နေပြည်တော်၊ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ( ၂၁ ) ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဆောင်ရွက်လျက် ရှိသည့် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း ဒုတိယအဆင့်ကျေးရွာများ အတွက် ထရန်စဖော်မာဝယ်ယူနိုင်ရန် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ တင်ဒါ အောင်မြင်ခဲ့သော Hitachi Soe Electric and Machinery Co., Ltd. တို့အကြား စာချုပ်လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ(၂၁)ရက်နေ့၊ နံနက် ၁၀:၃၀ နာရီအချိန်တွင် နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၊ ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဉီးခင်မောင်ဝင်းနှင့် ဒေါက်တာထွန်းနိုင်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ Hitachi Soe Electric and Machinery Co., Ltd. မှ ဥက္ကဋ္ဌ ဦးကျော်မင်းထွန်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က အမှာစကား ပြောကြားရာတွင် ကမ္ဘာ့ဘဏ်ချေးငွေ အမေရိကန်ဒေါ်လာသန်း ၃၁၀ ရယူပြီး အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း(NEP) ပထမအဆင့်အနေဖြင့် ဓာတ်အားစနစ်မှ ၂ မိုင်အတွင်း ကျေးရွာ ၅၀၈၀ ရွာကို ဓာတ်အားရရှိရန် တည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ၁၇-၁-၂၀၂၀ ရက်နေ့အထိ စုစုပေါင်း ၁၈၉၁ ရွာတွင် တည်ဆောက်ရေးလုပ်ငန်းများ ပြီးစီး၍ ရွာ ၁၀၉၁ တွင် ဓာတ်အားဖြန့်ဖြူးပေးနေပြီ ဖြစ်ကြောင်း၊ ပထမအဆင့်စီမံကိန်း ပြီးစီးပါက ကျေးရွာပေါင်း ၅၀၈၀ ရွာရှိ အိမ်ထောင်စု ပေါင်း ၆၂၆,၇၅၇ ခန့်အား ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား ရရှိနိုင်မည်ဖြစ်ကြောင်း၊ တဆက်တည်း ဒုတိယ အဆင့်အနေဖြင့် ဓာတ်အားစနစ်မှ ၅ မိုင်အတွင်း ကျေးရွာ ၄၇၀၀ ရွာကိုလည်း ဓာတ်အားရရှိရန် တစ်ပြိုင်နက် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါဒုတိယအဆင့် စာရင်းပါ ကျေးရွာ ၄၇၀၀ ရွာအတွက် လိုအပ်သော ထရန်စဖော်မာ၊ ကွန်ကရိတိုင်၊ ကြွေသီး၊ ကြိုး၊ လက်တန်းနှင့် ဆက်စပ်ပစ္စည်းများကို ကမ္ဘာ့ဘဏ်၏ လုပ်ထုံးလုပ်နည်း များအတိုင်း (International Competitive Bidding – ICB) ခေါ်ဆိုရန် တင်ဒါစိစစ်ရေး အဖွဲ့ ဖွဲ့စည်း၍ ကမ္ဘာ့ဘဏ်၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ NEP ဒုတိယအဆင့်အတွက် ပစ္စည်းဝယ်ယူရေးတင်ဒါများအနက် ပထမဆုံးဖြစ်ပါကြောင်း၊ NEP ဒုတိယအဆင့် အတွက် ကျေးရွာများအနေဖြင့် ချင်းပြည်နယ်တွင် ၁၁၃ ရွာ ၊ မွန်ပြည်နယ်တွင် ၄၂ ရွာ၊ ရခိုင်ပြည်နယ်တွင် ၁၇ ရွာ၊ ရှမ်းပြည်နယ် (တောင်ပိုင်း)တွင် ၂၀၁ ရွာ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင် ၂၀၄ ရွာ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ၁၅ ရွာ၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၅၅၉ ရွာ၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)တွင် ၅၇၆ ရွာ၊ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)တွင် ၇၈၅ ရွာ၊ မကွေးတိုင်းဒေသကြီးတွင် ၃၈၆ ရွာ၊ ဧရာဝတီတိုင်း ဒေသကြီးတွင် ၁၄၃၄ ရွာ၊ မန္တလေးတိုင်းဒေသကြီးတွင် ၃၅၅ ရွာနှင့် ပြည်ထောင်စု နယ်မြေ(နေပြည်တော်)တွင် ၁၃ ရွာ၊ စုစုပေါင်း ၄၇၀၀ ရွာကို ဓာတ်အားရရှိနိုင်ရန် ဆောင်ရွက်မည်ဖြစ်ပြီး ၎င်းစီမံကိန်း ပြီးမြောက်သွားပါက အိမ်ထောင်စုအရေအတွက် ၅၃၉,၆၇၄ စုအား လျှပ်စစ်ဓာတ်အားရရှိသွားမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ယခု တင်ဒါအောင်မြင်သည့် ကုမ္ပဏီအနေဖြင့် ထရန်စဖော်မာများအား စာချုပ်ပါ သတ်မှတ် စံချိန်စံညွှန်းများနှင့်အညီ ထုတ်လုပ်ပြီး ပေးပို့ရမည့်နေရာများသို့လည်း အချိန်မီပေးပို့ နိုင်ရေးအတွက် ထုတ်လုပ်ရေးလုပ်ငန်းများကို ဆောလျင်စွာ စတင်ဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း၊ ကျေးရွာများ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဝယ်ယူမည့် နိုင်ငံတော်အဆင့်လုပ်ငန်းဖြစ်ပါ၍ စာချုပ်ပါ စည်းမျဉ်း စည်းကမ်းများ အတိုင်း ထုတ်လုပ်ရေး၊ ထုတ်လုပ်ပြီး ထရန်စဖော်မာများကိုလည်း သတ်မှတ်ကာလ အတွင်း သက်ဆိုင်ရာနေရာများသို့ ပေးပို့နိုင်ရေးနှင့် အရည်အသွေး ကောင်းမွန်စေရေး တို့ကို အလေးထားဆောင်ရွက်ရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ အင်ဂျင်နီယာချုပ် ဦးစိုးမင်းထွန်းက NEP စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်မည့် အစီအစဉ်များနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြခဲ့ပြီး လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ခေတ္တဦးဆောင်ညွှန်ကြားရေးမှူး ဦးအေးကျော်နှင့် Hitachi Soe Electric and Machinery Co., Ltd. မှ ဥက္ကဋ္ဌ ဦးကျော်မင်းထွန်းတို့က စာချုပ်ကို လက်မှတ်ရေးထိုး၍ အပြန်အလှန်လဲလှယ်ခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ပါသည်။
အဆိုပါ ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဆောင်ရွက်လျက်ရှိသော အမျိုးသားလျှပ်စစ် ဓာတ်အားရရှိရေးစီမံကိန်း (NEP) ပထမအဆင့် ၂ မိုင်အတွင်း ကျေးရွာများနှင့် ဒုတိယအဆင့် ၅ မိုင် အတွင်းကျေးရွာများ ဆောင်ရွက်ပြီးစီးပါက ကျေးရွာပေါင်း ၉၇၈၀ ရွာ၊ အိမ်ထောင်စုပေါင်း ၁,၁၆၆,၄၃၁ စုရှိ လူဦးရေ ၅.၅ သန်းခန့်တို့မှ လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်မည်ဖြစ်ပြီး တစ်နိုင်ငံလုံး နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား သုံးစွဲ နိုင်မှုရာခိုင်နှုန်း ၁၀.၇၂ ခန့်အထိ တိုးတက်သုံးစွဲလာနိုင်မည်ဖြစ်ပါသည်။