The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(စွမ်းအင်) ဒေါက်တာထွန်းနိုင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အမှတ် (၅) ဓာတ်မြေသြဇာစက်ရုံ(ကန်ကြီးထောင့်)နှင့် ရေနံဓာတ်ငွေ့ရည်စက်ရုံ(ညောင်တုန်း) တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေး

 ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (  ၂  ) ရက်

             လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး (စွမ်းအင်) ဒေါက်တာထွန်းနိုင်သည် ဧရာဝတီတိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေး၊ မြန်မာ့ရေနံ ဓာတုဗေဒလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်မြင့် နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့် မြို့နယ်ရှိ အမှတ်(၅) ဓာတ်မြေသြဇာစက်ရုံ (ကန်ကြီးထောင့်)နှင့် မအူပင်ခရိုင် ညောင်တုန်းမြို့နယ်ရှိ အမှတ်(၂) ရေနံဓာတ်ငွေ့ရည်စက်ရုံ (ညောင်တုန်း)တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

             ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့် မြို့နယ်၊ အိုးဘိုကျေးရွာအနီး မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းလက်အောက်ရှိ အမှတ်(၅)ဓာတ်မြေသြဇာ စက်ရုံ (ကန်ကြီးထောင့်) သို့ ရောက်ရှိရာ စက်ရုံအစည်းအဝေးခန်းမတွင် စက်ရုံမှူးမှ စက်ရုံ သမိုင်းကြောင်းနှင့် ယူရီးယားဓာတ်မြေသြဇာ ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချပေးနေမှု အခြေအနေ များအား ရှင်းလင်းတင်ပြပြီး ဦးဆောင် ညွှန်ကြားရေးမှူး ဦးအောင်မြင့်မှ ဖြည့်စွက်ရှင်းလင်း တင်ပြရာ ဒုတိယဝန်ကြီးက လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးအလေးထားဆောင်ရွက်ရန်၊ စက်ပစ္စည်းများ ကြံ့ခိုင်ကောင်းမွန်ရေး သတ်မှတ်ချက်များနှင့်အညီ စစ်ဆေးဆောင်ရွက်ရန်၊ စက်စွမ်းအားပြည့် လည်ပတ်ထုတ်လုပ်နိုင်ရေး စက်အရန်ပစ္စည်းများကို ကြိုတင်တွက်ချက် ဝယ်ယူ စုဆောင်းထားရှိရန်လိုအပ်ပါကြောင်း၊ ယခင်က အရှုံးပေါ်နေခဲ့ရာမှ ယခုအခါ အမြတ်များ ပြန်လည် ရရှိနေ၍ ချီးကျူးဂုဏ်ပြုပါကြောင်း၊ ယခုအခြေအနေကို ကျေနပ်မနေပဲ ဓာတ်မြေသြဇာများ ပိုမို တိုးတက်ထုတ်လုပ်နိုင်ရေး ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း၊ ယူရီးယားဓာတ်မြေသြဇာ ထုတ်လုပ်သော စက်ရုံများသည် နည်းပညာမြင့်စက်ရုံများဖြစ်ပြီး တစ်ဦးကောင်းတစ်ယောက်ကောင်း ဆောင်ရွက်လို့ မရပါကြောင်း၊ အားလုံးဝိုင်းဝန်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ စက်ရုံရှိ ဝန်ထမ်း များ အနေဖြင့် စက်ရုံရေရှည်တည်တံ့ ကောင်းမွန်စေရေး အာလုံး ညီညီညွတ်ညွတ် ကြိုးစား ဆောင်ရွက်ကြစေလိုပါကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။

             ထို့နောက် စက်ရုံထိန်းချုပ်ခန်းအတွင်း စက်ရုံလည်ပတ် မောင်းနှင်နေမှု အခြေအနေနှင့် ယူရီးယားဓာတ်မြေသြဇာ ထုတ်လုပ်နေမှု အခြေအနေအား ကြည့်ရှု စစ်ဆေးပြီး ဝန်ထမ်းအိမ်ယာ များအား လှည့်လည်ကြည့်ရှုကာ  ဝန်ထမ်းမိသားစုများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ပါသည်။

             အဆိုပါ အမှတ် (၅) ဓာတ်မြေသြဇာစက်ရုံ (ကန်ကြီးထောင့်) သည် ဧရာဝတီ တိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ အိုးဘိုကျေးရွာအနီး  တည်ရှိပြီး ညောင်တုန်း-မအူပင် သဘာဝဓာတ်ငွေ့မြေမှ ထွက်ရှိသော သဘာဝဓာတ်ငွေ့ကို အသုံးပြု၍ တစ်ရက်လျှင် ယူရီးယား ဓာတ်မြေသြဇာ တန် ၃၅၀ ကျော် ထုတ်လုပ်ပေးလျက်ရှိပြီး၊ တင်ဒါစနစ်ဖြင့် ဖြန့်ဖြူး ရောင်းချပေးလျက်ရှိပါသည်။

             ဆက်လက်၍ မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အမှတ်(၂) ရေနံဓာတ်ငွေ့ရည် စက်ရုံ(ညောင်တုန်း)နှင့် အဆိုပါဝန်းအတွင်းရှိ အမှတ်(၃) ရေနံဓာတ်ငွေ့ရည်စက်ရုံ (ကျွန်းချောင်း) ပြောင်းရွှေ့တည်ဆောက်ခြင်း စီမံကိန်းလုပ်ငန်းခွင်သို့ ရောက်ရှိရာ စီမံကိန်းတာဝန်ရှိသူများမှ စက်ပစ္စည်းများ တပ်ဆင်တည်ဆောက်နေမှု အခြေအနေအား  ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီးက လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဘေးအန္တရာယ်ကင်းရှင်းရေး၊ သတ်မှတ်ကာလအတွင်း အချိန်မီ တည်ဆောက်နိုင်ရေး၊ လျှပ်စစ်ဓာတ်အားသုံးစွဲမှု လျော့နည်းစေရေးနှင့် ထင်း/မီးသွေး လောင်စာ သုံးစွဲမှု လျော့ချနိုင်ရေးအတွက် အထောက်အကူပြုသည့် ​ရေနံဓာတ်ငွေ့ရည်အား ပိုမိုထုတ်လုပ် နိုင်ရေး ကြိုးစားဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

          အမှတ်(၂)ရေနံဓာတ်ငွေ့ရည်စက်ရုံ(ညောင်တုန်း)သည် ညောင်တုန်း-မအူပင် သဘာဝ ဓာတ်ငွေ့မြေမှ ထွက်ရှိသော သဘာဝဓာတ်ငွေ့ကို အသုံးပြု၍ တစ်ရက်လျှင် ရေနံဓာတ်ငွေ့ရည် ၁၂ တန်ခန့်ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိပါသည်။ အမှတ်(၃) ရေနံဓာတ်ငွေ့ရည်စက်ရုံ(ကျွန်းချောင်း) ပြောင်းရွှေ့တပ်ဆင်တည်ဆောက်နေမှုမှာ စီမံကိန်းတစ်ခုလုံး၏ ၃၂% ခန့် ပြီးစီးနေပြီဖြစ်ပြီး အဆိုပါ စက်ရုံအား တည်ဆောက်ပြီးစီးပါက ရေနံဓာတ်ငွေ့ရည်များ ယခုထက် ပိုမိုထုတ်လုပ်ဖြန့်ဖြူးပေး နိုင်မည် ဖြစ်ပါသည်။

Post under by : ဝန်ကြီးရုံး
02-Feb-2020