The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

ရေနံနှင့်ရေနံထွက်ပစ္စည်း အရည်အသွေး စစ်ဆေးခြင်းလိုင်စင် ရရှိသူများ လိုက်နာရမည့် စည်းကမ်းချက်များ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း

နေပြည်တော်

ရေနံနှင့်ရေနံထွက်ပစ္စည်း အရည်အသွေး စစ်ဆေးခြင်းလိုင်စင် ရရှိသူများ

 လိုက်နာရမည့် စည်းကမ်းချက်များ

၁။      လိုင်စင်အဆိုပြုလျှောက်ထားခြင်း

          ရေနံနှင့်ရေနံထွက်ပစ္စည်းအရည်အသွေး စစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်လိုပါကသက်ဆိုင်ရာ  ပြည်နယ်/တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကန့်ကွက်ရန်မရှိကြောင်း ထောက်ခံစာနှင့်အတူ ဉီးဆောင် ညွှန်ကြားရေးမှူး၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသို့ အောက်ဖော်ပြပါ အချက်အလက်အထောက်အထားများပြည့်စုံစွာဖြင့် လုပ်ငန်းလိုင်စင်အဆိုပြု လျှောက်ထားနိုင်ပါ သည်-

(က) ပုဂ္ဂိုလ် (သို့မဟုတ်) ကုမ္ပဏီ (သို့မဟုတ်) အဖွဲ့အစည်း ၏အမည်၊ လိပ်စာ၊ မှတ်ပုံတင်/ ကုမ္ပဏီမှတ်ပုံတင်လက်မှတ်မိတ္တူ ၊ နိုင်ငံခြားကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းဖြစ်လျှင် မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသောကုမ္ပဏီ မှတ်ပုံတင််လက်မှတ်မိတ္တူ ၊

(ခ)    လျှောက်ထားသူ၏ (၂×၁.၅) လက်မဓာတ်ပုံ ၊ အမည်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မိတ္တူ ၊

(ဂ)    တာဝန်ခံဆောင်ရွက်မည့် ပုဂ္ဂိုလ်အမည်နှင့် လိပ်စာ၊ ဖုန်းနှင့် email လိပ်စာ ၊

(ဃ) ရေနံနှင့်ရေနံထွက်ပစ္စည်းအရည်အသွေး စစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်မည့် တည်နေရာ ၊ အကျယ်အဝန်းနှင့် အဆောက်အဦး၏ အသေးစိတ် ဒီဇိုင်းပုံစံ/ အကွက်ချပုံစံ (Layout Plan/Detail Design Drawing) ၊

(င)   စမ်းသပ်မှုပြုလုပ်ပေးနိုင်မည့် ရေနံနှင့်ရေနံထွက်ပစ္စည်းအမျိုးအစားများ ၊

(စ)    တပ်ဆင်ဆောင်ရွက်မည့် ရေနံနှင့်ရေနံထွက်ပစ္စည်းများ၏ အရည်အသွေးနှင့် စံချိန်စံညွှန်း  

        များကို စမ်းသပ်တိုင်းတာသည့် စမ်းသပ်ကိရိယာများနှင့် အသုံးပြုမည့်ဓာတုပစ္စည်းများ၊

(ဆ)   စမ်းသပ်ရေးအရာရှိ၊ အရည်အသွေးစမ်းသပ်သူ၊ နမူနာယူသူနှင့်အခြားဝန်ထမ်းဖွဲ့စည်းပုံ  နှင့် ခန့်ထားမည့်အစီအစဉ် ၊

(ဇ)  လျှောက်ထားသူနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ပြည်တွင်းအခွန်များဦးစီးဌာန၏ အခွန်ကင်း ရှင်းကြောင်း ထောက်ခံချက် ၊

၂။       အဆိုပြုလျှောက်လွှာအားစိစစ်ခြင်းနှင့် လိုင်စင်ထုတ်ပေးခြင်း

(က) အဆိုပြုလျှောက်ထားလွှာအား ဝန်ကြီးဌာနမှ  သတ်မှတ်စည်းကမ်းချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခြင်း ၊ ကိုက်ညီမှုရှိပါက စစ်ဆေးရေးအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေး ခြင်းကို လက်ခံရမည် ၊

(ခ) ရေနံနှင့်ရေနံထွက်ပစ္စည်းအရည်အသွေး စစ်ဆေးခြင်းလုပ်ငန်းအတွက် ISO 9001 အသိ အမှတ်ပြုလက်မှတ်ရရှိပြီးကြောင်း အထောက်အထားကို ဝန်ကြီးဌာနသို့ တင်ပြရမည် ၊

(ဂ) ဝန်ကြီးဌာန၏ တာဝန်ပေးအပ်သောအဖွဲ့မှ ကွင်းဆင်းစစ်ဆေးပြီး သတ်မှတ်ချက်များ အထောက်အထားများ ပြည့်စုံကိုက်ညီမှုရှိကြောင်း စိစစ်ပြီးပါကသတ်မှတ်ထားသော အဖိုးအခကိုပေးသွင်းစေပြီး စည်းကမ်းချက်များနှင့်အညီ (၁)နှစ်သက်တမ်းရှိ ရေနံနှင့် ရေနံထွက်ပစ္စည်းအရည်အသွေးစစ်ဆေးခြင်း လိုင်စင်(ယာယီ)အား ရရှိမည်ဖြစ်ပါသည် ၊

(ဃ) လိုင်စင်(ယာယီ)ရရှိပြီးသော  ပုဂ္ဂိုလ်/ကုမ္ပဏီ (သို့မဟုတ်) အဖွဲ့အစည်း သည် စမ်းသပ် ကိရိယာများနှင့်ပတ်သက်၍ စမ်းသပ်မှုရလဒ်များမှန်ကန်မှုရှိစေရန်အတွက် သက်ဆိုင် ရာ ဝန်ကြီးဌာနများ၏ တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များ အတိုင်း ဆောင်ရွက်ပြီးစီးကြောင်းနှင့် (၃)နှစ်အတွင်း စွမ်းရည်ပြည့်ဝကျွမ်းကျင်မှု အရည်အချင်း ISO/ IEC-17025 အသိအမှတ်ပြုလက်မှတ်အား  ဝန်ကြီးဌာနသို့ တင်ပြရမည် ၊

(င) ဝန်ကြီးဌာနမှစိစစ်ပြီး ကိုက်ညီမှုရှိပါက သတ်မှတ်ထားသောအဖိုးအခကို ပေးသွင်း စေပြီး(၂)နှစ်သက်တမ်းရှိ ရေနံနှင့်ရေနံထွက်ပစ္စည်းအရည်အသွေးစစ်ဆေးခြင်း လိုင်စင် ကို ရရှိမည်ဖြစ်ပါသည် ၊

၃။      နမူနာရယူခြင်းအတွက် စည်းကမ်းချက်များ

(က) အရည်အသွေး စစ်ဆေးမှုပြုလုပ်မည့် ရေနံနှင့်ရေနံထွက်ပစ္စည်း နမူနာများကို အာဆီယံ ဒေသတွင်း တစ်ပြေးညီ သတ်မှတ်ထားသည့်နည်းလမ်း သို့မဟုတ် Method of American Society for Testing and Materials (ASTM-4057) သို့မဟုတ် Institute of Petroleum (IP) သို့မဟုတ် ယင်းတို့နှင့်အလားတူ နိုင်ငံတကာ စံနှုန်းနည်းလမ်းများ နှင့်အညီရယူရမည်၊

