၂၀၂၀ ပြည့်နှစ်၊ မေလ ( ၁ ) ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် နိုင်ငံတော်အစိုးရ၏ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး အတွက် လမ်းပန်းဆက်သွယ်မှုလုံခြုံချောမွေ့စေရေးနှင့် လျှပ်စစ်ဓာတ်အား တည်ငြိမ်ပြည့်ဝစွာ ရရှိ စေရေးဆိုသည့် မူဝါဒများနှင့်အညီ နိုင်ငံတဝှမ်း လျှပ်စစ်ဓာတ်အားတိုးတက်ဖြန့်ဖြူးပေးနိုင်ရေးနှင့် နိုင်ငံတော်ဓာတ်အားစနစ်အား တည်ငြိမ်ပြည့်ဝသော ဓာတ်အားစနစ်ဖြစ်ပေါ်စေရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလတွင် တစ်နိုင်ငံလုံး၏ လျှပ်စစ်ဓာတ်အား သုံးစွဲမှုကို ၅၀% အထိ ပြည့်မီအောင် ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ပါသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် ဝန်ကြီးဌာန၏ ရည်မှန်းချက်ဖြစ်သော တစ်နိုင်ငံလုံး ၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုကို ၂၀၂၅ ခုနှစ်တွင် ၇၅ % သို့လည်းကောင်း၊ ၂၀၃၀ ပြည့်နှစ်တွင် ရာနှုန်းပြည့်သို့လည်းကောင်း လျှပ်စစ်ဓာတ်အား တိုးတက်သုံးစွဲနိုင်ရေး စီမံဆောင်ရွက်လျက်ရှိရာမှ နိုင်ငံတော်အစိုးရ၏ ပံ့ပိုးဆောင်ရွက်မှုများနှင့်အတူ ရည်မှန်းချက်ပြည့်မီစေရေး ဆောင်ရွက်လျက်ရှိရာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း၊ ပို့လွှတ်ခြင်းနှင့် ဖြန့်ဖြူးခြင်း စသည့် အခန်းကဏ္ဍများကိုလည်း ဟန်ချက်ညီညီ တိုးတက်စေရန် စီမံဆောင်ရွက်လျက်ရှိပါသည်။
လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးအပိုင်းတွင်လည်း တိုးတက်သုံးစွဲလာသော လျှပ်စစ် ဓာတ်အားကို ပြည့်မီစွာ ထုတ်လုပ်ပေးနိုင်ရန်အတွက် ယခုနှစ်တွင် ၁၁၆၆ မဂ္ဂါဝပ် တိုးတက် ထုတ်လုပ် နိုင်ရေး စီမံဆောင်ရွက်လျက်ရှိရာ မကြာမီကာလတွင်လည်း ဓာတ်အားထုတ်လုပ်ရေးစက်ရုံများမှ လျှပ်စစ်ဓာတ်အားများကို တိုးချဲ့ထုတ်လုပ်နိုင်တော့မည်ဖြစ်ပါသည်။
အခြားတစ်ဖက်တွင်လည်း ဓာတ်အားဖြန့်ဖြူးရေးအပိုင်းများကိုလည်း ကြိုးပမ်း ဆောင်ရွက်ခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်နှင့် ပတ်ဝန်းကျင်ကျေးရွာများသို့ နိုင်ငံတော် ဓာတ်အားစနစ်မှ ဓာတ်အားပို့လွှတ်နိုင်ရေးအတွက် ၆၆ ကေဗွီ ကလေးဝ-မော်လိုက် ဓာတ်အားလိုင်း ၃၃.၄ မိုင်နှင့် ၆၆/၁၁ ကေဗွီ ၁၀ အမ်ဗွီအေ မော်လိုက်ဓာတ်အားခွဲရုံ တည်ဆောက်ခြင်း စီမံကိန်း မှာလည်း တစ်ခုအပါအဝင် ဖြစ်ပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး အထက်ချင်းတွင်းဒေသရှိ မော်လိုက်မြို့ပေါ်တွင် အိမ်ထောင်စု ပေါင်း ၁၆၆၈ စု ရှိသည့်အနက် ၈၃၆ စုကိုသာ တစ်နေ့လျှင် ဒီဇယ်ဓာတ်အားပေးစက်ဖြင့် ၄ နာရီ ခန့် သာ ဓာတ်အားပေးခဲ့ရာမှ ယခုအခါတွင် မြို့ပေါ်အိမ်ထောင်စုပေါင်း ၁၆၆၈ စုနှင့် ပတ်ဝန်းကျင်ကျေးရွာ များဖြစ်သည့် တွန်းပင်ကျေးရွာ၊ သရက်ပင်လယ်ချောင်ကျေးရွာ၊ မှော်ကူးကျေးရွာ စသည့် ကျေးရွာ (၃) ရွာကိုလည်း ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း၌ လျှပ်စစ်ဓာတ်အားရရှိသွားမည်ဖြစ်ပြီး ကျန်ရှိသည့်ကျေးရွာများကိုလည်း လျှပ်စစ်ဓာတ်အားတိုးတက်ဖြန့်ဖြူးနိုင်ရန်အတွက် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းတွင် မြို့ပေါင်း ၅၀၊ ကျေးရွာပေါင်း ၅၉၉၂ ရွာရှိခဲ့ရာမှ ၂၀၁၆ ခုနှစ်တွင် မြို့ပေါင်း ၃၂ မြို့၊ ကျေးရွာပေါင်း ၁၃၄၇ ရွာတို့ကိုသာ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူး ပေးနိုင်ခဲ့သော်လည်း ယခုအခါ မြို့ပေါင်း ၃၆ မြို့၊ ကျေးရွာပေါင်း ၂၆၀၉ ရွာတို့အား လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ခဲ့ပြီဖြစ်သဖြင့် မြို့ ၄ မြို့နှင့် ကျေးရွာပေါင်း ၁၂၆၂ ရွာတို့ကို တိုးချဲ့ဖြန့်ဖြူးပေးနိုင် ခဲ့ပြီးဖြစ်ပါသည်။
အဆိုပါ ကလေးဝ-မော်လိုက် ဓာတ်အားလိုင်းနှင့် မော်လိုက်ဓာတ်အားခွဲရုံစီမံကိန်းကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စတင်တည်ဆောက်ခဲ့ပြီး ပေ ၁၂၀၀ ခန့် မြင့်မားသော တောင်ပေါ် ဒေသရှိ မာကျောသော ကျောက်စိုင်ကျောက်သားများကို ခက်ခဲစွာ တူးဖောက်ရသည့်အပြင် တောင်ကမ်းပါး အစွန်းတွင် ကျရောက်နေသော တိုင်များအတွက် မြေဖြတ်ရခြင်း၊ ပစ္စည်းများ သယ်ပို့ရန် ချဉ်းကပ်လမ်းများ အချိန်ယူဖောက်လုပ်ရခြင်း စသည့်အခက်အခဲများကို ကျော်လွှားပြီး သတ်မှတ် စီမံကိန်းကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့သဖြင့် မော်လိုက်ဒေသရှိ ပြည်သူ လူထုအနေဖြင့် ပညာရေး၊ ကျန်းမာရေးနှင့် စီးပွားရေးများ တိုးတက်ကောင်းမွန်လာပြီး လူနေမှု အဆင့်အတန်းများ တိုးတက်မြင့်မားလာမည်ဖြစ်ပါသည်။