The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

သတိပြုဖွယ် လျှပ်စစ်အန္တရာယ် (၆)

လျှပ်စစ်အန္တရာယ် သတိပြုနိုင်ရန်အတွက် ဓာတ်လိုက်မှု ဖြစ်စဉ်များတွင် “Service ကြိုးကြောင့် ဓာတ်လိုက်ခြင်း” သည် တတိယ အများဆုံးဖြစ်ပါသည်။ ဆားဗစ်ကြိုး (Service Wire) သည် ဓာတ်အားလိုင်းတိုင်မှ အိမ်သို့ ဆွဲထားသော ဝါယာကြိုးကို ခေါ်ခြင်းဖြစ်ပါသည်.... အိမ်တစ်လုံး အသုံးပြုသော လျှပ်စစ်ဓာတ်အားသည် ဆားဗစ်ကြိုးမှ ဖြတ်စီးခြင်းကြောင့် ဆားဗစ်ကြိုးသည် အိမ်တွင်း သုံးကြိုးအားလုံးထက် ပိုကြီးသော အရွယ်အစားကိုအသုံးပြုကြရပါသည်။ အိမ်တစ်အိမ်အတွက် ဆားဗစ် ကြိုးအရွယ်အစားရွေးချယ် တပ်ဆင်ရာတွင် တစ်အိမ်လုံး၌ အသုံးပြုသော လျှပ်စစ်ပစ္စည်းအားလုံး၏ ဝန်အားပြည့် လျှပ်စီး (Ampere) ပေါ် မူတည်၍ တွက်ချက်တပ်ဆင်ရမည် ဖြစ်ပါသည်။ 

 အိမ်တစ်အိမ်အတွက် ဝန်အားပြည့် လျှပ်စီး ၂၅ အမ်ပီယာ ရှိမည် ဆိုပါက ဆားဗစ်ကြိုးသည် 7/.044 အရွယ် အမျိုးအစား ၃၄ အမ်ပီယာ စီးဆင်းနိုင်သော ဝါယာကြိုးကို အသုံးပြုရမည်  ဖြစ်ပါသည်။ အိမ်သုံးလျှပ်စစ်စီးဆင်းသည်ထက် ၁.၄ ဆ ပိုမိုခံနိုင်သော ဝါယာကြိုးကို သုံးစွဲရမည် ဖြစ်ပါသည်။ တစ်နည်းအားဖြင့် ဆားဗစ်ဝါယာကြိုး တစ်ချောင်းတွင် သတ်မှတ်ခံနိုင်စွမ်း ၈၀% အောက်သာ လျှပ်စစ်စီးခြင်းကို အသုံးပြုစေခြင်းဖြစ်ပါသည်။

                ဆားဗစ်ဝါယာကြိုး တစ်ချောင်းခံနိုင်ရည်၏၈၀% အောက်ကိုသာ မည်သည့်အတွက်ကြောင့် သုံးစွဲသင့်သနည်း? …………….. ဘယ်အရာမဆို ခံနိုင်မှု အပြည့်အဝကို သုံးစွဲပါက တာရှည်သုံးစွဲနိုင် မည်မဟုတ်ပဲ သက်တမ်းကုန်ဆုံးလွယ်မည်ဖြစ်ပါသည်။

                ဥပမာအားဖြင့် ……. လူတစ်ယောက်သည် ဆန်တစ်အိတ် (၁၁၀ ပေါင်) ကို မိနစ် ၃၀ သာ ထမ်းထားနိုင်မည်ဆိုပါစို့………. ဆန်တစ်အိတ်လုံး မထမ်းပဲ ဆန်အိတ်၏ သုံးပုံနှစ်ပုံ (၇၃ ပေါင်) ကို ထမ်းပါက ၅၀ မိနစ်ခန့်ကြာအောင် ထမ်းနိုင်မည်ဖြစ်ပါသည်…….. အလားတူ စက်ပစ္စည်းများ၊ ယာဉ်များ၊ လမ်းတံတားများ၏ ခံနိုင်ရည်နှင့် သက်တမ်းကြာရှည်မှုတို့၏ ဆက်နွယ်မှုသည်လည်း ထိုနည်းအတိုင်းပင်ဖြစ်ပါသည်။