(ခ) ပြည်ပတင်သွင်း စက်သုံးဆီများ၏ နမူနာရယူရာတွင် စမ်းသပ်ခန်းမှ ကိုယ်စားလှယ် (၁) ဦး၊ နမူနာစစ်ဆေးလိုသော စက်သုံးဆီ တင်သွင်းသည့် ကုမ္ပဏီ (သို့မဟုတ်) တင်ပို့သည့် ကုမ္ပဏီမှ ကိုယ်စားလှယ် (၁) ဦးနှင့် တတိယအဖွဲ့အစည်း (Third Party Surveyor) ကိုယ်စားလှယ် (၁) ဦး တို့ပါဝင်သည့် အဖွဲ့၏ရှေ့မှောက်တွင် ဆီနမူနာ တစ်ဂါလန်ဆံ့ (၃) ပုံး ရယူ ချိတ်ပိတ်ရမည်ဖြစ်ပြီး၊ တတိယအဖွဲ့အစည်း၏ ချိတ် (Seal) အား အသုံးပြုရမည်၊

(ဂ) နမူနာရယူသည့် ဆီပုံးပေါ်တွင် နမူနာယူသည့်စနစ် Sampling Method အား ထည့်သွင်း ဖော်ပြရမည်၊

(ဃ) နမူနာ (၃) ပုံးအနက် (၁) ပုံးကို သိမ်းဆည်းထားသည့် နမူနာ (Retain Sample) အဖြစ် ထား ရှိပြီး၊ အနည်းဆုံး (၃) လ သိမ်းဆည်းထားရမည်။

၄။      နမူနာစစ်ဆေးခြင်းအတွက် စည်းကမ်းချက်များ

(က) နမူနာများကို စစ်ဆေးရာ၌ အသုံးပြုသော စမ်းသပ်မှု နည်းလမ်း (Test Methods) များသည်  မြန်မာစံချိန်စံညွှန်း သို့မဟုတ် အာဆီယံဒေသတွင်းတစ်ပြေးညီသတ်မှတ် သည့် စံချိန်စံညွှန်း သို့မဟုတ် နိုင်ငံတကာမှလက်ခံထားသော American Society for Testing and Materials (ASTM) သို့မဟုတ် Institute of Petroleum (IP) Methods  နည်းလမ်းများ ဖြစ်ရမည်၊

(ခ)      စမ်းသပ်ကိရိယာများ၊ ပစ္စည်းများသည် စမ်းသပ်မှု နည်းလမ်း (Test Methods) များနှင့် ကိုက်ညီမှုရှိရမည်ဖြစ်ပြီး တိကျမှန်ကန်သည့် စစ်ဆေးမှုရလဒ် (Valid Results) များရရှိအောင် စမ်းသပ်နိုင်ရမည်၊

(ဂ)     စစ်ဆေးရာ၌ အသုံးပြုသည့် ဓာတုပစ္စည်းများသည် နိုင်ငံတကာအဆင့်မီ စမ်းသပ်ဓာတု ပစ္စည်း (Analytical Reagent Grade) သို့မဟုတ် စမ်းသပ်မှုနည်းလမ်း (Test Method)တွင် သတ်မှတ်ဖော်ပြထားသော ဓာတုပစ္စည်းများ (Reagent Grade) ဖြစ်ရမည်၊

(ဃ) စစ်ဆေးမှုမှတ်တမ်းများ (Records of Testing) ၊ စစ်ဆေးမှုရလဒ် မှတ်တမ်းများ (Records of Results) နှင့် ထုတ်ပေးသည့် အရည်အသွေး စမ်းသပ်မှုသက်သေခံ လက်မှတ် ( Quality Certificate) များကို လိုအပ်သည့်အချိန်တွင် ပြန်လည်စစ်ဆေး နိုင်ရန် အနည်းဆုံး (၅) နှစ် သိမ်းဆည်းထားရမည်၊       

၅။       အရည်အသွေးစစ်ဆေးမှု သက်သေခံလက်မှတ်( Quality Certificate)ထုတ်ပေးခြင်း

(က) နမူနာအားလက်ခံရရှိပြီးနောက် အရည်အသွေးစစ်ဆေးမှု သက်သေခံလက်မှတ်( Quality  Certificate) ကို(၂၄) နာရီအတွင်း ထုတ်ပေးရမည်၊

