The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

ပြည်သူများလျှပ်စစ်သုံးစွဲမှု ပိုမိုကောင်းမွန်စေရန်၊ ဝန်ဆောင်မှုများ အဆင်ပြေစေရန်၊ ဓာတ်အား ပျောက်ဆုံးမှု လျော့နည်းစေရန်နှင့် အလေအလွင့်မဖြစ်စေရန်အတွက် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံ မှုများကို ဖိတ်ခေါ်ပြီး YESC(ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း)၊ MESC(မန္တလေး လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း)၊ ESE တို့အား ပြုပြင်ပြောင်းလဲရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

          ၂၀၁၇ ခုနှစ်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သမ္မတရုံးက ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ဖွဲ့စည်းဆောင်ရွက်မှုသုံးသပ်စိစစ်ရေးကော်မတီဟူ၍ သမ္မတရုံးက ဖွဲ့စည်းခဲ့ပြီး YESC ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းကို စိစစ်ရပါကြောင်း၊ စိစစ်ရာတွင် ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းအနေဖြင့် ဌာနလည်းမဟုတ် စီးပွားရေးဆန်ဆန် ကော်ပိုရေးရှင်းအနေဖြင့်လည်းမဟုတ်သည်ကို တွေ့ရှိရပါကြောင်း၊  လျှပ်စထုတ်လုပ် ရေးကို အသည်းအသန်လုပ်နေသော်လည်း လျှပ်စစ်ထုတ်လုပ်ရေး၊ သယ်ယူရေး၊ ဖြန့်ဖြူးရေးများ ဘက်စုံ ဆောင်ရွက်နိုင်မှ မီးကောင်းမည်ဖြစ်ပြီး ပြည်သူများအတွက်လည်း အန္တရာယ်ကင်းမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြည်သူများလျှပ်စစ်သုံးစွဲမှု ပိုမိုကောင်းမွန်စေရန်၊ ဝန်ဆောင်မှုများ အဆင်ပြေစေရန်၊ ဓာတ်အားပျောက်ဆုံးမှု လျော့နည်းစေရန်နှင့် အလေအလွင့်မဖြစ်စေရန်အတွက် ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ပြီး YESC(ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း)၊ MESC (မန္တလေး လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း)၊ ESE တို့အား ပြုပြင်ပြောင်းလဲရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။

          မေးခွန်းကိုလေ့လာကြည့်ရာတွင် အပိုင်း (၄)ပိုင်းပါရှိသည်ကို တွေ့ရှိရပါကြောင်း၊ (၁) ပြည်သူ များအား ပိုမို ကောင်းမွန်သော ဝန်ဆောင်မှုများပေးနိုင်စေရန်နှင့် လျှပ်စစ်ဓာတ်အား လုံလောက်စွာ သုံးစွဲနိုင် စေရန် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ မည်ကဲ့သို့စီမံဆောင်ရွက်ထားသည်ကို သိရှိလိုခြင်း၊ (၂) ဓာတ်အားပျောက်ဆုံးမှုလျော့နည်းစေရန် နှင့် လျှပ်စစ်ဓာတ်အား အလေအလွင့်မရှိစေရန်အတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ မည်ကဲ့သို့စီမံဆောင်ရွက် ထားသည်ကို သိရှိလိုခြင်း၊ (၃) YESC၊ MESC နှင့် ESE လုပ်ငန်းတို့မှ ဝန်ဆောင်မှုများ ပိုမိုကောင်းမွန်လာစေရန်အတွက် ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများကိုဖိတ်ခေါ်၍ ဆောင်ရွက်နိုင်ရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ မည်သည့်အစီအမံများ ချမှတ်ဆောင်ရွက်သည်ကို သိရှိလိုခြင်း၊ (၄) YESC၊ MESC နှင့် ESE တို့အား ပြုပြင်ပြောင်းလဲမည့်အစီအစဉ်အား သိရှိလိုခြင်းများဖြစ်ပါကြောင်း၊ မေးခွန်း အပိုင်း(၁)နှင့် အပိုင်း(၂) တို့ နှင့် ပတ်သက်၍ နိုင်ငံတော်အစိုးရသစ်လက်ထက်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာနကို ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး အဆိုပါအချိန်၌ နိုင်ငံတော်၏ ဓာတ်အား စနစ်မှ တစ်နိုင်ငံလုံး၏ လျှပ်စစ်ဓာတ်အားရရှိမှုသည် ၃၄ ရာခိုင်နှုန်းသာ ရှိခဲ့ပါကြောင်း၊ အဆိုပါ အချိန်တွင် နိုင်ငံတော်အစိုးရ၏ဦးစားပေးဆောင်ရွက်မှုသည် နိုင်ငံတော်၏အခြေခံ အဆောက်အအုံ ဖွံ့ဖြိုး တိုးတက်ရေး ဖြစ်ပြီး အထူးသဖြင့် လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်မီးရရှိရေးကို ဦးစားပေးဆောင်ရွက်ခဲ့ပါကြောင်း၊ လျှပ်စစ် ကဏ္ဍတွင် ရေအားလျှပ်စစ်၊ သဘာဝဓာတ်ငွေ့၊ နေရောင်ခြည် စွမ်းအင်ကဲ့သို့သော စွမ်းအင်အရင်းအမြစ်မျိုးစုံကို အသုံးပြု၍ လျှပ်စစ်ဓာတ်အားတိုးမြှင့် ထုတ်လုပ် ပေးခြင်းဖြင့်လည်းကောင်း၊ ဓာတ်အားပို့လွှတ်ရေးလိုင်းများကို (၂၃၀)ကေဗွီအပြင် (၅၀၀)ကေဗွီ ဓာတ်အားလိုင်းများဖြင့် တိုးချဲ့တည်ဆောက်၍ နိုင်ငံတော်ဓာတ်အားစနစ်ကို အဆင့်မြှင့် တင်ခြင်းဖြင့် လည်းကောင်း လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဖြူးပေးနိုင်ရန် ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ၎င်းအပြင် လျှပ်စစ် ဓာတ်အား ပို့လွှတ်ရေးနှင့် ဓာတ်အားဖြန့်ဖြူးရေးစနစ်တွင် (၂၃၀)ကေဗွီ၊ (၁၃၂)ကေဗွီ၊ (၆၆)ကေဗွီ၊ (၃၃)ကေဗွီ၊ (၁၁)ကေဗွီ နှင့် (၄၀၀)ဗို့ ဓာတ်အားလိုင်း စုစုပေါင်း ၁၉၆၀၀ မိုင်ကျော်နှင့် ခွဲရုံတပ်ဆင်အင်အားက (၁၂၆၃၆)အမ်ဗွီအေကို  ၂၀၁၆ ခုနှစ်မှစပြီး တိုးချဲ့တည်ဆောက်ပေးနိုင်ခဲ့ ပါကြောင်း၊ ၂၀၁၆ ခုနှစ် ဧပြီလမှ စပြီး ယနေ့အထိ လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်း ကျပ် ၁၂၅၂ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံခဲ့ပြီး လျှပ်စစ်ဓာတ်အား (၇၀)မဂ္ဂါဝပ်ကျော် ထပ်မံ တိုးတက်ထုတ်လုပ်ပေးနိုင်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် နှစ်လယ်ခန့်တွင် မဂ္ဂါဝပ်(၁၀၀၀)ကျော်ကို ထပ်မံထုတ်ပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိနေပါကြောင်း၊သဘာဝဓာတ်ငွေ့နှင့် ရေအားလျှပ်စစ်တို့မှ လျှပ်စစ်ဓာတ်အား (၄၀၀၀)မဂ္ဂါဝပ်နီးပါး ထုတ်လုပ်ခြင်း အတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ ၆၇၆၈.