၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ( ၂၄ )ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး (လျှပ်စစ်) ဦးခင်မောင်ဝင်း နှင့် ဒုတိယ ဝန်ကြီး(စွမ်းအင်) ဒေါက်တာထွန်းနိုင် (ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှု ကော်မတီ-ဥက္ကဋ္ဌ) တို့ သည် ထိုင်းနိုင်ငံ Neighbouring Countries Economic Development Cooperation Agency (NEDA) မှ Chairperson of the Board, Ms. Chularat Suteethorn နှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mrs. Suphatra Srimaitreephithak ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့၊ ၁၁:၃၀ နာရီအချိန်တွင် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာ၌ ထားဝယ်အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရေး အတွက် ၂၁-၂-၂၀၂၀ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် မြန်မာ-ထိုင်း ကနဦးစီမံကိန်း ပူးတွဲလုပ်ငန်း ကော်မတီ အစည်းအဝေးနှင့် မြန်မာ-ထိုင်း-ဂျပန် (၃) နိုင်ငံ Working Level အလွတ်သဘော အစည်းအဝေး အခြေအနေများ၊ နှစ်လမ်းသွား ကားလမ်းချေးငွေ သဘောတူစာချုပ် လက်မှတ်ရေးထိုးနိုင်ရေး ကိစ္စရပ်များ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာနမှ ထားဝယ်အထူးစီးပွားရေးဇုန်အတွင်း ဆောင်ရွက် မည့် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံစီမံကိန်းများနှင့် NEDA မှ ချေးငွေဖြင့် ဆောင်ရွက်မည့် ရန်ကုန်တိုင်း ဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှု တိုးတက်ကောင်းမွန်ရေး စီမံကိန်း အကောင်အထည်ဖော်ရေးအတွက် ချေးငွေစာချုပ် ချုပ်ဆိုနိုင်ရေး ဆက်လက်ဆောင်ရွက် မည့်အခြေ အနေများ၊ စီမံကိန်းဆိုင်ရာ ESIA လုပ်ငန်းစဉ်များ၊ စီမံကိန်းများ အောင်မြင်ရေး အတွက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များအား နှစ်ဖက်အမြင်ချင်း ဖလှယ်၍ ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါ တွေ့ဆုံပွဲသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦး၊ သက်ဆိုင်ရာဌာနအကြီးအကဲများနှင့်အတူ ထိုင်းနိုင်ငံ Neighbouring Countries Economic Development Cooperation Agency (NEDA) ၊ Thailand International Cooperation Agency (TICA) ၊ ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။