(ခ)   အရည်အသွေးစမ်းသပ်မှုသက်သေခံလက်မှတ်တွင် အောက်ပါအချက်များပါဝင်ရမည်-

(၁) အရည်အသေွးစမ်းသပ်သည့် စက်သုံးဆီ အမျိုးအစား၊

(၂)  အရည်အသေွးစမ်းသပ်ရန် လုပ်ငန်းအပ်နှံသည့် ပုဂ္ဂိုလ် /ကုမ္ပဏီ/အဖွဲ့အစည်း ၊

(၃) နမူနာရယူသည့်နည်းလမ်း၊ တည်နေရာနှင့် နမူနာလက်ခံရရှိသည့် ရက်စွဲနှင့်အချိန်၊                   

(၄)    စစ်ဆေးစမ်းသပ်ချက်များ၊စမ်သပ်မှုနည်းလမ်းများနှင့် စစ်ဆေးတွေ့ရှိမှုရလဒ်များ၊

           (၅) အရည်အသွေးစစ်ဆေးသည့် ရေနံနှင့်ရေနံထွက်ပစ္စည်း၏ သတ်မှတ်စံချိန်စံညွှန်း     အရည်အသွေး သတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ၊

၆။  လိုင်စင်ကြေးသတ်မှတ်ခြင်း

(က)    ရေနံနှင့်ရေနံထွက်ပစ္စည်း အရည်အသွေးစစ်ဆေးခြင်းလိုင်စင် (ယာယီ) အတွက်  တစ်နှစ်လျှင် လိုင်စင်ကြေး ၁,၀၀၀,၀၀၀ ကျပ်(ကျပ်တစ်ဆယ်သိန်းတိတိ) ပေးသွင်း ရမည်၊

(ခ)     ရေနံနှင့်ရေနံထွက်ပစ္စည်း အရည်အသွေးစစ်ဆေးခြင်း အမြဲတမ်းလိုင်စင်အတွက် လိုင်စင်ကြေး အဖြစ် နှစ်နှစ်လျှင် တစ်ကြိမ် ၂,၀၀၀,၀၀၀ ကျပ် (ကျပ်နှစ်ဆယ်သိန်း တိတိ)  ပေးသွင်းရမည်၊

၇။ လိုင်စင်သက်တမ်းတိုးမြှင့်ခြင်း

(က)    လိုင်စင်သက်တမ်းတိုးမြှင့်ခြင်းကို လိုင်စင်သက်တမ်း မကုန်ဆုံးမီ ရက်ပေါင်း (၃၀) ကြိုတင် ဆောင်ရွက်ရမည်။ ကာလကျော်လွန်၍ သက်တမ်းတိုးခြင်းအတွက် သတ်မှတ် ဒဏ်ကြေး ပေးသွင်းရမည်ဖြစ်ပြီး၊ (၃)လ ထက်ကျော်လွန် ပျက်ကွက်ပါက လိုင်စင် သက်တမ်း အလိုအလျောက် ပျက်ပြယ်သည်ဟု သတ်မှတ်ရမည်၊

(ခ)     လိုင်စင်သက်တမ်းတိုးမြှင့်ရန် ရက်ကျော်လွန်ပါက ရက်လွန်ဒဏ်ကြေးအဖြစ် တစ်ရက် လျှင် လိုင်စင်ကြေး၏ ၁% ၊ လိုင်စင် ပျက်စီး/ ပျောက်ဆုံး ၍ မိတ္တူမှန် ထုတ်ပေးခြင်း အတွက် လိုင်စင်ကြေး၏ ၃၀% နှင့် လုပ်ငန်းပိုင်ရှင် လွှဲပြောင်းခြင်းအတွက် လိုင်စင်ကြေး နှုန်းထား အတိုင်း ဒဏ်ကြေးများပေးဆောင်ရမည်

