The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတိပြုဖွယ် လျှပ်စစ်အန္တရာယ် (၅)

 "သတိပြုဖွယ် လျှပ်စစ်အန္တရာယ် "  ဆောင်းပါးများတွင် ရေးသားဖော်ပြခဲ့သည်ကို ဖတ်မိသော တပည့်မ တစ်ဦးက " အိမ်က မိဘတွေ ၊ ကလေးတွေအတွက် လျှပ်စစ်နဲ့ ပတ်သက်ပြီး စိုးရိမ် ပူပန်စိတ်တွေ ဖြစ်လာတယ် ဆရာ…… အဲဒါနဲ့ အိမ်တွင်းဝါယာကြိုးတွေနဲ့ လျှပ်စစ်ပစ္စည်းတွေကို လျှပ်စစ်အန္တရာယ် ရှိ-မရှိ ရပ်ကွက်ထဲက လျှပ်စစ်နားလည်တဲ့သူကို ခေါ်ပြီး စစ်ဆေးခိုင်းရတယ် …. ကွဲအက်နေတဲ့ မီးပလပ်ပေါက် နှစ်ခုကိုလည်း အမျိုးအစား ကောင်းတာနဲ့ ချက်ချင်း လဲပစ်လိုက်တယ် …. မိသားစုဝင်တွေကိုလည်း လျှပ်စစ်အန္တရာယ် ကင်းရှင်းရေး လက်ကမ်းစာစောင်ပါ အချက်တွေကို အသေအချာ ရှင်းပြခဲ့တယ် …."

 "အေးကွာ ……. တပည့်လိုပဲ အသိစိတ်ကို လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်သူတွေ အတွက် မိမိရော ၊ မိမိပတ်ဝန်းကျင်ပါ လျှပ်စစ်အန္တရာယ် ကင်းရှင်းတာပေါ့ …… အိမ်တွင်း ၊ စက်ရုံတွင်း ဓာတ်လိုက်မှု ဖြစ်စဉ်​တွေကို လေ့လာတွေ့ရှိချက်ကတော့ မီးကြိုးဝါယာများ ပေါက်ပြဲနေတာ တွေကို တိပ်နဲ့ ယာယီပတ်ထားတာတွေ ၊ မီးပလပ် ၊ မီးခလုပ်အကွဲတွေကို မလဲဘဲ ဖြစ်သလို သုံးနေတာတွေဟာ လျှပ်စစ်အန္တရာယ်ကို လက်ယပ်ခေါ်နေတာ ပဲပေါ့ကွာ…..

          "ဒါနဲ့ ဆရာ……… အခုလပိုင်းအတွင်းမှာရော အလားတူ ဖြစ်စဉ်တွေများ ရှိသေးလားဆရာ.."

          "ဓာတ်လိုက်မှုတွေကတော့ ဖြစ်နေတာဘဲကွာ ….. ဓာတ်လိုက်မှု ဖြစ်စဉ်များထဲကနေ လျှပ်စစ် မော်တာတွေ ကိုင်တွယ် အသုံးပြုရာမှာ သတိမထားမှုတွေကြောင့် အသက်ဆုံးရှုံးခဲ့ရတာတွေ များနေ တယ်……"

  1. ၂၀၁၄ ခုနှစ် စက်တင်ဘာ ၃ ရက်နေ့က ပဲခူးတိုင်း ၊ အုတ်တွင်းမြို့ ၊ ဗောဓိကုန်းကျေးရွာမှာ ရှိတဲ့ သကြားစက်ရုံအတွင်းပိုင်း မီးလိုင်း တစ်လိုင်း ပျက်နေတယ် ….. အဲဒီအချိန်မှာ စက်ရုံ ဝန်ထမ်း မောင်……….. အသက် (၂၈)နှစ်က မိန်းခလုပ်မပိတ်ဘဲ မီးပြင်ဖို့ ဝါယာကြိုးကို လက်ဖြင့် ကိုင်လိုက်တဲ့အခါမှာ မီးကြိုးပေါက်တဲ့ နေရာကို ကိုင်မိတယ်…. အဲဒီပေါက်နေတဲ့ ဝါယာကြိုး နေရာကနေ လက်ကို ဓာတ်အားစီးဝင်ပြီး ဓာတ်လိုက် သေဆုံးခဲ့ရတယ် …..

