The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်မီးလေး လင်းချင်တယ် အပိုင်း(၄)

          ရခိုင်ပြည်နယ်အတွင်းရှိပြည်သူများ နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်မီးရရှိရေး ၂၃၀ ကေဗွီ ဓာတ်အားလိုင်းကြိုးဆွဲလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် စီမံကိန်းမန်နေဂျာ ရုံး(၆)ရုံးမှ ကြိုးဆွဲအဖွဲ့(၆)ဖွဲ့၊ မဟာဓာတ်အားလိုင်းမှူးရုံး(၄)ရုံးမှ ကြိုးဆွဲအဖွဲ့(၄)ဖွဲ့၊ စုစုပေါင်း(၁၀)ဖွဲ့ဖြင့် ဆောင်ရွက်ရန် စီစဉ်ပြီး ပထမအဆင့်အနေဖြင့် ဥသျှစ်ပင်မှတောင်ကုတ်(ဘာယေ)အထိ ဓာတ်အား လိုင်း(၅၄.၄၁)မိုင်ကို ၂၀၁၄ခုနှစ်၊ဇွန်လတွင်လည်းကောင်း၊ တောင်ကုတ်မှ မအီအထိ ဓာတ်အား လိုင်း(၄၆.၇၈)မိုင်ကို ၂၀၁၄ခုနှစ်၊ ဇူလိုင်လတွင်လည်းကောင်း၊ မအီ-အမ်းအပိုင်း ဓာတ်အားလိုင်း (၃၆.၂၈)မိုင်ကို ၂၀၁၄ခုနှစ်၊ သြဂုတ်လတွင်လည်းကောင်း၊ အမ်း-မြောက်ဦး-ပုဏ္ဏားကျွန်းအပိုင်း ဓာတ်အားလိုင်း(၁၁၅.၇၃)မိုင်ကို ၂၀၁၄ခုနှစ်၊ ဒီဇင်ဘာလတွင်လည်းကောင်း၊ မအီ-ကျောက်ဖြူ ဓာတ်အားလိုင်း(၆၀.၆)မိုင်ကို ၂၀၁၄ခုနှစ်၊ ဒီဇင်ဘာလတွင်လည်းကောင်း ပြီးစီးရန် စီမံချက်များ ချကာ ဆောင်ရွက်ခဲ့ကြရာ ကြိုးဆွဲအဖွဲ့များ ဝင်ရောက်၍ လုပ်ငန်းများဆောင်ရွက်ချိန်တွင် အချို့သော ကုမ္ပဏီများမှ တာဝန်ယူထားသောအပိုင်းများတွင် တာဝါတိုင်ဆင်ခြင်းလုပ်ငန်းများ မပြီးစီးသေး သဖြင့် စီမံကိန်းမန်နေဂျာရုံးများမှ တိုင်ဆင်အဖွဲ့ များနှင့်အတူ မဟာဓာတ်အားလိုင်းမှူးရုံးများမှ အဖွဲ့များပါ ဝင်ရောက်ကူညီဆောင်ရွက်စေ၍ တည်ဆောက်ရေးလုပ်ငန်းများ အရှန်အဟုန်မပျက် ဆောင်ရွက်နိုင်ခဲ့ကာ ဓာတ်အားလိုင်းတည်ဆောက်ရေး လုပ်ငန်းများကို သတ်မှတ်အချိန်အတွင်း ပြီးစီးအောင်ဆောင်ရွက်နိုင်ခဲ့ကြသည်။