၅၈ သန်းခန့်  ရင်းနှီးမြှုပ်နှံခဲ့၍ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် နိုင်ငံခြားရင်းနှီး မြှုပ်နှံသူ ခြောက်ခုတို့ကိုလည်း Notice to Proceed ထုတ်ပေးခဲ့ ပြီး လုပ်ငန်းများကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိနေပါကြောင်း၊ နေရောင်ခြည်စွမ်းအင်သုံး မင်းဘူးဓာတ်အားပေးစက်ရုံမှ လျှပ်စစ်ဓာတ်အား (၄၀) မဂ္ဂါဝပ် ထုတ်လုပ်လျက်ရှိပြီး အခြားစီမံကိန်း နှစ်ခုမှလည်း နောက်ထပ် (၅၀)မဂ္ဂါဝပ် ထုတ်လုပ်ပေးရန် ဆောင်ရွက် လျက်ရှိ ပါကြောင်း၊ အိမ်နီးချင်းနိုင်ငံများမှလည်း နိုင်ငံဖြတ်ကျော်ဓာတ်အားလိုင်းတည်ဆောက်၍ လျှပ်စစ် ဓာတ်အား (၁၀၀၀)မဂ္ဂါဝပ် ထပ်မံရရှိရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး အထက်ဖော်ပြပါစီမံကိန်းများ ပြီးစီးမည်ဆိုပါက မဂ္ဂါဝပ်(၆၀၀၀)ကျော် တိုးမြှင့်ရရှိလာမည်ဖြစ်ပါကြောင်း၊  ဓာတ်အားစနစ်တိုးချဲ့၍ လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဖြူး ပေးနိုင်ရေးကိုလည်း အရှိန်အဟုန်ဖြင့် ဆောင်ရွက်ပေးခဲ့ရာ ယခုအချိန်တွင် မြို့ပေါင်း ၃၆၈ မြို့၊ ကျေးရွာပေါင်း ၁၆၀၀၀ ကျော်ကို နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်မီးရရှိပြီး ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက် နှင့်အညီ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ကြိုးပမ်းအားထုတ်ခဲ့မှုကြောင့် ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းတွင် တစ်နိုင်ငံလုံး၏ လျှပ်စစ်မီးသုံးစွဲနိုင်မှု ၅၀ ရာခိုင်နှုန်းကျော် ရရှိခဲ့ပြီးဖြစ်ပါကြောင်းနှင့် ဆက်လက်ပြီး ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးတွင် လျှပ်စစ်မီးသုံးစွဲမှု ၅၅ ရာခိုင်နှုန်းသို့လည်းကောင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ၇၅ ရာခိုင်နှုန်းအထိ ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်ပေးသွား မည်ဖြစ်ပြီး ၂၀၃၀ ပြည့်နှစ်တွင်  လျှပ်စစ်မီးသုံးစွဲမှု ၁၀၀ ရာခိုင်နှုန်းရရှိရန် ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိ ပါကြောင်း၊ လျှပ်စစ်ဆိုင်ရာဝန်ဆောင်မှုပေးရာ၌ ယုံကြည်စိတ်ချရသည့် လျှပ်စစ်ဓာတ်အားပေးနိုင်မှု