  2. နောက်ဖြစ်စဉ် တစ်ခုကတော့ ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့က ပြည်ကြီးတံခွန် မြို့နယ် ၊ စက်မှုဇုန် ၊ အလုပ်ရုံ တစ်ခုရှိ တွင်ခုံ မော်တာကြိုး ပေါက်ပြဲနေရာမှ တွင်ခုံ သံဘော်ဒီ နှင့် ထိ၍ ဓာတ်အားစီးဝင်နေတယ် ….. တွင်ခုံလုပ်သား မောင်……အသက်(၂၀)နှစ်က လုပ်ငန်းဆောင်ရွက်ရန် တွင်ခုံကို လက်ဖြင့် ကိုင်တွယ်လိုက်စဉ် လက်သို့ ဓာတ်အားစီးဝင်၍ ဓာတ်လိုက် သေဆုံးခဲ့ရတယ် ။

  3. လုပ်ငန်းခွင်အတွင်း နောက်ထပ် ဓာတ်လိုက်မှု ဖြစ်စဉ် တစ်ခုကတော့ ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၂၂ရက်နေ့က ပြည်မြို့ ၊ ရွှေဆံတော်ဘုရား၏ တံတိုင်း နံရံထိန်း လုပ်ငန်းကို မောင်…….. အသက်(၂၇)နှစ်က ဆောင်ရွက်နေတယ်…….ဘိလပ်မြေမှုန့်စက်၏ မော်တာကို နေရာပြောင်းရွှေ့ချင်လို့ ခလုပ် မပိတ်ဘဲ တွန်းရွှေ့ရာမှ မော်တာသို့ ဆက်သွယ်ထားသော မီးကြိုးတစ်စ ပြတ်ထွက်ပြီး ဘိလပ်မြေမှုန့်စက်၏ ကိုယ်ထည်တွင် လျှပ်စစ်စီးဝင်ကာ ကိုင်တွယ် တွန်းရွှေ့သူ မောင်……… ဓာတ်လိုက် သေဆုံးခဲ့ရတယ် ။

  4. ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့မှာပဲ တာချီလိတ်မြို့မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး မြို့တွင်း အိမ်အောက်ထပ်တွေမှာ ရေဝင်မှု ဖြစ်ပေါ်ခဲ့တယ် ……. ဦး…….. အသက်(၃၉)နှစ် က မိမိအိမ်အောက်ထပ်အတွင်း ဝင်နေတဲ့ ရေတွေကို ရေမြှုပ်မော်တာဖြင့် စုပ်ထုတ်နေခဲ့ရာမှ မော်တာရဲ့ အတွင်းကြိုးစ တစ်ချောင်း ပေါက်ပြဲနေသော နေရာသည် ရေနှင့် ထိတွေ့သွား သည့်အတွက် ရေများအတွင်း လျှပ်စစ်စီးဝင်ကာ လုပ်ငန်းဆောင်ရွက်နေသူ ဦး……. ဓာတ်လိုက် သေဆုံးခဲ့ရတယ် ။ 

          "ဖြစ်စဉ်တွေ ကြားရတာ ကျောစိမ့်မိတယ် ဆရာ ……. လျှပ်စစ်အန္တရာယ်ဟာ တော်တော် ကြောက်ဖို့ ကောင်းတာပဲ …. ခေတ္တခဏလေး အတွင်းမှာပဲ အမှုမဲ့ အမှတ်မဲ့နဲ့ သတိကင်းလွတ်ခဲ့မှု ကြောင့် ဝမ်းနည်းကြေကွဲစရာ အဖြစ်ဆိုးတွေ ကြုံတွေ့ရမှုတွေပါပဲ ……။"

         "ဒါပေါ့ ….. ဒီဖြစ်စဉ်တွေကို ကြည့်ရင် မိမိအိမ် လျှပ်စစ်ပစ္စည်းများရှိ ဝါယာကြိုးတွေ ကောင်း/ မကောင်း စစ်ဆေးမှု ဆောင်ရွက်ပြီးမှ လုပ်ငန်းဆောင်ရွက်သင့်တယ်…. အလုပ်ရှင်များအနေနဲ့ လျှပ်စစ်နဲ့ ပတ်သက်ပြီး လုပ်ငန်းဆောင်ရွက်တဲ့ ဝန်ထမ်း အားလုံး လျှပ်စစ်အသိ ၊ လျှပ်စစ်သတိ ရှိအောင် ပြောကြားမှု လေ့ကျင့်မှုတွေ ဆောင်ရွက်ထားရမယ် …… လုပ်ငန်းခွင် အတွင်းမှာလည်း လျှပ်စစ်အန္တရာယ် ကင်းရှင်းအောင်စီမံ ဆောင်ရွက်ထားဘို့ လိုအပ်တယ် ……။"