    ရခိုင်ပြည်နယ်ကို နိုင်ငံတော်ဓာတ်အာစနစ်မှ လျှပ်စစ်မီးပေးနိုင်ရေးအတွက် ၂၃၀ကေဗွီ မဟာဓာတ်အားလိုင်းများ တည်ဆောက်နေသည့်အချိန်နှင့်တစ်ပြိုင်တည်း 230/66/11kV, 100MVA တောင်ကုတ်(ဘာယေ)ဓာတ်အားခွဲရုံ၊ 230/66/11kV, 100MVA ကျောက်ဖြူ(ဂုံးချွိန်) ဓာတ်အားခွဲရုံ 230/33/11kV, 50MVA အမ်းဓာတ်အားခွဲရုံ၊ 230/66/11kV, 100MVA ပုဏ္ဏားကျွန်းဓာတ်အားခွဲရုံ တည်ဆောက်ခြင်းလုပ်ငန်းများကို တပြိုင်တည်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြရာ ဓာတ်အားခွဲရုံတွင်တပ်ဆင်မည့် ထရန်စဖော်မာကြီးများကို ဓာတ်အားခွဲရုံတည်ရှိ သည့် နေရာအသီးသီးသို့ ရန်ကုန်မှ ဇက်ရေယာဉ်များဖြင့်  ပင်လယ်ကမ်းရိုးတန်းတစ်လျှောက် သယ်ဆောင်ပြီး ဓာတ်အားခွဲရုံ တည်ရှိရာ အနီးဆုံးမြို့များတွင်ရှိသည့် ဆိပ်ကမ်းများသို့ သယ်ပို့၍ အဆိုပါ ဆိပ်ကမ်းများမှတဆင့် မော်တော်ယာဉ်ကြီးများဖြင့် ဓာတ်အားခွဲရုံတည်ဆောက်မည့် နေရာအသီးသီးသို့  ဆက်လက်သယ်ယူ ဆောင်ရွက်ခဲ့ကြရသလို ၂၃၀ကေဗွီနှင့် ၆၆ကေဗွီ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံတည်ဆောက်ရန် ပစ္စည်းများကို လမ်းခရီးကြမ်းတမ်းလှသည့် ရခိုင်ရိုးမတောင်တန်းကြီးအား ဖြတ်သန်းကာ လုပ်ငန်းခွင်များအရောက် ခက်ခဲစွာသယ်ယူပို့ဆောင် ခဲ့ကြရပြီး တည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြရသည်။

          ၂၃၀ကေဗွီ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများတည်ဆောက်နေချိန်နှင့် တစ်ပြိုင်တည်း ၂၃၀ကေဗွီဓာတ်အားခွဲရုံများမှ ဓာတ်အားဖြန့်ဖြူးနိုင်ရန်အတွက် အောက်ပါအတိုင်း ၆၆ကေဗွီ ဓာတ်အား လိုင်းများကို ပြည်တွင်းတည်ဆောက်ရေးအဖွဲ့များအား တည်ဆောက်စေခဲ့သည်-

စဉ်

လိုင်းအမည်

မိုင်

၁။

၆၆ကေဗွီ တောင်ကုတ်(ဘာယေ)-သံတွဲဓာတ်အားလိုင်း

၂၈

၂။

၆၆ကေဗွီတောင်ကုတ်(ဘာယေ)-မအီဓာတ်အားလိုင်းမှ တောင်ကုတ်မြို့ ဓာတ်အားလိုင်း

၂.၆

၃။

၆၆ကေဗွီ ကျောက်ဖြူ(ဂုံးချွန်)-ကျောက်ဖြူမြို့တွင်းလိုင်း

၅.၅၃

၄။

၆၆ကေဗွီ ကျောက်ဖြူ(ဂုံးချွန်း)-ရမ်းဗြဲလိုင်း

၄၁

၅။

၆၆ကေဗွီ ပုဏ္ဏားကျွန်း-မြောက်ဦးဓာတ်အားလိုင်း

၃၅.၃၇

၆။

၆၆ကေဗွီ ပုဏ္ဏားကျွန်း-စစ်တွေဓာတ်အားလိုင်း

၄၀.၅၃

၇။

၆၆ကေဗွီ ပုဏ္ဏားကျွန်း-ကျောက်တော်ဓာတ်အားလိုင်း

၃၇.၀၁

          ထို့အပြင် ဌာနတည်ဆောက်ရေးအဖွဲ့များသည် အောက်ဖော်ပြပါဓာတ်အားခွဲရုံများအား တစ်ပြိုင်တည်း ပြီးစီးအောင် တည်ဆောက်ခဲ့ကြသည်-

စဉ်

ဓာတ်အားခွဲရုံအမည်

တပ်ဆင်အင်အား

(MVA)

မှတ်ချက်

၁။

66kV သံတွဲဓာတ်အားခွဲရုံ

66/11kV, 5 MVA

 

၂။

66kV ကျောက်ဖြူ ဓာတ်အားခွဲရုံ

66/11kV, 20MVA

 

၃။

66kV မြောက်ဦးဓာတ်အားခွဲရုံ

66/11kV, 5 MVA

 

၄။

66kV စစ်တွေဓာတ်အားခွဲရုံ

66/11kV, 20MVA

 

၅။

66kV ကျောက်တော်ဓာတ်အားခွဲရုံ

66/11kV, 5 MVA

 

          လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနက ၆၆ကေဗွီနှင့်အထက် ဓာတ်အား လိုင်းနှင့် ဓာတ်အားခွဲရုံများကို တစ်ပြိုင်တည်း တည်ဆောက်ခဲ့ကြသလို လျှပ်စစ်ဓာတ်အားဖြန့်ဖြူး ရေးလုပ်ငန်းကလည်း ပြည်ထောင်စုဘတ်ဂျက်၊ တိုင်းဒေသကြီးဘတ်ဂျက်တို့ဖြင့် မြို့နယ်၊ ကျေးရွာ များတွင် ၃၃ကေဗွီ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ၊ ၁၁ကေဗွီ ဓာတ်အားလိုင်းများနှင့် 11/0.4 ထရန်စဖော်မာများ တည်ဆောက်တပ်ဆင်ခြင်းလုပ်ငန်းများကို တစ်ပြိုင်တည်း အကောင်ထည်ဖော် ဆောင်ရွက်ခဲ့ကြသည်။

          ရခိုင်ပြည်နယ်လျှပ်စစ်မီးရရှိရေးအတွက် ရခိုင်ရိုးမတောင်တန်းကြီးအား ဖြတ်သန်းတည် ဆောက်ခဲ့ရသလို ၂၃၀ကေဗွီ မအီ-ကျောက်ဖြူ Double Circuit ဓာတ်အားလိုင်း(၆၀.၆)မိုင်၊ စုစုပေါင်း တာဝါတိုင်(၂၄၁)တိုင်တည်ဆောက်ရာတွင် မအီမှကျောက်ဖြူဘက်အထွက် မိုင်(၂၀)ခန့်မှာ ဒီရေတောဒေသကို ဖြတ်သန်းတည်ဆောက်ရသဖြင့် အဆိုပါဒေသတွင် တည်ဆောက်မည့်တာဝါတိုင် ဖောင်ဒေးရှင်းများကို Driving Pile စနစ်ဖြင့် စုစုပေါင်းတာဝါတိုင်ပေါင်း(၆၅)တိုင် ဆောင်ရွက် ကြရပြီး တာဝါတိုင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း အဆိုပါဒီရေတောဒေသတွင် တပ်ဆင်မည့် တာဝါတိုင်သံဘောင်များကို လှေများ၊ ကျွဲများ စသည့်နည်းလမ်းပေါင်းစုံဖြင့် ခက်ခက်ခဲခဲ သယ်ယူဆောင်ရွက်ခဲ့ကြရသည်။ ရခိုင်ပြည်နယ်လျှပ်စစ်မီးရရှိရေးအတွက် ဌာနမှအဖွဲ့ များ ပြည်တွင်းကုမ္ပဏီတည်ဆောက်ရေးအဖွဲ့များ ကြိုးစားဆောင်ရွက်ခဲ့ကြမှုကြောင့် ဓာတ်အားလိုင်း များ၊ ဓာတ်အားခွဲရုံများ တည်ဆောက်ခြင်းလုပ်ငန်းများကို သတ်မှတ်ချိန်အတွင်း ပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့ကြရာ ၂၃၀ကေဗွီ ဥသျှစ်ပင်-တောင်ကုတ်(ဘာယေ)ဓာတ်အားလိုင်းနှင့် ၂၃၀ကေဗွီ တောင်ကုတ်(ဘာယေ)ဓာတ်အားခွဲရုံကို (၃-၆-၂၀၁၄)ရက်နေ့တွင်လည်းကောင်း၊ ၆၆ကေဗွီ တောင်ကုတ်(ဘာယေ)-သံတွဲဓာတ်အားလိုင်းနှင့် ၆၆ကေဗွီသံတွဲဓာတ်အားခွဲရုံကို (၄-၆-၂၀၁၄) ရက်နေ့တွင်လည်းကောင်း၊ ၂၃၀ကေဗွီ တောင်ကုတ်(ဘာယေ)ဓာတ်အားခွဲရုံမှ တောင်ကုတ်မြို့သို့ ၁၁ကေဗွီဓာတ်အားလိုင်းဖြင့် (၁၂-၆-၂၀၁၄)ရက်နေ့တွင်လည်းကောင်း၊ ၆၆ကေဗွီ တောင်ကုတ် (ဘာယေ)-မအီဓာတ်အားလိုင်းမှ တောင်ကုတ်မြို့ဓာတ်အားလိုင်းကို (၃-၁၁-၂၀၁၆)ရက်နေ့တွင် လည်းကောင်း၊၂၃၀ကေဗွီတောင်ကုတ်(ဘာယေ)-အမ်းဓာတ်အားလိုင်းနှင့်၂၃၀ကေဗွီအမ်းဓာတ်အား ခွဲရုံကို (၂၈-၈-၂၀၁၄)နေ့တွင်လည်းကောင်း၊ ၂၃၀ကေဗွီအမ်း-မြောက်ဦး-ပုဏ္ဏားကျွန်း ဓာတ်အား လိုင်းနှင့် ၂၃၀ကေဗွီပုဏ္ဏားကျွန်းဓာတ်အားခွဲရုံကို (၃၀-၁၁-၂၀၁၄)ရက်နေ့တွင်လည်းကောင်း၊ ၆၆ကေဗွီ ပုဏ္ဏားကျွန်း-စစ်တွေဓာတ်အားလိုင်းနှင့် ၆၆ကေဗွီစစ်တွေဓာတ်အားခွဲရုံကို (၂၈-၁၁-၂၀၁၄)ရက်နေ့တွင်လည်းကောင်း၊ ၆၆ကေဗွီ ပုဏ္ဏားကျွန်း-မြောက်ဦး ဓာတ်အားလိုင်းနှင့် ၆၆ကေဗွီမြောက်ဦး ဓာတ်အားခွဲရုံကို (၂၅-၁၂-၂၀၁၄)ရက်နေ့တွင်လည်းကောင်း၊ ၆၆ပုဏ္ဏားကျွန်း-ကျောက်တော် ဓာတ်အားလိုင်းနှင့် ၆၆ကေဗွီကျောက်တော်ဓာတ်အားခွဲရုံကို(၃၀-၁၁-၂၀၁၄)ရက်နေ့ တွင်လည်းကောင်း၊ ၂၃၀ကေဗွီ မအီ-ကျောက်ဖြူဓာတ်အားလိုင်းနှင့် ၂၃၀ကေဗွီကျောက်ဖြူ ဓာတ်အားခွဲရုံကို (၁-၁-၂၀၁၅)ရက်နေ့တွင် လည်းကောင်း၊ ၆၆ကေဗွီကျောက်ဖြူ(ဂုံးချွိန်)-ကျောက်ဖြူမြို့ဓာတ်အားလိုင်းနှင့် ၆၆ကေဗွီ ကျောက်ဖြူ ဓာတ်အားခွဲရုံကို (၁-၁-၂၀၁၅)ရက်နေ့ တွင်လည်းကောင်း၊ ၆၆ကေဗွီ ကျောက်ဖြူ(ဂုံးချွိန်)-ရမ်းဗြဲ ဓာတ်အားလိုင်းနှင့် ၆၆ကေဗွီရမ်းဗြဲ ဓာတ်အားခွဲရုံကို (၁၁-၁-၂၀၁၅)ရက်နေ့တွင်လည်းကောင်း၊ နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အား ပို့လွှတ်နိုင်ကာ ရခိုင်ပြည်နယ်ရှိ ဒေသခံပြည်သူများအား လျှပ်စစ် ဓာတ်အားဖြည့်ဆည်းပေးနိုင်ခဲ့ သည်။

