၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ( ၁၆ ) ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား သုံးစွဲမှု တစ်နိုင်ငံလုံး၏ (၅၀%) ပြည့်မြောက်သည့်အထိမ်းအမှတ် ဂုဏ်ပြု အခမ်းအနားနှင့် မြိုင်မြို့နယ် အတွင်း ကျေးရွာ ၆၀ ရွာ လျှပ်စစ်မီးလင်းရေးအခမ်းအနားများအား ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့၌ ကျင်းပပြုလုပ်ခဲ့ ပါသည်။
အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း၊ မကွေးတိုင်းဒေသကြီး ဥပဒေချုပ် ဦးဆန်းလင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်း ဒေသကြီးလွှတ်တော်တို့မှ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဖိတ်ကြား ထားသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြပါသည်။
ရှေးဦးစွာ နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားသုံးစွဲမှု တစ်နိုင်ငံလုံး၏ (၅၀ %) ပြည့်မြောက်သည့်အထိမ်းအမှတ် အခမ်းအနားမုခ်ဦးအား မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း၊ မကွေးတိုင်းဒေသကြီး ဥပဒေချုပ် ဦးဆန်းလင်း၊ မကွေးတိုင်းဒေသကြီး သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီး ဦးမြင့်ဇော်၊ တိုင်းဒေသကြီး အမှတ်(၁) လွှတ်တော် ကိုယ်စားလှယ် ဦးသက်နိုင်နှင့် တိုင်းဒေသကြီး အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဌေးတို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ပါသည်။
ထို့နောက် အခမ်းအနားအစီအစဉ် ဒုတိယပိုင်းအား ဆက်လက်ကျင်းပရာ မကွေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ နိုင်ငံတော် ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားသုံးစွဲမှု တစ်နိုင်ငံလုံး၏ (၅၀ %) ပြည့်မြောက်သည့် အထိမ်း အမှတ်နှင့် မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာ ၆၀ ရွာ လျှပ်စစ်ဓာတ်အား ရရှိသုံးစွဲနိုင်ခဲ့မှုများနှင့် ပတ်သက်၍ အမှာစကားပြောကြားခဲ့ပါသည်။
ဆက်လက်၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းက အမှာ စကားပြောကြားရာတွင် နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အဖက်ဖက် က အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ လမ်းပန်းဆက်သွယ်ရေး လုံခြုံ ချောမွေ့စေရေးနှင့် လျှပ်စစ်ဓာတ်အား တည်ငြိမ်ပြည့်ဝစွာရရှိစေရေးတို့ကို အဓိကအခန်းကဏ္ဍမှ ဦးစားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အနေဖြင့် မိမိတို့၏ ရည်မှန်းချက်ဖြစ်သည့် ပြည်သူများနှင့် စက်မှုလက်မှုလုပ်ငန်းများတွင် လျှပ်စစ်ဓာတ်အား ပြည့်ဝစွာသုံးစွဲနိုင်ရေးအတွက် ဓာတ်အားပေးစက်ရုံများ၊ ဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲရုံများ တည်ဆောက်၍ ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေးအတွက် အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလတွင် တစ်နိုင်ငံလုံး၏ ၅၀ ရာခိုင်နှုန်းကို နိုင်ငံတော်ဓာတ်အားစနစ်မှ ဖြန့်ဖြူးပေးနိုင်ခဲ့ပြီဖြစ်၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအတွက် မှတ်တိုင်သစ်တစ်ခု