          "မီးခဲလို မြင်နေရရင်တော့ မကိုင်မိအောင် ရှောင်လို့ လွယ်တာပေါ့ ဆရာ …… ဝါယာကြိုးမှာ လျှပ်စစ်ဓာတ်အား ရှိ/မရှိကို မမြင်ရတော့ အမှုမဲ့ အမှတ်မဲ့ ကိုင်တွယ်မိတာနဲ့ အသက်ဆုံးရှုံး ရတယ်….. လျှပ်စစ်ဝါယာကြိုးတွေ ၊ လျှပ်စစ်ပစ္စည်းတွေပေါ်မှာ ဓာတ်အား ရှိ/မရှိ ဘယ်လို သိနိုင်မလဲ ဆရာ…."

         "အဲဒါ သိပ်သိသင့်တဲ့ အချက်ပဲ ….. လျှပ်စစ်စမ်းသပ် ကရိယာ (Tester )  တစ်ချောင်းနဲ့ ထောက်ပြီး စမ်းသပ်ကြည့်ရင် အလွယ်တကူ သိရှိနိုင်တယ် ….. လျှပ်စစ်စမ်းသပ် ကရိယာ (Tester ) တွင် မီးလင်းပါက လျှပ်စစ်ဓာတ်အားရှိနေကြာင်း သိနိုင်တာပေါ့ …. လျှပ်စစ်စမ်းသပ် ကရိယာ (Tester )တစ်ချောင်းရဲ့ တန်ဘိုးကလည်း လ္ဘက်ရည်တစ်ခွက်စာလောက်ပဲ ရှိတာလေ……. အိမ်တိုင်းမှာ ဆောင်ထားသင့်တာပေါ့ …. နောက်တစ်ခုရှိသေးတယ် ….နေအိမ်အများစုက လျှပ်စစ်သုံးစွဲရာမှာ မြေစိုက်ကြိုး (Earth) မပါဘဲ အဖို၊အမ နှစ်မျိုးပဲ သုံးနေကြတယ် ….. လျှပ်စစ်မီးပူ ၊ မီးဖို ၊ မော်တာစတဲ့ ပစ္စည်းတွေရဲ့ ကိုယ်ထည် (Body)မှာ ဓာတ်အားရှိနေပါက လူကိုင်မိရင် ဓာတ်လိုက်မှုဖြစ်တော့တာဘဲ …..မြေစိုက်ကြိုး (Earth) တပ်ဆင်ထားခြင်းဖြင့် လျှပ်စစ်ပစ္စည်း ကိုယ်ထည်များတွင် လျှပ်စစ်ဓာတ်စီးဝင်မှု ရှိပါက မြေစိုက်ကြိုးကတစ်ဆင့် မြေအောက်သို့ စီးဝင်သွားသောကြောင့် ကိုင်တွယ်သုံးစွဲသူများတွင် ဓာတ်လိုက်မှု မဖြစ်နိုင်တော့ဘူး…..  

 "မြေစိုက်ကြိုး (Earth) စနစ် ကို ဘယ်လို ထည့်သွင်း သုံးစွဲရမလဲ ဆိုတာ သိပါရစေဆရာ.."

 

