The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

ပြည်သူ့အတွက် တတိယ(၁)နှစ်တာ (ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်နှင့် နှင့် MRTV အမေးအဖြေကဏ္ဍ)

 

          နိုင်ငံအတွက် အလွန်အရေးကြီးသည့် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ လုပ်ဆောင်ချက်များကို ဦးဆောင်ကာ ဖြည့်ဆည်းပေးနေသော လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်ထံ ပြည်သူများ သိရှိလိုမည့် ပြောင်းလဲမှု၊ ဖော်ဆောင်မှုနှင့် အောင်မြင်မှု၊ စိန်ခေါ်မှုများအကြောင်းကို သိရှိနိုင်ရန် မေးမြန်း ဖော်ပြလိုက်ပါသည်။

မေး။        ။အစိုးရရဲ့တတိယ(၁)နှစ်တာအတွင်း လျှပ်စစ်ကဏ္ဍကနေအားရကျေနပ်ခဲ့ရတဲ့ ဆောင်ရွက်ချက်တွေကို ပြောပြပေးပါရှင့်။

ဒုတိယဝန်ကြီး။          ။လျှပ်စစ်ဓာတ်အားဆိုတာကျွန်တော်တို့ နိုင်ငံအတွက် အင်မတန်အရေး ကြီးပါတယ်။ ပြည်သူတွေဟာ လျှပ်စစ်ဓာတ်အားရရှိဖို့ လိုအပ်ပါတယ်။ တတိယ(၁)နှစ်တာကာလအတွင်းမှာ ဒုတိယနှစ်ထက် လျှပ်စစ်ပမာဏ ၁၂ ရာခိုင်နှုန်း တိုးထုတ်ပေးနိုင်ခဲ့ပါတယ်။ ပထမနှစ်တုန်းက ယခင်နှစ်တွေထက် ၁၁ရာခိုင်နှုန်း တိုးထုတ်နိုင်ခဲ့တယ်။ ဒုတိယနှစ်မှာ ပထမနှစ်ထက် ၁၃ ရာခိုင်နှုန်း တိုးထုတ်နိုင်ခဲ့တယ်။ လျှပ်စစ်ဏ္ဍမှာ နှစ်စဉ်နှစ်စဉ် တိုးထုတ်နိုင်တာက တိုင်းပြည်ရဲ့ လျှပ်စစ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးခြင်းဖြစ်လို့ အားရစရာ ကောင်းပါတယ်။

မေး။        ။အခုလိုစွမ်းဆောင်ရည်ကောင်းများ ရရှိစေဖို့အတွက် ဘယ်လိုဆောင်ရွက်ခဲ့တယ်ဆိုတာ ကိုလည်း ပြောပြပေးပါရှင့်။

ဒုတိယဝန်ကြီး။         ။လျှပ်စစ်ပိုထုတ်ဖို့ဆိုတာ ဓာတ်အားပေးစက်ရုံတွေ များများတည်ဆောက်ပေးဖို့ လိုအပ်ပါတယ်။ ဒီကဏ္ဍဟာ အရင်းအနှီးနဲ့ အချိန်တွေ အများကြီးပေးရပါတယ်။ ရေတိုကာလအတွင်း လျှပ်စစ်တွေ အများကြီးလိုအပ်နေပါတယ်။ ဘဏ္ဍာငွေကြေးတွေလည်း အများကြီးလိုအပ်ပါတယ်။ ဓာတ်အား ပေးစက်ရုံတွေ တည်ဆောက်စရာမလိုဘဲ အချိန်တိုအတွင်း လျှပ်စစ်ဓာတ်အားပိုထုတ်နိုင်ဖို့ တည်ဆောက် ထားပြီးဖြစ်တဲ့ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံတွေကနေ နှစ်စဉ် ဒီဇိုင်းအရ ထုတ်လုပ်ပေးနိုင်တဲ့ လျှပ်စစ် ပမာဏထက် ပိုတိုးထုတ်နိုင်အောင် ကြိုးစားခဲ့ပါတယ်။ ဥပမာဆိုရင်  ဘီလူးချောင်း ၁ ရေအားလျှပ်စစ် စက်ရုံဆိုရင် ဒီဇိုင်းအရ  တစ်နှစ်ကို လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီ သန်း၂၀၀ ထုတ်ပေးနိုင်ပါတယ်။ အဲဒါကို လက်တွေ့မှာ ကီလိုဝပ်နာရီ သန်းပေါင်း ၂၁၄ သန်း ထုတ်တယ်။ ၁၀၇ ရာခိုင်နှုန်းတိုးထုတ်တယ်။ လောပိတ စက်ရုံကနေ တစ်နှစ်ကို မဂ္ဂါဝပ်နာရီ ၁၁၉၀ ထုတ်ပေးနိုင်တဲ့ ဒီဇိုင်းရှိတာကို ၁၂၆၂ မဂ္ဂါဝပ် နာရီအထိ တိုးထုတ်ခဲ့တယ်။ စက်ရုံကတိုးထုတ်တဲ့ပမာဏဟာ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ အလတ်စား စက်ရုံ တစ်ရုံစာရဲ့ တစ်နှစ်စာ ထုတ်လုပ်မှုပမာဏ တိုးထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။ ဘီလူးချောင်း ၃ နဲ့ ကင်းနားစက်ရုံ ၊ မုန်းရေအားလျှပ်စစ်စက်ရုံ၊ ပေါင်းလောင်း ၊ ဆည်တော်ကြီး ၊ ရွှေကျင် ၊ သဖန်းဆိပ်၊ အထက်ပေါင်းလောင်း  ရေအားလျှပ်စစ်စက်ရုံ စတာတွေမှာ စက်ရုံဒီဇိုင်းတွေထက် ပိုထုတ်နိုင်အောင် ဆောင်ရွက်ခဲ့ကြတာမို့ လျှပ်စစ် ပမာဏ တိုးအောင်ထုတ်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။

မေး။             ။လက်ရှိမြန်မာနိုင်ငံရဲ့လျှစ်စစ်ဓာတ်အားသုံးစွဲမှု အမြင့်ဆုံးအခြေအနေကိုလည်း သိရှိလိုပါတယ်။

ဒုတိယဝန်ကြီး။         ။လက်ရှိမှာ မြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အားသုံးစွဲမှု အမြင့်ဆုံးပမာဏက မဂ္ဂါဝပ် ၃၇၀၀ ခန့် ဖြစ်ပါတယ်။ ယခုနှစ် မတ်လဆိုရင် တစ်နေ့တစ်ခြားပိုတိုးလာတယ်။ နှိုင်းယှဉ်ပြောရရင် ၂၀၁၅ ခုနှစ် လောက်က အမြင့်ဆုံးပမာဏဟာ မဂ္ဂါဝပ် ၂၃၅၀ ရှိတယ်။ ၂၀၁၆ ခုနှစ် မှာ မဂ္ဂါဝပ် ၂၆၇၀ အထိ တက်လာပြီးတော့ ၂၀၁၇ ခုနှစ်မှာ မဂ္ဂါဝပ် ၂၉၀၀ ၊ ၂၀၁၈ ခုနှစ်မှာ မဂ္ဂါဝပ် ၃၃၀၀ အထိ မြင့်တက်လာခဲ့တာပါ။ ယခုနှစ်နဲ့ ယမန်နှစ် နှိုင်းယှဉ်မယ်ဆိုရင် မဂ္ဂါဝပ် ၄၀၀ လောက် ပိုသုံးစွဲတဲ့အတွက် ၁၂ ရာခိုင်နှုန်း မြင့်တက်လာပါတယ်။ ဒါဟာ တော်တော်ကြီးမားတဲ့ ပမာဏဖြစ်ပြီး စက်ရုံအကြီးကြီးတွေ လိုအပ်တဲ့ ပမာဏလည်းဖြစ်ပါတယ်။

