The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

အင်ပင်မြို့တွင် လျှပ်စစ်ဓာတ်အားခွဲရုံ တည်ဆောက်ပေးရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့် မေးခွန်း

           မြန်အောင်မြို့နယ်သည် ဧရာဝတီမြစ်ရိုးအတိုင်း တောင်မြောက်အလျားအလိုက် တည်ရှိပြီး အရှေ့ဘက် ဧရာဝတီမြစ်ကမ်းမှသည် အနောက်ဘက် အနောက်ရိုးမ၊ ရခိုင်ရိုးမတောင်ခြေ၊ တောင်တန်းများအထိ ကျယ်ပြန့်စွာ တည်ရှိပါကြောင်း၊ ဧရာဝတီမြစ်ရိုးတစ်လျှောက် ကျေးရွာများ၊ မြို့နယ်၏ အလယ်ပိုင်းဒေသ ကျေးရွာအချို့တွင် မြစ်ရေတင် စီမံကိန်း၏ ဓာတ်အားခွဲရုံမှ လည်းကောင်း၊ NEP စီမံကိန်းကြောင့်လည်းကောင်း လျှပ်စစ်မီးကို ကျေးရွာအချို့ ရရှိပြီး ကျန်ရှိသော ကျေးရွာများမှာလည်း လျှပ်စစ်မီး မလွဲမသွေ ရရှိရန် အလားအလာကောင်းများ ရှိနေပါကြောင်း၊ မြို့နယ်၏ အနောက်ဘက်ခြမ်း တောင်ရိုးဒေသ ကျေးရွာအုပ်စု ၁၁ အုပ်စု၊ ကျေးရွာခွဲပေါင်း ၇၃ ရွာ အတွက်တွင် လျှပ်စစ် မီးရရှိရန် လိုအပ်လျက် ရှိပြီး NEP စီမံကိန်းအရ နှစ်မိုင်၊ သုံးမိုင်၊ ငါးမိုင်၊ ၁၀ မိုင် စာရင်းများတွင် ကောက်ယူ ပါရှိသော်လည်း ဆောင်ရွက်ရန် နည်းပညာအရ အဟန့် အတား ဖြစ်နေပါကြောင်း၊ ၎င်းဒေသ ကျေးရွာအုပ်စုများ၏ အချက်အခြာကျသည့် အင်ပင်မြို့အထိ မြောင်သဘာဝ ဓာတ်ငွေ့ဓာတ်အားပေး စက်ရုံမှ ၁၁ ကေဗွီလိုင်း ရောက်ရှိပြီး ဖြစ်ပါကြောင်း၊ တောင်ရိုးဒေသတွင် အင်ပင်မြို့မှ ငါးမိုင်၊ ၁၀ မိုင်အတွင်းရှိ မြို့နယ်အစွန် အနောက်ခြမ်းဒေသ ဖြစ်ပါကြောင်း၊ လျှပ်စစ်ဓာတ်အား လမ်းမိုင်အရှည်များစွာ ခွဲဝေတည်ဆောက်ရမည့် အခြေအနေမျိုး ဖြစ်ပါကြောင်း၊ အုန်းသျှစ်ပင် ၆၆/၁၁ ကေဗွီဓာတ်အားခွဲရုံမှ  ၆၆ ကေဗွီဓာတ်အား မဟာဓာတ်အားလိုင်းမှ ကြံခင်း-မြန်အောင်-အင်ပင်ကို ဖြတ်ပြီး ဟင်္သာတအထိ ဖြတ်သန်း သွယ်တန်းထားပြီး ဖြစ်ပါကြောင်း၊ အင်ပင်မြို့တွင် ၆၆/၁၁ ကေဗွီဓာတ်အားခွဲရုံ တည်ဆောက် ထားရှိသည့်အတွက် မြို့နယ်၏ အနောက်ဘက်ခြမ်း တောင်ရိုးဒေသ ၁၁ အုပ်စုရှိ အိမ်ခြေ ၈၃၆၇ အိမ်၊ အိမ်ထောင်စု ၈၉၇၁ စု လူဦးရေ ၃၂၉၁၂ တို့အတွက် လျှပ်စစ်မီး ရရှိရန် မျှော်လင့်နိုင်မည် ဖြစ်ပါကြောင်း၊ အင်ပင်မြို့အတွက် ဓာတ်အားခွဲရုံ တည်ဆောက်ရန် လုံလောက်မည့် မြေနေရာလည်း အသင့်ရှိထားပြီး မြေစာရင်းပုံစံ ၁၀၅/၁၀၆ လျှောက်ထားရရှိပြီး ဖြစ်ပါကြောင်း၊ မြို့နယ်သည် လျှပ်စစ် မီး ၅၀ ရာခိုင်နှုန်း ရရှိရန် ဆောင်ရွက်နေသော်လည်း ၎င်းနယ်မြေများတွင် သုည ရာခိုင်နှုန်းသာ ဖြစ်ပါကြောင်း၊ အလားအလာရှိပြီး မျှော်လင့်ချက်ဝေးနေကြသည့်အချိန် ဖြစ်ပါကြောင်း၊သို့သော် မိမိတို့၏ တောင်ရိုးဒေသ ပြည်သူများသည် ၎င်းတို့၏ မျှော်လင့်ချက်ကို စွန့်လွှတ်ထားခဲ့ခြင်း မရှိပါကြောင်း၊ ထို့ကြောင့် အင်ပင်မြို့တွင် လျှပ်စစ်ဓာတ်အားခွဲရုံ တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် တည်ဆောက်ပေးမည်ဆိုပါက မည်သည့်နှစ်တွင် အပြီး တည်ဆောက် ပေးမည်ကို သိလိုကြောင်း မေးမြန်းပါသည်။ 

