The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအနီး ၁၄” သဘာဝဓာတ်ငွေ့ပိုက်လိုင်း ပြုပြင် ဆောင်ရွက်ထားရှိမှု

၂၀၁၉ ခုနှစ် အောက်တိုဘာလ  ၂၉  ရက်

          မကွေး-ပျော်ဘွယ်-ပင်းပက် ၁၄”/ ၁၂”/ ၈” သဘာဝဓာတ်ငွေ့ပိုက်လိုင်းသည် မကွေးတိုင်း ဒေသကြီး၊ မကွေးမြို့နယ်၊ ကြာကန်ကျေးရွာတွင် လူနေအိမ်တစ်ချို့နှင့် ကားဂိတ်တန်းအနီး မြေပေါ်နေသော ဓာတ်ငွေ့ပိုက်လိုင်းနေရာမှ ပိုက်လိုင်းပေါက်ကွဲကာ အန္တရာယ်ဖြစ်မည်ကို ဒေသခံ များ စိုးရိမ်နေကြကြောင်း ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့ထုတ် မဇ္ဈိမသတင်းဂျာနယ် တွင် ဖော်ပြပါရှိခဲ့ပါသည်။

ဖြစ်စဉ်ဖြစ်ပွားသည့် မကွေး-ပျော်ဘွယ် ၁၄” သဘာဝဓာတ်ငွေ့ပိုက်လိုင်းအပိုင်းသည် လူနေ အိမ်နှင့် နီးကပ်သောနေရာတွင် ပိုက်လိုင်းသံချေးစားမှုဖြစ်ပေါ်နေကြောင်းသိရှိရသဖြင့် ပိုက်လိုင်း ကြံ့ခိုင်ရေးအတွက် ပိုက်လိုင်းအား သံချေးချွတ်ခြင်း၊ သံချေးတက်မှုကာကွယ်စေရန် Premcote Primer (Bitumen) ဆေးရည်သုတ်ခြင်း၊ Premcote 150 Wrapping Tape များဖြင့် ပိုက်လိုင်းအား တိတ်ပတ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ပါသည်။ ယင်းလုပ်ငန်းဆောင်ရွက်ပေးနေစဉ်အတွင်း မဇျ္စိမသတင်းစာမှ ဖော်ပြခဲ့ခြင်းဖြစ်ပါသည်။

အဆိုပါပိုက်လိုင်းနှင့်ပတ်သက်၍ ယခင်ပိုက်လိုင်းစတင်တည်ဆောက်စဉ်က ပိုက်လိုင်းဘေး တွင် လူနေအိမ်များ ဆောက်လုပ်နေထိုင်ခြင်းမရှိသော်လည်း ယခုအခါ ကြာကန်ကျေးရွာအတွင်းမှ လူနေအိမ်များ၊ ဈေးဆိုင်ခန်းများသည် ကားလမ်းဘေးသို့ ပြောင်းရွှေ့နေထိုင်လာခြင်းကြောင့် ဓာတ်ငွေ့ပိုက်လိုင်းများဘေးတွင် လူနေအိမ်နှင့် ဈေးဆိုင်ခန်းများ ဆောက်လုပ်နေထိုင်မှုများရှိလာ သဖြင့် ဓာတ်ငွေ့ပိုက်လိုင်းများဘေး ဘယ်/ညာ ပေ(၅၀)အတွင်း လူနေအိမ်နှင့် ဆိုင်ခန်းများ ဆောက်လုပ်နေထိုင်မှုများမပြုလုပ်ကြရန် ကျေးရွာ/ မြို့နယ်/ တိုင်းဒေသကြီးအစိုးရအဖွဲ့များသို့ ရှင်းလင်းတင်ပြမှုများပြုလုပ်ခဲ့ပြီးဖြစ်သည့်အပြင် ဒေသနေပြည်သူများမှ ဓာတ်ငွေ့ပိုက်လိုင်းများ နှင့် သတ်မှတ်ကင်းလွတ်အကွာအဝေးများသို့ ပြောင်းရွှေ့ပေးရန် ညှိနှိုင်းဆောင်ရွက်ဆဲဖြစ်ပါသည်။

အဆိုပါ မကွေး-ပျော်ဘွယ်-ပင်းပက် ၁၄” / ၁၂” / ၈” သဘာဝဓာတ်ငွေ့ပိုက်လိုင်းသည် ၂၀၀၇ခုနှစ်နှင့် ၂၀၀၈ခုနှစ်တို့တွင် စတင်ဆက်သွယ်တည်ဆောက်ခဲ့ပါသည်။ မြန်မာ-တရုတ် ဓာတ်ငွေ့ ပိုက်လိုင်း၏ ရေနံချောင်း Off-Take Point မှတဆင့် ရွှေသဘာဝဓာတ်ငွေ့များကို ပြည်တွင်း အသုံးပြုရန် ပို့လွှတ်ဖြန့်ဖြူးနေသောဓာတ်ငွေ့ပိုက်လိုင်းဖြစ်ပြီး ရေနီစက္ကူစက်ရုံ၊ တောင်ဖီလာ စက်ရုံများ၊ ပြည်ညောင်မိုးကာရေဖျင်စက်ရုံ၊ ပင်းပက်သံမဏိစက်ရုံများသို့ ပို့လွှတ်ဖြန့်ဖြူးပေးလျက် ရှိပါသည်။

