The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

    ပင်လောင်း မြို့နယ်အတွင်းရှိ တီကျစ် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံသည် ပြဋ္ဌာန်းထားသော ဥပဒေ၊ နည်းဥပဒေများနှင့် ညွှန်ကြားချက်များကို လေးစားလိုက်နာ၍ အကောင်အထည် ဖော်ခြင်း ရှိ/မရှိနှင့် စက်ရုံ လည်ပတ်ခွင့်ကို သုံးနှစ်အထိ သက်တမ်း တိုးပေးခဲ့ခြင်းကို ပြန်လည် သုံးသပ်ပေးရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်းသည့် မေးခွန်း

ဦးစိုင်းထွန်းအေး (မိုင်းရှူး မဲဆန္ဒနယ်)

            ပင်လောင်း မြို့နယ်အတွင်းရှိ တီကျစ် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံသည် ပြဋ္ဌာန်းထားသော ဥပဒေ၊ နည်းဥပဒေများနှင့် ညွှန်ကြားချက်များကို လေးစားလိုက်နာ၍ အကောင်အထည် ဖော်ခြင်း ရှိ/မရှိနှင့် စက်ရုံ လည်ပတ်ခွင့်ကို သုံးနှစ်အထိ သက်တမ်း တိုးပေးခဲ့ခြင်းကို ပြန်လည် သုံးသပ်ပေးရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်းသည့် မေးခွန်း

             ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့၊ တီကျစ်ကျေးရွာအုပ်စု အတွင်း တည်ရှိသည့် ၁၂၀ မဂ္ဂါဝပ် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံနှင့်စပ်လျဉ်းသည့် ကြယ်ပွင့်ပြ မေးခွန်းကို မေးမြန်းသွားမည် ဖြစ်ပါကြောင်း၊တီကျစ် ၁၂၀ မဂ္ဂါဝပ် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံကို န.ဝ.တ အစိုးရ လက်ထက် ၂၀၀၁ ခုနှစ်တွင် စတင်အကောင်အထည်ဖော် တည်ဆောက်ခဲ့ပါကြောင်း၊ တရုတ်နိုင်ငံ အမျိုးသား အကြီးစားစက်မှုလုပ်ငန်းကော်ပိုရေးရှင်း (China National Heavy Machinery Corporation)နှင့် အေဒင်အုပ်စု ကုမ္ပဏီတို့ ပူးပေါင်း၍ ၂၀၀၂ ခုနှစ်မှာ စက်ရုံကို စတင် လည်ပတ်ခွင့် ရရှိခဲ့ပါကြောင်း၊ သို့သော် နည်းပညာ နိမ့်ခြင်း၊ စက် ချို့ယွင်းခြင်း၊ ဒေသခံပြည်သူများက စက်ရုံ ရပ်ဆိုင်းပေးရန် တောင်းဆိုခြင်းများကြောင့် ၂၀၁၄ ခုနှစ်တွင် လုပ်ငန်းရပ်ဆိုင်း ထားခဲ့ရ‌သည်ကို သိရှိရပါကြောင်း၊ တီကျစ်စက်ရုံကို ပြန်လည်လည်ပတ်နိုင်ရန်အတွက် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့ တွင် တရုတ်နိုင်ငံမှ Wuxi Hua Guang ကုမ္ပဏီနှင့် သဘောတူစာချုပ် လက်မှတ် ရေးထိုးခဲ့ပြီး စမ်းသပ်လည်ပတ်ခွင့်ကို တစ်နှစ်တွင် တစ်ကြိမ်နှုန်းဖြင့် ထုတ်လုပ်မှု နှစ်ကြိမ်လုပ်ဆောင် ခဲ့သည်ဟု သိရပါကြောင်း၊ တင်ဒါအောင်မြင်ခဲ့သည့် ကုမ္ပဏီသည် တီကျစ်စက်ရုံကို