          ရခိုင်ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အားကို စဉ်ဆက်မပြတ်နှင့် ပိုမိုဖြန့်ဖြူးနိုင်ရန်အတွက် ၂၃၀ကေဗွီမန်း-အမ်းဓာတ်အားလိုင်း(၆၇)မိုင်နှင့် ၁၃၂ကေဗွီမန်းဓာတ်အားပေးစက်ရုံတွင် ၂၃၀/၁၃၂/ ၁၁ကေဗွီ၊ (၁၀၀)အမ်ဗွီအေ ထရန်စဖော်မာတိုးချဲ့တပ်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ကာ (၁၂-၄-၂၀၁၇)ရက်နေ့မှစ၍ နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အားများကို ရခိုင်ပြည်နယ်အတွင်းရှိ ဓာတ်အားလိုင်းများနှင့် ချိတ်ဆက်ဓာတ်အားပို့လွှတ်နိုင်ခဲ့သည်။ နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား များကို ရခိုင်ပြည်နယ်သို့ သယ်ပို့ဖြန့်ဖြူးရာတွင် ဥသျှစ်ပင် ပင်မဓာတ်အားခွဲရုံမှ တောင်ကုတ်(ဘာယေ) ဓာတ်အားခွဲရုံ၊ ထိုမှတဆင့် မအီ၊ မအီမှတဆင့် ကျောက်ဖြူ(ဂုံးချွိန်) ဓာတ်အားခွဲရုံသို့လည်းကောင်း၊ ကျောက်ဖြူ(ဂုံးချွိန်)ပင်မဓာတ်အားခွဲရုံမှတဆင့် အမ်းပင်မ ဓာတ်အားခွဲရုံ၊ အမ်းပင်မဓာတ်အားခွဲရုံမှ တဆင့် ပုဏ္ဏားကျွန်းပင်မဓာတ်အားခွဲရုံများသို့ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနိုင်ခဲ့သလို ဥသျှစ်ပင် ပင်မဓာတ်အားခွဲရုံမှ ဓာတ်အားပြတ်တောက်ခဲ့ လျှင်လည်း မန်းဓာတ်အားပေးစက်ရုံမှတဆင့် နိုင်ငံတော် ဓာတ်အားစနစ်မှ ဓာတ်အားကို စဉ်ဆက် မပြတ်ဖြန့်ဖြူးပေးနိုင်ရန် ရည်ရွယ်၍ ၂၃၀ကေဗွီ မန်း-အမ်း ဓာတ်အားလိုင်းနှင့် မန်းဓာတ်အားပေး စက်ရုံတွင် ၂၃၀/၁၃၂ကေဗွီ၊(၁၀၀)အမ်ဗွီအေ ထရန်စဖော်မာ တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်းများ ကို ဆောင်ရွက်ခဲ့သဖြင့် ဓာတ်အားစဉ်ဆက်မပြတ် ဖြန့်ဖြူးပေးနိုင်ခဲ့သည်။ ထို့အပြင် ၂၃၀ကေဗွီ ကျောက်ဖြူဓာတ်အားခွဲရုံအတွင်း၌ ရွှေသဘာဝဓာတ်ငွေ့ကို အသုံးပြုကာ Gas Engine စက်ရုံ တည်ဆောက်ပြီး လျှပ်စစ်ဓာတ်အား(၉၀)မဂ္ဂါဝပ်ထုတ်လုပ်ပေးနိုင်နေပြီဖြစ်သဖြင့် ရခိုင်ပြည်နယ် အတွင်းသာမက နိုင်ငံတော်ဓာတ်အားစနစ်အတွင်းသို့ လျှပ်စစ်ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနိုင်ပြီ ဖြစ်သည်။ မကြာမီ ၎င်းGas Engine နေရာ၌ (၁၃၅)မဂ္ဂါဝပ်ထွက်ရှိမည့် သဘာဝဓာတ်ငွေ့နှင့် ရေနွေးငွေ့သုံးဓာတ်အားပေးစက်ရုံ တည်ဆောက်ရန်လည်း စီစဉ်ဆောင်ရွက်လျက် ရှိသဖြင့် ယခုထက် ပိုမို၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးနိုင်မည်ဖြစ်သည်။