၈။      စစ်ဆေးခနှုန်းထားများ

          လိုင်စင်ရယူလုပ်ငန်းဆောင်ရွက်သူ  ပုဂ္ဂိုလ် သို့မဟုတ်  ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်း သည် စမ်းသပ်စစ်ဆေးခကို ၎င်းတို့ကိုယ်တိုင်သတ်မှတ်၍ ဝန်ကြီးဌာနသို့ တင်ပြထားရမည်၊ ယင်းအခ ကြေးငွေထက် ပိုမိုကောက်ခံခြင်းမရှိစေရ၊

၉။      ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံရေး

(က)    ဘေးအန္တရာယ် ကင်းရှင်းရေးလက်စွဲ   (Laboratory Safety Manual)          ကို ရေးဆွဲ၍ မြင်သာ အောင်ထားရှိရမည်၊

(ခ)     ဝန်ထမ်းများလုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းမှုရှိစေရန်အတွက် အကာအကွယ် ပစ္စည်း (Personal Protective Equipment) များ ဝတ်ဆင်ဆောင်ရွက်နိုင်ရန် စီမံထား ရှိရမည်၊

(ဂ)     ဓာတ်ငွေ့ယိုစိမ့်မှုကို ကြိုတင်သိရှိနိုင်သည့် သတိပေးစနစ် (Alarm System)နှင့် ဓာတ်ငွေ့ ထောက်လှမ်းသည့်ကိရိယာ(Combustible Gas Detector) တို့ကို တပ်ဆင်ထားရှိရမည်၊

(ဃ)    ပြင်ပဧည့်သည်များ၊ ပြုပြင်ထိန်းသိမ်းသည့်လုပ်ငန်းများ ဆောင်ရွက်သူများကို ဘေး အန္တရာယ်ကင်းရှင်းစေရန် လိုအပ်သည့် ကြီးကြပ်ဆောင်ရွက်မှု အစီအမံများ ထားရှိရ မည်၊

(င)       ဓာတုပစ္စည်းများ ဖိတ်စင်မှုဖြစ်ပွားပါက ဆောင်ရွက်ရမည့်နည်းလမ်းများကို      ကြိုတင် သတ်မှတ် ထားရှိရမည်၊ အရေးပေါ်ကာကွယ်ကုသရေးနည်းလမ်းများကို ရေးသား၍ အလွယ်တကူ မြင်သာသည့်နေရာတွင် ထားရှိရမည်၊

(စ)     စွန့်ပစ်ပစ္စည်း အစိုင်အခဲနှင့် အရည်များကို ပတ်ဝန်းကျင်ညစ်ညမ်းမှု (Pollution) မဖြစ် စေရန်အတွက် စနစ်တကျပြုပြင်ဆောင်ရွက်ခြင်း (Treatment) ပြုလုပ်ပြီးမှသာ သက်ဆိုင်ရာစည်ပင်သာယာရေးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့၏   ညွှန်ကြား ချက်များနှင့်အညီ စွန့်ပစ်ရမည်၊

၀။    လိုင်စင်ရရှိသူလိုက်နာရမည့် အခြားစည်းကမ်းချက်များ

(က)    ရေနံနှင့်ရေနံထွက်ပစ္စည်း အရည်အသွေး စစ်ဆေးခြင်း လိုင်စင်ရယူ၍ လုပ်ငန်း ဆောင်ရွက်သည့် ပုဂ္ဂိုလ် သို့မဟုတ် ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းသည် ဝန်ကြီးဌာနမှ သတ်မှတ်သည့် စည်းကမ်းချက်များကို တိကျစွာလိုက်နာရမည်၊

(ခ)        အရည်အသွေး စစ်ဆေးခြင်းလိုင်စင် (ယာယီ) ရရှိရန် ISO 9001 အသိအမှတ်ပြု လက်မှတ်ရရှိအောင် ဆောင်ရွက်ရမည်၊