ပိုက်လိုင်းပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို ပျော်ဘွယ်ပိုက်လိုင်းပြုပြင်ထိန်းသိမ်းရေးစခန်းမှ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး ယင်းပိုက်လိုင်းတစ်လျှောက်တွင် ၅ မိုင် တစ်ဦးနှုန်းဖြင့် ပိုက်လိုင်းလျှောက် ၃၁ ဦးခန့်အပ်၍ ပိုက်လိုင်းအား နေ့စဉ် စစ်ဆေးလျက်ရှိပါသည်။ ပိုက်လိုင်းတစ်လျှောက်တွင်လည်း ဓာတ်ငွေ့ပိုက်လိုင်းရှိကြောင်း အမှတ်အသားပြတိုင်များ စိုက်ထူထားပြီး ပိုက်လိုင်း၏ ကြံခိုင်မှု အားနည်းသောအပိုင်းများအား ဂဟေဆော်ပြုပြင်ခြင်း၊ ပိုက်သစ်အစားထိုးလဲလှယ်ခြင်းလုပ်ငန်း များကိုလည်း နှစ်စဉ်ဘတ်ဂျက် လျာထားသတ်မှတ်ကာဆောင်ရွက်လျက်ရှိပါသည်။

မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ရေနံမြေဒေသအသီးသီးနှင့် ပိုက်လိုင်းစခန်းများမှ တာဝန်ရှိသူများသည် ပြည်နယ်/တိုင်းဒေသကြီးများအတွင်း ဖြတ်သန်းဆက်သွယ်ထားသော သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းများ၏ အနီးပတ်ဝန်းကျင်တွင် နေထိုင်လျက်ရှိသည့် ကျေးရွာများမှ ပြည်သူများ အနေဖြင့် ပိုက်လိုင်းတစ်စုံတစ်ရာ ထိခိုက်မှုဖြစ်ပွားပါက ဆုံးရှုံးမှုမရှိစေရန်၊ အနည်းဆုံးဖြစ်စေရန် နှင့် ရေရှည်တွင် ပိုက်လိုင်းပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများဆောင်ရွက်ရာ၌ ယာဉ်/စက်/ယန္တရား များ အဆင်ပြေလွယ်ကူစွာ ဝင်ရောက်နိုင်ရန်အတွက် ပိုက်လိုင်းလမ်းကြောင်း၏ ဘေး ဘယ်/ညာ တစ်ဖက်တစ်ချက်စီတွင် ပေ (၅၀) စုစုပေါင်း ပေ (၁၀၀)အတွင်း အိမ်/ခြံ/ မြေ၊ အဆောက်အဦ ဆောက်လုပ်နေထိုင်ခြင်း၊ နှစ်ရှည်သစ်ပင်များစိုက်ပျိုးခြင်းမပြုရန်နှင့် ပြည်တွင်းသုံးရေနံနှင့်သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းများအကြောင်း အသိပညာပေးဆွေးနွေးရှင်းလင်းတင်ပြမှုများကို သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ အစိုးရအဖွဲ့ရုံးများသို့အကြောင်းကြားခဲ့ပြီး ဝန်ကြီးချုပ်နှင့် အစိုးရ အဖွဲ့၏ဝန်ကြီးများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့် အများပြည်သူတို့အား ဆွေးနွေးတင်ပြမှုများ ဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။

ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းများအကြောင်း အများပြည်သူများ ပိုမိုသိရှိနိုင်စေရန် လူစည်းကားရာနေရာများတွင် ဆိုင်းဘုတ်များစိုက်ထူကာ အသိပညာပေးခြင်း၊ လက်ကမ်းစာစောင် များ ဖြန့်ဝေကာ အသိပညာပေးခြင်းတို့ကိုလည်း ဆောင်ရွက်ထားပြီးဖြစ်ပါသည်။ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းအနေဖြင့် ရေနံမြေဒေသအသီးသီးနှင့် ပိုက်လိုင်းစခန်းများမှ တာဝန်ရှိ သူများအား ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း၏ သတ်မှတ်ဧရိယာအတွင်း ဝင်ရောက်နေထိုင်မှု မရှိစေရေးအတွက် မြို့နယ်/ ပြည်နယ်/ တိုင်းဒေသကြီးများသို့ လစဉ်အကြောင်းကြားစာများ ပေးပို့ ဆောင်ရွက်လျက်ရှိပြီး ပိုက်လိုင်းတစ်လျှောက်ရှိ မြို့နယ်၊ ကျေးရွာများတွင်လည်း CSR လုပ်ငန်း များကို နှစ်စဉ် ဆောင်ရွက်ပေးလျက်ရှိပါသည်။

သို့ဖြစ်ပါ၍ မဇျ္စိမသတင်းပါ မကွေး-ပျော်ဘွယ် ၁၄” သဘာဝဓာတ်ငွေ့ပိုက်လိုင်းအနီးရှိ နေအိမ်များမှာ ပိုက်လိုင်းသွယ်တန်းပြီးနောက် ကာလတွင်မှ ပြောင်းရွှေ့နေထိုင်လာသောအိမ်များ ဖြစ်ပြီး ပြန်လည်ပြောင်းရွှေ့ပေးရေးအတွက် ဒေသအာဏာပိုင်များသို့ တင်ပြဆောင်ရွက်လျက် ရှိပါကြောင်း၊ ပိုက်လိုင်းပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်ထားရှိလျက်ရှိပါကြောင်းနှင့် ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ၏ သတ်မှတ်အကွာအဝေးများအတွင်း နေထိုင်သူများအား ရှင်းလင်းရေး သက်ဆိုင်ရာ မြို့နယ်/ ပြည်နယ်/ တိုင်းဒေသကြီးများနှင့် ဆက်သွယ်ညှိနှိုင်းဆောင်ရွက်လျက် ရှိပါသည်။

31-Oct-2019