The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

၃၃ ကေဗွီ မင်းပြား-မြေပုံ ဓာတ်အားလိုင်း (၂၆) မိုင်နှင့် ၃၃/၁၁ ကေဗွီ ၅ အမ်ဗွီအေ မြေပုံဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနား

ရခိုင်ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အားတိုးမြှင့်ဖြန့်ဖြူးနိုင်ရေးအတွက် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနမှ တည်ဆောက်ပြီးစီးခဲ့သည့် ၃၃ ကေဗွီ မင်းပြား-မြေပုံ ဓာတ်အားလိုင်း (၂၆) မိုင်နှင့် ၃၃/၁၁ ကေဗွီ ၅ အမ်ဗွီအေ မြေပုံဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနားကို ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ (၂) ရက်နေ့၊ နံနက် (၉၀:၀၀) နာရီအချိန်တွင် အဆိုပါ ဓာတ်အားခွဲရုံ တည်ရှိရာဒေသ၌ ကျင်းပပြုလုပ်ခဲ့ ပါသည်။

          ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုလွှတ်တော်ဒုတိယနာယက၊ အမျိုးသားလွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးအေးသာအောင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦး၊ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအေးကျော်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိမြို့ဖများ၊ ဒေသခံပြည်သူ များ တက်ရောက်ကြပါသည်။

ရှေးဦးစွာ ပြည်ထောင်စုလွှတ်တော်ဒုတိယ နာယက၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်တို့က ရခိုင်ပြည်နယ်အတွင်း လျှပ်စစ်အား တိုးတက်ဖြန့်ဖြူးပေးနိုင်ရေးအတွက် ၃၃ ကေဗွီ မင်းပြား-မြေပုံ ဓာတ်အားလိုင်း ၂၆ မိုင်နှင့် ၃၃/၁၁ ကေဗွီ ၅ အမ်ဗွီအေ မြေပုံဓာတ်အားခွဲရုံ အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့မှုနှင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည့် လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဒေသခံပြည်သူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည် ပြောကြား ခဲ့ပါသည်။

          ထို့နောက် (၃၃/၁၁) ကေဗွီ ၅ အမ်ဗွီအေ မြေပုံဓာတ်အားခွဲရုံ၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်း အခမ်းအနားအား ပြည်ထောင်စုလွှတ်တော်ဒုတိယနာယက ၊ အမျိုးသားလွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးအေးသာအောင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင်၊ အမြဲတမ်း အတွင်းဝန် ဦးတင်မောင်ဦး၊ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအေးကျော်တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။

          ယခင် မြေပုံမြို့တွင် အိမ်ထောင်စုပေါင်း (၂၆၂၈) ကျော် ရှိသည့်အနက် (၁၁၆၅) စုကိုသာ ၅၀၀ ကေဗွီ မီးစက် (၂) လုံးဖြင့် တစ်နေ့လျှင် (၇) နာရီခွဲခန့်သာ ဓာတ်အားဖြန့်ဖြူးပေးနိုင်ခဲ့ပြီး ယခုကဲ့သို့ (၂၄) နာရီ လျှပ်စစ်ဓာတ်အားရရှိရန် တည်ဆောက်ခဲ့သော စီမံကိန်းတစ်ခုလုံးအတွက် နိုင်ငံတော်မှ ကျပ်သန်း (၁၆၁၇.၆၈၁) သန်း ကုန်ကျခံ တည်ဆောက်ပေးခဲ့ခြင်းဖြစ်ပါသည်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်း နောက်ထပ် ၁၁ ကေဗွီ ဓာတ်အားလိုင်း (၉.၁၂) မိုင် ၊ ၄၄ ဗို့ ဓာတ်အားလိုင်း (၈) မိုင်၊ ထရန်စဖော်မာ (၈) လုံးကို ဆက်လက်အကောင်အထည်ဖော် တည်ဆောက်သွားမည် ဖြစ်သည့်အတွက် မြေပုံမြို့နယ်တွင် အငူရွာဟောင်း၊ ကျောက်မှော်ကြီး၊ ထူးချေ၊ ဝက်ခေါင်းကျေးရွာ များသို့ မကြာမီ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်တော့မည်ဖြစ်ပါသည်။

          ထို့နောက် ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ၊ အမျိုးသားလွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဓာတ်အားခွဲရုံအတွင်း လှည့်လည်ကြည့်ရှုခဲ့ကြပါသည်။

Post under by : ဝန်ကြီးရုံး
26-Dec-2017