The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်နှင့် ပန်းတနော်မြို့နယ်တို့တွင် ဆောင်ရွက်လျက်ရှိသည့် ၂၃၀ ကေဗွီ လှိုင်သာယာ-အသုတ် ဓာတ်အားလိုင်း၏ ဧရာဝတီမြစ်ကျော် ဓာတ်အားလိုင်းအူကြောင်း ပြောင်းလဲ တည်ဆောက်နေမှု အခြေအနေနှင့် ရန်ကုန်-ပုသိမ်လမ်း အဆင့်မြှင့်တင်ခြင်းတွင် လမ်းနယ်နှင့် မလွတ်ကင်းသော ဓာတ်အားလိုင်းနှင့် ထရန်စဖော်မာများ ပြောင်းရွှေ့နေမှု အခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေး

၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (  ၂၉  ) ရက်

              လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းသည် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၉ ရက်နေ့၊ နံနက်ပိုင်းတွင်  ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ်နှင့် ပန်းတနော်မြို့နယ်တို့တွင် ဆောင်ရွက်လျက် ရှိသည့် ၂၃၀ ကေဗွီ  လှိုင်သာယာ - အသုတ် ဓာတ်အားလိုင်း၏ ဧရာဝတီ မြစ်ကျော် ဓာတ်အားလိုင်းအူကြောင်း ပြောင်းလဲတည်ဆောက်နေမှုအခြေအနေအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

               ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့အား ညောင်တုန်းမြို့နယ်ရှိဧရာဝတီမြစ်ကူးတံတား (ဗိုလ်မြတ်ထွန်း) ရှင်းလင်းဆောင်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနက တာဝန်ယူတည်ဆောက်ပေးနေသော ဧရာဝတီမြစ်ကျော် တာဝါတိုင် (၅) တိုင်၏ Bored Pile Foundation များ ဆောင်ရွက်နေမှုအခြေအနေများနှင့်  မြစ်ကျော်တာဝါတိုင်တည်ဆောက်မှု လုပ်ငန်း ၇၂ % ပြီးစီးမှုအခြေအနေများကိုလည်းကောင်း၊ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန တာဝန်ရှိသူများက ၂၃၀ ကေဗွီ လှိုင်သာယာ- အသုတ် ဓာတ်အား လိုင်း(၇၃) မိုင်အား ၂၀၀၅ - ၂၀၀၆ ဘဏ္ဍာရေးနှစ်က ကုန်ကျငွေစုစုပေါင်း ကျပ်သန်း (၁၄၆၀၀) ခန့်ဖြင့် တည်ဆောက်ခဲ့မှုအခြေအနေ၊ စတင်တည်ဆောက်ခဲ့သည်မှ ၁၅ နှစ်တာ ကာလအတွင်း ဧရာဝတီမြစ်သည် မူလရေစီးကြောင်းမှ ၁ မိုင်ခန့် ပြောင်းရွှေ့လာမှုအခြေအနေ၊ ရေလမ်းကြောင်း ပြောင်းလဲမှုကြောင့် ကမ်းပါးပြို၍ တာဝါတိုင်များထိခိုက်ပျက်စီးပြီး ဓာတ်အားပြတ်တောက်မှု မရှိစေရေးအတွက် ရေလမ်းကြောင်း ပြောင်းလဲမှုမရှိသည့် ဗိုလ်မြတ်ထွန်း တံတားအနီး မြစ်ကျော် တာဝါတိုင်တည်ဆောက်ရန် ရွေးချယ်ခဲ့မှုအခြေအနေ၊ ယခု တည်ဆောက်နေသော ဓာတ်အား လိုင်းအူကြောင်း (၁၇) မိုင်ခန့်အား စီမံကိန်းကုန်ကျစရိတ် ကျပ်သန်းပေါင်း ၁၇၉၄၀ ခန့်ဖြင့်  ပြောင်းလဲ တည်ဆောက်မှုအခြေအနေ၊ ဓာတ်အားလိုင်း တည်ဆောက်သည့်ဧရိယာအတွင်း ကျရောက်သည့် လယ်ယာမြေများအတွက် သီးနှံ လျော်ကြေးများပေးရန် ဆောင်ရွက်ထားရှိမှု အခြေအနေ၊ Normal တာဝါတိုင် ၇၂ တိုင် တည်ဆောက်ခြင်းလုပ်ငန်း ၂၀ % ဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် ၂၀၂၀ ပြည့်နှစ်၊ ဇွန်လအတွင်း စီမံကိန်းပြီးစီးအောင် ကြိုပမ်းဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း အသီးသီး ရှင်းလင်းတင်ပြကြရာ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေး နှင့် ကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအေးကျော်က ဖြည့်စွက်ရှင်းလင်း တင်ပြပါ သည်။ တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက ဧရာဝတီတိုင်းဒေသကြီးအတွင်း ၂၄ နာရီ လျှပ်စစ် ဓာတ်အား ပြည့်ဝစွာ ရရှိရေးအတွက် ယခုဓာတ်အားလိုင်းသည် တစ်ခုတည်းသော အရေးပါသည့် မဟာဓာတ်အား လိုင်းဖြစ်ကြောင်း၊  မိုးတွင်းကာလ မြစ်ရေတိုက်စားပြီး ဓာတ်အားလိုင်း ပျက်စီးမှု ကြောင့် ဓာတ်အားပြတ်တောက်မှုမရှိစေရေးအတွက် လုပ်ငန်းများကို မိုးမကျမီ အချိန်ကိုက်ပြီးစီး နိုင်ရေး အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ လုပ်ငန်းခွင်သုံးပစ္စည်းများ သတ်မှတ် စံချိန်စံညွှန်းများအတိုင်း ပြည့်ဝကောင်းမွန်ရန်လိုကြောင်း၊ စီမံကိန်းလုပ်ငန်းများအား သတ်မှတ်ကာလထက် ဆောလျင်စွာ ပြီးစီးရေး အလေးထား ဆောင်ရွက်သွားရန်လိုကြောင်းနှင့်  လယ်ယာမြေများအတွက် သီးနှံလျော်ကြေးများ ပေးအပ်ရာတွင် စနစ်တကျစိစစ်တွက်ချက်၍ ရသင့်ရထိုက်သူများထံသို့ ဆောလျင်စွာ ပေးအပ်သွားရန်နှင့် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေး အထူးဂရုပြု ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

              ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဧရာဝတီမြစ်အတွင်း မြစ်ရေတိုက်စားမှု ကြောင့် မြစ်အတွင်းရောက်ရှိနေသည့် တာဝါတိုင်အမှတ် ၁၄၈ (RCS-3) သို့လည်းကောင်း၊  လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနမှတာဝန်ယူတည်ဆောက်နေသော Normal Tower Foundation လုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများကိုလည်းကောင်း၊ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ တံတားဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်နေသော ဧရာဝတီ မြစ်ကျော် Bored Pile Foundation တာဝါတိုင် (၅) တိုင် တည်ဆောက်နေမှု အခြေအနေများကိုလည်းကောင်း၊  လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

              ၎င်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်-ပုသိမ်လမ်းပိုင်း အဆင့် မြှင့်တင်ခြင်း လုပ်ငန်းတွင် လမ်းနယ်နှင့် မလွတ်ကင်းသော ၃၃ ကေဗွီဓာတ်အားလိုင်း(၀.၉)မိုင်၊ ၁၁ ကေဗွီ ဓာတ်အားလိုင်း(၁၃.၉၃)မိုင်၊ ၄၀၀ ဗို့ဓာတ်အားလိုင်း (၁၂.၄၆) မိုင်နှင့် ထရန်စဖော်မာ(၁၁)လုံး တို့အား လမ်းနယ်နိမိတ်နှင့် လွတ်ကင်းသောနေရာသို့ တင်ဒါအောင်မြင်သော ကုမ္ပဏီအား ဌာန၏ ကြီးကြပ်မှုဖြင့် အမြန်ပြောင်းရွှေ့တည်ဆောက်နိုင်ရေး မှာကြားပြီး လမ်းတလျှောက် ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

Post under by : ဝန်ကြီးရုံး
29-Feb-2020