နှစ်ရှည် ငှားရမ်း စာချုပ်ချုပ်ဆိုခဲ့ပြီး ၂၂ နှစ် လုပ်ကိုင်ခွင့် ရရှိထားကြောင်းနှင့် မူလက တစ်နှစ်ခြင်းစီ သက်တမ်းတိုးရန် သဘောတူထားခဲ့သော်လည်း ၂၀၁၉ ခုနှစ်တွင် နောက်ထပ် သုံးနှစ်အထိ ပြည်ထောင်စုအစိုးရမှ သက်တမ်းတိုး ခွင့်ပြုခဲ့သည်ကို သိရပါကြောင်း၊တီကျစ် ၁၂၀ မဂ္ဂါဝပ် ကျောက်မီးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံမှ ထွက်ပေါ်လာသည့် အညစ်အကြေးများကြောင့် ဒေသခံပြည်သူများ၏ ကျန်းမာရေး အခြေအနေကို ဆိုးရွားစွာ ထိခိုက်လာနေသည့်အပြင် သဘာဝ ပတ်ဝန်းကျင် ဂေဟစနစ်များ ပျက်စီးလာခြင်းတို့ကြောင့် ဒေသခံ ပြည်သူများနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများ၏ အပြင်းအထန် ကန့်ကွက်နေမှုကို ကြုံတွေ့ နေရပါကြောင်း၊ စက်ရုံ ပိတ်သိမ်းရေးအတွက် ၂၀၁၉ ခုနှစ်၊ ဧပြီလ ၆ ရက်နေ့တွင် ရာချီသည့် ဒေသခံပြည်သူများက ဆန္ဒထုတ်ဖော် ချီတက်ခဲ့ကြပါကြောင်း၊ ကျောက်မီးသွေး စက်ရုံ မီးခိုးခေါင်းတိုင်သည် မီတာ ၈၀ ဖြစ်ပြီး နိုင်ငံတကာတွင် ပတ်ဝန်းကျင်ကို မထိခိုက်စေရန်အတွက် မီတာ ၂၀၀ အမြင့် ပြုလုပ်ကြသည်ကို လေ့လာတွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ၎င်းအမြင့်သည် ပြည့်စုံ လုံလောက်မှု ရှိကြောင်း ရှင်းလင်းစွာ တွက်ချက်တင်ပြရန် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနက အကြံပြု တင်ပြထားပါကြောင်း၊ စက်ရုံမှ ထွက်ရှိသည့် လေထုအတွင်း အမှုန်အမွှား ပါဝင်မှုသည် ဥပဒေအရ သတ်မှတ်ပြဋ္ဌာန်း ထားသည်ထက် PM တန်ဖိုးများ ပိုမိုကျော်လွန်နေကြောင်း ဖော်ပြထားချက်နှင့် တီကျစ်ဒေသရှိ ရေအရင်းအမြစ်များ၏ ရေအရည်အသွေးဆိုင်ရာ အချက်အလက်များကို ပြန်လည် စစ်ဆေးတိုင်းတာရန် ECD ၏ တိုက်တွန်းအကြံပြုချက် ဖြစ်ပါကြောင်း၊ စက်ရုံမှ ထွက်ရှိသည့် ပြာမှုန်တွေနှင့်ပတ်သက်ပြီး စနစ်တကျ စစ်တမ်း ကောက်ယူထားခြင်း မရှိသည့် အတွက် ပြန်လည် စစ်တမ်းကောက်ယူရန် ECD က အကြံပြု တိုက်တွန်းထားချက် ဖြစ်ပါကြောင်း၊ စက်ရုံက အသုံးပြုနေသည့် နည်းပညာပိုင်းဆိုင်ရာ ညွှန်ကိန်းများကို တိကျစွာ ဖော်ပြရန် ပျက်ကွက်နေသည့်အတွက် မဖြစ်မနေ ပြန်လည် ဆောင်ရွက်သွားရန် ECD ၏ အကြံပြုချက် ဖြစ်ပါကြောင်း၊ ထို့ပြင် ကျောက်မီးသွေး စက်ရုံကြောင့် ဖြစ်ပေါ်လာမည့် ကောင်ကျိုး၊ ဆိုးကျိုးများကို ကျွမ်းကျင် ပညာရှင်များနှင့် စနစ်တကျ တွက်ချက်ခြင်း၊ သက်နု ကျောက်မီးသွေး အမျိုးအစား မဟုတ်ဘဲ အရည်အသွေး ပြည့်မီသည့် ကျောက်မီးသွေးကိုသာ အသုံးပြုခြင်း၊ ကျောက်မီးသွေးမှ ထွက်ရှိလာသည့် အမှုန်အမွှားများကို လေထုထဲသို့ မပျံ့နှံ့စေရန်နှင့် အဆိပ်ငွေ့များ လျော့ကျစေရန် ခေတ်မီနည်းပညာ အသုံးပြုခြင်း စသည့် အပိုင်းများတွင် အားနည်းချက်များ ကြီးမားစွာ ပေါ်ပေါက်နေသော်လည်း တီကျစ် ကျောက်မီးသွေးသုံး စက်ရုံကို တိတိကျကျ စစ်ဆေးပေးရန် အစိုးရဘက်မှ နှောင့်နှေးလျက်ရှိသည်ကို တွေ့ရပါကြောင်း၊ သို့ဖြစ်ပါ၍  တီကျစ် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အား စက်ရုံသည် ပြဋ္ဌာန်းထားသော ဥပဒေ၊ နည်းဥပဒေများနှင့် ညွှန်ကြားချက်များကို လေးစားလိုက်နာ၍ အကောင်အထည်ဖော်နေခြင်း ရှိ/မရှိ၊ စက်ရုံမှ ခေတ်ဟောင်း နည်းပညာကို အသုံးပြုသည့် စက်ရုံအမျိုးအစားဖြစ်ပြီး သဘာဝ ပတ်ဝန်းကျင် ဂေဟစနစ်နှင့် ဒေသခံပြည်သူများ၏ ကျန်းမာရေးအပေါ် အန္တရာယ်ပြုခြိမ်းခြောက် လျက် ရှိသော်လည်း ဆက်လက်လည်ပတ်ရန် ဆောင်ရွက်နေခြင်းသည် ဖြစ်သင့်/မဖြစ်သင့်၊ ဒေသခံ ပြည်သူများ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် ကုမ္ပဏီအကြား အငြင်းပွားဖွယ်ကိစ္စရပ်များ ဖြစ်ပေါ်နေမှုကို အစိုးရကြပ်မတ် ထိန်းသိမ်းသွားရန်နှင့် စက်ရုံ လည်ပတ်ခွင့်ကို သုံးနှစ်အထိ သက်တမ်းတိုးပေးခဲ့ခြင်းကို ပြန်လည်သုံးသပ်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။

လျှပ်စစ်နှင့်စွမ်းအင်

လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း

        တီကျစ်ကျောက်မီးသွေးသုံး ရေနွေးငွေ့စက်ရုံသည် စက်တပ်ဆင်အင်အား ၆၀ မဂ္ဂါဝပ် စက်နှစ်လုံး စုစုပေါင်း ၁၂၀ မဂ္ဂါဝပ် ဖြစ်ပါကြောင်း၊ ယခင်လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၊ မြန်မာ့ လျှပ်စစ် ဓာတ်အားလုပ်ငန်းမှ ၂၀၀၂ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်နေ့မှာ စတင်တည်ဆောက် ခဲ့ပြီး  အမှတ်(၁)စက်ကို ၂၄-၁၂-၂၀၀၄ ရက်နေ့နှင့် အမှတ်(၂)စက်ကို ၃-၅-၂၀၀၅ ရက်နေ့တွင် စတင် လည်ပတ် မောင်းနှင် ဓာတ်အား ထုတ်လုပ်ခဲ့ပါကြောင်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ယခင် သစ်တောရေးရာ ဝန်ကြီးဌာနမှ ၂၀၁၂ ခုနှစ်တွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေကိုလည်းကောင်း၊ ၂၀၁၄ ခုနှစ်တွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေး နည်းဥပဒေကိ လည်းကောင်း၊ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလတွင် ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်း ဆိုင်ရာ လုပ်ထုံးလုပ်နည်း၊ အမျိုးသား