၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ( ၂၀ ) ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် ၂၀၂၀ ပြည့်နှစ် နွေရာသီကာလတွင် နိုင်ငံတော်၏ တိုးတက်သုံးစွဲလာမည့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို အချိန်မီ ဖြည့်ဆည်း ပေးနိုင်ရန်ရည်ရွယ်၍ တင်ဒါခေါ်ယူဆောင်ရွက်ထားသည့် မကွေး၊ ရွှေတောင်၊ ကျွန်းချောင်း၊ အလုံ၊ ကျောက်ဖြူ၊ သန်လျင်နှင့် သာကေတတို့တွင် ဓာတ်အားပေး စက်ရုံစီမံကိန်းအသစ် (၇) မှ စုစုပေါင်း (၁၁၆၆) မဂ္ဂါဝပ်အား တိုးမြှင့် ထုတ်လုပ် ဖြန့်ဖြူး ပေးနိုင်ရေးအတွက် စီမံဆောင်ရွက်လျက်ရှိရာ မကွေးမြို့ ၆၆ မဂ္ဂါဝပ်ဓာတ်အားပေး စက်ရုံအား ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင်ဖွင့်လှစ်၍ လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်ဖြန့််ဖြူးပေးခဲ့ပြီး ကျန်ရှိသည့် ဓာတ်အားပေးစက်ရုံစီမံကိန်းအသစ် (၆)ခု အနက်မှ ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ အလုံဓာတ်အားပေးစက်ရုံအတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည့် (၁၅၁) မဂ္ဂါဝပ်သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းသို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့၊ နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အလုံဓာတ်အားပေးစက်ရုံသို့ ရောက်ရှိရာ အစည်းအဝေးခန်းမတွင် အလုံဓာတ်အားပေးစက်ရုံ ၊ စက်ရုံမှူးနှင့် တာ၀န် ရှိသူများ ၊ ၂၀၂၀ ပြည့်နှစ် နွေရာသီကာလတွင် နိုင်ငံတော်၏ တိုးတက်သုံးစွဲလာမည့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို အချိန်မီ ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်၍ တင်ဒါ ခေါ်ယူဆောင်ရွက်ထားသည့် ဓာတ်အားပေး စက်ရုံစီမံကိန်းအသစ် များအား အကောင် အထည်ဖော် ဆောင်ရွက်နေသော ကုမ္ပဏီများနှင့် တွေ့ဆုံခဲ့ပြီး ကုမ္ပဏီများမှ လုပ်ငန်း တိုးတက်မှု အခြေအနေများကို ရှင်းလင်းတင်ပြ ကြပါသည်။ အလုံဓာတ်အား ပေးစက်ရုံမှူးက ဓာတ်အားပေးစက်ရုံ၏ ဓာတ်အား ထုတ်လုပ်နေမှု အခြေအနေနှင့် နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်ပို့လွှတ်၍ ဓာတ်အားဖြန့်ဖြူးပေးထားမှု အခြေအနေ တို့အားလည်းကောင်း၊ Consortium of MCM & Posco ကုမ္ပဏီမှ တာဝန်ရှိသူများက ၂၀၂၀ ပြည့်နှစ် ဧပြီလတွင် စတင်ဓာတ်အား ထုတ်နိုင်မည့် ရွှေတောင် (၂၈) မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးစီမံကိန်းနှင့် စပ်လျဉ်း၍ လည်းကောင်း၊ Consortium of CEEC, CIC and NSRD ကုမ္ပဏီမှ တာဝန်ရှိသူများက ၂၀၂၀ ပြည့်နှစ် မတ်လ ကုန်တွင် စတင်ဓာတ်အား ထုတ်နိုင်မည့် အလုံ (၁၅၁) မဂ္ဂါဝပ် ဓာတ်အားပေး စက်ရုံတည်ဆောက်ရေးစီမံကိန်းနှင့် စပ်လျဉ်း၍ လည်းကောင်း၊ Consortium of CNTIC & VPower ကုမ္ပဏီမှ တာဝန်ရှိသူများက ၂၀၂၀ ပြည့်နှစ် မတ်လ ၊ ဧပြီလ နှင့် မေတို့တွင် အသီးသီး စတင်ဓာတ်အား ထုတ်နိုင်မည့် ကျွန်းချောင်း (၂၀) မဂ္ဂါဝပ်၊ ကျောက်ဖြူ (၁၅၀) မဂ္ဂါဝပ်၊ သန်လျင် (၃၅၀) မဂ္ဂါဝပ်နှင့် သာကေတ (၄၀၀) မဂ္ဂါဝပ် ဓာတ်အားပေး စက်ရုံ တည်ဆောက်ရေးစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှု နှင့် လုပ်ငန်းတိုးတက်မှု အခြေအနေ တို့အား လည်းကောင်း အသီးသီး ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း ၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းမှ ဉီးဆောင်ညွှန်ကြားရေးမှူး ဉီးသန်းနိုင်ဉီး တို့က ဖြည့်စွက် ရှင်းလင်း တင်ပြပါသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စု ဝန်ကြီးက ဓာတ်အားပေးစက်များ စက်စွမ်းအားပြည့် မောင်းနှင်ထုတ်လုပ်နိုင်ရေးအတွက် စက်များကြံ့ခိုင်ရေးကို စဉ်ဆက်မပြတ် အချိန်မီစစ်ဆေး ဆောင်ရွက်သွားကြရန်၊ မိမိတို့ လုပ်ဆောင်နေသည့် လုပ်ငန်းများသည် တိုင်းပြည်အတွက် လိုအပ်သော လျှပ်စစ် ဓာတ်အားကို ထုတ်လုပ် နေသည်ဖြစ်သဖြင့် မိမိတို့၏ လုပ်ငန်း ကျွမ်းကျင်မှုကို အခြေခံ၍ စေတနာထားပြီး မိမိတို့တာဝန်ယူရသည့် အလျောက် ကျရာတာဝန်ကို ဝိုင်းဝန်း ဆောင်ရွက်သွားကြရန်၊ ဓာတ်အားပေးစက်ရုံများသည် နိုင်ငံတော်အတွက် အရေးကြီး သည့်စက်ရုံကြီးများ ဖြစ်သည့်အတွက် စက်ရုံ ရေရှည်တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်း ဆောင်ရွက်သွားကြရန်၊ ဓာတ်အားပေးစက်ရုံစီမံကိန်း တည်ဆောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် စက်ပစ္စည်းများ၊ မြို့ပြပိုင်းဆိုင်ရာ တည်ဆောက်ခြင်း လုပ်ငန်းများ၊ စက်တပ်ဆင်မှု လုပ်ငန်းများကို အရည်အသွေး စံချိန်စံညွှန်း ပြည့်မီစွာဖြင့် လာမည့် နွေရာသီအမီပြီးစီးရေး အားသွန်ခွန်စိုက် ကြိုးပမ်း ဆောင်ရွက်သွားကြရန်နှင့် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး အထူးဂရုပြု ဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး အလုံ ဓာတ်အားပေးစက်ရုံဝင်းအတွင်း၌ အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် (၁၅၁) မဂ္ဂါဝပ်သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံ တည်ဆောက်ရေးစီမံကိန်း လုပ်ငန်းခွင်အတွင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေတို့အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။