The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

ဖားဆောင်းမြို့နယ်၊ လျှပ်စစ်အင်ဂျင်နီယာရုံးတွင် လစ်လပ်နေသော လျှပ်စစ်ဝန်ထမ်းများအား အမြန်ဆုံးခန့်အပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ဒေါ်နန်းထွေးသူ(ဖားဆောင်း မဲဆန္ဒနယ်)

         မိမိ၏မဲဆန္ဒနယ် ဖားဆောင်းမြို့နယ်သည် ဘောလခဲခရိုင်အတွင်း လူဦးရေအများဆုံးမြို့နယ်ဖြစ်ပြီး ရပ်ကွက် နှစ်ရပ်ကွက်၊ ကျေးရွာအုပ်စုရှစ်အုပ်စု၊ ကျေးရွာပေါင်း ၅၆ ရွာရှိပါကြောင်း၊ မြို့နှင့် ကျေးရွာများမှာ အလှမ်းကွာဝေး လျက်ရှိပြီး သွားလာရေးတွင်လည်း ခက်ခဲလျက်ရှိပါကြောင်း၊ ဖားဆောင်း မြို့နယ်၏ ကျေးရွာတည်ရှိမှုသည် တခြားမြို့နယ်များနှင့်မတူဘဲ တစ်ရွာနှင့်တစ်ရွာ အလှမ်းကွာဝေးခြင်း၊ သွားလာရေးခက်ခဲခြင်း၊ နယ်မြေကန့်သတ်မှုများ စသည့်အခက်အခဲများစွာ ရှိပါကြောင်း၊ ဝမ်အောင်းကျေးရွာသည် ဖားဆောင်းမြို့နှင့် သုံးမိုင်အကွာတွင် တည်ရှိ သော်လည်း သံလွင်မြစ် အထက် တစ်ဖက်ကမ်းတွင်တည်ရှိပြီး ရေလမ်းဖြစ်သည့်အတွက် စက်လှေတစ်မျိုးတည်းဖြင့်သာ သွားလာ၍ရပြီး စက်လှေအကြုံရှိမှသာ လိုက်ပါဆောင်ရွက်နိုင်ပါကြောင်း၊ ထို့အပြင် မော်ချီးဒေသသည် ခဲ၊ သတ္တုထုတ်လုပ်ရာဒေသဖြစ်ပြီး ဖားဆောင်းမြို့နှင့် ၂၁ မိုင်ကွာဝေးပြီး တောင်တက်ပေါများ ခြင်းကြောင့် သွားလာရေး ခက်ခဲခြင်း၊ ကော်သူဒိုးကျေးရွာသည်လည်း ဖားဆောင်းမြို့နှင့် ၃၉  မိုင်ကွာဝေးပြီး နယ်မြေကန့်သတ်ချက်ရှိသည့် နယ်မြေများဖြစ်ခြင်းကြောင့် သွားလာရန်မလွယ်ကူ ခြင်း၊ အချို့ကျေးရွာများတွင် အိမ်ခြေအနည်းငယ်သာရှိပြီး သွားလာရေးခက်ခဲသည့်ရွာများရှိခြင်း စသည့်အခက်အခဲများစွာ ရှိပါကြောင်း၊ ယခုလို အခက်အခဲများစွာရှိသော မိမိမြို့နယ်တွင် မီတာဖတ် စာရေးတစ်ဦးမျှ မရှိသည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်ပါကြောင်း၊မိမိမဲဆန္ဒနယ် ဖားဆောင်း မြို့နယ်တွင် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးသည် (က)မြို့နယ်အဆင့် တွင်ပါဝင်ပြီး ဝန်ထမ်းဖွဲ့စည်းပုံအရ ခွင့်ပြု၊ ခန့်ထားလစ်လပ်နေသောဝန်ထမ်းများတွင် သတ်မှတ်ချက်အရ တောင်တန်းဒေသများတွင် မီတာ အလုံးရေ ၈၀၀ တွင် မီတာစာရေးတစ်ဦး၊ လယ်ဂျာစာရေးတစ်ဦး ခန့်ထားရမည်ဖြစ်သော်လည်း လက်ရှိအခြေအနေတွင် ဖားဆောင်းမြို့နယ် ၌ မီတာ အလုံးရေ ၃၀၀၀ ကျော်ခန့်ရှိပြီး မီတာစာရေးမရှိဘဲ လယ်ဂျာစာရေးနေ့စားတစ်ဦးဖြင့်သာ ဆောင်ရွက် နေသည်ကိုလည်း သိရှိရပါကြောင်း၊ တောင်တန်းဒေသဖြစ်သည့်အားလျော်စွာ ဘွဲ့ရ ပညာတတ်များ ရှားပါးလျက် ရှိသည့်အတွက် တက္ကသိုလ်ဝင်တန်းအောင်မြင်ထားသူများဖြင့် ဒေသလို အပ်ချက်အရ ဖြေလျှော့ခန့်ထားပေးနိုင်ရန် လိုအပ်ကြောင်း မီတာစာရေး၊ လယ်ဂျာစာရေးများမှာ နှစ်ကာလကြာရှည်စွာ တာဝန်ထမ်းဆောင်သော်လည်း နေ့စားအဖြစ်မှ အမြဲတမ်းဝန်ထမ်းအဖြစ်သို့ ပြောင်းလဲခန့်ထားမှုကြာမြင့်ခြင်းကြောင့် ဝန်ထမ်းများသည် မတည်မြဲခြင်း များဖြစ်ပေါ်လျက် ရှိနေပါကြောင်း၊ မြို့နယ်တစ်မြို့နယ်တွင် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ၊ လျှပ်စစ်ကျွမ်းကျင် လုပ်သားများ လိုအပ်သကဲ့သို့ မီတာစာရေး၊ လယ်ဂျာစာရေးများသည်လည်း မရှိမဖြစ်လိုအပ်ပြီး ထိုစာရေးများမရှိ သည့်အတွက် မီတာဖတ်ခြင်း၊ မီတာကောက်ခံခြင်းတို့တွင် ကြုံသလို ရပ်ကွက်ကျေးရွာသူများနှင့်သာ လွဲမှားစွာ ကောက်ခံခြင်းကြောင့် မကြာခဏပြဿနာများဖြစ်ပေါ်လျက်ရှိပြီး တိုင်တန်းမှုများစွာကိုဖြေရှင်းခြင်းများ ပြုလုပ်နေရ ပါကြောင်း၊ သို့ဖြစ်ပါ၍ ဖားဆောင်းမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးတွင် မီတာစာရေး၊ လယ်ဂျာစာရေးများ ဖွဲ့စည်းပုံအပြည့် အမြန်ဆုံးခန့်ထားပေးပါရန် အစီအစဉ်ရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။

       လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာနလက်အောက်တွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းအနေဖြင့် ၆-၁၀-၂၀၁၆ ရက်နေ့တွင် အရာထမ်း ၆၃၄ ဦး၊ အမှုထမ်း ၁၂၆၆၇ ဦး စုစုပေါင်း ၁၃၃၀၁ ဦးဖြင့် ဖွဲ့စည်းခွင့်ရရှိခဲ့ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးများမှအပ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းများကို ESE ဌာနက ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း ကယားပြည်နယ်၊ ဖားဆောင်းမြို့နှင့် လျှပ်စစ်အင်ဂျင်နီယာရုံး၏ ဖွဲ့စည်းခွင့်ပြုအင်အားအရ ခွင့်ပြုရှစ်ဦး၊ အမြဲတမ်းသုံးဦး၊ နေ့စားဝန်ထမ်း တစ်ဦး ခန့်အပ်ထားရှိပြီး ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလတွင် မီးသုံးသူဦးရေ ၃၀၇၁ ဦးရှိနေပါကြောင်း၊ နေ့စဉ်တိုးတက်များပြားလာသော လျှပ်စစ်မီးသုံးစွဲသူဦးရေများပြားလာသည့်အရ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်းရှိ နေ့စားဝန်ထမ်း ၄၉၄ ဦးကို အမြဲတမ်းဝန်ထမ်းများအဖြစ် ခန့်အပ်ခွင့်ရရှိရေး ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြခဲ့ပါကြောင်း၊ အမှုထမ်းများခန့်ထားရာတွင် ပိတ်သိမ်းရန်ရှိသော အစိုးရစက်ရုံများမှဝန်ထမ်းများ ပြောင်းရွှေ့ နိုင်ခြင်းရှိ/မရှိကို စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီး ဌာနတို့နှင့် ညှိနှိုင်းဆွေးနွေးပြီး ပြန်လည်တင်ပြရန်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့က ညွှန်ကြားမှုပြုခဲ့သည့်အတွက် စက်မှုဝန်ကြီးဌာနမှ လုပ်ငန်းလိုအပ်ချက်ဖြင့် ကိုက်ညီ မည့်ဝန်ထမ်းများကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းတွင် ခေါ်ယူခန့်ထားနိုင်ရေးလည်း ဆောင်ရွက်ခဲ့ရပါကြောင်း၊ ယခင်က မီတာစာရေးနေ့စားဝန်ထမ်းများ ခန့်ထားရာတွင် ဘွဲ့မရရှိသေးသူများကို ခန့်ထားခဲ့သည့် အတွက် အဝေးသင် စာမေးပွဲကာလတွင် ၎င်းနေ့စားဝန်ထမ်းများ တစ်ပြိုင်တည်းခွင့်ယူခဲ့သည့်အတွက် လုပ်ငန်းလစ်ဟင်းမှုများ၊ အခက်အခဲများဖြစ်ပေါ်ခဲ့ရသည့်အတွက်ကြောင့် ဘွဲ့ရများကိုသာ ခန့်ထားရန် ဌာနအနေဖြင့် သဘောတူဆုံးဖြတ် ထားခဲ့ရခြင်းဖြစ်ပါကြောင်း၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၏ လယ်ဂျာ၊ မီတာစာရေး နေ့စားဝန်ထမ်းများ ခန့်ထားရာတွင် ပညာ အရည်အချင်းသတ်မှတ်ထားမှုမှာ လူမှုရေးအခက်အခဲဆုံးဒေသ (ဂ)အဆင့်မြို့များတွင် (၁၀)တန်း အောင်ဖြစ်ပြီး ဖားဆောင်းမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးတွင် လူမှုရေးသင့်တင့်သောဒေသ (က)အဆင့် ဖြစ်သည့် အတွက် ဘွဲ့ရအဖြစ်သတ်မှတ်ထားခြင်း ဖြစ်ပါကြောင်း၊ ဌာနအနေဖြင့် အမြဲတမ်းဝန်ထမ်းများ ခန့်အပ်ရာတွင်လည်း နောင်တွင် ဝန်ထမ်းများရာထူးတိုးမြှင့်ခန့်ထားပေးရန်အတွက် ရည်ရွယ်မျှော်ကိုးပြီး ဘွဲ့ရများအဖြစ် အမြဲတမ်းဝန်ထမ်း ခန့်ထားမှု ရာထူးဝင်ပေါက်များမှ သတ်မှတ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ယခုအခါ ကယားပြည်နယ်တွင် ဒေသစရိတ် ခံစားနေသော မြို့နယ်အားလုံးအတွက် လယ်ဂျာ၊ မီတာနေ့စားခန့်ထားသည့်အခါ ပညာအရည်အချင်းကို လျှော့ပေါ့ပြီး (၈) တန်းအထိ ပညာသင်ကြားခဲ့သူများကို နေ့စားဝန်ထမ်းခန့်ထားခွင့်ပြုနိုင်ရေး စီမံဆောင်ရွက်လျက်ရှိ နေပါကြောင်း၊လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် တောင်ပေါ်ဒေသတွင် မီးသုံးစွဲသူဦးရေ ၇၀၀၊ မြေပြန့် ဒေသတွင်မီးသုံးစွဲသူ ၈၀၀ ဦး အရေအတွက်မှာ မီတာစာရေးတစ်ဦးအနေဖြင့်လည်းကောင်း၊ တောင်ပေါ်ဒေသမီးသုံးစွဲသူ ၁၀၅၀ ဦး၊ မြေပြန့် ဒေသမီးသုံးစွဲသူ ၁၂၀၀ ဦးအတွက် လယ်ဂျာစာရေး တစ်ဦးကိုလည်းကောင်း ဌာနအနေဖြင့် ခန့်ထားခွင့်သတ်မှတ်ထား သည့်အတွက် လစဉ်တိုးမြှင့် ခန့်ထားရေး ဆောင်ရွက်လျက်ရှိနေပါကြောင်း၊ ဖားဆောင်းမြို့နယ်ရုံးသို့ ပြောင်းရွှေ့တာဝန် ထမ်းဆောင်လိုသူနှင့် လယ်ဂျာ၊ မီတာစာရေး နေ့စားဝန်ထမ်းခန့်ထားပေးရန်အတွက် ယခင်က လျှောက်ထား သူမရှိသည့်အတွက် ခန့်ထားပေးနိုင်ခြင်းမရှိ၍ လစ်လပ်မှုဖြစ်ပေါ်နေရခြင်းဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဖားဆောင်းမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးတွင် နေ့စားဝန်ထမ်း ခန့်ထား နိုင်ရေးအတွက် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာအား အဆိုပြု တင်ပြရန် ညွှန်ကြားခဲ့သည့်အတွက် နေ့စားမီတာတစ်ဦး လျှောက်ထားလာသည့်အတွက် ခန့်ထားရေးလည်း စီစဉ် ဆောင်ရွက်လျက်ရှိပါကြောင်းရှင်းလင်းဖြေကြားပါသည်။
 

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း

လျှပ်စစ်နှင့်စွမ်းအင်

https://www.pyithuhluttaw.gov.mm/question-4250

 

27-Feb-2020