မရှိခြင်း၊ ဗို့အားတည်ငြိမ်မှုမရှိခြင်းနှင့် ဓာတ်အားပြတ်တောက်ခြင်းတို့၏ အဓိက အကြောင်း အရင်းများသည် လျှပ်စစ်ဓာတ်အားလုံလောက်ပြည့်ဝစွာ ထုတ်မပေးနိုင်ခြင်း၊ ဓာတ်အားလိုင်းများ၏ စွမ်းဆောင်ရည် လျော့ကျနေခြင်း၊ ဝန်အားကိုနိုင်နင်းမှုမရှိခြင်း၊ သက်တမ်းကြာနေသော ဓာတ်အားဖြန့်ဖြူးရေး စနစ်များ စသည် တို့ကြောင့် ဖြစ်ပါကြောင်း၊ ယခု သုံးနှစ်တာကာလအတွင်း ဆောင်ရွက်ပေးခဲ့သည့် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ၏အသီးအပွင့်ကို ၂၀၂၀ ပြည့်နှစ် နှစ်လယ်ပိုင်းမှစတင်၍ သိသိ သာသာခံစားလာနိုင်မှာဖြစ်ပြီး လျှပ်စစ်ဓာတ်အားသုံးစွဲသူ များအနေဖြင့် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုနှင့် လျှပ်စစ်ဓာတ်အားပြတ်တောက်မှု လျော့နည်းသက်သာသည့် အကျိုးကျေးဇူးကိုလည်း ရရှိနိုင်မှာ ဖြစ်ပါကြောင်း၊ ထိုနည်းတူ ဓာတ်အားပျောက်ဆုံးမှုများနေခြင်းကိုလည်း လျှော့ချ နိုင်ရေး ဆောင်ရွက်ခဲ့ရာ နိုင်ငံတော် ဓာတ်အားစနစ်ဖွံ့ဖြိုး တိုးတက်ရေးနှင့် အဆင့်မြှင့်တင်ရေးတို့ကို ဆောင်ရွက်ခဲ့သည့် အတွက် ဓာတ်အားပို့လွှတ်ရေးအပိုင်းတွင် ဓာတ်အားပျောက်ဆုံးမှု ၄.၁ ရာခိုင်နှုန်းမှ ၃.၃ ရာခိုင်နှုန်းသို့ လျှော့ချနိုင် ခဲ့ပါကြောင်း၊ ဓာတ်အားဖြန့်ဖြူးရေးအပိုင်းတွင်လည်း ဓာတ်အားပျောက်ဆုံးမှုလျှော့ချရေး အတွက် ဝန်အားပြည့်နေသော ထရန်စဖော်မာများ၊ ဓာတ်အားလိုင်းများ အစားထိုးလဲလှယ်ပေးခြင်း၊ ဗို့အားကျဆင်းနေသည့် နေရာများကို ဗို့အား အပြည့်ရရှိစေရန် ထရန်စဖော်မာများကို တိုးချဲ့တပ်ဆင် ပေးခြင်း၊ GIS ဓာတ်အားခွဲရုံ များအဖြစ် အဆင့်မြှင့်တင်ခြင်း၊ Bare Copper Wire တပ်ဆင်ထား သည့်လိုင်းများအစား Insulated Wire များဖြင့် ပြောင်းလဲတပ်ဆင်ခြင်း၊ အရွယ်အစားသေး၍ ဝန်အားမနိုင်တော့သည့် ဓာတ်အားလိုင်းကြိုးများအား အရွယ်အစားကြီးသည့်ကြိုးများဖြင့် လဲ လှယ်ခြင်း၊ အခြားဓာတ်အားလိုင်းများ အပြစ်ဖြစ်ပေါ်ပါက ဓာတ်အားလိုင်းတစ်လိုင်းမှ အသင့် အသုံးပြုနိုင်မည့် N-1 Redundancy Concept ကို စီစဉ်ဆောင်ရွက်လျက်ရှိပြီး ဓာတ်အားလိုင်း များကိုလည်း Radial  System မှ  Ring Systemဖြင့် စတင်အသုံးပြုနိုင်ရန်  စီစဉ်ဆောင်ရွက် လျက်ရှိနေပါကြောင်း၊ဓာတ်အားခပေးချေမှု များ  အဆင်ပြေချောမွေ့စေရန်အတွက် ဓာတ်အားသုံးစွဲသူများ၏ ဝန်ဆောင်မှု ကောင်းမွန်တိုးတက်အောင် ဆောင်ရွက်ပေးခြင်း၊ မီးသုံးစွဲသူ များဆက်သွယ်နိုင်မည့် Call Center များ ထားရှိပေးခြင်း၊ လျှပ်စစ်ဓာတ်အား ထပ်မံဖြန့်ဖြူးရောင်းချ ခွင့်ပြုထားသော Franchise ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရန် စီမံဆောင်ရွက်ခြင်း၊ ရွေးချယ် ထားသည့် စမ်းသပ်နေရာများတွင် Advanced Metering Infrastructure (AMI)စနစ်အား စတင် အသုံးပြုခြင်း၊ AMI စနစ်အား  အားလုံးတစ်ပြေးညီ ကျယ်ကျယ်ပြန့်ပြန့် လိုက်နာကျင့်သုံးနိုင်မည့် National AMI Codes နှင့် Standards များကို မူကြမ်းရေးဆွဲခြင်း၊ ဓာတ်အားပို့လွှတ်ရေးနှင့် ဓာတ်အားဖြန့်ဖြူးရေးလိုင်းကွန်ရက်တွင် SCADA ထိန်းချုပ်စနစ် စတင်အသုံးပြုခြင်း၊ LDC ဓာတ်အား ကွပ်ကဲရေးဌာနများ အဆင့်မြှင့်တင်ခြင်း၊ မီတာဖတ်ယူမှုများ တိကျမှန်ကန်မှုရှိစေရန် စနစ်တကျ ကြပ်မတ်ဆောင်ရွက်ခြင်း၊ မီးသုံးစွဲသူများအတွက် မီတာလေးမျိုးစနစ်အား စတင်အသုံးပြုနိုင်ရန် စီမံဆောင်ရွက်ပေးခဲ့ခြင်း၊ မီတာမှ တရားမဝင်သောနည်းလမ်းဖြင့် အသုံးပြုမှုလျော့နည်းစေရန် အရည်အသွေးမြင့်မီတာအမျိုးအစားများဖြင့် အသုံးပြုခြင်း၊ လုပ်ထုံးလုပ်နည်းများချိုးဖောက်၍ တရားမဝင် ဆောင်ရွက် မှုတို့ကို တားဆီးရန် အလေးထားလုပ်ဆောင်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိ နေပါကြောင်း၊ တရားမဝင်သော နည်းလမ်းတို့ဖြင့် တိုက်ရိုက်သွယ်တန်းအသုံးပြုမှုများကိုလည်း အရေးယူဆောင်ရွက်လျက်ရှိနေပါကြောင်း၊အထက်တင်ပြပါ ဓာတ်အားစနစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အဆင့်မြှင့်တင်ရေးလုပ်ငန်းများ၊ ဓာတ်အား ပျောက်ဆုံးမှု လျော့နည်းစေရေးလုပ်ငန်းများကိုဆောင်ရွက်ရန် ရင်းနှီးမြှုပ်နှံမှုများစွာလိုအပ်ရာ လျှပ်စစ်ကဏ္ဍတွင် ၂၀၁၆ ခုနှစ်မှ စတင်၍ ပြည်ထောင်စုဘတ်ဂျက်၊ တိုင်းဒေသကြီး/ပြည်နယ် ဘတ်ဂျက်တို့ဖြင့် စုစုပေါင်း မြန်မာကျပ်ငွေ ၂၃၂၆.၉ ဘီလီယံကျော်နှင့် World Bank၊ ADB၊ JICA၊ KFW၊ AFD၊ NEDA ကဲ့သို့ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများ၏ သက်သာသောချေးငွေများဖြင့် စုစုပေါင်း အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၃၄၇.၅၉၆ ရင်းနှီးမြှုပ်နှံ၍လည်းကောင်း၊ နော်ဝေနိုင်ငံ အစိုးရမှ နော်ဝေခရိုနာ သန်းပေါင်း ၂၀၀ ခန့် ထောက်ပံ့ငွေဖြင့်လည်းကောင်း ဆောင်ရွက်လျက် ရှိနေပါကြောင်း၊ မေးခွန်း၏အပိုင်း(၃)နှင့်အပိုင်း(၄)နှင့် ပတ်သက်၍ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၏ ပြည်သူများ မျှော်မှန်းလျက်ရှိသည့် ဝန်ဆောင်မှုရရှိရန်နှင့် ဖွံ့ဖြိုးတိုးတက်ရေးအပိုင်းများကို ဆောင်ရွက်နိုင်ရန်အတွက် နောင်လာ မည့် သုံးနှစ်နှင့် ငါးနှစ်တာကာလအတွင်း စုစုပေါင်းအမေရိကန် ဒေါ်လာသန်း ၅၀၀ ကျော် ထပ်မံလိုအပ်မည် ဖြစ်ပါကြောင်း၊  လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသို့ အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့အစည်းများ၊ အိန္ဒိယနိုင်ငံမှ ကုမ္ပဏီများနှင့် တရုတ်နိုင်ငံမှကု မ္ပဏီတို့၏ အဆိုပြုလွှာတင်ပြမှုများ လက်ခံရရှိခဲ့ပြီး ဝန်ကြီးဌာနအနေဖြင့် ၎င်းတို့၏ အဆိုပြုလွှာ အသီးသီးကို သေချာစွာလေ့လာဆန်းစစ်ကာ အားသာချက်၊ အားနည်းချက် များကို စိစစ် သုံးသပ်ခဲ့ပြီးနောက် အသင့်တော်ဆုံးနှင့် ဖြစ်နိုင်ခြေအရှိဆုံးသော နည်းလမ်းတို့ကို ရွေးချယ်ရာတွင် ပြည်သူတို့၏အကျိုးစီးပွားကို ဦးစားပေး ထည့်သွင်းစဉ်းစားလျက် အမျိုးသား လုံခြုံရေး၊ နိုင်ငံရေး၊ နိုင်ငံတော်ဓာတ်အားကွန်ရက်စနစ်ဖြင့် ချိတ်ဆက်ပါ ဝင်လာနိုင်ရေး၊ လက်ရှိ ပုံသေပိုင်ပစ္စည်းများ၏ စျေးကွက်တန်ဖိုး၊  မီးသုံးစွဲသူများနှင့် ပြည်သူများ တတ်နိုင်သည့် ဓာတ်အားခ ဖြစ်စေရေးစသည်တို့ အတွက် ဝန်ကြီးဌာနမှ အဓိကထားစဉ်းစားသုံးသပ်ခဲ့ပါကြောင်း၊ ရင်းနှီးမြှုပ်နှံလိုသည့် အဖွဲ့ အစည်း/ ကုမ္ပဏီများအနေဖြင့် စီးပွားရေးတွက်ခြေကိုက်မှုကိုသာ အလေးထားစဉ်းစားထားသည်ကို သုံးသပ် တွေ့ရှိပါကြောင်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် အဆိုပါကိစ္စရပ်များအတွက် နိုင်ငံတော် အစိုးရ၏မူဝါဒဆို င်ရာလမ်းညွှန်မှု ခံယူသွားမည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမည့်သူများ၊ လုပ်ငန်းနှင့် ဆက်နွှယ်သည့် Stakeholders များ နှစ်ဦးနှစ်ဖက်အကျိုးဖြစ်ထွန်းနိုင်မည့် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုပုံစံ PPP ဖြင့် နိုင်ငံတော်၏မူဝါဒနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၏ ပြုပြင်ပြောင်းလဲ ရေးနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတရုံး၏ ခွင့်ပြုချက်ဖြင့် ဝန်ကြီးဌာနတွင် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း ဖွဲ့စည်း ဆောင်ရွက်မှုသုံးသပ်စစ်ဆေးရေးကော်မတီကို ၂၀၁၇ ခုနှစ်က ဖွဲ့စည်းဆောင်ရွက်ခဲ့ရာမှာ အဆိုပါ ကော်မတီ၏အစီရင်ခံစာလည်း ရရှိပြီးဖြစ်ပါကြောင်း၊ ယင်းအစီရင်ခံစာ၏ အားသာချက်၊   အားနည်းချက်များကို ဝန်ကြီးဌာနအစီအစဉ်ဖြင့် ထပ်မံလေ့လာဆန်းစစ်ခဲ့ရာ YESC၊ MESC တို့၏ ဖွဲ့စည်းပုံ၊ ရည်ရွယ်ချက်၊ လုပ်ငန်းတာဝန်၊ ဆောင်ရွက်သည့် Business Model၊ ဘဏ္ဍာရေးဆိုင်ရာ စိစစ်ချက်၊ ရင်းနှီးမြှုပ်နှံမှုမဟာဗျူဟာ၊ Franshise ကုမ္ပဏီများနှင့် ဆောင်ရွက်နေမှု၊ လူ့စွမ်းအား အရင်းအမြစ်နှင့် စွမ်းဆောင်ရည်၊ ကော်ပိုရေးရှင်းအသွင်ပြောင်းလဲရေး ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များနှင့် သတ်မှတ်ထားသည့် ရည်ရွယ်ချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုများကို ဘက်ပေါင်းစုံမှ သုံးသပ်ဆောင်ရွက်ထားပြီး ဖြစ်ပါကြောင်း၊ ထို့အပြင် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့မှစ၍ ဓာတ်အားခပြုပြင်ပြောင်းလဲခဲ့မှုသည်လည်း  ရင်းနှီးမြှုပ်နှံသူများနှင့် ဘဏ္ဍာရေးဆိုင်ရာအဖွဲ့အစည်းများ၏ စိတ်ဝင်စားမှုရရှိရန်အတွက် အစိုးရ၏ အဓိက ဆောင်ရွက်ချက်တစ်ခုဖြစ်ခဲ့ပြီး YESC နှင့် MESC တို့၏ ပြုပြင်ပြောင်းလဲရေးအစီအမံများ အောင်မြင်ရေးအတွက် အရေးပါသော အထောက်အကူတစ်ခုလည်း ဖြစ်ပါကြောင်း၊လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း (ESE)ကိုလည်း အထက်ဖော်ပြပါအချက်များကို အခြေခံပြီး ပြုပြင်ပြောင်းလဲ နိုင်ရေးကို တစ်ဆင့်ပြီးတစ်ဆင့် ဆက်လက်ဆောင်ရွက်သွားရန်လည်း စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ နိဂုံးချုပ်အနေဖြင့် ပြောရလျှင်လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုနှင့် မူဝါဒဆိုင်ရာ ညွှန်ကြားချက်များကိုခံယူ၍ ပြည်သူများအား ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုပေးနိုင်စေရန်နှင့် လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်စေရန်အတွက် Generation Mix အား ရေအားလျှပ်စစ်၊ သဘာဝဓာတ်ငွေ့၊ သဘာဝဓာတ်ငွေ့အရည်(LNG)၊ နေရောင်ခြည်စွမ်းအင်၊ နိုင်ငံဖြတ်ကျော် လျှပ်စစ်ဓာတ်အားလိုင်းများတည်ဆောက်၍ ဓာတ်အားကုန်သွယ်မှုနှင့် အခြားသော နည်းလမ်းတို့ကို အသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုတိုးမြှင့်နိုင်ရေး ဆောင်ရွက်လျက်ရှိသည့် အပြင် အမျိုးသားအဆင့်ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာကော်မတီ (National Renewable Energy Committee -NREC)ကို ဖွဲ့စည်း၍  ဝန်ကြီးဌာနက Focal Ministry အဖြစ် တာဝန်ယူကာ ပြန်လည်ပြည့်ဖြိုးစွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ လျှပ်စစ်ဓာတ်အားအလေအလွင့်မရှိစေရန် ပိုမိုဖြန့်ဖြူးပေးနိုင်ရေးအတွက် ပြည်ထောင်စုဓာတ်အားစနစ်အတွက် ဓာတ်အားပို့လွှတ်ရေးလိုင်းများ (၅၀၀)ကေဗွီသို့ အဆင့်မြှင့်တင်တည်ဆောက်ခြင်း၊ (၂၃၀) ကေဗွီ၊ (၁၃၂)ကေဗွီနှင့် (၆၆)ကေဗွီဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲရုံများ အဆင့်မြှင့်တင်ခြင်းနှင့် တိုးချဲ့ တည်ဆောက်ခြင်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ဝေးလံခေါင်သီပြီး ယခင်က ဓာတ်အား မရရှိသေးသည့် မြဝတီမြို့၊ မောင်တောမြို့၊ ပူတာအိုမြို့၊ မာန်အောင်မြို့ ကဲ့သို့ သောဒေသများကို လျှပ်စစ်ဓာတ်အားပေးနို င်ခဲ့ပြီဖြစ်ပါကြောင်း၊ ဓာတ်အားဖြန့်ဖြူးပေးသည့် လုပ်ငန်းများတွင် လျှပ်စစ်မီးသုံးစွဲသူပြည်သူများအား ဝန်ဆောင်မှုပိုမို ကောင်းမွန်စေရန် ဆောင်ရွက်ပေး နိုင်ရေး၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေး၊ စီးပွားရေးဆန်ဆန် လုပ်ဆောင်နိုင်ရေး၊ လုပ်ငန်း စွမ်းဆောင်ရည်ပြည့်ဝစေရေးတို့အတွက် ပြုပြင်ပြောင်းလဲရန် လိုအပ်လျက်ရှိသည့်အတွက် ခေတ်စနစ်နှင့် လျော်ညီပြီး စွမ်းရည်ပြည့်ဝသော လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးနိုင်ရေးနှင့် ယုံကြည်စိတ်ချရသော လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရေးတို့ကို နိုင်ငံတော်၏မူဝါဒနှင့်အညီ ဆောင်ရွက်နိုင်ရေး၊ အမျိုးသားအကျိုးစီးပွားဖြစ်ထွန်းရေးတို့ကို အလေးထားဆောင်ရွက်နိုင်ရေး အတွက် PPP Investment Model အပါအဝင် နည်းလမ်းမျိုးစုံကိုဆန်းစစ်၍ ရေတို ရေရှည် စီမံကိန်းများချမှတ်ကာ အဆင့်လိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြား ပါသည်။


ဦးနေမျိုးထက်(ကျောက်တံတားမဲဆန္ဒနယ်)က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။    


           ဖြန့်ဖြူးရေးနှင့်  ပတ်သက်၍ သုံးနှစ်မှ ငါးနှစ်အတွင်းပြောင်းလဲမည်ဖြစ်သည်ဟု ဖြေကြားခဲ့ပါ ကြောင်း၊  ထို့ကြောင့်  ပြုပြင်ပြောင်းလဲမည့် အခြေအနေကို ကိုယ်စားလှယ်များ၊ ပြည်သူများပါ သိနိုင်ရန် Road map ကို အသိပေးချပြနိုင်ခြင်း ရှိ/မရှိ၊ ပြည်သူ့ကိုယ်စားလှယ်နှင့်  ပြည်သူတွေဆန္ဒ လိုအပ်ချက်များကို  ပူးပေါင်းဆောင်ရွက်ပြီး ဆွေးနွေးပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်း ပါသည်။


လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း


        လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ဖြန့်ဖြူးရေးလုပ်ငန်းများတွင် ရန်ကုန်၊ မန္တလေး၊ ESE ဌာနအားလုံး၏ ဖြန့်ဖြူးရေးကိစ္စများကို ပြည်သူများ ချောချောမွေ့မွေ့ ဓာတ်အားရရှိနိုင်ရေး အတွက် နိုင်ငံတော်အနေဖြင့်လည်း PPP Model နှင့် Investments များ ပါဝင်သည့် နည်းလမ်းကို ဆောင်ရွက်ရန် စီစဉ်ဆောင်ရွက်ထားပြီးဖြစ်ခြင်းကြောင့် ယင်အခြေအနေကို အကောင်အထည်ဖော်ရန် မကြာခင် ရှင်းလင်းပြောကြားမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားပါသည်။ 

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း

လျှပ်စစ်နှင့်စွမ်းအင်

https://www.pyithuhluttaw.gov.mm/node/11993

 

27-Feb-2020