မေး။             ။ယခုကာလအတွင်း ပြီးစီးခဲ့တဲ့ ဓာတ်အားပေးစက်ရုံတွေ အကြောင်းကိုလည်း ပြောပြပေးပါရှင့်။

ဒုတိယဝန်ကြီး။         ။အစိုးရသစ်ရဲ့ တတိယ(၁)နှစ်တာအတွင်း မြင်းခြံမြို့နယ်မှာ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ (၂)ရုံ၊ ကျောက်ဆည်မြို့နယ်မှာ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ (၁)ရုံ၊ သထုံ မြို့နယ်မှာ ဓာတ်အားပေးစက်ရုံ(၁)ရုံ၊ ရာဇဂြိုဟ်နှင့်အထက်နမ့်ထွမ်ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ(၂)ရုံတို့ တည်ဆောက်ပြီးစီးခဲ့ပြီး ဖြစ်ပါတယ်။

မေး။             ။မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ်မှာ ဆောင်ရွက်နေတဲ့ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ် ဓာတ်အားပေးစက်ရုံရဲ့ တည်ဆောက်တဲ့အနေအထားနဲ့ပြီးစီးမှု အနေအထားကိုလည်း ပြောပြပေးပါဦး။

ဒုတိယဝန်ကြီး။         ။ကိုယ့်နိုင်ငံမှာ သဘာဝစွမ်းအင်အဖြစ် ရရှိနေတဲ့ နေရောင်ခြည်ကို အကျိုးရှိရှိ အသုံးချဖို့ အားပေးပါတယ်။ မင်းဘူးမှာ ပုဂ္ဂလိကကနေနေရောင်ခြည်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက် နေပါတယ်။ ယခုလကုန်ဆိုရင် စတင်ထုတ်လုပ်မှာဖြစ်ပြီး မဂ္ဂါဝပ် ၂၀ ရရှိမှာပါ။ ဧပြီလမှာ မဂ္ဂါဝပ် ၂၀ တိုးထုတ်ဖို့ ရည်မှန်းထားတဲ့အတွက် စီမံကိန်းပထမအဆင့်အဖြစ် မဂ္ဂါဝပ် ၄၀ ကို ထုတ်လုပ်ပေးနိုင်မှာဖြစ်ပါတယ်။

မေး။             ။ပို့လွှတ်ဖြန့်ဖြူးမှုအပိုင်းမှာ ဆောင်ရွက်ပြီးစီးမှုတွေကိုလည်း ရှင်းပြပေးပါရှင့်။

ဒုတိယဝန်ကြီး။         ။လျှပ်စစ်ဓာတ်အားကို တိုင်းပြည်ရဲ့ လိုအပ်တဲ့ နေရာတွေကို ရောက်ရှိဖို့ လျှပ်စစ် ဓာတ်အားလိုင်းကြီးတွေ တည်ဆောက်ရပါတယ်။ တတိယ(၁)နှစ်အတွင်းမှာ တည်ဆောက်ဆဲတွေ အများကြီး ရှိသလို ပြီးစီးသွားတာက ၂၃၀ ကေဗွီလိုင်း တစ်လိုင်း၊ ၆၆ ကေဗွီ ဓာတ်အားလိုင်း ၁၁ ခု စုစုပေါင်း ဓာတ်အားလိုင်း ၂၄၄၉ မိုင်၊ ၂၃၀ ကေဗွီ ဓာတ်အားခွဲရုံ တစ်ရုံ၊ ၆၆ ကေဗွီ ခွဲရုံ ၂၉ ခု၊ ၃၃ ကေဗွီ ခွဲရုံ ၁၀ ခု၊ ၁၁/၀.၄ ကေဗွီ ထရန်စဖော်မာ ၄၃၃၈ လုံး၊ စုစုပေါင်း ၁၃၃၆ အမ်ဗွီအေ အထိ တည်ဆောက်နိုင်ခဲ့ပါတယ်။

မေး။        ။ယခုနှစ်အတွင်း အိမ်ထောင်စု ဘယ်လောက်များများ လျှပ်စစ်ဓာတ်အားပိုမိုသုံးစွဲခွင့် ရရှိခဲ့ပါ သလဲရှင့်။

ဒုတိယဝန်ကြီး။         ။ကျွန်တော်တို့နိုင်ငံမှာ ၂၀၁၆ ခုနှစ်၊ မတ်လမှာ လျှပ်စစ်ဓာတ်အားသုံးစွဲ ခွင့်ရတဲ့ အိမ်ထောင်စုဉီးရေ ၃၄ ရာခိုင်နှုန်းရှိပါတယ်။ ယခု ဖေဖော်ဝါရီလကုန်အထိ ယခုနှစ်မှာ ဆိုရင် အိမ်ထောင်စု ပေါင်း ၄.၈ သန်းအထိ ရရှိခဲ့တဲ့အတွက် ၄၄ ရာခိုင်နှုန်း ရရှိလာတာဖြစ်ပါတယ်။ တစ်နှစ်တာအတွင်း အိမ်ထောင်စု(၄)သိန်းခွဲ လျှပ်စစ်ဓာတ်အားတိုးတက်ရရှိတာဖြစ်ပါတယ်။ (၃)နှစ်တာကာလကို  ခြုံကြည့်ရင် လျှပ်စစ်ရရှိတဲ့ အိမ်ထောင်စုဉီးရေ ၁၀ ရာခိုင်နှုန်းခန့် တိုးတက်လာခဲ့တာဖြစ်ပါတယ်။

မေး။        ။မြို့နဲ့ကျေးရွာပေါင်း ဘယ်လောက်ကိုရော လျှပ်စစ်ဓာတ်အားသုံးစွဲခွင့် ထပ်မံပေးအပ်ထားသလဲ ဆိုတာ သိရှိလိုပါတယ်ရှင့်။

ဒုတိယဝန်ကြီး။         ။မြို့အများစုမှာတော့ လျှပ်စစ်ဓာတ်အားက ရရှိထားပြီး ဖြစ်ပါတယ်။ သို့သော် တကောင်း မြို့ဆိုရင် လျှပ်စစ်ဓာတ်အားရဖို့ အတော်လေး အလှမ်းကွာဝေးခဲ့ပါတယ်။ ဒါပေမယ့် တတိယ(၁)နှစ်အတွင်း တကောင်းမြို့အပါအဝင် မြို့ကိုးမြို့နှင့် ကျေးရွာပေါင်း ၂၃၃၁ ရွာမှာ လျှပ်စစ်ဓာတ်အားရရှိလာပြီဖြစ်ပါတယ်။

          ရခိုင်ပြည်နယ်မှာ မြို့အားလုံး လျှပ်စစ်ဓာတ်အား ရသွားတဲ့ အခြေအနေမှာ မာန်အောင်မြို့ မပါရှိပါဘူး။ သို့သော် မာန်အောင်မြို့ကို လျှပ်စစ်ဓာတ်အားရရှိဖို့ နေရောင်ခြည်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ(၁)ခုကို ပြီးခဲ့တဲ့နှစ်က စတင်ဆောင်ရွက် နေပါတယ်။

မြန်မာနိုင်ငံမှာ ကျေးရွာပေါင်း ၆၃၂၇၇ ရှိတဲ့အနက် လက်ရှိအချိန်မှာ ကျေးရွာ ၃၃၈၉၄ ရွာအထိ လျှပ်စစ်ဓာတ်အား ပေးဝေနိုင်ခဲ့တဲ့အတွက် ကျေးရွာများအားလုံးရဲ့ (၅၄) ရာခိုင်နှုန်း လျှပ်စစ်ဓာတ်အား ရယူသုံးစွဲထားနိုင်တယ်လို့ ပြောရမှာဖြစ်ပါတယ်။