                သတ်မှတ်ချက် ဝန်အားနှင့်ကိုက်ညီသော ဆားဗစ်ဝါယာကြိုးကို တပ်ဆင်ထားပြီးသော်လည်း ရေရှည်စိတ်ချရပြီဟု ယူဆ၍မရပါ…. အရာဝတ္တုတိုင်းသည် သက်တမ်း ကုန်လွန်မှု၊ ထိခိုက်ပျက်စီးမှုများ ရှိလာပါက အစားထိုးလဲလှယ်မှုများ ဆောင်ရွက်ရမည် ဖြစ်ပါသည်။ ဆားဗစ်ဝါယာကြိုးများသည် ပြင်ပ ရာသီဥတု၏ ပူခြင်း၊ အေးခြင်း၊ မိုးရေစိုခြင်း၊ လေတိုက်လှုပ်ရမ်းခြင်းစည့် ဒဏ်များ ခံနေရမှုကြောင့် အတွင်း ကြေးကြိုးများကို ဖုံးအုပ်ထားသော PVC အကာ (Poly Vinyl Chloride Cover)၊ ကွဲအက်ခြင်းများ ဖြစ်လာပါသည်။ ၎င်းအပြင် ဈေးနှုန်းလျှော့ ရောင်းနိုင်ရန်အတွက် စက်ရုံများက ဝါယာကြိုးအတွင်းရှိ ကြေးကြိုးများ ပြုလုပ်ရာတွင် ကြေးအစစ်ကို အသုံးမပြုပဲ အခြားဈေးသက်သာ သော သတ္တုပစ္စည်းများ ရောစပ်၍ ထုတ်လုပ်မှုများရှိကြပါသည်။ ယင်းကြိုးများအတွင်း လျှပ်စစ်စီးဆင်း ရာတွင် အပူဓာတ်များ ပုံမှန်ထက်ပို၍ ဖြစ်ပေါ်စေပြီး ဆားဗစ်ကြိုးများ၏ အဖုံး ( Cover ) များ ကွဲအက်ပေါက်ပြဲမှုများဖြစ်ပေါ်စေပါသည်။

                ဆားဗစ်ဝါယာကြိုးကို ဓာတ်တိုင်မှ အိမ်သို့ သွယ်တန်းရာတွင် အိကျမှုမရှိစေရန်အတွက် ဝန်ထမ်းကြိုး (သွပ်နန်းကြိုး) နှင့် တွဲ၍ ချည်နှောင်ဆွဲသားရပါမည်။ ဆားဗစ်ကြိုး ပေါက်ပြဲမှုဖြစ်ပါက သွပ်နန်းကြိုးတွင် လျှပ်စစ်ဓာတ်အား ရောက်ရှိနေမည်ဖြစ်ပြီး ၎င်းသွပ်နန်းကြိုးကို ထိမိ၊ ကိုင်တွယ်မိပါက သွပ်နန်းကြိုးပေါ်ရှိ လျှပ်စစ်ဓာတ်အားသည် ကိုယ်တွယ်သူကို ဓာတ်လိုက်မှု အန္တရာယ်ကျရောက်မည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ သွပ်နန်းကြိုးကိုလည်း သံချေးတက်ခြင်း၊ ပြတ်ကျနိုင်ခြင်းများ မရှိစေရန် စစ်ဆေးဆောင်ရွက်ရမည်ဖြစ်ပါသည်။

                ဆားဗစ်ကြိုးများကြောင့် ဓာတ်လိုက်မှု ဖြစ်စဉ်များကို ကောက်နုတ်ဖော်ပြရပါက ဖြစ်စဉ် အချို့မှာ -

                ၂၀၁၂ ခုနှစ် စက်တင်ဘာလ (၉) ရက်နေ့တွင် ရှမ်းပြည်နယ်၊ အောင်ပန်းမြို့၌ မိုးရွာလေတိုက် မှုကြောင့် ဒေါ်……… ၏ ခြံဝန်းဘေးရှိ ဆားဗစ်ကြိုးထောက်တိုက်မှာ  လဲကျပြီး ခြံစည်းရိုးပင်များ ပေါ်သို့ ဆားဗစ်ကြိုးလျော့ကျနေပါသည်။ ဒေါ်…… မှ လျော့ကျနေသော ဆားဗစ်ကြိုးကို လက်ဖြင့် ဖယ်လိုက်ရာမှ ဆားဗစ်ကြိုးပေါက်သည့်နေရာမှ လျှပ်စစ်စီးဝင်၍ ဓာတ်လိုက်သေဆုံးမှုဖြစ်ပွားခဲ့ပါသည်။

                ၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၂၃ ရက်နေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဇေယျာသီရိရပ်ကွက်ရှိ အိမ်တစ်အိမ်၏ ဆားဗစ်ကြိုး ပြတ်ကျပြီး တိုင်မှ တွဲလျောင်းကျနေပါသည်။ ပလပ်စတစ် ကောက်သူ မောင်…….. မှ တွဲလျောင်းကျနေသော ဆားဗစ်ကြိုးကို လှမ်းဆွဲယူရာ ဓာတ်လိုက်မှုဖြစ်နေသည်ကို အတူပါလာသော မောင်…….. က ဝင်ဆွဲရာမှ ၂ ဦးလုံး ဓာတ်လိုက်သေဆုံးမှု ဖြစ်ပွားခဲ့ပါသည်။

                ၂၀၁၄ ခုနှစ်၊ ဇူလိုင်လ (၂) ရက်နေ့ကလည်း ရန်ကုန်တိုင်း၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်း မြို့နယ်၊ ညောင်ဝိုင်းကျေးရွာတွင် ဦး……….. သည် မိမိခြံဝန်းအတွင်းရှိ မလေးရှားပိတောက်ပင်အား အောက်ခြေမှ ဓားဖြင့်ပိုင်းဖြတ်ခုတ်လှဲရာတွင် ပိတောက်ပင်အပိုင်းသည် နေအိမ်သို့ သွယ်တန်းထားသော ဆားဗစ်ကြိုးပေါ် ပိနေခဲ့ပါသည်။ ဦး……… မှ ဆားဗစ်ကြိုးအား ကိုယ်တွယ်ဖယ်ရှားစဉ် ဆားဗစ်ကြိုးပေါက်သည့်နေရာကို ကိုင်မိ၍ ဓာတ်လိုက်မှုဖြစ်နေစဉ် သားဖြစ်သူ မောင်……..မှ ဝင်ဆွဲရာမှ ၂ ဦးလုံး ဓာတ်လိုက်သေဆုံးမှု ဖြစ်ပွားခဲ့ပါသည်။

                ဖော်ပြပါ ဖြစ်စဉ်များကို ကြည့်ပါက သက်တမ်းကြာ ဆားဗစ်ကြိုးများပေါက်ပြဲနေမှုကို စစ်ဆေးလှဲလှယ်မှုမရှိခြင်းကြောင့် လူ့အသက်များ ဆုံးရုံးမှုများဖြစ်ပွားရခြင်းဖြစ်ပါသည်။

ဆားဗစ်ကြိုးများကြောင့် လျပ်စစ်အန္တရာယ်မဖြစ်စေရေးအတွက် လျှပ်စစ်ဝန်ထမ်းများက ကွင်းဆင်းစစ်ဆေး၍ လဲလှယ်သင့်သော ဆားဗစ်ကြိုးများကို အိမ်ရှင်များအား အသိပေးလဲလှယ်စေမှုများ ဆောင်ရွက်လျက်ရှိပါသည်။ အိမ်ရှင်များဘက်ကလည်း လဲလှယ်သင့်သော ကြိုးကို လဲလှယ်ပေးရန် လိုအပ်ပါသည်။ လျှပ်စစ်ဝန်ထမ်းများ လာရောက်မစစ်ဆေးသေးပါကလည်း မိမိမျက်မြင် စစ်ဆေးခြင်း၊ လျှပ်စစ်ကျွမ်းကျင်သူများကို ခေါ်ယူစစ်ဆေးခြင်းများကို ဆောင်ရွက်သင့်ပါသည်။ ပစ္စည်းများ အသုံးပြု ရာတွင် လူအများစုသည် ပျက်စီးမှပြင်ဆင်လဲလှယ်သုံးစွဲသည့် အလေ့အထအတိုင်း လျှပ်စစ်ကြိုးများ၊ လျှပ်စစ်ပစ္စည်းများကိုလည်း သုံးစွဲနေခြင်းကြောင့် လျှပ်စစ်အန္တရာယ်နှင့် ကြုံတွေ့နေရခြင်းဖြစ်ပါသည်။