"လျှပ်စစ်ဓာတ်အသုံးပြုပြီး သုံးစွဲတဲ့ပစ္စည်းတွေ အားလုံးမှာ မြေစိုက်ကြိုး(Earth)စနစ် ထည့်သွင်း သုံးစွဲရတယ်….. ဓာတ်အားလိုင်းတွေ ၊ ဓာတ်အားခွဲရုံတွေမှာ မြေစိုက်ကြိုး(Earth) စနစ်ရှိ သလိုဘဲ အိမ်တွင်းသုံးလျှပ်စစ်ပစ္စည်းတွေဖြစ်တဲ့ မီးပူ ၊ မီးဖို ၊ အဝတ်လျှော်စက် ၊ လေအေးပေးစက် ၊ မော်တာစတဲ့ ပစ္စည်းတွေမှာလည်း မြေစိုက်ကြိုး (Earth)စနစ် ထည့်သွင်းသုံးစွဲဖို့ လိုအပ်တယ် ….. ဒီအိမ်သုံး ပစ္စည်းတွေကို မြေစိုက်ကြိုး(Earth) စနစ် မဖြစ်မနေ သုံးစွဲဖို့ စတင် ထုတ်လုပ်လိုက်တဲ့ စက်ရုံက သုံးပင်ကြိုးနဲ့ သုံးပင်ဆော့ကက်တွေ တစ်ပါတည်း တပ်ဆင် ထုတ်လုပ်ပေးထားတာဖြစ်တယ် … အိမ်တွေ ရောက်တော့မှ သုံးပင်ကြိုးနဲ့ သုံးပင်ဆော့ကက် မသုံးပဲ နှစ်ပင်ဆော့ကတ် ခေါင်းနဲ့ ပြောင်းသုံးနေကြတယ်.."

          "မြေစိုက်ကြိုးစနစ် အသုံးပြုတဲ့ သုံးပင်ကြိုး သုံးပင် ဆော့ကက် စနစ်က အန္တရာယ် ကင်းရှင်း တယ် ဆိုရင် အိမ်တွေမှာ ဘယ်လိုပြောင်းလဲမှုတွေ ဆောင်ရွက်ရမလဲ ဆရာ …"

          "အေး…. ဒါလဲ သိသင့်တဲ့ အချက်ဘဲ….. လျှပ်စစ်ကျွမ်းကျင် ပညာရှင်များနှင့် ဆက်သွယ်ပြီး မိမိအိမ်တွင် မြေစိုက်ကြိုး(Earth) စနစ်ရအောင် ဆောင်ရွက်နိုင်ပါတယ် ….မြေစိုက်ကြိုး(Earth)စနစ် ရပြီဆိုရင် နှစ်ပင်ကြိုး နှစ်ပင် ဆော့ကက် စနစ်ကနေ  သုံးပင်ကြိုး သုံးပင်ဆော့ကက် စနစ် ပြောင်းသုံးပြီး အိမ်သုံးလျှပ်စစ်ပစ္စည်းများ ဖြစ်တဲ့ မီးပူ ၊ မီးဖို ၊ရေခဲသေတ္တာ စတဲ့ ပစ္စည်းများကို မြေစိုက်ကြိုး (Earth)စနစ် ဆက်သွယ် သုံးစွဲထားခြင်းဖြင့် လျှပ်စစ်ပစ္စည်းများကို ကိုင်တွယ်ရာမှ ဓာတ်လိုက်မှု ဖြစ်စဉ်တွေ လျော့နည်းသွားမှာ ဖြစ်တယ် …. သတိပြုဖို့ အနေနဲ့တော့….."

 

 "လျှပ်စစ်ပစ္စည်းများ မသုံးစွဲမီ ဝါယာကြိုးများ ပေါက်ပြဲမှု ရှိ/မရှိ စစ်ဆေးပါ"

        "လျှပ်စစ်ပစ္စည်းများ၏ ကိုယ်ထည်များတွင် လျှပ်စစ်ဓာတ်အား ရှိ/မရှိ လျှပ်စစ်စမ်းသပ် ကရိယာ (Tester ) ဖြင့် စမ်းသပ်ကြည့်ပါ "

        "မြေကြီးတမံတလင်းပေါ်တွင် ခြောက်သွေ့သော ဖိနပ်စီးပြီးမှ လျှပ်စစ်ပစ္စည်းများကို ကိုင်တွယ်ပါ "

        "လျှပ်စစ်ပစ္စည်းများကို မြေစိုက်ကြိုး (Earth)စနစ် ပါရှိသော သုံးပင်ကြိုး သုံးပင်ဆော့ကက် စနစ်တပ်ဆင်သုံးစွဲပါ။"

        "အဆောက်အဦများ ဆောက်လုပ်ရာတွင် လျှပ်စစ်ပိုင်းဆိုင်ရာ ဝါယာကြိုးများ သွယ်တန်းရာ၌ မြေစိုက်ကြိုး (Earth)စနစ်နှင့် သုံးပင်ပလပ် စနစ်ထည့်သွင်းဆောင်ရွက်ပါ"

 

ဝေယံ

03-Jan-2018