မေး။        ။တတိယ(၁)နှစ်တာအတွင်းမှာ အိမ်သုံးဒီဂျစ်တယ်မီတာ စတင်တပ်ဆင်ခွင့်ပြုတယ်လို့ သိရပါတယ်။ လက်ရှိတပ်ဆင်ပြီးစီးမှုအခြေနေကို ရှင်းပြပေးပါဉီး။

ဒုတိယဝန်ကြီး။         ။ဗီု့မီတာ အိမ်သုံးဒီဂျစ်တယ်မီတာ တပ်ဆင်ရာမှာ ကျေးလက်နေ ပြည်သူတွေဟာ မီတာခ အဖိုးနှုန်း ပေးချေရခြင်းကြောင့် ငွေကြေးသက်သက်သာသာနဲ့ မီတာ ဈေးနှုန်းတွေကို အသုံးပြုနိုင်တာက ပထမအချက်ပါ၊ နောက်တစ်ချက်က လျှပ်စစ်မီတာ ခိုးသုံးရင် သူကအချက်ပြတာ ပါဝင်ပါတယ်။ တစ်နှစ်တာ အတွင်း ၅/၃၀ အမ်ပီယာ ကျေးရွာသုံး မီတာ ၁၃၆၁၆၃ လုံး ၊ ၁၀/၃၀ အမ်ပီယာ မြို့ငယ်သုံးမီတာအရေအတွက် ၁၈၀၈၄၈ လုံး၊ ၊ ၁၀/၆၀ အမ်ပီယာ မြို့ကြီးသုံးမီတာအရေအတွက် ၉၉၀၈၅ လုံး တပ်ဆင်ပြီးစီးခဲ့ပြီးဖြစ်ပါတယ်။ စုစုပေါင်း တစ်နှစ်အတွင်း မီတာလေးသိန်းကျော် တပ်ဆင်ပြီးစီးခဲ့ပါတယ်။

မေး။        ။လူတစ်ဉီးချင်းအလိုက် လျှပ်စစ်ဓာတ်အားတိုးတက်သုံးစွဲမှု ပမာဏကိုလည်း သိလိုပါတယ်ရှင့်။

ဒုတိယဝန်ကြီး။         ။လူတစ်ဉီးချင်းရဲ့ လျှပ်စစ်ဓာတ်အားသုံးစွဲမှုပမာဏဟာ နိုင်ငံတိုင်း နိုင်ငံတိုင်းအတွက် အရေးကြီးပါတယ်။ အဲဒီနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို တိုင်းတာတဲ့ စနစ်လည်း ဖြစ်ပါတယ်။ တိုင်းတာတဲ့စနစ်က တစ်နှစ်တာမှာ လူတစ်ဉီးဟာ လျှပ်စစ်ဓာတ်အားပမာဏ ဘယ်လောက်သုံးစွဲသလဲဆိုတဲ့ ကိန်းဂဏန်းနဲ့ တိုင်းတာပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ တတိယ (၁)နှစ်တာ ကာလအတွင်း တစ်နှစ်ကို လူတစ်ယောက်ရဲ့ လျှပ်စစ်ဓာတ်အားသုံးစွဲမှုဟာ ကီလိုဝပ်နာရီ ၃၇၀ ရှိတဲ့အတွက် ယခင်နှစ်ကထက် ၁၀.၇ ရာခိုင်နှုန်း တိုးတက် လာခဲ့ပါတယ်။

မေး။        ။တတိယ(၁)နှစ်တာအတွင်း ဓာတ်အားခွဲရုံများမှာ ဝန်အားပြည့်နေခြင်းတွေကိုရော ဘယ်လိုနည်း လမ်းသုံးပြီးဖြေရှင်းခဲ့ပါသလဲရှင့်။

ဒုတိယဝန်ကြီး။         ။ဒီကိစ္စရပ်ဟာ တော်တော်လေးဖြေရှင်းရတဲ့ ကိစ္စရပ်လည်းဖြစ်ပါတယ်။ လူတွေက မီးပိုသုံးတယ်။ စက်မှုဇုန်တွေကလည်း မီးပိုသုံးတယ်။ ပင်မခွဲရုံတွေ၊ ဖြန့်ဖြူးရေး ခွဲရုံတွေရဲ့ ထရန်စဖော်မာ တွေက ဝပ်အားတက်လာပြီး ပိုတိုးတပ်ဆင်နိုင်အောင် ဘဏ္ဍာငွေအများကြီးလိုတယ်။ အချိန်မီ မဆောင်ရွက် နိုင်တဲ့အခါ ပြည်သူက လျှပ်စစ်အခက်အခဲတွေ ကြုံရတယ်။ ဒီနှစ်မှာလည်း ဒီလိုအဖြစ်မျိုး မဖြစ်ရအောင် ကြိုးစားခဲ့ပါတယ်။

          ဒါ့ကြောင့် ဒီနှစ်မှာ ဝန်အားပြည့်နေတဲ့ဓာတ်အားခွဲရုံတွေမှာ ၁၃၅၂  အမ်ဗွီအေ အင်အားရှိတဲ့ ထရန်စဖော်မာတွေ တိုးချဲ့ တည်ဆောက်ပေးခဲ့ပါတယ်။

မေး။        ။ဒုတိယဝန်ကြီးရှင့် ဓာတ်အားစနစ်တစ်ခုလုံး ပြတ်တောက်မှု (System Breakdown) ဖြစ်ပွားရတဲ့ အကြောင်းနဲ့ ပြတ်တောက်မှုမဖြစ်စေဖို့ ဆောင်ရွက်နေတဲ့ အကြောင်းကိုလည်း ရှင်းပြပေးစေလိုပါတယ်။

ဒုတိယဝန်ကြီး။         ။System Breakdown ဆိုတဲ့ ဝေါဟာရဟာ ပြည်သူတွေကြားမှာ အတော်လေးရေပန်း စားခဲ့ပါတယ်။ ကာတွန်းတွေထဲတောင် ပါခဲ့ပါတယ်။ ကျွန်တော့်အမြင် ကတော့ မဖြစ်လေကောင်းလေပါ။ တစ်နိုင်ငံလုံး မီးမှောင်ကျတာမို့ မဖြစ်သင့်ပါဘူး။  ၂၀၁၆ - ၂၀၁၇ မှာ ကံဆိုးစွာနဲ့ System Breakdown ဟာ တစ်နှစ်အတွင်းမှာ ၁၇ ကြိမ်အထိ ဖြစ်ခဲ့ပါတယ်။

ဖြစ်ရတဲ့ အဓိကအကြောင်းရင်းက သဘာဝဘေးအန္တရာယ်ဖြစ်တဲ့ လေပြင်းမုန်တိုင်းတိုက်လို့ တာဝါတိုင် တွေ လဲတာကနေစခဲ့ပြီး ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ အကြိမ်ကြိမ် ဖြစ်ခဲ့ရတယ်။  တတိယ(၁)နှစ်တာ အတွင်းမှာတော့ System Breakdown နှစ်ကြိမ်သာ ဖြစ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုရင် ဓာတ်အားလိုင်းတွေ ပြတ်တောက်မှုကို အလိုအလျောက် ပြန်လည်ဆက်သွယ်ပေးတဲ့စနစ်  (Tele-protection and Auto-Reclosing Function)ကို တပ်ဆင်ဆောင်ရွက်တဲ့အတွက် ဖြစ်ပါတယ်။ ဓာတ်အားလိုင်း အပြစ်ဖြစ်ပြီး ဓာတ်အားလိုင်း ပြတ်တောက်သွားချိန်မှာ ချက်ချင်းပြန်တင်(One Trial) နိုင်ခဲ့တဲ့အတွက် ကာကွယ်နိုင်ခဲ့ခြင်း ဖြစ်ပါတယ် ။

