၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၁၅ ) ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးမျိုးမြင့်ဦး နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၁၅) ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်ရှိ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်း၊ အောက်မြန်မာပြည်ရုံးခွဲ (စိမ်းလဲ့မေ) နှင့် သာကေတမြို့နယ်ရှိ ကမ်းလွန်ရေနံအခြေစိုက် စခန်း တို့အား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရန်ကင်းမြို့နယ်ရှိ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ အောက်မြန်မာပြည်ရုံးခွဲ(စိမ်းလဲ့မေ)သို့ရောက်ရှိရာ အစည်းအဝေး ခန်းမတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းမှ တာဝန် ရှိသူများက အောက်မြန်မာပြည်ရုံးခွဲ၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ ရုံးအဆောက် အအုံများ ဖွဲ့စည်းနေရာချထားမှု အခြေအနေများ၊ Oil & Gas Data Center အဆင့်မြှင့်တင်ခြင်း လုပ်ငန်း ဆောင်ရွက်နေသည့် အစီအစဉ်များ၊ Data Center အတွင်း ရေနံလုပ်ကွက်အသီးသီး၏ တိုင်းတာထားသော အချက်အလက်များကို Tape များ၊ Digital စနစ်များနှင့် မှတ်တမ်းစာအုပ် စာတမ်းများ ထိန်းသိမ်းထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြရာ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးမျိုးမြင့်ဦးမှ ဖြည့်စွက်ရှင်းလင်း တင်ပြ ပါသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးမှ Data Center ဖြစ်သည်နှင့်အညီ ကုန်းတွင်းပိုင်းနှင့် ကမ်းလွန်ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ရေးဆိုင်ရာ အချက်အလက် များ၊ စာအုပ်စာတမ်းများ ထိန်းသိမ်းထားရာတွင် ပျက်စီးမှု မရှိစေရေး စနစ်တကျ ဂရုပြု အလေးထားဆောင်ရွက်သွားရေး၊ မီးဘေးအန္တရာယ် ကြိုတင်အချက်ပေးစနစ်တပ်ဆင်ရေး ၊ Data အချက်အလက်များသည် မိမိတို့ဝန်ကြီးဌာန၏ အရေးကြီးပြီး အထူးတန်ဖိုးရှိသည့် အချက် အလက်များဖြစ်သည့်အတွက် ပျောက်ဆုံးမှုမရှိစေရေးနှင့် လုံခြုံမှုအထူးဂရုပြုဆောင်ရွက်သွားရေး တို့အား လမ်းညွှန်မှာကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် Data Center အတွင်း ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ရှာဖွေတူးဖော်ရေးဆိုင်ရာ အချက်အလက်များ သိမ်းဆည်းထားသည့် Data တိပ်ခွေ များ၊ Data မှတ်တမ်းစာအုပ်များ သိမ်းဆည်းထားရှိမှု အခြေအနေများအား ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက သိရှိလိုသည်များ မေးမြန်း ခဲ့ကာ Data Center အတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သာကေတမြို့နယ်ရှိ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ကမ်းလွန်ရေနံအခြေစိုက်စခန်း(သာကေတ)သို့ ရောက်ရှိပြီး အစည်းအဝေးခန်းမတွင် စခန်းတာဝန်ခံ အထွေထွေမန်နေဂျာမှ ကမ်းလွန်အခြေစိုက်စခန်း၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ဦးဆောင်ညွှန်ကြားရေးမှူး ဦးမျိုးမြင့်ဦးမှ ဖြည့်စွက်ရှင်းလင်းတင်ပြပါသည်။ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပြီး ကမ်းလွန်အခြေစိုက်စခန်းအတွင်း လုပ်ငန်း ဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
အဆိုပါ ကမ်းလွန်ရေနံအခြေစိုက်စခန်း(သာကေတ)သည် ကုန်းတွင်းနှင့်ကမ်းလွန် ရေနံရှာဖွေတူးဖော် ထုတ်လုပ်ခြင်းများ အောင်မြင်စွာ ပြုလုပ်နိုင်စေရန် အထောက်အကူပြု လုပ်ငန်းများဆောင်ရွက်ပေးရခြင်း၊ ကုန်တွင်းနှင့် ကမ်းလွန်ရေနံ ရှာဖွေတူးဖော်ထုတ်လုပ် သည့် ပြည်တွင်း/ ပြည်ပမှ ဝယ်ယူထားသော လုပ်ငန်းသုံးပစ္စည်းများအား လက်ခံသိုလှောင်၍ လိုအပ် သည့် နေရာဒေသများသို့ ထောက်ပံ့ပို့ဆောင် ဖြန့်ဖြူးပေးခြင်း၊ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ သဘာဝဓာတ်ငွေ့ထိန်း/ဖြန့်စခန်းများ၊ အသုံးချသုတေသန၊ ပိုက်လိုင်းအခြေစိုက်စခန်းများ၊ အောက်မြန်မာပြည် ရေနံမြေအစမ်းတွင်း ဒေသများတွင် တည်ဆောက်ပြုပြင် ထိန်းသိမ်းခြင်း လုပ်ငန်းများနှင့် လုပ်ငန်းသုံးပစ္စည်းများ၊ စက်ယန္တရားများ ထောက်ပံ့ပို့ဆောင်ပေးခြင်းလုပ်ငန်း များ၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းပိုင် သင်္ဘောများ လွန်းတင်ပြုပြင်ခြင်းလုပ်ငန်း များအား ဆောင်ရွက်လျက်ရှိပါသည်။