ပတ်ဝန်းကျင်ဆိုင်ရာ အရည်အသွေး (ထုတ်လွှတ်မှု) လမ်းညွှန်ချက်များတို့ကို အသီးသီး ပြဋ္ဌာန်းခဲ့ပြီး ဖြစ်ပါကြောင်း၊ ၂၀၁၄ ခုနှစ်တွင် တီကျစ်စက်ရုံ ရှိ ရေနွေးငွေ့တာဘိုင်စက်များ ချို့ယွင်းခဲ့ပါကြောင်း၊ မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို အလျင်အမြန် ဖြည့်ဆည်းနိုင်ရန်အတွက် ပတ်ဝန်းကျင် ထိခိုက်မှုကို စံချိန်စံညွှန်းအတိုင်း လျှော့ချ ပေးနိုင်ရန်နှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဥပဒေ၊ နည်းဥပဒေ၊ လမ်းညွှန်ချက်များနှင့်အညီ လိုက်နာပြီး၊ ခေတ်မီ နည်းစနစ်များဖြင့် ပြန်လည်ပြုပြင်နိုင်မည့် ကုမ္ပဏီများကို နိုင်ငံပိုင်သတင်းစာများမှ ၂၀၁၅ ခုနှစ် မေလတွင် တင်ဒါခေါ်ယူခဲ့ပါကြောင်း၊ ၂၀၁၅ ခုနှစ် အောက်တိုဘာလတွင် တင်ဒါအောင်မြင်သည့် Wuxi Hua Guang Electric Power Engineering Co.,Ltd နှင့် (၂၂)နှစ်ကြာ နှစ်ရှည် ငှားရမ်းစာချုပ် ချုပ်ဆိုခဲ့ပါကြောင်း၊ နှစ်ရှည် ငှားရမ်းစာချုပ်တွင် ပတ်ဝန်းကျင်ထိခိုက်မှုကို အနည်းဆုံးသို့ လျှော့ချရန်၊ ဓာတ်အားပေးစက်ရုံမှ ထုတ်လွှတ်မှုများကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ၊ နည်းဥပဒေနှင့် ကမ္ဘာ့ဘဏ် (IFC–International Finance Corporation)၏ သတ်မှတ်ထားသော စံချိန်စံညွှန်းများအတွင်း ရှိနေစေရေးနှင့် စဉ်ဆက်မပြတ် စောင့်ကြည့်ရေးစနစ် တပ်ဆင်ပြီး ဒေသခံများမှ ကြည့်ရှု၍ ပုံမှန်စစ်ဆေး ပြုပြင်ရမည်ဟူသည့် အချက်များကို နှစ်ရှည် ငှားရမ်းစာချုပ်မှာ အတိအလင်း ထည့်သွင်းချုပ်ဆိုထားပါကြောင်း၊ဓာတ်အားပေးစက်ရုံ မီးခိုးခေါင်းတိုင်မှ ထုတ်လွှတ်မှုများကို စဉ်ဆက်မပြတ် စောင့်ကြည့်နိုင်ရန်နှင့် ဒေသနေပြည်သူများ အလွယ်တကူ ပွင့်လင်းမြင်သာစွာ ကြည့်ရှုနိုင်ရန် CEMS (Continuous Emission Monitoring System) ကို စက်ရုံ၏ အဝင်ဂိတ်ဝ တွင် တပ်ဆင် ထားပါကြောင်း၊ ကုမ္ပဏီသို့ ငှားရမ်း လုပ်ကိုင်ခွင့်ပေးပြီး စက်များ ပြန်လည် ပြုပြင်ချိန်မှစ၍ EIA, SIA ဆန်းစစ်ခြင်း လုပ်ငန်းကိုလည်းပဲ တတိယအဖွဲ့အစည်းဖြစ်သော E-Guard Environmental Service Co.,Ltd ကို ငှားရမ်းပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း အပြီးသတ်အစီရင်ခံစာ EIA Final Report ကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနသို့ တင်ပြထားပြီး ဖြစ်ပါကြောင်း၊ ကုမ္ပဏီမှ စက်များ ပြန်လည် ပြုပြင်ပြီး၍ စမ်းသပ်မောင်းနှင်ခွင့်ပြုခဲ့သော ၂၀၁၆ ခုနှစ်မှစ၍ ယနေ့အထိ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဥပဒေ၊ နည်းဥပဒေနှင့် သတ်မှတ်စံချိန်စံညွှန်းများအတိုင်း လိုက်နာဆောင်ရွက် လျက်ရှိနေပါကြောင်း၊ ဒေသနေပြည်သူများဖြင့် ဖွဲ့စည်းထားသည့် လေ့လာစောင့်ကြည့်ရေး ကော်မတီ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့၊ မိမိတို့၏ ဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနတို့မှ စောင့်ကြည့်တိုင်းတာပြီး မောင်းနှင်နေခြင်း ဖြင့် ပြဋ္ဌာန်းထားသော ဥပဒေ၊ နည်းဥပဒေများကို လိုက်နာဆောင်ရွက်လျက် ရှိနေပါကြောင်း၊ လက်တွေ့တွင်ဓာတ်အားပေးစက်များကို ပြန်လည်ပြုပြင်မောင်းနှင်ခဲ့သည့်အချိန်တွင် နိုင်ငံတကာကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံများကဲ့သို့ မရှိမဖြစ်လိုအပ်သည့် ပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်စေရေး နည်းပညာများဖြစ်သည့် Ash Handling System (Electrostatic Precipitator, ESP ပြာမှုန့်ဖမ်းစက်နှင့် အိတ်သွတ်စက်များ အသစ်တပ်ဆင် အသုံးပြုခြင်း) ၊ Desulphurization System (ဆာလဖာဒိုင် အောက်ဆိုဒ် ဓာတ်ငွေ့ သန့်စင်သည့် နည်းစနစ် သစ် များဖြင့် ကိရိယာများ တပ်ဆင်အသုံးပြုခြင်း)၊ Denitration System (နိုက်ထရိုဂျင် အောက်ဆိုဒ် ဓာတ်ငွေ့သန့်စင်သည့် စနစ်တပ်ဆင်အသုံးပြုခြင်း)၊ လေထု ညစ်ညမ်းမှုကို ကာကွယ်နိုင်ရန်နှင့် စက်ရုံမှထွက်သောကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့များစုပ်ယူနိုင်ရန်အတွက် စက်ရုံဧရိယာအတွင်း ဝါးပင်နှင့် အခြားသစ်ပင်များ နှစ်စဉ် စိုက်ပျိုး ထားရှိခြင်းနှင့် CEMS (Continuous Emission Monitoring System)ဟု ခေါ်သည့် အခိုးအငွေ့နှင့် ဖုန်မှုန့်များ ထုတ်လွှတ်မှုတို့ ကိုလည်း စောင့်ကြည့်ကိရိယာများကို အများပြည်သူမှ ပွင့်လင်းမြင်သာစွာသိရှိနိုင်ရေး လက်တွေ့တပ်ဆင် အသုံးပြုထားပါကြောင်း၊ နိုင်ငံတကာတွင် အသုံးပြုနေသည့် ပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံး ဖြစ်စေရေး လိုအပ်သည့်စက်ကိရိယာများကို ယခင်က အသုံးမပြုနိုင်ခဲ့သော်လည်း ယခုအချိန်၌ တီကျစ် ဓာတ်အားပေးစက်ရုံတွင် စနစ်တကျ တပ်ဆင်အသုံးပြုထားပြီး ဖြစ်သည့်အတွက် သဘာဝပတ်ဝန်းကျင် ဂေဟစနစ်နှင့် ဒေသခံပြည်သူများ၏ ကျန်းမာရေးအတွက် အန္တရာယ်ပြု ခြိမ်းခြောက်နေမှု အနည်းဆုံး ဖြစ်စေရန် အလေးထား စီစဉ်ဆောင်ရွက်ထားပြီး ဖြစ်ပါကြောင်း၊ဒေသနေပြည်သူများ ကျန်းမာရေး စောင့်ရှောက်မှုကို မြို့နယ်ကျန်းမာရေးဌာန၏ မှတ်တမ်းများ အရ ထူးခြားစွာ၊ ဆိုးရွာစွာ ဖြစ်ပေါ်မှုမတွေ့ရှိခဲ့ရပါကြောင်းနှင့် ဒေသတွင်း စိုက်ပျိုးရေးလုပ်ငန်း များအတွက် ကျောက်မီးသွေးမိုင်းမှလည်းကောင်း၊ ဓာတ်အားပေးစက်ရုံမှလည်းကောင်း စိုက်ပျိုး ရေများ ပို့လွှတ်ပေးလျက် ရှိနေပါကြောင်း၊ ယခုအခါ ဓာတ်အားပေးစက်များ မောင်းနှင်နေစဉ် ကာလအတွင်း ဒေသနေပြည်သူများ ပါဝင်သည့် စက်ရုံစောင့်ကြည့်ရေး ကော်မတီဝင်များအား လစဉ် တီကျစ်စက်ရုံသို့ ဖိတ်ကြား၍ ပြည်သူများ၏ စိုးရိမ်ပူပန်မှုများကို လျှော့ကျစေရန် ရှင်းလင်းပြသမှုများ ဆောင်ရွက်လျက် ရှိနေပါကြောင်း၊ ထို့အပြင် ရှမ်းပြည်နယ် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ တီကျစ်စက်ရုံ၏ လက်ရှိမြေပြင်အခြေအနေမှန်ကို သိရှိနိုင်ရန် ပတ်ဝန်း ကျင်လေထုအရည်အသွေး၊ ရေအရည်အသွေး၊ မြေကြီးအရည်အသွေး တိုင်းတာခြင်း၊ စက်ရုံမှ ငါးကီလိုမီတာအကွာအထိ အသံဆူညံမှု ရှိ/မရှိ တိုင်းတာခြင်းများကို အခါအားလျော်စွာ ဆောင်ရွက်လျက် ရှိပါကြောင်း၊ တီကျစ်စက်ရုံတွင် အမြဲတမ်းနှင့် နေ့စား ဝန်ထမ်း စုစုပေါင်း ၃၁၈ ဦးရှိသည့်အနက် ဒေသနေပြည်သူများ ၂၀၀ ကျော် ဝင်ရောက်အလုပ်လုပ်ကိုင်နေသဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနေပြီး ဖြစ်ပါကြောင်း၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ စက်ရုံမှထွက်ရှိသော ချော်များနှင့် ပြာများကို အုတ်ဘလောက်များ ထုတ်လုပ်ခြင်း၊ အိတ်သွတ်စက်များဖြင့် စနစ်တကျ ထုပ်ပိုး၍ ဌာန၏ ကြီးကြပ်မှုဖြင့် ပြည်တွင်း ဈေးကွက်များသို့ ဖြန့်ဖြူးရောင်းချလျက် ရှိပါကြောင်း၊ ရှမ်းပြည်နယ် အစိုးရ၏ လမ်းညွှန်မှုဖြင့် ပတ်ဝန်းကျင် ထိခိုက်မှု မရှိစေရေးအတွက် စက်ရုံဧရိယာအတွင်း သစ်ပင်၊ ဝါးပင်များကိုလည်း နှစ်စဉ် စိုက်ပျိုးလျက် ရှိပါကြောင်း၊ ထို့အပြင် ရှမ်းပြည်နယ်အစိုးရ၏ ကြီးကြပ်မှုဖြင့် ပြည်နယ်အထူးကု ဆရာဝန်ကြီးများ ပါဝင်သည့် အခမဲ့ ကျန်းမာရေး ဆေးကုသမှု လုပ်ငန်းများကိုလည်း အခါအားလျော်စွာ ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊နိုင်ငံတော်အတွက် လိုအပ်သည့် လျှပ်စစ်ဓာတ်အားကို ထုတ်လုပ်ပေးသည့် လူမှုအကျိုးစီးပွားအတွက် တာဝန် ယူမှု (CSR)လုပ်ငန်းများအဖြစ် ဒေသနေပြည်သူများ၏ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီး ရရှိရေး၊ စိုက်ပျိုးရေနှင့် သောက်သုံးရေ ရရှိရေးများအတွက် ရန်ပုံငွေများကို ဌာန၏ကြီးကြပ်မှုဖြင့် ကုမ္ပဏီမှ နှစ်စဉ်ဆက်တိုက် ထောက်ပံ့ပေးလျက် ရှိနေပါကြောင်း၊ ဖွံ့ဖြိုးရေး အစီအစဉ်များ ဆောင်ရွက်ပေးလျက်ရှိသဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနေပါကြောင်းနှင့် ဒေသခံ ပြည်သူများ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများနှင့် ကုမ္ပဏီအကြား အငြင်းပွားဖွယ် ကိစ္စရပ်များ တဖြည်းဖြည်း လျော့နည်းပပျောက်အောင် စောင့်ကြပ်ကြပ်မတ် ပေးလျက်ရှိ နေပါကြောင်း၊ တီကျစ်ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံကို အကြီးစား ပြုပြင်ပြီးနောက် ဒေသနေ ပြည်သူများ၏ စောင့်ကြပ်မှုနှင့်အတူ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဉီးစီးအဖွဲ့နှင့် ပြည်ထောင်စုဝန်ကြီးဌာနများ၏ ပူးပေါင်းပါဝင်မှုဖြင့် ၂၀၁၆ ခုနှစ် မေလမှ ၂၀၁၉ ခုနှစ် မေလအထိ တစ်နှစ်စီ စမ်းသပ်မောင်းနှင်ခွင့်ပြုပေးခဲ့သဖြင့် ချောမွေ့စွာစမ်းသပ် မောင်းနှင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ထပ်မံ၍ ၂၇-၅-၂၀၁၉ ရက်နေ့မှ ၂၆-၅-၂၀၂၂ ရက်နေ့အထိ သုံးနှစ်ဆက်တိုက် မောင်းနှင် ခွင့်ပြုခဲ့ပါကြောင်း၊ ပြဋ္ဌာန်းထားသော ဥပဒေ၊ နည်းဥပဒေများနှင့် ညွှန်ကြားချက်တို့၏ ဘောင်အတွင်း မောင်းနှင်ရန် အထူးကြပ်မတ် စောင့်ကြည့်နေပါကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဖြေကြားချက်နှင့်အတူ ပေါင်းစပ်ရှင်းလင်း ဖြေကြားပါသည်။

ဦးစိုင်းထွန်းအေး (မိုင်းရှူး မဲဆန္ဒနယ်) က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

          သက်ဆိုင်ရာ ပြည်ထောင်စုဒုတိယဝန်ကြီးမှ ပြည့်စုံစွာ ဖြေကြားပေးသည့်အတွက် ကျေးဇူးတင်ပါကြောင်း၊ မိမိမေးမြန်းလိုသည့် ဆက်စပ်မေးခွန်း သုံးခုရှိပါကြောင်း၊ တီကျစ်စက်ရုံမှ နေ့စဉ်ထွက်ရှိနေသည့် ပြာမှုန်များကြောင့် လူကိုဘေးအန္တရာယ်မဖြစ်စေရန် အချိန်နှင့်တစ်ပြေးညီ တိကျစွာဓာတ်ခွဲအဖြေထုတ်ထားသည့် ညွှန်ကိန်းများကို ပြည်သူလူထုစိုးရိမ်ပူပန်မှု မရှိစေရန် အတွက် ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးနေခြင်း ရှိ/မရှိ သိရှိလိုပါကြောင်း၊တီကျစ်စက်ရုံနှင့် ပတ်သက်၍ E-Guard မှပြုလုပ်ထားသည့် ပတ်ဝန်းကျင် ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံး လုပ်နည်း၊ EIA အစီရင်ခံစာအပေါ် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန(ECD)၏ အကြံပြု သုံးသပ်ချက်များကို စက်ရုံမှ တာဝန်ရှိသူများမှ မည်သည့် အတိုင်းအတာအထိ အကောင်အထည်ဖော် ဆောင်ရွက်ထားသည်ကို ရှင်းလင်းစွာ သိရှိလိုပါကြောင်း၊တီကျစ်စက်ရုံသည် နိုင်ငံတော်အတွက် စီးပွားရေးအရ တွက်ချေ ကိုက်နေမှု ရှိ/မရှိနှင့် ပျက်စီးဆုံးရှုံးသွားသည့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အရင်းအမြစ်နှင့် ပြန်လည်ရရှိလာသည့် အကျိုးအမြတ်သည် နိုင်ငံတော်က မျှော်မှန်းထားသည့် ရေရှည်တည်တံ့သော စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ပြုနိုင်ခြင်း ရှိ/မရှိဆိုသည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်း

            တီကျစ် ဓာတ်အားပေးစက်ရုံက ခေါင်းတိုင်မှ ထုတ်လုပ်သည့် Emission ပမာဏများ ကို CEMS (Continuous Emission Monitoring System)ခေါ်သည့် Monitor System နှင့် စက်ရုံ၏ အဝင်အဝတွင် အများတွေ့မြင်နိုင်စေရန် ပြသထားပါကြောင်း၊ ၎င်းပြသထားသည့် ပမာဏများ သည် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ သတ်မှတ်ထားသည့် ပမာဏ၏ အောက်တွင် ရှိသည်ကို မိမိတို့ အမြဲတမ်း စောင့်ကြည့်နေပါကြောင်း၊ ဒေသခံများလည်း ကြည့်ရှုစစ်ဆေးနိုင်ပါကြောင်း၊ ဒုတိယမေးခွန်းတစ်ခုဖြစ်သည့် EIA၊ SIA နှင့်ပတ်သက်ပြီး သစ်တောရေးရာ ဦးစီးဌာနကို တင်ပြထားပြီး ဖြစ်ပါကြောင်း၊ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့မှာ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနကို မိမိတို့ တင်ပြထားပြီး ဖြစ်ပါကြောင်း၊ ၎င်းတင်ပြထားသည့် အပေါ်တွင် ECT မှ သိချင်သည့် မေးမြန်းချက်များကိုလည်း E-Guard Environmental Services Co.,Ltd မှ လိုအပ်သည်များကို တောက်လျှောက် တိုင်းတာ စစ်ဆေးပြီး ပြန်လည်ပြင်ဆင် တင်ပြလျက် ရှိပါကြောင်း၊တတိယမေးခွန်းတစ်ခုဖြစ်သည့် တီကျစ်ကျောက်မီး သွေးသုံး ဓာတ်အားပေး စက်ရုံသည် ယခင်ဌာနအနေဖြင့် လည်စဉ်ကာလတွင် စက်တစ်လုံးကို ၂၅ မဂ္ဂါဝပ်နှင့် နှစ်လုံးပေါင်း ၅၀ မဂ္ဂါဝပ်ကို လည်ရန်အတွက် တော်တော် ကြိုးစားပြီး ဆောင်ရွက်ခဲ့ ရပါကြောင်း၊ သို့သော် ယခု ကုမ္ပဏီများနှင့် ပြင်ဆင်ပြီး ဆောင်ရွက်သည့်အချိန်တွင် စက်တစ်လုံးကို ၅၀ မဂ္ဂါဝပ်ဖြင့် စက်နှစ်လုံးပေါင်း ၁၀၀ မဂ္ဂါဝပ်သည် လျှပ်စစ် ဓာတ်အား လိုအပ်ချက်အပေါ်တွင် လုံလုံလောက်လောက် မဟုတ်သော်လည်း အထိုက်အလျောက် ဖြည့်ဆည်းပေးနိုင်ခြင်း ဖြစ်သည့်အတွက် နိုင်ငံတော်မှ အကျိုး ဖြစ်ထွန်းပါကြောင်း၊ နိုင်ငံတော်၏ လိုအပ်ချက်ကို ဖြည့်ဆည်းနေသည့်အတွက် တီကျစ်စက်ရုံမှ ဓာတ်အားထုတ်လုပ်မှုသည် အကျိုးကျေးဇူးရှိ ပါကြောင်း ဖြေကြားပါသည်။

https://www.pyithuhluttaw.gov.mm/question-4293

 

27-May-2020