မေး။        ။လက်ရှိမှာ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း(NEP) အရလည်း ဆောင်ရွက်နေတယ်လို့ သိရပါတယ်ရှင့်။ မြန်မာတစ်နိုင်ငံလုံးအနေနဲ့ ဓာတ်အားရရှိလာမယ့် အခြေအနေကိုလည်း ဖြေကြားပေးပါရှင့်။

ဒုတိယဝန်ကြီး။         ။ကျွန်တော်တို့နိုင်ငံမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လျှပ်စစ်ဓာတ်အားရရှိမှု အခြေအနေ ကို ပြန်ပြီးသုံးသပ်ကြည့်မယ်ဆိုရင် မြို့တွေအတော်များများဟာ လျှပ်စစ်ဓာတ်အားကို ရရှိထားပြီးဖြစ်ပါတယ်။ ဒါပေမယ့် ကျေးရွာတွေမှာတော့ လျှပ်စစ်ဓာတ်အားသုံးစွဲခွင့်ရဖို့ နှောင့်နှေးကြန့်ကြာနေပါသေးတယ်။ ဝေးလံ ခေါင်းဖျားဒေသဖြစ်တာ၊ ဓာတ်အားလိုင်းတွေ ဆက်လက်တည်ဆောက်ပေးရန် လိုအပ်ချက်တွေကြောင့် ယခုလို ကျန်ရှိနေတာဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ ဘဏ္ဍာငွေကိစ္စဖြစ်ပါတယ်။ ဒီလိုတည်ဆောက်ပေးနိုင်ဖို့ အတွက် ချေးငွေရရှိဖို့ ကျွန်တော်တို့ဟာ World Bank ၊  JICA စတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ Donor Agency တွေကနေလည်း အတိုးသက်သာတဲ့စျေးနှုန်းနဲ့ ချေးငွေတွေရယူပြီး ဆောင်ရွက်နေရတာလည်း ဖြစ်ပါတယ်။ ပြည်ထောင်စုဘဏ္ဍာငွေကိုလည်း ရယူပြီး ဆောင်ရွက်ပေးရတာရှိပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့ရဲ့ နှစ်စဉ်ဘတ်ဂျတ်တွေထဲကလည်း ဆောင်ရွက်ပေးတာရှိပါတယ်။ ဒီလိုဆောင်ရွက်ပေးပြီး လျှပ်စစ်ဓာတ်အားပိုမိုတိုးတက်ရရှိနိုင်အောင် လုပ်ဆောင်ရတာဖြစ်ပါတယ်။

          လက်ရှိမှာတော့ တစ်နိုင်ငံလုံးမှာရှိတဲ့ အိမ်ထောင်စုပေါင်းရဲ့ ၄၄ ရာခိုင်နှုန်းဟာ လျှပ်စစ်ဓာတ်အား ရရှိထားပြီး ရည်မှန်းချက်ကတော့ ၂၀၂၀-၂၀၂၁ ခုနှစ်မှာ အနည်းဆုံး အိမ်ထောင်စု ၅၅ ရာခိုင်နှုန်းဟာ လျှပ်စစ်ဓာတ်အားကို ရယူသုံးစွဲနိုင်ဖို့ပဲဖြစ်ပါတယ်။ ထို့အပြင် အနာဂတ်ရည်မှန်းချက်တွေအဖြစ် ၂၀၂၅-၂၀၂၆ ခုနှစ်မှာ အိမ်ထောင်စု ၇၅ ရာခိုင်နှုန်း လျှပ်စစ်ဓာတ်အားသုံးစွဲလာနိုင်ဖို့ဖြစ်ပြီး ၂၀၃၀-၂၀၃၁ ခုနှစ်မှာတော့ မြန်မာတစ်နိုင်ငံလုံးရဲ့ အိမ်ထောင်စုအားလုံး ရာနှုန်းပြည့် လျှပ်စစ်ဓာတ်အားသုံးစွဲခွင့်ရရှိရေးဆိုပြီး ရည်မှန်း ဆောင်ရွက်နေတာဖြစ်ပါတယ်။

မေး။        ။ဒုတိယဝန်ကြီးရှင့် လျှပ်စစ်ဓာတ်အားတိုးတက်မှုတွေကို သိရှိခဲ့ရတဲ့အတွက် ကျေးဇူးတင်ရှိပါတယ် ရှင့်။ ဆက်လက်ပြီး တတိယ(၁)နှစ်တာအတွင်း စွမ်းအင်ကဏ္ဍရဲ့ တိုးတက်ပြောင်းလဲမှု အနေအထားကိုလည်း ပြောကြားပေးစေလိုပါတယ်။

ဒုတိယဝန်ကြီး။         ။စွမ်းအင်ကဏ္ဍဆိုတာလည်း မြန်မာနိုင်ငံအတွက် အင်မတန်အရေးပါတဲ့ ကဏ္ဍတစ်ခု ဖြစ်ပါတယ်။ ဘာကြောင့်အရေးပါရသလဲဆိုရင် လျှပ်စစ်တွေ တိုးတက်ထုတ်လုပ်ဖို့အတွက် စွမ်းအင်ကဏ္ဍကနေ ထုတ်လုပ်မှုမြင့်မားမှသာ လျှပ်စစ်လည်း တိုးတက်သုံးစွဲနိုင်မှာဖြစ်ပါတယ်။ နောက်ထပ် အရေးကြီးတာက ကျွန်တော်တို့နိုင်ငံရဲ့ အဓိကဝင်ငွေရပေါက်ရလမ်းကိုလည်း ဒီစွမ်းအင်ကဏ္ဍကပဲ ဖြည့်ဆည်း ဆောင်ရွက်ပေး နေတာဖြစ်ပါတယ်။ နိုင်ငံရဲ့စီးပွားရေးအခြေအနေ တိုးတက်မြင့်မားဖို့ဆိုရင်လည်း ဒီစွမ်းအင်ကဏ္ဍ ပိုမိုတိုးတက် ထုတ်လုပ်ရောင်းချနိုင်ဖို့ လိုအပ်ပါတယ်။

မြန်မာ့စွမ်းအင်ရေနံနှင့်သဘာဝဓာတ်ငွေ့

          စွမ်းအင်ကဏ္ဍ မြင့်မားတိုးတက်ဖို့အတွက် အဓိကကတော့ ရေနံရှာဖွေရမယ်။ သဘာဝဓာတ်ငွေ့ရှာဖွေ ရမယ်။ အဲ့ဒီလိုရှာဖွေထုတ်လုပ်နိုင်ဖို့အတွက် ကျွန်တော်တို့က အစမ်းတွင်းတွေကို အရင်ဆုံး တူးဖော်ရပါတယ်။ အစိုးရသစ်တာဝန်ယူပြီး ယခု တတိယ(၁)နှစ်တာအတွင်းမှာဆိုရင် ကုန်းတွင်းပိုင်းမှာ ရေနံတွင်းပေါင်း ၂၂ တွင်းကို တူးဖော်ခဲ့ပါတယ်။ အဲဒီကုန်းတွင်း ရေနံတွင်း ၂၂ တွင်းကနေ ရေနံစည်ပေါင်း ၂.၃၁ သန်းကို ထုတ်လုပ် နိုင်ခဲ့ပါတယ်။ သဘာဝဓာတ်ငွေ့ ထုတ်လုပ်နိုင်မှုကတော့ ကုဗပေသန်း ၁၉၀၁၉ အထိ ထုတ်လုပ်ခဲ့ပါတယ်။