စိုက်ထူ နိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ ဆက်လက်ပြီး ၂၀၂၁ ခုနှစ်တွင် ၅၅ ရာခိုင်နှုန်း၊ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် ၇၅ ရာခိုင်နှုန်း အထက်နှင့် ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး ၁၀၀ ရာခိုင်နှုန်းအပြည့်အဝ လျှပ်စစ် ဓာတ်အားရရှိသုံးစွဲနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုကဲ့သို့ ဆောင်ရွက် လျက်ရှိရာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် အမျိုးသားလျှပ်စစ်နှင့် စွမ်းအင်မူဝါဒနှင့် အညီ လျှပ်စစ်ကဏ္ဍတွင် ရေအားစွမ်းအင်၊ အပူစွမ်းအင်၊ နေရောင်ခြည်စွမ်းအင် ကဲ့သို့သော စွမ်းအင်အရင်း အမြစ်မျိုးစုံကို အသုံးပြု၍ ရေတို/ရေရှည် စီမံချက်များ ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဓာတ်အားစနစ်မှ ဓာတ်အားပေးနိုင်ရေး ဆောင်ရွက်မှုများရှိသကဲ့သို့ ဓာတ်အားစနစ်နှင့် ဝေးကွာ သောဒေသများသို့လည်း လျှပ်စစ်ဓာတ်အားရရှိ သုံးစွဲနိုင်ရေးအတွက် ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေ၊ တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေ၊ နိုင်ငံတကာအဖွဲ့အစည်းများဖြစ်သည့် JICA ၊ ADB နှင့် World Bank တို့ထံမှ အတိုးနှုန်းသက်သာသော နှစ်ရှည်ချေးငွေများဖြင့် အကောင်အထည်ဖော် ကြိုးပမ်းလျက် ရှိပါကြောင်း၊ ယခုကဲ့သို့ မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုပေါင်း ၃၀ ၊ ကျေးရွာပေါင်း ၆၀ ရွာ ၊ အိမ်ထောင်စုပေါင်း ၁၂၄၀၄ စု လျှပ်စစ်မီးအလင်းရရှိစေရန်အတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း တိုင်းဒေသကြီး၏ ဘဏ္ဍာရန်ပုံငွေအဖြစ် ကျပ်သန်းပေါင်း ၁၂.၉၄၅ ၊ ဒေသခံပြည်သူများ၏ စုပေါင်းထည့်ဝင်ငွေ အဖြစ် ကျပ်သန်းပေါင်း ၃၈.၆၆၄ နှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း အမျိုးသားလျှပ်စစ် ဓာတ်အားရရှိရေးစီမံကိန်း (NEP)၏ ပထမအဆင့်အရလည်းကောင်း လုပ်ဆောင် ရမည့် အချို့လုပ်ငန်းများကို ဆောင်ရွက်ပေးခြင်းတို့ကြောင့် ယခုဖွင့်ပွဲအခမ်းအနားကြီး ဖြစ်ပေါ် လာခဲ့ရခြင်းဖြစ်ပါကြောင်း၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း မကွေးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာပေါင်း ၁၆၁ ရွာ လျှပ်စစ်မီး အလင်း ရရှိစေရန်အတွက် ကျပ် ၁၇.၄၇၈ ဘီလီယံခန့် ကျခံသုံးစွဲဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ နိုင်ငံတော်၏သဘာဝသယံဇာတ အရင်းအမြစ်များကို အခြေခံ၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးနေသည့် မုန်းချောင်း ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံ ၇၅ မဂ္ဂါဝပ်၊ ကြီးအုံကြီးဝရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ ၇၄ မဂ္ဂါဝပ်၊ မြစ်သာ ရေအား လျှပ်စစ် ဓာတ်အားပေးစက်ရုံ ၄၀ မဂ္ဂါဝပ်၊ ကျွန်းချောင်း သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ ၅၄ မဂ္ဂါဝပ်၊ မကွေးသဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ ၆၆ မဂ္ဂါဝပ်နှင့် မင်းဘူးနေရောင်ခြည် စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ ၄၀ မဂ္ဂါဝပ်တို့မှ စုစုပေါင်း တပ်ဆင်အင်အား ၃၄၉ မဂ္ဂါဝပ်ကို နိုင်ငံတော်ဓာတ်အားစနစ်အတွင်းသို့ ပို့လွှတ်ဖြန့်ဖြူး ပေးလျက်ရှိပါကြောင်း၊ မကွေးတိုင်းဒေသကြီး အနေဖြင့် လက်ရှိတွင် လျှပ်စစ်ဓာတ်အား ၁၀၀ မဂ္ဂါဝပ်ခန့်သာ အသုံးပြုလျက်ရှိသည့်အတွက် ဓာတ်အားလုံလောက်စွာ ဖြန့်ဖြူးပေးနိုင်သည့်အပြင် ပိုလျှံသည့် လျှပ်စစ်ဓာတ်အားများသည် နိုင်ငံတော်ဓာတ်အားစနစ်အတွင်းသို့ အလိုအလျောက် စီးဆင်းသွားမည်ဖြစ်ပြီး ဓာတ်အားစနစ် အတွင်းရှိ လျှပ်စစ်ဓာတ်အားအသုံးပြုနေသော ပြည်သူများမှလည်း အကျိုးမျှဝေခံစားနေရသဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုသည့်စက်ရုံများဖြစ်ပါကြောင်း၊ ယခင်က မကွေးတိုင်းဒေသကြီးအတွင်း ဒီဇယ်အင်ဂျင်သုံးဓာတ်အားပေးစက်များဖြင့် ဓာတ်အားဖြန့်ဖြူးပေး နေသည့် ကံမမြို့၊ မင်းတုန်းမြို့၊ ကျောက်ထုမြို့၊ ဆောမြို့နှင့် ထီးလင်းမြို့များကို ၂၀၁၆ ခုနှစ်မှ စတင်၍ နိုင်ငံတော် ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားများ ဖြန့်ဖြူးပေးနိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ ထို့ကြောင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့ (၃၂) မြို့လုံးတွင် နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားများကို ရရှိသုံးစွဲနေပြီဖြစ်ပါကြောင်း၊ ဆက်လက်၍ ၆၆ ကေဗွီ မြိုင်ဓာတ်အား ခွဲရုံနှင့် ၆၆ ကေဗွီ ရေစကြိုဓာတ်အားခွဲရုံတို့ကို ယခုဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော် တည်ဆောက်သွားမည်ဖြစ်ပါကြောင်း၊ အလားတူ မကွေးတိုင်းဒေသကြီး အတွင်း အမျိုးသားလျှပ်စစ် ဓာတ်အားရရှိရေးစီမံကိန်း (NEP) ဖြင့် ပထမအဆင့်တွင် ကျေးရွာပေါင်း (၆၆၄) ရွာ၊ ဒုတိယ အဆင့်တွင် ကျေးရွာပေါင်း (၃၈၆) ရွာတို့ကိုလည်း လျှပ်စစ်ဓာတ်အားရရှိသုံးစွဲနိုင်ရေး ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှလည်း ကျေးရွာများလျှပ်စစ်ဓာတ်အား ရရှိသုံးစွဲနိုင်ရေးကို ဦးစားပေးဆောင်ရွက် နေသကဲ့သို့ ပြည်သူလူထုမှလည်း ကိုယ့်အားကိုယ်ကိုး စနစ်ဖြင့် ကိုယ်ထူကိုယ်ထ ဆောင်ရွက်လျက် ရှိနေကြသည့်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဒေသခံပြည်သူများကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် များစွာဂုဏ်ယူဝမ်းမြောက်မိ ပါကြောင်း၊ အဆိုပါလုပ်ငန်းများ အားလုံး ဆောင်ရွက်ပြီးစီးသွားပါက မကွေးတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားရရှိမှုသည် လက်ရှိ ၃၅.၉၄ ရာခိုင်နှုန်းမှ ၅၅.၂၆ ရာခိုင်နှုန်းခန့်အထိ တိုးတက် သုံးစွဲလာနိုင်မည် ဖြစ်ပါကြောင်း၊ ပြည်သူများလျှပ်စစ်ဓာတ်အား တိုးတက်သုံးစွဲနိုင်ရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ကြိုးပမ်းမှုများအပေါ် ပြည်သူတစ်ရပ်လုံးမှလည်း ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြပါရန်နှင့် ဓာတ်အားရရှိသုံးစွဲနိုင်ခြင်း မရှိသေးသည့်ဒေသများကို ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရေး ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်၍ ဒေသခံမိဘ ပြည်သူများကလည်း ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန် မေတ္တာရပ်ခံတိုက်တွန်းလိုပါကြောင်း၊ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်စေရန် လျှပ်စစ်ဓာတ်အားရရှိမှုသည် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါကြောင်း၊ ထိုသို့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတွင် တည်ငြိမ်ပြည့်ဝသော လျှပ်စစ် ဓာတ်အားပြည့်ဝစွာရရှိရေးအတွက် မိမိတို့ဝန်ကြီးဌာနမှ အင်တိုက်အားတိုက် ကြိုးပမ်းဆောင်ရွက် လျက်ရှိပါကြောင်း၊ ယခုလိုဆောင်ရွက်ရသည်မှာလည်း နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှသာ ပြည်သူ များ၏ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်လာပြီး လူနေမှုအဆင့်အတန်းများလည်း မြင့်တက် လာမည်ဖြစ်သည့်အတွက် မိမိတို့ဝန်ကြီးဌာနနှင့်အတူ ပြည်သူတစ်ရပ်လုံးက အတူတကွပူးပေါင်း ပါဝင် ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် တိုင်းဒေသကြီး အမှတ်(၁)လွှတ်တော်ကိုယ်စားလှယ် ဦးသက်နိုင်က လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားသုံးစွဲမှုတစ်နိုင်ငံလုံး၏ (၅၀%) ပြည့်မြောက်သည့် အထိမ်းအမှတ်နှင့် မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာ ၆၀ ရွာ လျှပ်စစ်ဓာတ်အား ရရှိသုံးစွဲ နိုင်ခဲ့မှုများနှင့် ပတ်သက်၍ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။
၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး ဥပဒေချုပ် ၊ ဒုတိယဝန်ကြီး နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်လာ သည့် ဧည့်သည်တော်များနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြပြီး ခန်းမအတွင်း ပြသထားသည့် မကွေးတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်မှု အခြေအနေ ပြသ ထားမှုပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့ကြပါသည်။
ယနေ့တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ် ဓာတ်အားသုံးစွဲမှု ၅၀% ပြည့်မြောက်မှုတွင်ပါဝင်သော မကွေးတိုင်းဒေသကြီး ၊ မြိုင်မြို့ နယ်အတွင်းရှိ ကျေးရွာအုပ်စု ၃၀ မှ ကျေးရွာပေါင်း ၆၀ ရွာ ၊ အိမ်ထောင်စုပေါင်း ၁၂,၄၀၄ စု တို့အား နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေနှင့် ဒေသခံပြည်သူများ၏ ကိုယ်ထူကိုယ်ထ ဆောင်ရွက်မှုများဖြင့် လျှပ်စစ် မီးလင်းရေးဖွင့်ပွဲအခမ်းအနားများကို အောင်မြင်စွာ ကျင်းပခဲ့ပါသည်။
ထို့နောက် မြိုင်မြို့နယ်၊ သမန်းကန်ကျေးရွာနှင့် တဲကြီးကျေးရွာတို့တွင် ကျင်းပသည့် ကျေးရွာ ၆၀ ရွာ ကိုယ့်အားကိုယ်ကိုးမီးလင်းရေးဖွင့်ပွဲ အခမ်းအနားများအား မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း၊ တိုင်းဒေသကြီး အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးသက်နိုင်၊ တိုင်းဒေသကြီး အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဌေးနှင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး ဦးရဲတိုးသွင်တို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ပါသည်။