(ဂ)   လိုင်စင်(ယာယီ)ရရှိပြီး (၃)နှစ်အတွင်း စွမ်းရည်ပြည့်ဝကျွမ်းကျင်မှု အရည်အချင်း ISO/ IEC-17025 အသိအမှတ်ပြုလက်မှတ်ရရှိအောင် ဆောင်ရွက်ရမည်၊

(ဃ) လိုင်စင်လျှောက်ထားရာတွင်လည်းကောင်း၊ လုပ်ငန်းဆောင်ရွက်ရာတွင်လည်းကောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ ၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ ၊ အခြားသက်ဆိုင် သည့်ဥပဒေ ၊ နည်းဥပဒေ  ၊  စည်းမျဉ်းဥပဒေ၊  လုပ်ထုံးလုပ်နည်း ၊  အမိန့်၊   ညွှန်ကြားချက်  စသည်တို့ကို လိုက်နာရမည်၊

(င)     လိုင်စင်ရယူ လုပ်ငန်း ဆောင်ရွက်သည့် ပုဂ္ဂိုလ် / ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းသည် စမ်းသပ်ကိရိယာများနှင့် ပတ်သက်၍ စမ်းသပ်မှုရလဒ်များ မှန်ကန်မှု ရှိစေရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များ အတိုင်းလိုက်နာဆောင်ရွက်ရမည်၊

(စ) စစ်ဆေးရေးအရာရှိ၏ စစ်ဆေးမှုရလဒ်ကို ကျေနပ်မှုမရှိသော ပိုင်ရှင် သို့မဟုတ် ယင်းကိုယ်စားလှယ်သည် ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေပုဒ်မ ၂၃ နှင့် ပုဒ်မ ၂၆ အရ ထပ်မံစမ်းသပ်ပေးရန် ဝန်ကြီးဌာနသို့ တင်ပြလာ၍ ဝန်ကြီးဌာန၏ စမ်းသပ်ရေး အရာရှိမှ ယင်းဥပဒေပုဒ်မ ၂၇ နှင့် ပုဒ်မ ၂၈ အရ စမ်းသပ်စစ်ဆေးပြီး ထုတ်ပေးသော သက်သေခံလက်မှတ်အသစ်၏ စမ်းသပ်မှုရလဒ်သည် နောက်ဆုံးအတည် ဖြစ်စေရမည်၊

(ဆ)  အငြင်းပွားမှု တစ်စုံတစ်ရာဖြစ်ပေါ်ပါက လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သတ်မှတ်ပေး သော အရည်အသွေးစစ်ဆေးရေးဌာနတွင် အရည်အသွေးစစ်ဆေးမှုကို ပြန်လည်ပြုလုပ် ဆုံးဖြတ်မည်၊ ၎င်းအတွက် ကျသင့်သည့်ကုန်ကျစရိတ်ကို မှားယွင်းသည့်ဘက်မှ ကျခံ ရမည်၊

(ဇ)  လိုင်စင်ရယူလုပ်ငန်းဆောင်ရွက်သူ ပုဂ္ဂိုလ် သို့မဟုတ် ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်း သည် လုပ်ငန်းဆောင်ရွက်မှုများကို စာရင်းရေးသွင်းပြီး ၊ ဝန်ကြီးဌာနသို့ လစဉ် လဆန်း (၇) ရက်အတွင်း တင်ပြရမည်၊

(ဈ)  လိုင်စင်ရယူလုပ်ငန်းဆောင်ရွက်သူ ပုဂ္ဂိုလ် သို့မဟုတ် ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်း သည် သတ်မှတ်သည့်စည်းကမ်းချက်များကို လိုက်နာရန်ပျက်ကွက်လျှင်ဖြစ်စေ၊ ဖောက်ဖျက်လျှင်ဖြစ်စေ၊ ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေအရ အရေးယူခြင်း ခံရမည်၊

 

 

မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း

Download Link : MPE_Rules.pdf
Post under by : မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း(MPE)
15-May-2020