          ကမ်းလွန်ရှာဖွေရေးမှာတော့ ကမ်းလွန်တွင်း ၄၆ တွင်းကို တူးဖော်ခဲ့ပြီး ရေနံ(လေဆီ) စည်ပေါင်း ၁.၀၂ သန်းနဲ့ သဘာဝဓာတ်ငွေ့ ၆၀၄၈၁၈ ကုဗပေသန်းကို ထုတ်လုပ်နိုင်ခဲ့ပါတယ်။ ကုန်းတွင်းနဲ့ကမ်းလွန် ထုတ်လုပ်မှု ပမာဏ စုစုပေါင်းကတော့ ရေနံစည်ပေါင်း ၃.၃၃ သန်းနဲ့ သဘာဝဓာတ်ငွေ့ ၆၂၃၈၃၈ ကုဗပေသန်း ထုတ်လုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

မေး။        ။တစ်နှစ်တာအတွင်းမှာ ကမ်းလွန်စီမံကိန်းလုပ်ကွက် အသစ်တွေရော တိုးတက်ဆောင်ရွက်တာမျိုး ရှိပါသလားရှင့်။

ဒုတိယဝန်ကြီး။         ။ကမ်းလွန်လုပ်ကွက်တွေဟာ ကျွန်တော်တို့နိုင်ငံအတွက် အလွန်ကို အရေးကြီး တဲ့အရာ တွေဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ကမ်းလွန်မှာရှိနေတဲ့ ရေနံနဲ့သဘာဝဓာတ်ငွေ့ တွေရှာဖွေထုတ် လုပ်နိုင်မယ်၊           ရေနံသိုက်တွေ၊ သဘာဝဓာတ်ငွေ့သိုက်တွေကို ရှာဖွေတွေ့ရှိ မယ်ဆိုရင် ကျွန်တော်တို့နိုင်ငံဟာ နောက်အနှစ် ၂၀ လောက်ရှာဖွေရမယ့် ဝင်ငွေမျိုးကို တိုးတက်ရရှိမှာ ဖြစ်ပါတယ်။ဝင်ငွေရရှိတာအပြင် ထွက်ရှိ လာတဲ့ စွမ်းအင်အရင်းအမြစ်တွေကို အသုံးပြုပြီး လျှပ်စစ်တွေလည်း ထုတ်လုပ်လို့ရမယ်။ အခြားရင်းနှီးမြှုပ်နှံမူ တွေကိုလည်း လုပ်ဆောင်နိုင်မယ်။   ဒါကြောင့်လည်း ကမ်းလွန်လုပ်ကွက်အသစ်တွေကို လုပ်ဆောင်နေရတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ကမ်းလွန်စီမံကိန်း လုပ်ကွက်အသစ်လေးခုကို ဆောင်ရွက်လျက်ရှိပါတယ်။ လုပ်ကွက်အသစ်လေးခုကတော့ A6၊ AD1၊ AD7 နှင့် M3 တို့ဖြစ်ပါတယ်။

မေး။        ။လုပ်ဆောင်နေတဲ့ ကမ်းလွန်လုပ်ကွက်လေးခုရှိတယ်ဆိုတော့ အဲဒီလေးခုအနက်က အလားအလာ အကောင်းဆုံးလုပ်ကွက်က ဘယ်လုပ်ကွက်လဲဆိုတာ ရှင်းပြပေးပါရှင့်။

ဒုတိယဝန်ကြီး။  ။အစိုးရသစ်ရဲ့ တတိယ(၁)နှစ်တာအတွင်းမှာ ဝန်ကြီးဌာနကနေ အလားအလာ ကောင်းတဲ့ လုပ်ကွက်သစ်ကို ပြသစရာရှိလာပါတယ်။အဲ့ဒါကတော့ ကျွန်တော်တို့ ကမ်းလွန်စီမံကိန်း လုပ်ကွက်လေးခု အနက်မှာ ဧရာဝတီတိုင်းဒေသကြီး အနောက်မြောက်ဘက်မှာရှိတဲ့ ကမ်းလွန်လုပ်ကွက် အမှတ်  A6 မှာ တူးဖော် ခဲ့တဲ့ ရှာဖွေရေးတွင်းငါးတွင်း ရှိတဲ့အနက် ရွှေရည်ထွန်း(၂)တွင်းရဲ့ ထူးခြားမူဖြစ်ပါတယ်။ အဲ့ဒီ ရွှေရည်ထွန်း(၂) တွင်းကို စမ်းသပ်ရှာဖွေတဲ့အခါ သဘာဝဓာတ်ငွေ့ခိုအောင်းနေတယ်ဆိုတဲ့ တွေ့ရှိချက်ကိုရရှိခဲ့ပြီး အဲ့ဒီတွေ့ရှိ ချက်နောက်မှာ  စီးပွားဖြစ်ထုတ်လုပ်နိုင်မယ့် အလားအလာကောင်းရလဒ်တွေကို ရရှိခဲ့တာဟာ အင်မတန် ဝမ်းသာစရာကောင်းပါ တယ်။

မေး။        ။စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးမှာ ရေနံနဲ့သဘာဝဓာတ်ငွေ့ရဲ့အရေးပါမှုတွေကို သိရှိရပါတယ်ရှင့်။ ထုတ်လုပ်မှုအခြေအနေကရော အစိုးရတာဝန်ယူပြီး တတိယ(၁)နှစ်တာအတွင်းမှာ ဘယ်လောက်များရရှိထားခဲ့ ပါသလဲ။

ဒုတိယဝန်ကြီး။         ။စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ရေနံနဲ့သဘာဝဓာတ်ငွေ့ကို အများကြီး တိုးထုတ်ရဖို့ရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ ဘယ်လိုတိုးတက်အောင် ဆောင်ရွက်မလဲ ဆိုတဲ့အစီအစဉ်ကို စဉ်းစားရပါတယ်။ အဲ့ဒီမှာ လက်ရှိရှာဖွေတူး ဖော်ထုတ်လုပ်နေတဲ့ လုပ်ကွက်တွေ ရှိသလို ရှာဖွေတူးဖော်ထုတ်လုပ်ခြင်းမရှိတဲ့ လုပ်ကွက်တွေကို ရှာရတယ်။ဒါကြောင့် ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ ပိုပြီးတိုးတက် ထုတ်လုပ်နိုင်ဖို လစ်လပ်နေတဲ့ ကုန်းတွင်းပိုင်းလုပ်ကွက် ၁၈ ကွက်နဲ့ ကမ်းလွန် လုပ်ကွက် ၁၅ ကွက်ရှိပါတယ်။ဒီလို လစ်လပ်နေတဲ့ လုပ်ကွက်တွေကို အပြည်ပြည်ဆိုင်ရာ တင်ဒါစနစ်နဲ့ ခေါ်ယူပြီး နိုင်ငံတကာက ရေနံနဲ့ စွမ်းအင်ကုမ္ပဏီကြီးတွေကို အကျိုးတူပူးပေါင်းဖို့ ၂၀၁၉ ခုနှစ်အတွင်းမှာပဲ တင်ဒါတွေဖိတ်ခေါ်ပြီး ဆောင်ရွက်သွားဖို့ စီစဉ်လျက်ရှိပါတယ်။

မေး။        ။ဆက်လက်ပြီးတော့လည်း ရေနံစိမ်းများ ချက်လုပ်ရောင်းချနေတဲ့ အစီအစဉ်နဲ့ ရောင်းချပြီးသား ဝင်ငွေအခြေအနေကိုလည်း သိရှိလိုပါတယ်ရှင့်။

ဒုတိယဝန်ကြီး။         ။ကုန်းတွင်းမှာ ထုတ်လုပ်တဲ့ ရေနံစိမ်းတွေကို ကျွန်တော်တို့ကိုယ်တိုင် ချက်လုပ် ပါတယ်။ချက်လုပ်တဲ့အခါမှာ ယခုတတိယ(၁)နှစ်တာအတွင်းမှာ ချက်လုပ်ပြီးစီး တဲ့ ရေနံစိမ်းက မက်ထရစ်တန်ပေါင်း ၂၅၁၅၀၉ ဖြစ်ပါတယ်။ အဲဒီလိုချက်လုပ် ခဲ့တဲ့အတွက် ဓာတ်ဆီ မက်တရစ်တန် ၆၇၀၈၀ နဲ့ ဒီဇယ်ဆီ ၁၁၀၂၄၂ မက်ထရစ် တန်တို့ ရရှိခဲ့ပါတယ်။ ရေနံချက်လုပ်ပြီးတော့ ထွက်ရှိလာတဲ့ ရေနံထွက်ပစ္စည်း တွေကို ရောင်းချနိုင်ခဲ့တဲ့အတွက် ရောင်းချနိုင်တဲ့ ဝင်ငွေဟာ အရင်နှစ်ကထက် ၃၈ ဒသမ ၃ ရာခိုင်နှုန်း တိုးတက်ပြီး ဝင်ငွေရရှိအောင် ဆောင်ရွက်ပေးခဲ့ပါတယ်။  

မေး။        ။ရေနံဓာတ်ငွေ့ရည်ကို အသုံးပြုပြီး ယူရီးယာမြေသြဇာ ထုတ်လုပ်တယ်လို့လည်း သိရှိရပါတယ်။ ဓာတ်မြေသြဇာ ထုတ်လုပ်နိုင်တဲ့ ပမာဏကိုလည်း သိရှိလိုပါတယ်။

ဒုတိယဝန်ကြီး။         ။ကျွန်တော်တို့ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနသည် ကုန်းတွင်းကထွက်ရှိတဲ့ သဘာဝ ဓာတ်ငွေ့ကို အသုံးပြုပြီး ရေနံဓာတ်ငွေ့ရည်လည်း ထုတ်လုပ်ပါတယ်။ အများပြည်သူ တွေ သက်သက်သာသာနဲ့ ချက်ပြုတ်သုံးစွဲကြတဲ့အခါမှာ အသုံးပြုနိုင်အောင် ရည်ရွယ် ခြင်းဖြစ်ပါတယ်။အစိုးရသစ်ရဲ့ တတိယ(၁)နှစ်တာ အတွင်းမှာ ရေနံဓာတ်ငွေ့ရည် LPG တန်ချိန်ပေါင်းက ၈၈၅၈ မက်ထရစ်တန်ထုတ်လုပ်နိုင်ခဲ့ပါတယ်။

          အလားတူ လယ်ယာစိုက်ပျိုးရေးကဏ္ဍမှာ အသုံးပြုနိုင်ဖို့ ယူရီးယားဓာတ် မြေသြဇာကိုလည်း ထုတ်လုပ် ပါတယ်။ ဓာတ်မြေသြဇာထုတ်လုပ်မှုကတော့ တတိယ (၁)နှစ်တာအတွင်းမှာ မက်ထရစ်တန်ပေါင်း ၁၂၇၉၄၁ အထိ ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ဓာတ်မြေသြဇာစက်ရုံတွေက ထုတ်လုပ်ပြီးရောင်းချရတဲ့ ဝင်ငွေဟာ ပြီးခဲ့တဲ့ နှစ်ထက်စာရင် ၇၁ ဘီလီယံကျော် တိုးတက်ရရှိတဲ့အတွက် ဝင်ငွေတိုးတက် ရှာဖွေပေးနိုင်ခဲ့ပါတယ်။

မေး။        ။ရေနံဓာတ်ငွေ့ရည်အား ပြည်သူများကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဖြူးပေးနေတာမျိုး ရှိပါသလား။ လုပ်ငန်းလိုင်စင်တွေ အကြောင်းကိုလည်း ပြောပြပါဦးရှင့်။

       ဒုတိယဝန်ကြီး။  ။        နှစ်ပေါင်းများစွာမှာကတော့ ကျွန်တော်တို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာနကပဲ ရေနံဓာတ်ငွေ့ရည်ကို ကိုယ်တိုင်ထုတ်လုပ်ရောင်းချပါတယ်။ ကုန်းတွင်းဓာတ်ငွေ့ကို အသုံးပြုပြီး ထုတ်လုပ်တဲ့အတွက် LPG ဓာတ်ငွေ့ရည် ထုတ်လုပ်နိုင်မှုဟာ အကန့်အသတ်ရှိပါတယ်။ ပြည်သူတွေရဲ့ လူနေမှုအခြေအနေတွေကလည်း တိုးတက်ပြောင်းလဲလာတဲ့အခါ LPG ကိုပိုသုံးပါတယ်။ ဒီအခါမှာ ကိုယ့်ဝန်ကြီး ဌာနက ထုတ်လုပ်တဲ့ ပမာဏလောက်နဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ မလုံလောက်တဲ့အတွက် ပုဂ္ဂလိကကဏ္ဍရဲ့ ပါဝင်ဆောင်ရွက်မှုကို ကျွန်တော်တို့က ဖိတ်ခေါ်ပြီး တိုးတက်ဆောင်ရွက်ပေးစေခဲ့ပါတယ်။

          ဒါကြောင့် ရေနံဓာတ်ငွေ့ရည်လုပ်ကိုင်ခွင့်တွေကို လိုင်စင်တွေချထားပေးခဲ့ပါတယ်။ လိုင်စင်တွေကိုတော့ လုပ်ငန်းဆောင်ရွက်မှု အမျိုးအစားကိုလိုက်ပြီး စုစုပေါင်းခုနှစ်မျိုးသတ်မှတ်ထားပါတယ်။ အစိုးရသစ်လက်ထက် တတိယ(၁)နှစ်တာအတွင်းမှာ ပုဂ္ဂလိကကဏ္ဍကို လိုင်စင်တွေ ထုတ်ပေးထားခဲ့ရာမှ အရေအတွက်အားဖြင့် ၆၂၉ ခုအထိ ရှိလာပြီးဖြစ်ပါတယ်။ တစ်နိုင်ငံလုံးမှာ ကျယ်ကျယ်ပြန့်ပြန့် ဖွင့်လှစ်ရောင်းချနိုင်ဖို့အတွက် ရည်ရွယ် လုပ်ဆောင်တာလည်း​ ဖြစ်ပါတယ်။

မေး။        ။လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနရဲ လုပ်ဆောင်ချက်တွေထဲကမှ စိန်ခေါ်မှု အခက်ခဲတွေကြုံတွေ့ခဲ့ရ တဲ့ အပိုင်းကိုလည်း ပြောပြပေးပါဦးရှင့်။

ဒုတိယဝန်ကြီး ။        ။စောစောက ကျွန်တော်ပြောခဲ့တာတွေကတော့ ကျွန်တော်တို့ ဝန်ကြီးဌာနကနေ ဆောင်ရွက်ခဲ့ပြီး တိုးတက်တာတွေ၊ အောင်မြင်တာတွေကို အများဆုံးပြောကြားခဲ့ပါတယ်။ ဒီလို တိုးတက်တာ၊ ကောင်းမွန်တာတွေ တောင်ရွက်နိုင်ဖို့ဆိုတာ ကျွန်တော်တို့ဟာ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေအများကြီးကို ကျော်လွှားဖြေရှင်းခဲ့ရတာဖြစ်ပါတယ်။ အားလုံးပြေလည်သွားရတာတော့ မဟုတ်ပါဘူး။