           ယနေ့အချိန်ထိ တည်ဆောက်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ခဲ့ကြရာ ၆၆ကေဗွီ တောင်ကုတ်(ဘာယေ)-မအီဓာတ်အားလိုင်း(၄၄.၇၄)မိုင်နှင့် 66/11kV, 5MVA မအီဓာတ်အားခွဲရုံ တည်ဆောက်ပြီးစီး၍ (၁၂-၆-၂၀၁၆)ရက်နေ့တွင်လည်းကောင်း၊  66/11kV, 5MVA တောင်ကုတ် မြို့ဓာတ်အားခွဲရုံအား (၃-၁၁-၂၀၁၆)ရက်နေ့တွင်လည်းကောင်း၊ ၆၆ကေဗွီ ကျောက်ဖြူ-SEZ  ဓာတ်အားလိုင်းအမှတ်(၁) (၅.၆၉)မိုင်၊ အမှတ်(၂)(၅.၅၇)မိုင်နှင့် 66/11kV, 20MVA SEZ ဓာတ်အားခွဲရုံကို (၂၀.၇.၂၀၁၆)ရက်နေ့တွင်လည်းကောင်း၊ ၆၆ကေဗွီအသုတ်-ဂွဓာတ်အားလိုင်း (၅၅.၆)မိုင်နှင့် 66/11kV, 5MVA ဂွဓာတ်အားခွဲရုံအား (၂၉.၆.၂၀၁၇)ရက်နေ့တွင်လည်းကောင်း၊ ၆၆ကေဗွီ ကျောက်ဖြူ(ဂုံးချွိန်)-မဒဲဓာတ်အားလိုင်း(၁၃.၃၂)မိုင်(၂)လိုင်းနှင့် 66/11kV,40MVA မဒဲဓာတ်အားခွဲရုံကို (၇.၇.၂၀၁၈)ရက်နေ့တွင်လည်းကောင်း၊  ၆၆ကေဗွီမြောက်ဦး-မင်းပြား ဓာတ်အားလိုင်း(၁၇.၂၈)မိုင်နှင့် 66/11kV, 5MVA မင်းပြားဓာတ်အားခွဲရုံအား (၁၉.၂.၂၀၁၇) ရက်နေ့တွင်လည်းကောင်း၊ ၆၆ကေဗွီပုဏ္ဏားကျွန်း-ရသေ့တောင်ဓာတ်အားလိုင်းနှင့် 66/11kV, 5MVAရသေ့တောင်ဓာတ်အားခွဲရုံကို (၁-၄-၂၀၁၈)ရက်နေ့တွင်လည်းကောင်း လျှပ်စစ်ဓာတ်အား ဆက်လက်ပို့လွှတ်ခဲ့သဖြင့် ၂၀၁၆ခုနှစ်၊ မတ်လနောက်ပိုင်း ယခုအစိုးရလက်ထက် (၂)နှစ်ခွဲကာလ အတွင်း မအီမြို့၊ မင်းပြားမြို့၊ ဂွမြို့၊ ရသေ့တောင်မြို့၊ မဒဲကျွန်းနှင့် ပတ်ဝန်းကျင်ဒေသများအား လျှပ်စစ်ဓာတ်အားပိုမိုဖြန့်ဖြူးပေးနိုင်ခဲ့ပြီး ယခင်ထက် အိမ်ထောင်စုပေါင်း(၂၃,၀၀၀)ခန့်ကို လျှပ်စစ် ဓာတ်အားပိုမိုဖြန့်ဖြူးပေးနိုင်ခဲ့သည်။