          မြန်အောင်မြို့နယ်၊ အင်ပင်မြို့တွင် ၆၆ ကေဗွီ မြန်အောင်-ဟင်္သာတ ကေဗွီဓာတ်အားလိုင်းမှ ၆၆ ကေဗွီဓာတ်အားလိုင်း  ၀.၁ မိုင်(Double Circuit) တည်ဆောက်ခြင်းနှင့် ၆၆/၁၁ ကေဗွီ ၅ အမ်ဗွီအေ ဓာတ်အား ခွဲရုံ တည်ဆောက်ခြင်း လုပ်ငန်းကို ADB ချေးငွေဖြင့် ဆောင်ရွက်မည့် Power Network Development Project စီမံကိန်းတွင် ၂၀၁၉ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း ဆောင်ရွက်ရန် ထည့်သွင်းလျာထားပြီး ဖြစ်ပါကြောင်း၊ ၎င်းဓာတ်အားခွဲရုံ တည်ဆောက်ရန်အတွက် ကိုယ်စားလှယ်ကြီး ပြောသွားသည့်အတိုင်း မြေနေရာအတွက် ၁၀၅/၁၀၆ နှင့် ရရှိထားပြီး ဖြစ်ပါကြောင်း၊ လက်ရှိတွင် စီမံကိန်း ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတကာ အကြံပေးအဖွဲ့ ငှားရမ်းခြင်းကို ဆောင်ရွက်လျက် ရှိပါကြောင်း၊ တင်ဒါစိစစ် အတည်ပြုခြင်း လုပ်ငန်းများလည်း ဆောင်ရွက်နေပါကြောင်း၊ ပစ္စည်းဝယ်ယူရေးအတွက် နိုင်ငံတကာတင်ဒါ ခေါ်ယူရေးအတွက်ကိုလည်း  Bidding Document များ ပြုစုဆောင်ရွက်လျက် ရှိပါကြောင်း၊ စီမံကိန်း ရေးဆွဲထားသည့် Project Schedule အရ ပစ္စည်းဝယ်ယူရေး လုပ်ငန်းများကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ရောက်ရှိစေရန် ဆောင်ရွက် သွားမည်ဖြစ်ပြီး တည်ဆောက်ရေး လုပ်ငန်းများကို ၎င်းနှစ်တွင် စတင် တည်ဆောက်သွားမည် ဖြစ်ပါကြောင်း ဖြေကြားပါသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း

လျှပ်စစ်နှင့်စွမ်းအင်

https://www.pyithu.hluttaw.mm/question-4190

 

05-Feb-2020