီးဖြင့် ရန်ကုန်မှ ကျောက်ဖြူသို့ ပို့စေပြီး ကျောက်ဖြူဓာတ်အားခွဲရုံဝန်းအတွင်း ဖွင့်လှစ်ထားသည့် ရှေ့တန်းစခန်းတွင် စုပုံစေကာ တာဝါ Member များကို တာဝါအမျိုးအစား များအလိုက် စိစစ်ရွေးချယ်ပြီး လုပ်ငန်းခွင်များသို့ ဆက်လက် ပေးပို့၍ တည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။ တည်ဆောက်ရေးအဖွဲ့များသည် ၂၀၁၃ခုနှစ်ဆန်းမှစတင်၍ နိုင်ငံခြားမှ ပစ္စည်းများ ရောက်ရှိလာသည်နှင့်အမျှ တည်ဆောက်ရေး လုပ်ငန်းများကို နွေမိုးဆောင်းမနားဘဲ အရှိန်အဟုန်မြှင့် ဆောင်ရွက်ကြရာ ၂၀၁၄ခုနှစ်၊ နှစ်ဆန်းတွင် တိုင်ဆင်ခြင်းလုပ်ငန်းများ အတော်များများ ပြီးစီးပြီ ဖြစ်သဖြင့် ကြိုးဆွဲလုပ်ငန်းများကို စတင် ဆောင်ရွက်ရန် ပြင်ဆင်ကြသည်။ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်အတွင်း လုပ်ငန်းအခြေအနေအရ ၂၃၀ကေဗွီ ဥသျှစ်ပင်-တောင်ကုတ် ဓာတ်အားလိုင်း၊ တောင်ကုတ်-မအီ ဓာတ်အားလိုင်း၊ မအီ-အမ်းဓာတ်အားလိုင်း၊ အမ်း-ပုဏ္ဏားကျွန်းဓာတ်အားလိုင်း၊ မအီ-ကျောက်ဖြူ ဓာတ်အားလိုင်းကို ဦးစွာတည်ဆောက်စေ၍ နိုင်ငံတော်ဓာတ်အားစနစ်ရောက်ရှိပြီး ဖြစ်သည့် ၂၃၀ကေဗွီ ဥသျှစ်ပင်ဓာတ်အားခွဲရုံမှ ၂၃၀ကေဗွီဓာတ်အားကို ၂၃၀ကေဗွီ တောင်ကုတ်ခွဲရုံ၊ ၎င်းမှတဆင့် ၂၃၀ကေဗွီ အမ်းဓာတ်အားခွဲရုံ၊ ၎င်းမှတဆင့် ပုဏ္ဏားကျွန်းဓာတ်အားခွဲရုံသို့ လည်းကောင်း၊  မအီမှတဆင့် ကျောက်ဖြူဓာတ်အားခွဲရုံသို့လည်းကောင်း လျှပ်စစ်ဓာတ်အား ပို့လွှတ်ရန် ဦးစားပေးစီစဉ်ခဲ့ကြပြီး မန်း-အမ်းဓာတ်အားလိုင်းနှင့် မန်းဓာတ်အားခွဲရုံတိုးချဲ့ တည်ဆောက်ခြင်းကိုတော့ ဒုတိယဦးစားပေးအဖြစ် သတ်မှတ်ကာ ဆောင်ရွက်ခဲ့ကြသည်။             ။

စာရေးသူ - မျိုးချစ်ခင်

10-Oct-2018