အရှုံးပေါ်နေတဲ့စိန်ခေါ်မူတွေကို ကျော်လွှားရန်ကြိုးစား

       ဓာတ်မြေသြဇာစက်ရုံအကြောင်းပြောခဲ့ပြီးပါပြီ။ယခင်က ဓာတ်မြေသြဇာ စက်ရုံ ထုတ်လုပ်ရောင်းချရမှု အခြေအနေဟာ နှစ်တိုင်း နှစ်တိုင်း ဘီလီယံ ၅၀ နီးပါး ရှုံးခဲ့ ပါတယ်။ နှစ်တိုင်း အရှုံးပေါ်နေတဲ့ အခြေအနေကို ဖြေရှင်းခဲ့ရပါတယ်။ တတိယ (၁)နှစ်မှာတော့ ယခင်နှစ်က ထက် ဘီလီယံများစွာ ပိုရတဲ့အတွက် ယခုဆိုရင် အရှုံး ပေါ်နေမှုဆိုတဲ့ စိန်ခေါ်မှုကို ဖြေရှင်းနိုင်ခဲ့ပါတယ်။

          နောက်ထပ်စိန်ခေါ်မှုက နိုင်ငံရဲ့ဂျီဒီပီကို တိုးတက်စေတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုမိုရရှိ ရောင်းချနိုင်ဖို့ ဆိုရာမှာ ကျွန်တော်တို့ဟာ အစမ်းတွင်းတွေ၊ ရှာဖွေရေးတွင်းတွေကို တူးဖော်ရပါတယ်။ ဒီလိုတူးဖော်တဲ့နေရာ မှာ ကုန်းတွင်းပိုင်းဆိုရင် လယ်ယာမြေကွက်တွေပေါ်မှာ သွားရောက်ပြီး တူးရတဲ့ကိစ္စတွေရှိတာမို့ လယ်မြေ၊ ယာမြေပိုင်ဆိုင်သူတွေနဲ့ သူတို့ရဲ့ပိုင်ဆိုင်တဲ့လုပ်ကွက်မှာ ရှာဖွေရတော့ စေ့စပ် ညှိနှိုင်းဖြေရှင်းရတာတွေကို ဆောင်ရွက်ရင်းနဲ့ တိုင်းပြည်ရဲ့ဝင်ငွေတိုးအောင် လုပ်ကိုင်ရတာပါ။

မေး။        ။လျှပ်စစ်သုံးစွဲမှုမြင့်တက်လာတာ၊ ဝန်ဆောင်မှုပြည့်ပြည့်ဝဝ မပေးနိုင်သေးတာတွေ အပေါ်မှာရော ဒုတိယဝန်ကြီးရဲ့ သုံးသပ်မှုကို သိပါရစေ။

ဒုတိယဝန်ကြီး။         ။ လျှပ်စစ်ကဏ္ဍမှာဆိုရင် လွန်ခဲ့တဲ့ နှစ် ၂၀၊ ၃၀ ကနေ ယခုအချိန်မှာ တိုင်းပြည်ရဲ့လျှပ်စစ် ဓာတ်အားလိုအပ်ချက်က နှစ်ဆမြင့်တက်လာတာကို တွေ့ရပါတယ်။ ဒါပေမဲ့ အခုအချိန်မှာ လျှပ်စစ်ရရှိမှုက လည်း နောက်ငါးနှစ်ဆိုရင် နှစ်ဆကျော် တိုးတက်လာမယ်လို့‌မျှော်မှန်းပြီး လုပ်နေရတာပါ။ လိုအပ်ချက်ကများ တော့ ထပ်တိုးပြီးဖြည့်ဆည်းရတဲ့ ဝန်ကြီးဌာနအတွက်တော့ ကြီးမားတဲ့စိန်ခေါ်မှုတစ်ရပ်ဖြစ်ပါတယ်။

ပြည့်ပြည့်ဝဝသုံးလိုတဲ့ပြည်သူနဲ့ ဝန်ဆောင်မှုကောင်းရမည့်လျှပ်စစ်

         ဒီလိုဖြည့်ဆည်းပေးနိုင်ဖို့ နည်းပညာတွေ၊ လုပ်အားတွေ၊ ဘတ်ဂျတ်တွေစတဲ့ လိုအပ်ချက်တွေက အများကြီးရှိပါတယ်။ ဒါကကျွန်တော်တို့ရင်ဆိုင်နေရတဲ့အရာတွေဖြစ်ပါတယ်။ နောက်တစ်ခုက ပြည်သူလူထုက ယုံကြည်စိတ်ချရတဲ့ လျှပ်စစ်ကိုလိုချင်ကြတယ်။ မီးမပျက်ချင်ဘူး၊ မီးအတက်အကျ မှန်ချင်တယ်၊ ဝန်ဆောင်မှု ကောင်းတာလိုချင်ကြပါတယ်။ ဝန်ဆောင်မှုကောင်းအောင် လိုချင်တာကိုဖြည့်ဆည်းပေးဖို့ကြိုးပမ်းနေပါတယ်။ မီးမပျက်လျှင်လည်း ကြိုတင်အသိပေးတာမျိုးကို ကျယ်ကျယ်ပြန့်ပြန့်လည်း လုပ်ဆောင်နေပါတယ်။ သို့သော် ဝန်ဆောင်မှုကောင်းအောင် လုပ်ပေးဖို့ ဝန်ထမ်းလိုအပ်ပါတယ်။ ဝန်ထမ်းခန့်အပ်ခွင့်နဲ့ ဝန်ထမ်းဦးရေ ပမာဏ ဟာ များစွာကွာခြားနေပါတယ်။

         ပြည်သူသိတာက ဆေးရုံတွေမှာ ဆရာဝန်မရှိဘူး။ သူနာပြုမရှိဘူး။ ဒါဆိုရင်ပြောနိုင် သိနိုင်ကြပါတယ်။ ကျွန်တော်တို့ဌာနတေွမှာတော့ လျှပ်စစ်ဝန်ထမ်းတွေ နည်းပါးနေတာ ပြည်သူတွေက သိတာနည်းပါတယ်။ ဥပမာပြောရရင် မီးပျက်နေတယ်လို့ပြောရင် ချက်ချင်းလာပြီးပြင်ပေးတဲ့ ဝန်ဆောင်မှုမျိုးကို လိုချင်ကြတယ်။ ဝန်ထမ်းလိုအပ်သလို ချက်ချင်းသွားနိုင်ဖို့ ယာဉ်၊ ယန္တရား လိုအပ်ပါတယ်။ ဒါကြောင့် ဒီလိုစိန်ခေါ်မှုတွေကို ယနေ့ထိဖြေရှင်းနိုင်ဖို့ ခက်ခဲနေတဲ့စိန်ခေါ်မှုတွေ ဖြစ်ပါတယ်။