          ရခိုင်ပြည်နယ်လျှပ်စစ်ဓာတ်အားရရှိရေးအတွက် လျှပ်စစ်ဓာတ်အားပို့လွတ်ရေးနှင့်ကွပ်ကဲ ရေးဦးစီးဌာနက ယနေ့အထိ ၂၃၀ကေဗွီဓာတ်အားလိုင်းစုစုပေါင်း(၄၀၈.၂၅)မိုင်နှင့် ၆၆ကေဗွီ ဓာတ်အားလိုင်း စုစုပေါင်း(၃၇၈.၉၄)မိုင် ဆောင်ရွက်ပြီးစီးခဲ့ကာ အဆိုပါဓာတ်အားလိုင်းစီမံကိန်း လုပ်ငန်းများနှင့်အတူ ၂၃၀ကေဗွီ ဓာတ်အားခွဲရုံ(၄)ရုံ၊ ၆၆ကေဗွီ ဓာတ်အားခွဲရုံ(၁၅)ရုံ တည်ဆောက် ခြင်းစီမံကိန်းများအတွက် နိုင်ငံခြားချေးငွေ ဒေါ်လာသန်း(၆၄.၀၇)သန်းနှင့် ပြည်တွင်းငွေကျပ်(၉၀) ဘီလီယံခန့် အကုန်အကျခံ တည်ဆောက်ခဲ့သလို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းကလည်း ပြည်ထောင်စုဘတ်ဂျက်၊ တိုင်းဒေသကြီးဘတ်ဂျက်များဖြင့် ၃၃ကေဗွီဓာတ်အားလိုင်းစုစုပေါင်း (၁၂၀.၈)မိုင်နှင့် ဓာတ်အားခွဲရုံ(၇)ရုံ၊ ၁၁ကေဗွီဓာတ်အားလိုင်းစုစုပေါင်းမိုင်(၇၄၁.၃၃၉)နှင့် 11/0.4 kV ထရန်စဖော်မာအားလုံးပေါင်း (၁၁၈၀)လုံး တပ်ဆင်ပေးနိုင်ခဲ့ပြီးဖြစ်ကာ ကျန်ရှိသည့်မြို့များ၊ ကျေးရွာများသို့ လျှပ်စစ်မီးဆက်လက်ဖြန့်ဖြူးပေးနိုင်ရေးအတွက် နိုင်ငံတော်ဘတ်ဂျက်အပြင် နိုင်ငံခြားချေးငွေများဖြင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားရန် စီစဉ်ဆောင်ရွက် လျက် ရှိပါကြောင်း ရေးသားဖော်ပြလိုက်ပါသည်။    ။

စာရေးသူ - မျိုးချစ်ခင်

10-Oct-2018