                ဆားဗစ်ကြိုးများကြောင့် ဓာတ်လိုက်မှု ဖြစ်စဉ်များတွင် အဓိက အကြောင်းအချက်အနေဖြင့် လျှပ်စစ်ကို ယခင်က အိမ်သုံးအလင်းရောင်မီးအဖြစ်သာ အသုံးပြုခဲ့ရာမှ လူနေမှုစနစ်တိုးတက်လာမှု ကြောင့် မီးဖို၊ မီးပူ၊ ပန်ကာ၊ ရေခဲသေတ္တာ၊ လေအေးပေးစက်၊ ရေပူရေအေးစက် စသည်ဖြင့် တိုးတက် သုံးစွဲလာကြပါသည်။ ယခင်ဆွဲထားသော ဆားဗစ်ဝါယာကြိုးအသေးသည် လက်ရှိလျှပ်စစ်သုံးစွဲမှု ဝန်အားမနိုင်ခြင်းကြောင့် ကြိုးတစ်လျှောက် အပူဖြစ်ပေါ်၍ သုံးစွဲမှု ကြာလာသောအခါ ဝါယာကြိုး ပေါက်ပြဲခြင်း၊ ပြတ်ကျခြင်းများ ဖြစ်ပေါ်ပါသည်။ အိမ်တစ်အိမ်တွင် လူဦးရေ တိုးလာပါက အိမ်ခန်းများ တိုးချဲ့တည်ဆောက်ရသည့်နည်းတူ မိမိအိမ်တွင် တပ်ဆင်ထားသော ဆားဗစ်ဝါယာကြိုး အရွယ်အစားနှင့် အိမ်တွင်း လျှပ်စစ်ပစ္စည်းများ သုံးစွဲဝန်အားတို့ ကိုက်ညီမှုရှိမရှိ စစ်ဆေးရပါမည်။ ထို့အတူ နေအိမ်များ နှစ်ကြာလာလျှင် ချို့ယွင်းပျက်စီးသော နေရာများကို ပြင်ဆင်ထိန်းသိမ်းမှု၊ အစားထိုး ဆောင်ရွက်ပေးရသကဲ့သို့ ဆားဗစ်ဝါယာကြိုး၏ သုံးစွဲမှုသက်တမ်းကာလ၊ ပျက်စီးမှုအနေအထားများကို စစ်ဆေး၍ အမြန်ဆုံး အစားထိုးလဲလှယ်မှုများ ဆောင်ရွက်ရန် အရေးကြီးလှပါသည်။

ဆားဗစ်ဝါယာကြိုးကြောင့် လျှပ်စစ်အန္တရာယ် မဖြစ်ပွားစေရန် သတိပြုရမည့် အချက်များ အနေဖြင့်-

  1. လျှပ်စစ်ကျွမ်းကျင် နားလည်သူနှင့် ဆားဗစ်ဝါယာကြိုး အရွယ်အစားရွေးချယ်တပ်ဆင်ပါ။

  2. အမျိုးအစားကောင်းမွန်သော ဆားဗစ်ဝါယာကြိုးကိုသာ ဝယ်ယူသုံးစွဲပါ။

  3. အိမ်၏ သွပ်မိုးနှင့် ဆားဗစ်ကြိုးထိနေပါက ဆားဗစ်ကြိုး ပေါက်ပြဲလွယ်တက်သည်ကို သတိပြုပါ။

  4. ဆားဗစ်ဝါယာကြိုးနှင့်တွဲ၍ ချည်နှောင်သော ဝန်ထမ်းကြိုး (သွပ်နန်းကြိုး) ၏ ခိုင်ခံ့မှု ကို စစ်ဆေးပါ။

  5. ဆားဗစ်ဝါယာကြိုးများ ပြတ်ကျခြင်း၊ လျော့ကျခြင်းများ ဖြစ်ပေါ်နေပါက ကိုင်တွယ်မှု မပြုပဲ နီးစပ်ရာ မြို့နယ်လျှပ်စစ်ရုံး (သို့မဟုတ်) လျှပ်စစ်ကျွမ်းကျင်သူသို့ အကြောင်းကြားပါ။

ဝေယံ

03-Jan-2018