ဓာတ်အားကုန်ကျမှုလျော့နည်းစေရန်ဆောင်ရွက်

          ကျွန်တော်တို့ လျှပ်စစ်ဓာတ်အားကဏ္ဍမှာ အင်မတန်ကြီးမားတဲ့စိန်ခေါ်မှုက အရှုံးပေါ်တာဖြစ်ပါတယ်။ ၂၀၁၆-၂၀၁၇ ခုနှစ်တွေမှာဆိုရင် ငွေကျပ် ၄၂၂ ဘီလီယံကျော် ရှုံးပါတယ်။ ထုတ်လုပ်ရေးကဏ္ဍ တစ်ခုတည်းမှာ ရှုံးတာဖြစ်ပါတယ်။ ဘတ်ဂျတ်ပိတ်တဲ့ခါ ၄၂၂ ဘီလီယံရှုံးပြီး ဘတ်ဂျတ်ကြိုတင် တွက်ချက် တုန်းက ငွေကျပ် ဘီလီယံ ၃၆၀ ကျော်ရှုံးမယ်လို့ ခန့်မှန်းခဲ့ကြတာ ဖြစ်ပါတယ်။ ၂၀၁၇-၂၀၁၈ မှာရော အခြေအနေကို သိနိုင်အောင် အရှုံးခန့်မှန်းခြေတွက်ချက်ထားတဲ့ ဘတ်ဂျတ်စာအုပ်ကိုကြည့်တော့ ငွေကျပ် ဘီလီယံ ၆၀၀ ကျော်ရှုံးမယ်လို့ တွက်ချက်ထားတာ တွေ့ရပါတယ်။ ဒါဆိုရင် ဓာတ်အားထုတ်လုပ်မှု ကုန်ကျစရိတ်ကို လျော့နည်းသက်သာအောင် ကြိုးပမ်းခဲ့ပါတယ်။

ရေအားလျှပ်စစ်ထုတ်လုပ်မှုဦးစားပေး

          ရေအားလျှပ်စစ်ကနေရတဲ့ ဓာတ်အားကို ပိုတိုးပြီးထုတ်ဖို့စဉ်းစားပါတယ်။ ဘာကြောင့် လဲဆိုရင် ရေအားလျှပ်စစ်နဲ့ ဓာတ်အားထုတ်လုပ်တဲ့စနစ်က  ပိုပြီးသက်သာလို့ဖြစ်ပါတယ်။ လျှပ်စစ် လည်းပိုထွက်ပြီး ထုတ်လုပ်မှုကုန်ကျစရိတ်က ပိုသက်သာမှသာ အရှုံးကိုပိုပြီးထိန်းနိုင်မယ်။ ပြည်သူ တွေလိုတဲ့ လျှပ်စစ်ကိုလည်း ပိုထုတ်နိုင်မယ်ဆိုတဲ့ သဘောနဲ့ဆောင်ရွက်ခဲ့တဲ့အတွက် အဲဒီနှစ်မှာ ငွေကျပ် ၁၆၂ ဘီလီယံလောက်အရှုံးကို သက်သာခဲ့ပါတယ်။ အမေရိကန်ဒေါ်လာ ၁၀၆ သန်း အရှုံး သက်သာတာဖြစ်ပါတယ်။

          ဘတ်ဂျက်စာရင်းအရ ပြောရရင် ခြောက်လတာဘတ်ဂျတ် ဖြတ်သန်းချိန်အစမှာ အရှုံး ခန့်မှန်း တွက်ချက်မှု ငွေကျပ် ၃၀၉ ဘီလီယံ ဖြစ်ခဲ့ပါတယ်။ လက်တွေ့မှာ ငွေကျပ် ၇၆ ဘီလီယံ လောက်အရှုံးသက်သာ အောင် ဆောင်ရွက်ပေးခဲ့တာရှိပါတယ်။ ဒီကာလတစ်လျေှာက်မှာ အများကြီး ရှုံးခဲ့ပါတယ်။ ဒီပမာဏတွေထဲက အများကြီးထပ်ပြီး အရှုံးသက်သာအောင် ကြိုးပမ်းနေပါတယ်။ အရှုံးပေါ်နေတဲ့အတွက် လျှပ်စစ်ဓာတ်အားကနေ ပြောင်းလဲရမယ် ဆိုတာကြောင့်လည်း ပြည်သူတွေ သိအောင် အစဉ်တစိုက် ‌ပြောကြားနေပါတယ်။

ဓာတ်အားခအရှုံးကို လျှော့ချနိုင်ရန်ကြိုးပမ်း

                  ဓာတ်အားခအရှုံးပေါ်တိုင်း ပြည်သူကို ဓာတ်အားခတက်မလားဆိုတာမျိုး မဟုတ်ဘဲ အရှုံးပေါ်တဲ့ ပမာဏကို လုပ်ငန်းဆောင်ရွက်တဲ့အခါ အရှုံးလျော့နည်းဖို့ ပထမဆုံး ကြိုးပမ်းတာပါ။ ထုတ်လုပ်မှု စရိတ်လျှော့ချတာ၊ ဓာတ်အားပျောက်ဆုံးခြင်း လျော့နည်းအောင်လုပ်တာ၊ စဉ်ဆက်မပြတ် ဓာတ်အား ပေးနိုင်ခြင်းအားဖြင့် ဝင်ငွေတိုးအောင် ကြိုးပမ်းတာရှိတယ်။ ကျွန်တော်တို့ ထုတ်လုပ်မှုကုန်ကျစရိတ်ဟာ လျှပ်စစ်တစ်ယူနစ်ထုတ်တိုင်း ၁၁၀ ကျပ်ကနေ ၁၁၅ ကျပ်ထိ ကျသင့်တဲ့အချိန်မှာ ပြည်သူကို တစ်ယူနစ် ၃၅ ကျပ်၊ ၅၀ ကျပ်နဲ့ရောင်းတော့ ထုတ်လုပ်စရိတ်နဲ့ ရောင်းချစရိတ်ဟာ ကွာခြားတဲ့အတွက် ဘယ်လောက်ပဲ ကြိုးပမ်းကြိုးပမ်း အရှုံးပမာဏကြီးကို မရှိ‌အောင် ဆောင်ရွက်နိုင်ခြင်းမရှိပါဘူး။

အရှုံးကာမိစေရန် အဖြေရှာ

          ဒါကြောင့် သင့်တင့်မျှတတဲ့ ဓာတ်အားခတွေကို တောင်းခံမှသာ အရှုံးကိုကာမိအောင် ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။ ဒီအရှုံးဟာ လျှပ်စစ်မီးသုံးစွဲခွင့်ရနေတဲ့ ၄၄ ရာခိုင်နှုန်းသော ပြည်သူတွေအတွက် အရှုံးဖြစ်ပါတယ်။ ဒီငွေတွေဟာ နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေလို့ ပြောပေမယ့် ၁၀၀ ရာခိုင်နှုန်းသော ပြည်သူများရဲ့ ငွေကြေးဖြစ် ပါတယ်။ လျှပ်စစ်မရသေးတဲ့ ၅၆ ရာခိုင်နှုန်းနဲ့လည်း သက်ဆိုင်တဲ့ ဘဏ္ဍာငွေဖြစ်ပါတယ်။ သူတို့တွေ အကျိုး ခံစားခွင့်မရပါဘူး။ ဒါကြောင့် လျှပ်စစ်ဓာတ်အားမရတဲ့သူတွေအတွက် ကြိုးပမ်း တည်ဆောက်ပေးတယ်။ ဒါကြောင့် လျှပ်စစ်ရရှိပြီးပြည်သူတွေက လျှပ်စစ်မရသေးတဲ့ပြည်သူတွေကို ကိုယ်ချင်းစာတရားထားပြီး ကိုယ်သုံးတဲ့ လျှပ်စစ်ရဲ့တန်ဖိုးကို ပေးသွင်းခြင်းအားဖြင့် ကျန်တဲ့လျှပ်စစ် မရသူတွေအတွက် အကျိုးဖြစ်ထွန်းပြီး လျှပ်စစ်ကဏ္ဍဖူလုံပြည့်စုံလာအောင် ဆောင်ရွက်နိုင်မှာပဲဖြစ်ပါတယ်။

          ကျေးဇူးတင်ရှိပါတယ်ရှင်။

 

 

 

05-Apr-2019